Switch Mode

Chapter – 181

ဉာဏ်ကောင်းသည့်လူ (၂)

အပိုင်း ၁၈၁
ဉာဏ်ကောင်းသည့်လူ (၂)

ထိုမေးခွန်း ကြားလိုက် ရသောအခါ သူတို့နှစ်ယောက်သည် ချက်ချင်းပင် ပါးစပ်ပိတ် သွားကြကာ ဘာမှ မပြောခဲ့ကြတော့ပေ။

ဝမ်ရှန်းသည် ဝူရုံမြို့ မြို့အတွင်းပိုင်း၌ ရှိနေခြင်းဖြစ်ကာ ဤနေရာတွင် လူသတ်၍ မရပေ။ သို့သော် ဤဥပဒေများကို မည်သူမှ မချိုးဖျက်ဘဲ ဥပဒေက အကျုံးဝင် နေရခြင်းမှာ – ဥပဒေကို ချိုးဖျက်ပြီးနောက် ရရှိလာမည့် အကျိုးရလဒ်များထက် နောက်ဆက်တွဲ ဆိုးကျိုးများက မကာမိသောကြောင့်ပင်။

သို့သော် ကံကောင်းခြင်း ဆေးပြားသည် မည်သည့် ဥပဒေများကိုမဆို ချိုးဖောက် စေနိုင်လောက်သည် အထိ အလွန် ဆွဲဆောင်နိုင်သော ပစ္စည်းဖြစ်သည်။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားအတွက် ကြေးစားခန်းမတွင် ရွှေဒင်္ဂါးတစ်သန်း နီးပါးဖြင့် ကမ်းလှမ်းခဲ့၏။ သို့သော် သူသည် ဆေးပြားကို မရခဲ့ရုံ သာမက ဆေးပြားအကြောင်း သတင်းပင် မရခဲ့ပေ။ ထိုအချိန်တွင် ဝမ်ရှန်းသည် ဆေးပြားက မည်သည့်နေရာ၌ ရှိနေကြောင်းကိုပင် မသိခဲ့ချေ။

ဤဝိညာဉ် သခင်ပေါက်စ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား တစ်ပြားကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မည်နည်း…

သူတို့သည် ဝမ်ရှန်းအား သတ်ကာ လုယူခြင်းမျိုး မပြုလုပ်ဘဲ ဝမ်ရှန်း၏ အိမ်တံခါးဝထံသို့ သူတို့ ကိုယ်တိုင်သွားကာ ဝမ်ရှန်း၏ ရွှေဒင်္ဂါးတစ်သန်းထက် ပိုမိုများပြားသည့် ပမာဏဖြင့် ကမ်းလှမ်းမည်ဆိုလျှင် ဝမ်ရှန်းက ငြင်းဆန်နိုင်ပါ့မလား… သို့မဟုတ် သူ ငြင်းဆန်ရဲပါ့မလား…

ဝမ်ရှန်း မပြောနှင့် ထိုနေရာတွင် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ဆိုလျှင်ပင် ဤကဲ့သို့ ကြွယ်ဝချမ်းသာပြီး သြဇာအာဏာ ကြီးမားသည့် ဝိညာဉ်သခင်မျိုးကို သူတို့လည်း ငြင်းနိုင်မည် မဟုတ်ပေ။

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို ရရှိခဲ့သည့် အချိန်နှင့် ဆေးပြားအား သောက်ရန် ဆုံးဖြတ်ခြင်းအတွက် တစ်ရက်ခွဲသာ ကြာခဲ့၏။ ထိုတုံ့ပြန်မှုသည် လုံလောက်အောင် လျင်မြန်နေပြီ ဖြစ်သည်။ ဝမ်ရှန်းသည် ထိုကဲ့သို့ လျင်လျင်မြန်မြန် မလုပ်ဆောင်ခဲ့ဘူးဆိုလျှင် ဤပစ္စည်းကို သူ ထိန်းထားနိုင်မည် မဟုတ်ပေ။

ဤကဲ့သို့သော ရတနာမျိုးသည် အင်အားကြီး မိသားစုများမှ အမြဲတမ်း ပိုင်ဆိုင်ခဲ့သည့် ရတနာတစ်ခု မဟုတ်ပါလော။ ထိုကဲ့သို့ စဉ်းစားပြီးနောက် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား နှစ်ပြားလုံးကို တွန့်ဆုတ်မှုမရှိ သောက်လိုက်ခြင်း ဖြစ်သည်။

ဤအချက်ကို ထောက်ချင့်၍ ဝမ်ရှန်းသည် ဤအဘိုးကြီး နှစ်ယောက်ထက်ပင် ရေရှည်ကို တွေးတတ်ကာ ပို၍ စဉ်းစားဆင်ခြင် တတ်သည်ဟု ပြောနိုင်ပေသည်။ ထိုသို့ ဆေးပြားနှစ်ပြား ဆက်တိုက် သောက်လိုက်ခြင်းကြောင့် ဆေးအာနိသင် တချို့ စိမ့်ထွက် သွားခဲ့လျှင်လည်း တစ်ပြားလုံး အလုခံလိုက်ရခြင်း ထက်တော့ ပို၍ ကောင်းပေသည်။

တကယ်တမ်းမှာမူ ဆေးအာနိသင် အနည်းငယ် ဆုံးရှုံးသွားခြင်းက မပြောပလောက်သည့်အပြင် ဝမ်ရှန်းအတွက်လည်း များစွာ အကျိုးရှိခဲ့ပေသည်။

ယနေ့ညသည် လူတော်တော်များများ အတွက် အိပ်ရေးပျက်ခဲ့ကြသော်ငြား ဝမ်ရှန်းသည် ဘယ်အရာကိုမှ မျက်လုံးထဲ မထည့်ခဲ့။ တစ်ဆက်တည်းမှာပင် အဆင့်မြင့်တင်နေသည့် လူများသည်လည်း ဆက်လက် အဆင့်မြင့်တင် နေကြပြီး၊ ဝမ်ရှန်းတို့အား အာရုံစိုက်နေကြသည့် လူများလည်း ဆက်လက် အာရုံစိုက် နေခဲ့ကြ၏။

ဝမ်ရှန်း အလေးပြု အာရုံထားသည်မှာ ဆာလောင်လွန်းလှသည့် သူ၏ ဝမ်းဗိုက်ကို တစ်ညလုံး အဆက်မပြတ် စားသောက်လျက် ဖြည့်တင်းရန်ပင်ဖြစ်၏။ သို့သော် သူသည် ဗိုက်ပြည့်အင့် သွားသည့်တိုင် သူ့ကိုယ်သူ ဗိုက်ဝသည်ဟု မခံစားနေရချေ။

အဆင့်မြင့်တင်ပြီး နောက်တွင် ဝမ်ရှန်း အစာအိမ်၏ အစာချေဖျက်နှုန်းနှင့် စုပ်ယူမှု နှုန်းများသည် ကြောက်စရာ ကောင်းလောက်အောင်ကို မြင့်တက် လာခဲ့၏။ ဝမ်ရှန်းသည် တဖြည်းဖြည်းချင်း တစ်လုတ်ချင်းသာ စားနေလျက် သူ၏ခန္ဓာကိုယ်မှလည်း အာဟာရများကို စုပ်ယူနေခဲ့၏။ ယခုအချိန်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ်၌ ကြွက်သားနှင့် အဆီတချို့ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မနက် မိုးလင်းသည့် အချိန်တွင် ဝမ်ရှန်းသည် ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် မဟုတ်တော့ပေ။ အနည်းငယ် ပြည့်လာပြီ ဖြစ်၏။

ထိုကဲ့သို့ တစ်ညလုံး အဆက်မပြတ် စားသောက် ခဲ့ပြီးနောက်တွင် ဝမ်ရှန်းသည် သူ၏မျက်နှာမှ ကြွက်သားများနှင့် အသားကျခဲ့သည်။ သို့သော် အခြားဘာမှတော့ သူ မလုပ်ရဲသေးပေ။ အနည်းဆုံးတော့ စားခြင်း၊ သောက်ခြင်း၊ ဝါးခြင်း၊ မျိုချခြင်း အစရှိသည့် လှုပ်ရှားမှုများသည် ပုံမှန် ပြန်ဖြစ်လာလေပြီ။ သတိကြီးကြီး ထားကာ ထိန်း၍ စားနေစရာ မလိုတော့ချေ။

သို့သော် သူ၏ ခန္ဓာကိုယ်ခွန်အား တိုးလာခြင်းကိုတော့ ဝမ်ရှန်း အချိန်တိုအတွင်း အပြည့်အဝ အသားမကျနိုင်ပေ။ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ပြောသည့် စကားများကဲ့သို့ သူသည် သာမန်လူ တစ်ယောက် အဖြစ်မှ ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်အဖြစ် အဆင့်တက်ခဲ့ခြင်း ဖြစ်လေရာ သူသာ ထိုခွန်အားနှင့် လျင်မြန်စွာ နေသားကျခဲ့ပါက မကောင်းဆိုးဝါး တစ်ကောင်နှင့် တူသွားလိမ့်မည်။ ထို့ကြောင့် သူ ထိုခွန်အားများဖြင့် အသားကျသွားအောင် တဖြည်းဖြည်းချင်းသာ လေ့ကျင့်ရပေမည်။

အခြားသူများသည် ဝမ်ရှန်းထံမှ ကံကောင်းခြင်း ဆေးပြားရယူရန် အခွင့်အရေးကို လက်လွှတ်ခဲ့ ရသော်လည်း ဝမ်ရှန်း ထိုဆေးကို သောက်သုံးခဲ့သည့် နည်းလမ်းသည် သူတို့အတွက် အတော်ကို အကျိုးရှိ စေခဲ့ပေသည်။ ယခင်က သူတို့သည် ဆေးရှိန်ကို မတောင့်ခံနိုင်မည် စိုးစိတ်ဖြင့် အချို့ ဆေးဝါးများကို လွယ်လင့်တကူ မသောက်သုံးရဲခဲ့ပေ။

သို့သော် ဆေးပြားကိုသာ အပိုင်းခွဲလိုက်လျှင် မရနိုင်ပေသည်။ ဆေးကို အပိုင်းခွဲပြီးနောက် ဆေးအာနိသင် လျော့ကျ သွားနိုင်သည့် ပြဿနာမှာမူ ဆေးပြားသန့်စင်သည့် အခိုက်အတန့်၌ ဆေးဆရာများက ဆေးပြားများကို အစိတ်အပိုင်းများစွာ ခွဲထုတ်လိုက်ခြင်းဖြင့် ဖြေရှင်းရာ ရောက်ပြီးသားပင်။ အဓိကမှာ နောက်ဆုံးတွင် ဆေးအာနိသင် အပြည့်အဝ ရရှိရန်သာ ဖြစ်ပေသည်။

လူတိုင်း နားလည်နိုင်သည့် ဤကဲ့သို့ ရိုးရှင်းလှသည့် အမှန်တရားကို နှစ်ပေါင်းများစွာ ကြာသည်အထိ မည်သူမှ မတွေးမိခဲ့ကြချေ။ ယခုအချိန်မှ ဤနည်းလမ်းကို တွေးတောနိုင် လိုက်သည်မှာ အားလုံးအတွက် ကံကောင်းခြင်း တစ်ခု ဟုတ်မဟုတ် မသိသော်လည်း ဉီးစွာ ရှာတွေ့ခဲ့သူမှာ သူတို့ လူရိုင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည့် ဝမ်ရှန်းသာ ဖြစ်နေသည်။ အားလုံးသည် ထိုအချက်ကို စဉ်းစား မိလိုက်ကြသည်နှင့် သူတို့စိတ်ထဲ၌ ရှက်ရွံ့သည့် ခံစားချက်များ ဖြစ်ပေါ် သွားခဲ့ကြတော့၏။

နောက်တစ်နေ့ အိမ်တော်ထိန်းမှ ဝမ်ရှန်းထံသို့ လာသည့် အချိန်တွင် ဝမ်ရှန်းက လေထဲသို့ လက်သီးဖြင့် ထိုးနေသည်ကို သူ မြင်လိုက်ရသည်။ ခြံဝန်းအတွင်းရှိ ပစ္စည်းများမှာ ကျိုးပဲ့ပျက်စီးကုန်ပြီ ဖြစ်ရာ ဝမ်ရှန်းသည် အပြင်ဘက် ခြံဝန်း၏ ဘာမှ မရှိသည့် နေရာ၌ ထွက်၍ လေ့ကျင့်နေခြင်းပင် ဖြစ်သည်။

ဝမ်ရှန်း၏ လှုပ်ရှားလေ့ကျင့်နေမှုကို ကြည့်ကာ အိမ်တော်ထိန်းမှ မသက်မသာဟန်ဖြင့် ခေါင်းခါ ယမ်းလိုက်တော့သည်။ အမှန်အားဖြင့် ဝမ်ရှန်းသည် သူ၏ခွန်အားများနှင့် အသားကျစေရန် လေ့ကျင့်ရာ၌ ထိုက်ချီ သိုင်းပညာရပ်ကို အသုံးပြုခဲ့ကြောင်း သူ မသိခဲ့ပေ။ မည်သို့ပင်ဆိုစေ ဝမ်ရှန်းသည် သူ့ကိုယ်ပိုင် ခွန်အားကို အသုံးမပြုနိုင်ပါက အလွန်ရှက်စရာ ကောင်းပေလိမ့်မည်။

အိမ်တော်ထိန်းသည် ယမန်နေ့ည ညသန်းခေါင်ယံ အချိန်တွင် ဝမ်ရှန်း၏ ခြံဝန်းအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများကို သူ မနက် ထလာသည်နှင့် အကုန် ကြားသိခဲ့တော့သည်။ အိမ်တော်ထိန်း၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဝိညာဉ်သခင် အဖိုးကြီး နှစ်ယောက်ကဲ့သို့ ဝမ်ရှန်းသည် တကယ်ကို ဉာဏ်ကောင်းသည့် လူတစ်ယောက် ဟူ၍ တွေးလိုက်ခြင်းပင်။

လောက၌ ဉာဏ်ကောင်းသည့် လူများကသာ အချိန်အတော်ကြာ အသက်ရှင်သန် နေထိုင်နိုင်ပေသည်။ ဉာဏ်ကောင်းသည့် လူများသည် မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပြီး သူတို့ကို ထောက်ပံ့ပေးရန်လည်း ထိုက်တန်ပေ၏။

ယခင်က အိမ်တော်ထိန်းသည် မြို့အရှင်၏ အမိန့်၊ ဝမ်ရှန်းထံ၌ ရှိနေသည့် ရွှေဒင်္ဂါးများနှင့် လျှို့ဝှက်ချက်များကြောင့် ဝမ်ရှန်းနှင့် မိတ်ဆွေဖွဲ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် သူအနေဖြင့် အချိန်အတော်ကြာ မိတ်ဆွေဖွဲ့၍ ရသည့် လူစာရင်း အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။

အိမ်တော်ထိန်းသည် ဝမ်ရှန်းက ကြေးစားခန်းမ အတွင်း၌ ကံကောင်းခြင်း ဆေးပြားအတွက် ကြော်ငြာရန် အသုံးပြုထားသည့် ရွှေဒင်္ဂါးများကို သူ့အား ပြန်လည် ပေးအပ်ရန် ယခု ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို ရရှိခဲ့ပြီးဖြစ်ကာ သောက်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် အိမ်တော်ထိန်းသည် သူပေးထားသည့် ဆုကြေးငွေ ရွှေဒင်္ဂါးများကို ဝမ်ရှန်းအား ပြန်လည် ပေးအပ်ရမည် ဖြစ်၏။

“ရွှေဒင်္ဂါးတွေကို အိမ်ပြန်သယ်ချင်လား၊ ဒါမှမဟုတ် တခြားတစ်ခုခု အတွက် ဆုကြေးငွေအဖြစ် ဆက်ထားချင်လား”

အိမ်တော်ထိန်းသည့် သူ့အဝေး၌ ရှိနေသည့် ကို့ရိုးကားရားပုံစံဟု သူမြင်နေမိသည့် ဝမ်ရှန်းအားကြည့်ကာ ကြင်နာစွာပြုံး၍ မေးလိုက်သည်။

“အဲ့အလုပ်အတွက်ပဲ ဆက်ပြီး ဆုကြေးကြော်ငြာ ထားလိုက်မယ်”

ဝမ်ရှန်းသည် စဉ်းပင် မစဉ်းစားဘဲ အိမ်တော်ထိန်း၏ မေးခွန်းအား ချက်ချင်း ပြန်ဖြေလိုက်သည်။

“အလုပ် အတွက်ကတော့ အရင်ကနဲ့ အတူတူပဲ။ သတင်းရှိရင် သတင်းဝယ်မယ်၊ ဆေးပြားရှိရင် ဆေးပြားဝယ်မယ်။ အစ်ကိုကြီးပဲ ကြည့်လုပ် လိုက်ပါဗျာ”

ကံကောင်းခြင်း ဆေးပြားနှစ်ပြား ရှိခဲ့သည့် အချိန်၌ပင် သူသည် သေမင်းနှင့် နီးကပ်နေပြီဖြစ်၏။ တစ်သန်းနီးပါး ရွှေဒင်္ဂါးပမာဏကို အိမ်ယူလာမည် ဆိုလျှင်လည်း ထိုပုံစံအတိုင်းပင် ဖြစ်မည် မဟုတ်ပါလော… ထိုကဲ့သို့ အဖြစ်ခံရလောက်သည်အထိ ဝမ်ရှန်းသည် အရူးမဟုတ်ပေ။

ထို့အပြင် အလုပ်ကို ဆက်လက် ကြော်ငြာထားခြင်းက အိမ်တော်ထိန်းအား မျက်နှာသာ ပေးခြင်းနှင့် အတူတူပင်ဖြစ်၏။ ရွှေဒင်္ဂါးများကို အိမ်သို့ ပြန်ယူလာကာ အိမ်တော်ထိန်းအား စော်ကားခြင်းက ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။

ဝမ်ရှန်း၏ အဖြေကို ကြားပြီးနောက် စိတ်ကျေနပ်စွာဖြင့် ရောက်လာသည့် အိမ်တော်ထိန်းသည် စိတ်ကျေနပ်စွာဖြင့်ပင် ပြန်လည် ထွက်ခွာ သွားခဲ့တော့သည်။ အိမ်ပြန်လည်း တစ်လျှောက်တွင် သူတွေးသည်က – ‘အင်း… ဒီကောင်လေး အတော် ဉာဏ်ကောင်းလှတယ်… ငါ သူနဲ့ မိတ်ဖွဲ့တာ ထိုက်တန်တယ်’ ဟူ၍ဖြစ်သည်။

သို့ရာတွင် အိမ်တော်ထိန်းသည် မထွက်ခွာခင် ဝမ်ရှန်းအား သူ၏အဆင့်နှင့် လျင်လျင်မြန်မြန် အသားကျရန်အတွက် အကြံဉာဏ်တချို့ ပြောပြခဲ့သည်။ ထိုအချက်များသည် ရိုးရှင်းသည့်အချက် တချို့သာ ဖြစ်သော်လည်း ပြဿနာကို ပုံပေါ်လာအောင် ကောင်းကောင်း လမ်းညွှန် ပေးနိုင်ပေသည်။ အမှန်အားဖြင့် အိမ်တော်ထိန်းသည်လည်း ပုန်းကွယ်နေသည့် ဝိညာဉ်သခင် တစ်ယောက်ပင် ဖြစ်လေ ၏။

သို့သော် ဝမ်ရှန်း မအံ့သြခဲ့ပေ။ ဝူရုံမြို့ရှိ မြို့အရှင်စံအိမ်၌ အိမ်တော်ထိန်းအဖြစ် တာဝန် ထမ်းဆောင်နိုင်ခြင်းနှင့်၊ နေရာအသီးသီးမှ အဖြစ်အပျက်များကို ထိန်းချုပ်နိုင်ခြင်းတို့က ‘မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်း’ ဟူသည့် ဂုဏ်ပုဒ် တစ်ခုတည်းကြောင့် မဟုတ်နိုင်ပေ။ အမှန်တကယ် အရည်အချင်း မရှိသူသည် နေရာအသီးသီးမှ လူများကို သတ်ကာ ဝူရုံမြို့သို့ ထွက်ပြေးလာသည့် ဝိညာဉ်သခင်များကို ထိန်းချုပ် ကိုင်တွယ် နိုင်ပါမည်လော။

……

ကံကောင်းခြင်း ဆေးပြားနှစ်ပြား သောက်သုံးပြီး ဝမ်ရှန်း အဆင့်နှစ်ဆင့် တက်ကာ ဝိညာဉ်အဆင့် ဒုတိယအဆင့်သို့ ရောက်သွားပြီ ဖြစ်ကြောင်း ဝူရုံမြို့မှ လူများအားလုံး သိကြပေသည်။ ဤကဲ့သို့ အလွန်လျင်မြန်စွာ အဆင့်တက်ခဲ့သည့် အတွက်ကြောင့် ဝမ်ရှန်းသည် သူ၏ခွန်အားများနှင့် အသား မကျသေးကြောင်းကိုလည်း သူတို့အားလုံး သိပေသည်။ သို့သော် မည်သူကမှ ဝမ်ရှန်းအား အနှောင့်အယှက် မပေးခဲ့ကြချေ။

ယခုအချိန်တွင် အားလုံးထံ၌ အတွေးတစ်ခုသာ ရှိနေ၏။ ထိုအရာမှာ – ဝမ်ရှန်းဝိညာဉ်အဆင့် တက်လာခြင်းမှာ ကောင်းသည့်အရာ တစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင် ဤအဖြစ်အပျက်သည် သူ၏ဝိညာဉ်က တကယ်ကို အဆင့်မြင့်တင်၍ ရသည့် ဝိညာဉ်ဖြစ်ကြောင်း သက်သေ ပြလိုက်ခြင်းပင်ဖြစ်၏။

ထို့ကြောင့် အခြားအင်အားစုများသည်လည်း သူ့အား မှီငြမ်းကာ လေ့ကျင့်ကြည့်၍ ရပေသည်။ ထို့ပြင် ဤအဖြစ်အပျက်သည် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်က တကယ်ကို ထူးခြားဆန်းကြယ်ကြောင်းနှင့် ဝိညာဉ်အဆင့်နိမ့်သည့် လူပင် ထိုဆေးကို သောက်၍ ရကြောင်း အမှန်တကယ် သိစေနိုင်ခဲ့သည်။

သူတို့အားလုံးတွင် နောက်ထပ် မျှော်လင့်ချက် တစ်ခုလည်း ရှိနေသေးပေသည်။ ထိုအရာမှာ ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် မြင့်တက်သွားခဲ့ပြီဖြစ်ပြီး ယခင်ကထက်လည်း ပိုမိုသန်မာလာပြီ ဖြစ်၏။ ဤသို့ဆိုလျှင် သူ၏အဆင့်နှင့် အပြည့်အဝ အသားကျသွားပြီးသည့် အချိန်၌ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်ပေဉီးမည်လော…

သူသည် ဝိညာဉ်အဆင့် အတွင်း၌ မရှိနေစဉ်ကပင် ဂျင်ဒီနယ်မြေ အတွင်းသို့ အန္တရာယ်ကင်းကင်း ဝင်ထွက်သွားလာ နိုင်ခဲ့သည်။ ထို့ကြောင့် ဝိညာဉ်အဆင့် မြင့်သွားသည့် အချိန်တွင် ထိုနေရာ အတွင်းသို့ ဝင်ရောက်ခြင်းက ပို၍ မလွယ်ကူသွားနိုင်ဘူးလော…

အကယ်၍ ဂျင်ဒီနယ်မြေ အတွင်း၌ ကံကောင်းခြင်း ဆေးပြားရှိသည် ဟူသည့်သတင်း သို့မဟုတ် ဝမ်ရှန်း လိုအပ်သည့် အရာတစ်ခုခုက ထိုနယ်မြေ အတွင်း၌ ရှိနေသည့်အကြောင်း သတင်းထွက် လာမည်ဆိုလျှင် ဝမ်ရှန်းသည် တွန့်ဆုတ် တွေဝေမှု မရှိဘဲ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားဉီးမည်မှာ မလွှဲဧကန်ပင် ဖြစ်သည်။

ထိုကဲ့သို့သာဆိုလျှင် အင်အားစု အားလုံးသည် ဝမ်ရှန်းနှင့် ဆွေးနွေးကာ ဂျင်ဒီနယ်မြေ အတွင်းသို့ အတူတူ ဝင်ရောက်ခွင့်ရရန် မျှော်လင့်မိကြပေသည်။

ယခင်က အထက်တန်းလွှာ မိသားစုများမှ ဝမ်ရှန်းအား လူလွတ်၍ သတ်သည့် လုပ်ရပ်သည် တကယ်ကို ရူးမိုက်သည့် လုပ်ရပ်ဖြစ်၏။ တစ်ခုခုကို သိချင်သည်ဆိုလျှင် ရည်ရည်မွန်မွန်နှင့် ပွင့်ပွင့်လင်းလင်း မေးကာ လုံလောက်သည့် အကျိုးအမြတ်ကို ကတိပေးခြင်းက ပိုကောင်းပေသည်။ ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းသည်လည်း သဘောတူချင် တူနိုင်ပေသည်။

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားနှင့် လဲလှယ်ရန် အတွက် ဂျင်ဒီနယ်မြေ အတွင်းမှ ရရှိခဲ့သော မြေပုံကိုပင် ထုတ်ယူ လာနိုင်ခဲ့သေးသည်။ ထို့ကြောင့် သူတို့သည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာခွင့် ရရန် ဝမ်ရှန်းအား မည်သည့် ပစ္စည်းမျိုးကို လဲလှယ် အသုံးပြု၍ ရနိုင်လောက်သနည်း…
***

Comment

Leave a Reply

Options

not work with dark mode
Reset