Switch Mode

Chapter – 178

စားသောက်၍ မရခြင်း (၁)

အပိုင်း ၁၇၈
စားသောက်၍မရခြင်း (၁)

ဝမ်ရှန်းက အဆင့်တစ်ကြိမ် တက်ပြီးနောက် နောက်တစ်ရက် အတွင်း၌ နောက်တစ်ကြိမ် အဆင့်တက် နိုင်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း…

ဝမ်ရှန်း ကိုယ်တိုင်သည်ပင် ကံကောင်းခြင်း ဆေးပြား၏ အကျိုးသက်ရောက်မှုများကို မြင်တွေ့ခဲ့ပြီး နောက်မှာမှ ထိုကဲ့သို့ ပြုလုပ်ရန် ရုတ်တရက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ဝမ်ရှန်းသည်ပင် ကြိုမထင်ထားသည့် အရာအတွက် အခြားသူများကလည်း မတွေးမိသည်မှာ ပုံမှန်ပင်ဖြစ်ပေသည်။

ယခုအချိန်တွင် ဝမ်ရှန်းသည် အခြားသူများ၏ အတွေးများကို ဂရုမစိုက်ချေ။ သူသည် သူ၏ခန္ဓာကိုယ်ကိုသာ ဆက်လက် အာရုံစိုက်နေကာ သူ၏ခန္ဓာကိုယ် အခြေအနေ တိုးတက် ကောင်းမွန်လာမှုကြောင့် ခံစားနေရသည့် သက်သောင့်သက်သာ ဖြစ်မှုကိုသာ ပျော်ရွှင်စွာ ခံစားနေခဲ့၏။

အစောပိုင်းတွင် ကံကောင်းခြင်း ဆေးပြား၏ အာနိသင်ကြောင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုများသည် ဤကဲ့သို့ ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသည့် အချိန်တွင် အပြည့်အဝ ပျောက်ကွယ် သွားကာ သက်သောင့်သက်သာ ဖြစ်မှုသာ ကျန်ရှိခဲ့တော့ပေသည်။

ယနေ့ မတိုင်ခင် အချိန်အထိ ဝမ်ရှန်းသည် သူ၏ကြွက်သားများကလည်း လေထဲ၌ ဤကဲ့သို့ အသံများ ထွက်ပေါ်လာအောင် ပြုလုပ်နိုင်ကြောင်း မသိခဲ့ပေ။

ဝမ်ရှန်း၏ ကြွက်သားများသည် သူ တွေးပင် မတွေးကြည့် နိုင်လောက်အောင်ကို တင်းရင်းနေခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် သူ၏ကြွက်သားများ နေရာ၌ ပလတ်စတစ်များ အစားထိုး ဝင်ရောက် လာတာလားဟုပင် တွေးမိသွားခဲ့၏။ ထို့ကြောင့်သာ သူ၏ကြွက်သားများသည် ဤကဲ့သို့ ကြီးမားလှသည့် ခွန်အားများ ထုတ်လွှတ်နိုင်နေကာ ဤကဲ့သို့ တင်းရင်းလှသည့် ဆွဲငင်မှုကို ခုခံနိုင်နေခြင်း ဖြစ်နိုင်ပေသည်…

ယခုအချိန်တွင် ဝမ်ရှန်းအား မည်သူမှ မနှောင့်ယှက်ခဲ့ပေ။ အစပိုင်းတွင် အများစုသည် ဝမ်ရှန်းထံမှ ဒုတိယမြောက် ကံကောင်းခြင်း ဆေးပြားကို လုယူရန် ကြံစည် တွေးတောနေခဲ့ကြခြင်း ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် ဆေးပြား နှစ်ပြားလုံးကို တစ်ဆက်တည်း သောက်လိုက်ပြ ဖြစ်သည်။

ထို့ကြောင့် ဆေးပြား မရှိတော့သဖြင့် သူတို့သည်လည်း ထိုအကြံကို ဆက်တွေး မနေကြတော့ပေ။ အားလုံးသည် ဝမ်ရှန်း၏ လေ့ကျင့်မှု ပြီးဆုံးသွားသည်အထိ စောင့်ကာ ကံကောင်းခြင်း ဆေးပြား၏ ဆေးရှိန်ကို သူ ဘယ်လို တောင့်ခံခဲ့ကြောင်းကို မေးရန်သာ ပြင်လိုက်ကြတော့သည်။

တိတိကျကျ ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည်လည်း အပေါ်မှ ထိုအချက်ကို စိုးရိမ်သောကြောင့်သာ ကံကောင်းခြင်း ဆေးပြား နှစ်ပြားလုံးကို တစ်ခါတည်း သောက်လိုက်ခြင်း ဖြစ်သည်။ သူ ကံကောင်းခြင်းဆေးပြား ရရှိထားကြောင်း အခြားသူများသာ မသိဘူးဆိုလျှင် ဝမ်ရှန်းသည် ပထမတစ်ပြားကို သောက်ကာ အနားယူပြီး နောက်မှာမှ ဒုတိယတစ်ပြားကို ဆက်သောက်မည်ဖြစ်၏။

မမျှော်လင့်ထားသည်က ကံကောင်းခြင်း ဆေးပြားကို ထုတ်ယူလိုက်သည့် အချိန်တွင် ကောင်းကင်ကြီး မည်းမှောင်လာခြင်း ကဲ့သို့သော ထူးခြားအံ့အားသင့်စရာ ကောင်းသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းခြင်း ဆေးပြားက အခြားသူများ သူ့အားသတ်ရန် လူသတ်လက်မှတ် ဖြစ်နေသည့် အတွက်ကြောင့် အခြားသူများကို ပေးရင်ပေး မဟုတ်လျှင် ချက်ချင်း သောက်ခြင်းမှလွဲ၍ အခြား ရွေးချယ်စရာလည်းမရှိပေ။

တစ်ဆက်တည်းတွင် ဝမ်ရှန်းသည် သူ၏အရိုးများ အတွင်း၌ပင် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည်ဟု ခံစားနေရ၏။ အရိုးများ၏ ဖွဲ့စည်း တည်ဆောက်ပုံသည် ယခင်ကထက်ပင် ပို၍ သိပ်သည်းသွားပြီ ဖြစ်၏။ ထို့နောက် သူ၏ခန္ဓာကိုယ် အတွင်းရှိ မကောင်းသည့် အညစ်အကြေးများ အားလုံး ဖယ်ရှား ခံလိုက်ရကာ အရိုးများသည်လည်း နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်ခြင်း ခံလိုက်၏။ နောက်တစ်ကြိမ် အရိုးများ ပိုမိုသိပ်သည်း ကျစ်လျစ် သွားခဲ့ကာ ဤကဲ့သို့သော ဖြစ်စဉ်မျိုး အကြိမ်ပေါင်း များစွာ ထပ်ကာတလဲလဲ ဖြစ်ပွားခဲ့ပေသည်။

ခွန်အားတိုးသည်ဟု ဆိုရာတွင် ကြွက်သားများကိုသာ ဆိုလိုခြင်း မဟုတ်ကြောင်း ဝမ်ရှန်း သိပေသည်။ အရိုးများသည် ခန္ဓာကိုယ်အား ထောက်ပံ့ပေးနေသည့် အရာများဖြစ်ကာ အင်အားအားလုံး၏ အရင်းအမြစ်ဖြစ်၏။ အရိုးကြံ့ခိုင် သန်မာမှုက အရင်လာကာ ပြီးမှ ကျန်သည့် အရာများက အစဉ်လိုက်အတိုင်း သွားခြင်းဖြစ်သည်။

အရိုးများသည် ကြွက်သားများနှင့် မတူပေ။ အရိုးများအား ချိန်ဆက် ပေးထားသည့် တစ်သျှူးများသည် အကြိမ်ပေါင်းများစွာ ဖောင်းပွလာခဲ့ကာ ထို့နောက် အကြိမ်ပေါင်းများစွာ ပြန်လည် သိပ်သည်းသွားခဲ့၏။ ထို့နောက် များပြားလှသည့် ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းရှိ အဆစ်များ အားလုံး၌ ရစ်ဝဲနေကာ ဝမ်ရှန်းအား နွေးထွေးပြီး သက်သောင့်သက်သာ ရှိသည့် ခံစားချက်များ ခံစားရစေခဲ့သည်။

ထို့နောက် ကြွက်သားများ အလှည့်ဖြစ်သည်။ ကြွက်သားများသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်၏၊ ဖောင်းကားလိုက် သိပ်သည်း ကျစ်လျစ်သွားလိုက်၊ ပြန်လည် ဖောင်းလာလိုက် ပြန်လည် ကျစ်လစ်သွားလိုက်ဖြင့် အကြိမ်ပေါင်းများစွာ အဖန်တလဲလဲ ဖြစ်နေခဲ့သည်။

ဝမ်ရှန်း အံ့သြသွားရသည်က တစ်သျှူးများ ကျုံ့ခြင်းချဲ့ခြင်း ဖြစ်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွေေးအမျှင်များနှင့် လက်သည်းများ ကျွတ်သွားကုန်ကြခြင်းဖြစ်၏။ ကံကောင်းသည်က ထိုကဲ့သို့ ကျွတ်ကုန်ကြသည့် အချိန်တွင် မည်သည့် နာကျင်မှုမှ မဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အားလုံး ပြီးဆုံးသွားသည့် အချိန်တွင် ဝမ်ရှန်းသည် သူ ခေါင်းကိုက်မည်ကိုတော့ စိုးရိမ်မိပေသည်။

နောက်တစ်ခု ကံကောင်းသည်က ဝမ်ရှန်းသည် ဒုတိယမြောက် ဆေးပြား သောက်ပြီးသည့် အချိန်တွင် လှဲနေလိုက်ခြင်း ဖြစ်၏။ မဟုတ်လျှင် ယခု ဤမျှလောက်ထိ အချိန်ကြာပြီး နောက်တွင် သူသည် မြေပြင်ပေါ်သို့ လှဲကျပြီဖြစ်ကာ အာရုံစိုက်နိုင်တော့မည်လည်း မဟုတ်ပေ။

ဝိညာဉ်စွမ်းအား စုပ်ယူခြင်း ဖြစ်စဉ်သည် ခြောက်နာရီ အတိအကျ ကြာမြင့်ခဲ့၏။ ထိုထဲတွင် ဒုတိယအဆင့်၏ အစောပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း ပြောင်းလဲမှုများ အားလုံး ပါဝင်ပေသည်။

ခြောက်နာရီ ကြာပြီးနောက်တွင် ဝိညာဉ်နယ်မြေ အတွင်းရှိ အဖြူရောင်မြူခိုးများ ပျောက်ကွယ်သွားကာ ဝိညာဉ်အသစ်၏ ပုံစံ ထွက်ပေါ် လာခဲ့တော့သည်။ ကျောထက်တွင် ကောင်းကင်ထိတိုင် မြင့်တက်နေသည့် ရှည်လျားသော ကျောက်တိုင်တစ်ခု သယ်ဆောင်ထားသော သွားများနှင့် ကြီးမားသည့် လိပ်တစ်ကောင် ဝိညာဉ်နယ်မြေ အတွင်း၌ ရှင်းရှင်းလင်းလင်း ထွက်ပေါ် လာခဲ့တော့သည်။

နောက်ဆုံး အဆင့်မြင့်တက်ခြင်းများ အားလုံးပြီးစီး သွားပြီးနောက်တွင် ဝမ်ရှန်းသည် အခြားဘာကိုမှ ဂရုမစိုက်ခဲ့ပေ။ သူသည် အပ်စိုက်မှတ်များကိုသာ ချက်ချင်း စစ်ဆေးလိုက်၏။ မျက်လုံးများ မှိတ်ကာ အပ်စိုက်မှတ် အရေအတွက်ကို ခံစားကြည့်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း၏ မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်လာတော့သည်။

ပီရှဲ့ ပြောင်းလဲခြင်း ပြီးဆုံးသွားပြီး နောက်တွင် အပ်စိုက်မှတ်လေးခု ထပ်တိုး လာခဲ့ပေသည်။ ဝမ်ရှန်း မပျော်ဘဲ မနေနိုင်တော့ပေ… အစောပိုင်း၌ တိုးလာသည့် အရေအတွက်ကိုပါ ပြန်ကြည့် လိုက်မည်ဆိုလျှင် ဝမ်ရှန်းသည် သူ၏အပ်စိုက်မှတ် အရေအတွက်များက ထပ်တိုးကိန်း အလိုက် တိုးပွားလာနေခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ချီဝမ်နဂါး ပြောင်းလဲမှုတွင် အပ်စိုက်မှတ် တစ်ခုတိုးခဲ့သည်။ ထို့နောက် တောက်တိ ပြောင်းလဲမှုတွင် နှစ်ခုတိုးခဲ့၏။ ယခု ပီရှဲ့ ပြောင်းလဲမှု ပြီးနောက်တွင် အပ်စိုက်မှတ် အရေအတွက်သည် အမှန်တကယ်ကို လေးခု တိုးလာခဲ့၏။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် ရှစ်ခု တိုးလာနိုင်သည်။

အစပိုင်းတွင် အပ်စိုက်မှတ် အရေတွက်သည် ထိုစွမ်းအား ကြီးမားသည့် ဝိညာဉ်များကဲ့သို့ မများပေ။ သို့သော် အဆင့်တက် သွားသည်နှင့် ထပ်တိုးလာသည့် အပ်စိုက်မှတ် အရေအတွက်သည် အလွန် ကြောက်စရာ ကောင်းလှပေသည်။ နဝမအဆင့်သို့ ရောက်ရန်ပင် စောင့်စရာ မလိုပေ၊ ဝမ်ရှန်းသည် ပဥ္စမအဆင့်တွင် အပ်စိုက်မှတ် ၁၆ ခု၊ ဆဌမအဆင့်တွင် ၃၂ နှစ်ခု၊ သတ္တမအဆင့်တွင် ၆၄ ခုပင်ရှိနေပြီ ဖြစ်သည်။

အဆင့်မြင့် ဝိညာဉ်ဟုခေါ်သည့် ဝိညာဉ်များအတွက်မူ အဆင့်တစ်ကြိမ် တက်တိုင်း အပ်စိုက်မှတ်သည် ငါးခုမှကိုးခု အထိသာ တိုးပေသည်။ တစ်ကြိမ်ကို ကိုးခုတိုးမည် ဆိုလျှင်တောင် အဋ္ဌမအဆင့်တွင် အပ်စိုက်မှတ် ၇၂ ခုသာ ရှိနေမည်ဖြစ်၏။ ထိုအချိန်တွင် ဝမ်ရှန်း၏ စုစုပေါင်း အပ်စိုက်မှတ်သည် ၁၂၈ ခု ရှိနေပြီ ဖြစ်သည်။

အရေအတွက်သည် ထိုအဆင့်မြင့် ဝိညာဉ်များထက် များစွာ ပိုပေသည်။ ထို့အပြင် ဝမ်ရှန်း၏ အပ်စိုက်မှတ်များတွင် ယင်ယန်စက်ကွင်း ရှိသောကြောင့် အပ်စိုက်မှတ် တစ်ခုချင်းစီသည် သာမန် အပ်စိုက်မှတ် ၁၀ ခုနှင့် ညီမျှပေသည်။ ထို့ကြောင့် ဝမ်ရှန်း၏ ဝိညာဉ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းသည် အားလုံး မျှော်လင့်ထားသည်ထက် သေချာပေါက် ကျော်လွန် နေပေလိမ့်မည်။

အဆင့်တက် ပြီးနောက် ဝမ်ရှန်းသည် ကျင့်စဉ် ကျင့်ကြံရာမှ ချက်ချင်း အနားမယူခဲ့ပေ။ အစောပိုင်းမှ ကျောက်တိုင်အား အခွင့်ကောင်း ယူကာ အပ်စိုက်မှတ် လေးခုတွင် တစ်ခုချင်းစီ၌ ယင်ယန်စက်ကွင်း တိုးမြင့်အောင် လုပ်ဆောင်လိုက်၏။ ထိုကဲ့သို့ လုပ်ဆောင်စဉ်တွင် အချိန် လေးနာရီ ကြာမြင့်ခဲ့ပေသည်။

နောက်ဆုံး ကျင့်စဉ်အား မရပ်နားခင်တွင် ဝမ်ရှန်းသည် သူ၏ဝိညာဉ်ကို ခွဲထုတ်ရန်လည်း မမေ့ခဲ့ချေ။ သို့သော် ဝမ်ရှန်းအား အံ့အားသင့် သွားစေသည်မှာ အကြောင်းပြချက် တချို့ကြောင့် ပီရှဲ့ကို ခွဲထုတ်၍ မရနေခြင်းဖြစ်၏။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ပီရှဲ့ကျောပေါ်၌ ရှိနေသည့် ကြီးမားသော ကျောက်တိုင်ကြီးကြောင့် ဖြစ်နိုင်သည်။ ကျောက်တိုင်အား ခွဲ၍မရသောကြောင့် ပီရှဲ့ကိုလည်း ခွဲ၍ မရနေခြင်းဖြစ်၏။ ဝမ်ရှန်းသည် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ပီရှဲ့အား မခွဲထုတ်နိုင်ချေ။

ယခုလို အခြေအနေတွင် ကျင့်စဉ်အားရပ်ကာ အပြင်သို့ သွားလိုက်မည် ဆိုလျှင် ဝမ်ရှန်းသည် ဒုတိယအဆင့် မဟုတ်ဘဲ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက် ဖြစ်ကြောင်း တစ်ချက် ကြည့်လိုက်ရုံဖြင့် မြင်ရမည်ဖြစ်၏။ ထိုကဲ့သို့ဆိုလျှင် ပြဿနာများစွာ တက်သွားပေလိမ့်မည်။ ပီရှဲ့ကို ခွဲထုတ်၍ မရသောကြောင့် ဝမ်ရှန်းသည် ကျင့်စဉ်ကိုလည်း ရပ်လိုက်၍ မရပေ။ ထို့ကြောင့် ဝမ်ရှန်း အလွန် ခေါင်းရှုပ် သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်း အကြံအိုက် နေစဉ် ပီရှဲ့ဝိညာဉ်သည် သူ့ဘာသာသူ ခွဲထွက်လာခဲ့၏။ ပြောရမည်ဆိုလျှင် အတိအကျ ခွဲထွက်လာခြင်းတော့ မဟုတ်ပေ။ သို့သော် သူ့ခန္ဓာကိုယ်၏ ကြီးမားသော အစိတ်အပိုင်းအား မမြင်ရတော့ပေ။ သူ၏ခန္ဓာကိုယ်တွင် အဖြူရောင် မြူခိုးများ ဖြစ်ပေါ်လာခဲ့ကာ ထိုမြူခိုးများသည် ကျောက်တိုင်ထိပ်သို့ ပျံသန်းသွားပြီး ၎င်းနေရာတွင် ရပ်တန့်သွားခဲ့၏။

ကျောက်တိုင်ထိပ်တွင် မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ဒါက ဘယ်လို အခြေအနေမျိုးလဲ… အခြေအနေကို ဝမ်ရှန်း တစ်ခဏတာ အဖြေရှာမရ ဖြစ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ပီရှဲ့၏ခန္ဓာကိုယ်မှာ ပိုမိုသေးငယ် လာခဲ့သည်ကို ဝမ်ရှန်း တွေ့လိုက်ရသည်။ သို့သော် သူသည် ကြီးမားသည့် လိပ်တစ်ကောင်က ကြီးမားသည့် ကျောက်တိုင်ကြီးအား ကြိုးစား သယ်ထားသည့် ပုံရိပ်အသွင် ဆောင်နေဆဲပင် ဖြစ်သည်။

ထိုအချိန်မှာမှ ပီရှဲ့သည် ခန္ဓာကိုယ်ကို ခွဲထွက်ခြင်း မဟုတ်ဘဲ သူ့ကျောပေါ်မှ ကျောက်တိုင်ကိုသာ ပိုင်းကာခွဲထွက်နေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း နားလည် သွားခဲ့ရသည်။

ထိုကဲ့သို့ နားလည်သွားသည့် အချိန်တွင် ဤနည်းလမ်းထက် ပိုကောင်းသည့် နည်းလမ်း မရှိတော့ကြောင်း ဝမ်ရှန်း တွေးမိသွားခဲ့သည်။ ဤနည်းလမ်းသည် ခန္ဓာကိုယ်ကို တစ်ဝက် ခွဲထုတ်ခြင်းထက် ပိုမို ကောင်းမွန်သည့်အပြင်၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝိညာဉ်အဆင့် တတိယအဆင့်အဖြစ် မြင်ခံရမည်ထက်လည်း ပို၍ ကောင်းမွန်ပေသည်။

ထို့နောက် သက်ပြင်းရှိုက်ကာ ဝမ်ရှန်း၏ အသိစိတ်သည် ကျင့်စဉ် ကျင့်ကြံရာမှ လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ မျက်လုံးများ ဖွင့်လိုက်သည့် အချိန်တွင် ညအချိန်သို့ ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ အချိန်မည်မျှကြာ လေ့ကျင့်နေခဲ့သည်ကို ဝမ်ရှန်း တွေးလိုက်၏။

ထို့နောက် သူသည် အားပြုကာ ထရပ်ရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် တစ်လျှောက်လုံး သူ ထိုင်နေခဲ့သည့် ပုခက်ကုလားထိုင်သည် ဆွေးမြည့်နေသည့် သစ်သားခုံ တစ်လုံးအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ကျိုးပဲ့ပျက်စီး သွားခဲ့လေတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset