Switch Mode

Chapter – 180

ဉာဏ်ကောင်းသည့်လူ (၁)

အပိုင်း ၁၈၀
ဉာဏ်ကောင်းသည့်လူ (၁)

“အစတုန်းကတော့ ကျွန်တော် ဆေးပြားတစ်ပြားလုံးရဲ့ ဆေးရှိန်ကို မတောင့်ခံနိုင်ခဲ့ဘူး”

ဝမ်ရှန်းသည် သူ၏ပါးစပ် တစ်ခုလုံးတွင် စွပ်ပြုတ်များ ပေကျံနေသော်လည်း မသုတ်ရဲပေ။ သူ မတော်တဆ သူ၏မေးရိုးကို ရိုက်ချိုး မိသွားမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်၏။

ဝမ်ရှန်း၏ စကားအား ကြားလိုက် ရသောအခါ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ မျက်လုံးများ ပြူးကျယ်သွားကာ ဝမ်ရှန်းအား အံ့သြတကြီး ကြည့်လိုက်ကြသည်။ ဆေးပြား၏ ဆေးရှိန်ကို မခံနိုင်ဘူးဆိုလျှင် ထိုဆေးကို သောက်လို့ ရပါဦးမည်လား… ဝမ်ရှန်းက ရူးနေသည်လား…

ဟန်ဘင်းလီနှင့် ဝမ်ရှန်းတို့ သာမက အကြောင်းအရာ တစ်ခုတလေ လွတ်သွားမည်ကို စိုးရိမ်ကာ နားအသားကုန် စွင့်၍ ဝမ်ရှန်းတို့ဘက် နားထောင်နေကြသည့် ဝိညာဉ်သခင်များ အားလုံးလည်း ထိတ်လန့် အံ့အားသင့် သွားခဲ့ကြသည်။

ဤအကြောင်းအရာသည် ဝိညာဉ်သခင်ပေါက်စ တစ်ယောက် ကံကောင်းခြင်း ဆေးပြားကို သောက်သုံးနိုင်ခဲ့သည့် လျှို့ဝှက်ချက်ဖြစ်၏။ ထိုအကြောင်းအရာသည် သိရရန်အတွက် အလွန် အရေးပါလှပေသည်။

“စီနီယာတို့က ဘယ်လိုတွေ ကြည့်နေကြတာလဲဗျ”

သူတို့နှစ်ယောက်၏ အထင်သေး စက်ဆုပ်သည့် အကြည့်များအား မြင်လိုက် ရသောအခါ ဝမ်ရှန်း စိတ်ရှုပ်သွားသည်။

သူတို့နှစ်ယောက်သည် ဘာမှပြန်မပြောခဲ့ပေ။ ဝမ်ရှန်းအား အန္တရာယ်များသည့် အကြည့်ဖြင့်သာ စိုက်ကြည့် နေလိုက်ကြ၏။ ဒါကဘာလဲ… ဒါက လျှို့ဝှက်ချက်ကြီး တစ်ခုလား…

“ဆေးပြား တစ်ခုလုံးစာကို မခံနိုင်ဘူးဆိုရင် တစ်ဝက်ပဲ သောက်လို့ ရတယ်လေ၊ ဟုတ်တယ်မလား…” ဝမ်ရှန်းမှ ပြန်ဖြေလိုက်သည်။

“ဟင်းတစ်ထောင် ကီလိုဂရမ်စာ မကုန်နိုင်ဘူးမလား… အဲ့လိုဆိုရင် နှစ်ပိုင်း ခွဲလိုက်ရင် မရဘူးလား။ တစ်ခေါက်ကို ငါးရာလောက်ပေါ့။ အဲ့လိုပဲ ကျွန်တော်လည်း စစချင်း ပထမဆေးပြားကို ဆန်စေ့ အရွယ်အစား အရင်ပိုင်းပြီး အဲ့အပိုင်းကိုပဲ အရင် သောက်လိုက်တာ”

အချို့သော အမှန်တရားများကို အလွန်ရိုးရှင်းလှသည်။ သို့သော် အချို့လူများသည် ထိုအမှန်တရားကို မတွေးမိကြပေ။ ဝမ်ရှန်း ထိုကဲ့သို့ ဖြေလိုက်သည့် အချိန်တွင် ခြံဝန်းဘေး ပတ်ပတ်လည် မှနေ၍ တဒုန်းဒုန်း အသံများကို ဝမ်ရှန်း ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းပင် ဟန်ဘင်းလီ၏ မျက်လုံးများတွင်လည်း ဒေါသ အရိပ်အယောင်များ ထွက်ပေါ် လာခဲ့တော့၏။ သူသည် ဝမ်ရှန်းအား ရန်သူတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ –

“အဲဒါကို ခွဲလို့မရဘူး ဆိုတာကို မသိလို့လား။ ဒါပေမယ့် ကံကောင်းခြင်း ဆေးပြားကို အပိုင်းပိုင်း ပိုင်းလိုက်မယ်ဆိုရင် ဆေးပြားရဲ့ အာနိသင်ကို အပြည့်အဝ မရနိုင်တော့ဘူး ဆိုတာသိလား။ ဆေးပြားကို ပိုင်းလိုက်တာနဲ့ ဆေးအာနိသင်က ချက်ချင်း လျှော့ကျ သွားမှာကို မသိတာလား…”

“သိတယ်”

ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်ပေါ်လာမည်ကို ဝမ်ရှန်း အစကတည်းက ကြိုသိထားပေသည်။ ထို့ကြောင့် သူသည် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်၏။

“ချီးကိုသိ…”

ဟန်ဘင်းလီသည် တကယ်ကို ဒေါသထွက် နေပြီဖြစ်၏။

“ကံကောင်းခြင်း ဆေးပြား အကောင်းကြီးကို နှစ်ပိုင်း ပိုင်းလိုက်တာနဲ့ ဆေးအာနိသင် တစ်ဝက်က တစ်နာရီ နှစ်နာရီအတွင်း ပျောက်သွားမှာကို သိလား။ တစ်ဝက်… တစ်ဝက် တောင်ကွ… ကံကောင်းခြင်း ဆေးပြား တစ်ပြားလုံးကို သောက်တာက တစ်ဝက်သောက်တာနဲ့ တူမှာလား။ အရူးပဲ မင်းက”

“တစ်ဝက်ဆိုလည်း တစ်ဝက်ပေါ့”

ဝမ်ရှန်း၏ ပျင်းရိပျင်းတွဲ ပုံစံသည် အခြားလူများကို သူအား ထရိုက်ပစ်ချင်စိတ် ပေါက်စေပေသည်။

“ဘာများ အထူးသလည် ဖြစ်နေလို့လဲ”

ထိုစကားကြောင့် ဟန်ဘင်းလီသည် နောက်ထပ် ဘာဆက်ပြောရမလဲပင် မသိတော့ပေ။ သို့သော် သူသည် နောက်ထပ် ဘာမှလည်း ထပ်ပြော၍ မရတော့ချေ၊ ထပ်ပြောမိမည် ဆိုလျှင် သူသည် ဝမ်ရှန်းအား ထထိုးပစ်ချင်သည့် စိတ်ကို ထိန်းနိုင်မည် မဟုတ်တော့ပေ။

“ဆေးအာနိသင်ကို တစ်ဝက်ပဲ ရမယ်ဆိုရင်တောင် ကျွန်တော့်မှာ အရှုံး မရှိဘူးလေ…”

ဟန်ဘင်းလီ၏ ပုံစံကိုကြည့်ကာ ဝမ်ရှန်း ရုတ်တရက် ထရယ်လိုက်၏။ ထို့နောက် သူသည် ထိုအဘိုးကြီး နှစ်ယောက်ရှေ့တွင် လက်နှစ်ချောင်း ထောင်ပြကာ ကတ်ကြေးပုံစံ ညှပ်ပြလိုက်၍ –

“ခင်ဗျားတို့ မေ့နေကြတာပဲ။ အခု ကျွန်တော့်မှာ ကံကောင်းခြင်း ဆေးပြား နှစ်ပြားရှိတယ်လေ… နှစ်ပြား၊ နှစ်ပြားနော်။ တစ်ပြား တစ်ဝက်ဆီပဲ ဆိုရင်တောင် အာနိသင်က ဆေးပြား တစ်ပြားလုံးနဲ့ အတူတူပဲ ဖြစ်သွားပြီလေဗျာ”

“ဟမ်”

ဝမ်ရှန်း၏ ခြံဝန်းအတွင်း၌ ရှိနေသည့် ဝိညာဉ်သခင် နှစ်ယောက်ဖြစ်စေ၊ ခြံအတွင်းမှ လှုပ်ရှားမှုများကို နားထောင်နေသည့် ခြံဝန်းဘေး ပတ်ပတ်လည်မှ ဝိညာဉ်သခင်များဖြစ်စေ ဝမ်ရှန်း ပြောလိုက်သည့် စကားကြောင့် သူတို့အားလုံး ကြောင်အ သွားခဲ့ကြသည်။

ဟုတ်ပါသည်၊ အားလုံးသည် ဆေးအာနိသင် တစ်ဝက် အလကား ဖြစ်သွားသည်ကို နှမြောနေကြသည့် အတွက်ကြောင့် ဝမ်ရှန်းထံ၌ ကံကောင်းခြင်း ဆေးပြားနှစ်ပြား ရှိကြောင်း မေ့လျော့ နေခဲ့ကြသည်။ သို့မဟုတ် သူတို့သည် မေ့နေခဲ့ကြခြင်း မဟုတ်ဘဲ ယခုအချိန်၌ သတိမရ နေကြခြင်းဖြစ်၏။

ထိုကဲ့သို့ ကြောင်အ သွားပြီးနောက်တွင် အားလုံးသည် သူတို့စိတ်ထဲ၌ အလွန်ကို နှမြောတသ ဖြစ်သွားခဲ့ကြလေ၏။ ဤအရာသည် ကံကောင်းခြင်း ဆေးပြားဖြစ်သည်… အပြင်သို့ စိမ့်ထွက်လာခဲ့သည့် ဆေးပြား၏ ဆေးအာနိသင် တစ်ဝက်ခန့်နဲ့တင် သူတို့သည် အဆင့်တက် နိုင်ခဲ့သည်။ ဆေးပြား တစ်ပြားလုံးဆိုလျှင် ဆိုစရာပင် မရှိတော့ချေ။

“တကယ်တော့…”

ဝမ်ရှန်း စကား စလိုက်သည့် အချိန်တွင် အားလုံး၏ အာရုံများ ဝမ်ရှန်းပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားခဲ့သည်။

“တကယ်တမ်းတော့ ကျွန်တော် ဒုတိယမြောက် ကံကောင်းခြင်း ဆေးပြားကို သောက်လိုက်တဲ့ အချိန်မှာ ဆေးပြားတစ်ခုလုံးရဲ့ ဆေးရှိန်ကို ခံနိုင်နေပြီရယ်။ အဲဒါကြောင့် သိပ်ပြီးတော့ အရှုံးမရှိပါဘူး”

ဒုတိယမြောက် ဆေးပြားကို သောက်ခဲ့သည့် အချိန်၌ ဝမ်ရှန်း၏ ကျွမ်းကျင် သေသပ်မှုနှင့် အချိန်တိုအတွင်း အဆင့်နောက်တစ်ဆင့် တက်နိုင်ခဲ့မှုတို့ကို ကြည့်မည်ဆိုလျှင် အရှုံးမရှိခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။

နောက်ဆုံးတွင် သူတို့သည် ဝမ်ရှန်း ကံကောင်းခြင်း ဆေးပြားအား သောက်နိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို သိရှိသွားခဲ့ကြပြီ ဖြစ်၏။ သို့သော် ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဖြစ်ပေါ်လာသည့် အကျိုးရလဒ်နှင့် ဆေးပြား ပမာဏသည် မတန်ပေ။ ယခုအချိန်တွင် အားလုံးသည် ဒေါသထွက်ခြင်း နှင့်အတူ ရယ်လည်း ရယ်ချင်နေကြကာ ဘာပြောရမည်ပင် မသိကြတော့ချေ။

သို့သော် ဘာပဲပြောပြော ဤအရာသည် ကံကောင်းခြင်း ဆေးပြားဖြစ်၏… ကံကောင်းခြင်း ဆေးပြားဖြစ်သည်… ပဥ္စမအဆင့် သို့မဟုတ် ပဉ္စမ အထွက်အထိပ် အဆင့် ဝိညာဉ်သခင် တစ်ယောက်သာ သောက်မည်ဆိုလျှင် ထိုဝိညာဉ်သခင်သည် သေချာပေါက် ဆဌမအဆင့်သို့ အဆင့်တက် သွားနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် ဤဆေးပြားသည် ဝိညာဉ်သခင်ပေါက်စ တစ်ယောက်၏ ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်ရာ၌ အသုံးပြုခြင်း ခံခဲ့ရသည့်အတွက် ထိုအရာသည် ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်သနည်း။ သူသည် တတိယအဆင့်ကိုပင် မတက်နိုင်ခဲ့ပေ။

ထိုအချိန်တွင် အရိပ်မိန်းမစိုးကတော့ ထိုကဲ့သို့ မတွေးခဲ့ပေ။ သူသည် ဝမ်ရှန်းက ဝိညာဉ်အဆင့် ဒုတိယ နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ် အဆင့်သို့ တက်သွားလောက်ပြီဟု တွေးနေခဲ့ခြင်းဖြစ်သည်။

သို့သော် ဝမ်ရှန်းက ထိုအဆင့် ရောက်သွားမည် ဆိုလျှင်တောင် ထိုအဆင့်နှင့် ပတ်သက်၍ ပြဿနာ ရှိသည်ဟု သူ မထင်ပေ။

“ဆေးရှိန်ကို ခံနိုင်တယ် ဆိုရင်တောင် တစ်ဆက်တည်း သောက်စရာ မလိုဘူးလေ၊ ဟုတ်တယ်မလား”

ဟန်ဘင်းလီမှ ပြောစရာ စကားများ ဆွံ့အနေချိန်တွင် အရိပ်မိန်းမစိုးသည် စားပွဲပေါ်မှ ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်၏။

“မသောက်လို့လည်း မရဘူးလေ” ဝမ်ရှန်းမှ ခါးသီးစွာ ပြုံးကာ ပြန်ဖြေလိုက်သည်။

ဝမ်ရှန်း၏ စကားကြောင့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ နားမလည်နိုင် ဖြစ်သွားခဲ့ကြသည်။ သူတို့သည် ဘာမှမပြောဘဲ သိချင်စိတ်ဖြင့် ဝမ်ရှန်းကိုသာ ကြည့်ကာ ဝမ်ရှန်း ဆက်ပြောလာမည့် စကားကို စောင့်နေလိုက်ကြသည်။

“ကျွန်တော် အဲ့ဆေးပြားတွေကို မြန်မြန် မသောက်ဘူးဆိုရင်၊ စီနီယာတို့ရဲ့ အတွေ့အကြုံတွေအရ ကျွန်တော် ဘာဖြစ်သွားမလဲဆိုတာ ပြောပြကြည့်ကြပါဦး”

ဝမ်ရှန်းမှ အနည်းငယ် စိတ်ပျက်သည့် အသံဖြင့် ပြောလိုက်သည်။

“နောက်တစ်နေ့မနက် ကျွန်တော် ထလာတဲ့ အချိန်ကျရင် ဆေးပြားက ကျွန်တော့် လက်ထဲမှာ ရှိနေပါဦးမလား”

ထိုမေးခွန်း ကြားလိုက် ရသောအခါ သူတို့နှစ်ယောက်သည် ချက်ချင်းပင် ပါးစပ်ပိတ် သွားကြကာ ဘာမှ မပြောခဲ့ကြတော့ပေ။

ဝမ်ရှန်းသည် ဝူရုံမြို့ မြို့အတွင်းပိုင်း၌ ရှိနေခြင်းဖြစ်ကာ ဤနေရာတွင် လူသတ်၍ မရပေ။ သို့သော် ဤဥပဒေများကို မည်သူမှ မချိုးဖျက်ဘဲ ဥပဒေက အကျုံးဝင် နေရခြင်းမှာ – ဥပဒေကို ချိုးဖျက်ပြီးနောက် ရရှိလာမည့် အကျိုးရလဒ်များထက် နောက်ဆက်တွဲ ဆိုးကျိုးများက မကာမိသောကြောင့်ပင်။

သို့သော် ကံကောင်းခြင်း ဆေးပြားသည် မည်သည့် ဥပဒေများကိုမဆို ချိုးဖောက် စေနိုင်လောက်သည် အထိ အလွန် ဆွဲဆောင်နိုင်သော ပစ္စည်းဖြစ်ကြောင်း သိသာပေသည်။ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားအတွက် ကြေးစားခန်းမတွင် ရွှေဒင်္ဂါးတစ်သန်း နီးပါးဖြင့် ကမ်းလှမ်းခဲ့၏။ သို့သော် သူသည် ဆေးပြားကို မရခဲ့ရုံ သာမက ဆေးပြားအကြောင်း သတင်းပင် မရခဲ့ပေ။ ထိုအချိန်တွင် ဝမ်ရှန်းသည် ဆေးပြားက မည်သည့်နေရာ၌ ရှိနေကြောင်းကိုပင် မသိခဲ့ချေ။

ဤဝိညာဉ် သခင်ပေါက်စ ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား တစ်ပြားကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မည်နည်း…

သူတို့သည် ဝမ်ရှန်းအား သတ်ကာ လုယူခြင်းမျိုး မပြုလုပ်ဘဲ ဝမ်ရှန်း၏ အိမ်တံခါးဝထံသို့ သူတို့ ကိုယ်တိုင်သွားကာ ဝမ်ရှန်း၏ ရွှေဒင်္ဂါးတစ်သန်းထက် ပိုမိုများပြားသည့် ပမာဏဖြင့် ကမ်းလှမ်းမည်ဆိုလျှင် ဝမ်ရှန်းက ငြင်းဆန်နိုင်ပါ့မလား… သို့မဟုတ် သူ ငြင်းဆန်ရဲပါ့မလား…

ဝမ်ရှန်း မပြောနှင့် ထိုနေရာတွင် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ဆိုလျှင်ပင် ဤကဲ့သို့ ကြွယ်ဝချမ်းသာပြီး သြဇာအာဏာ ကြီးမားသည့် ဝိညာဉ်သခင်မျိုးကို သူတို့လည်း ငြင်းနိုင်မည် မဟုတ်ပေ။

ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို ရရှိခဲ့သည့် အချိန်နှင့် ဆေးပြားအား သောက်ရန် ဆုံးဖြတ်ခြင်းအတွက် တစ်ရက်ခွဲသာ ကြာခဲ့၏။ ထိုတုံ့ပြန်မှုသည် လုံလောက်အောင် လျင်မြန်နေပြီ ဖြစ်သည်။ ဝမ်ရှန်းသည် ထိုကဲ့သို့ လျင်လျင်မြန်မြန် မလုပ်ဆောင်ခဲ့ဘူးဆိုလျှင် ဤပစ္စည်းကို ထိန်းထားနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော ရတနာမျိုးသည် အင်အားကြီး မိသားစုများမှ အမြဲတမ်း ပိုင်ဆိုင်ခဲ့သည့် ရတနာဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် ဘယ်လိုလုပ် ကောင်းကင်ကြီးကို ဆန့်ကျင်နိုင်၊ ဆန့်ကျင်ရဲမည်နည်း။

ထိုကဲ့သို့ စဉ်းစားပြီးနောက် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြား နှစ်ပြားလုံးကို တွန့်ဆုတ်မှုမရှိ သောက်လိုက်တော့၏။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဝမ်ရှန်းသည် ဤအဘိုးကြီး နှစ်ယောက်ထက် ပို၍ရေရှည်ကို တွေးတတ်ကာ ပို၍ စဉ်းစားဆင်ခြင် တတ်သည်ဟု ပြော၍ရပေသည်။ ထို့အပြင် ဆေးပြားနှစ်ပြား ဆက်တိုက် သောက်လိုက်ခြင်းကြောင့် ဆေးအာနိသင် တချို့ စိမ့်ထွက် သွားခဲ့သည် ဆိုလျှင်တောင် တစ်ပြားလုံး အလုခံလိုက်ရခြင်း ထက်တော့ ပို၍ ကောင်းပေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset