အပိုင်း ၁၇၇
မယုံနိုင်ဖွယ်ကောင်းခြင်း (၂)
တောက်တိဝိညာဉ်သည် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်များကို အားရပါးရ ဝါးမျိုစုပ်ယူနေခဲ့ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ကျောက်တိုင်ကိုလည်း ပင့်တင်နေခဲ့သည်။ တောက်တိဝိညာဉ် ထိုကဲ့သို့ ပြုလုပ်နေသည်ကို ဝမ်ရှန်းသည်လည်း တိတ်တဆိတ်သာ ကြည့်နေခဲ့၏။
ကံကောင်းခြင်း ဆေးပြားများမှ ဝိညာဉ်စွမ်းအားများသည်လည်း တောက်တိဝိညာဉ်အား ကြီးမားသည့် ကျောက်တိုင်ကို ထိပ်ထိ တွန်းပို့နိုင်ရန် အားများ ဖြည့်တင်း ပေးနေခဲ့လေသည်။
ဝမ်ရှန်းသည်လည်း ကျောက်တိုင်သည် တဖြည်းဖြည်းချင်း အပေါ်သို့ မြင့်တက် သွားနေသည်ကို လက်ပိုက်လျက် ကြည့်နေခဲ့သည်။ ကျောက်တိုင်သည် အမြင့် ဆယ်ပုံတစ်ပုံ၊ ဆယ်ပုံနှစ်ပုံ၊ ဆယ်ပုံသုံးပုံ၊ နောက်ဆုံး ဆယ်ပုံလေးပုံခန့် ရောက်သည့် အချိန်၌ ရပ်တန့် သွားခဲ့တော့၏။
ထိုအချိန်တွင် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်လည်း ကုန်ဆုံးသွားပြီ ဖြစ်ကာ သူ၏ဝိညာဉ်စွမ်းအား ထောက်ပံ့ပေးမှုသည်လည်း ရပ်တန့် သွားခဲ့ပြီဖြစ်သည်။
…..
ထိုအချိန်တွင် ဝမ်ရှန်း၏ခြံဝန်း ဘေးပတ်ပတ်လည်ရှိ လူများသည် နောက်ဆုံး၌ ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားအား မခံစားရသောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြတော့သည်။ သို့သော် သူတို့စိတ်ထဲတွင် သံသယအတွေး တစ်ခုလည်း ဖြစ်ပေါ်လာခဲ့၏။ ကံကောင်းခြင်း ဆေးပြား၏ ပြင်းလှသည့် ဆေးအာနိသင်ကို တောင့်ခံရန် နည်းလမ်းရှိသည်လား…
ကံကောင်းခြင်း ဆေးပြားမှ မဟုတ်ပေ အခြားဆေးပြား အများစုတွင်လည်း ဤကဲ့သို့ ဆေးအာနိသင်ပြင်းသည့် ပြဿနာမျိုး ရှိပေသည်။ ထို့ကြောင့် အချိန်အများစုတွင် သူတို့သည် ဆေးအာနိသင်ပြင်းသည့် ဆေးများကို သောက်၍ မရခဲ့ပေ။ သို့သော် ဝမ်ရှန်းထံတွင် ဤကဲ့သို့ ဆေးရှိန်ပြင်းခြင်း အတွက် နည်းလမ်းရှိကာ၊ သူတို့လည်း ထိုနည်းလမ်းကို ရရှိနိုင်မည် ဆိုလျှင် သေချာပေါက် ပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်၏။
ဝမ်ရှန်းက အနားယူကာ သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို စစ်ဆေးလိမ့်မည်ဟု သူတို့အားလုံး တပ်အပ် တွေးနေကြသည့် အချိန်မှာပင် ဝမ်ရှန်းသည် မည်သူမှ မတွေးထားသည့် ကိစ္စတစ်ခုကို ပြုလုပ်လိုက်တော့သည်။
ဝမ်ရှန်းသည် ဒုတိယမြောက် ကံကောင်းခြင်း ဆေးပြားကို ထုတ်ယူလာခဲ့ခြင်း ဖြစ်၏…
ဒုတိယမြောက် ကျောက်စိမ်း သေတ္တာအား ဖွင့်လိုက်သည်နှင့် ကောင်းကင်ထက်တွင် အစောတုန်းက ကဲ့သို့ တိမ်မည်းများ လိမ့်တက်လာခဲ့သည်။ သို့သော် ဝမ်ရှန်းမှ ဆေးပြားအား ချက်ချင်း သောက်လိုက်ခြင်း ဖြစ်သည့် အတွက်ကြောင့် ထိုတိမ်မည်းများသည် လျင်မြန်စွာပင် အစအနမကျန် ပြန်လည် ပျောက်ကွယ် သွားတော့၏။
ဝမ်ရှန်းသည် ဤဒုတိယမြောက် ဆေးပြားကို အစောပိုင်းမှ ဆေးပြားကဲ့သို့ အပိုင်းပိုင်း မခွဲနေတော့ချေ။ ဆေးပြား တစ်ပြားလုံးကိုသာ ပါးစပ်အတွင်းသို့ ပစ်ထည့် လိုက်တော့သည်။
လုဝမ်ဟုန်နှင့် လင်းအာတို့မှလွဲ၍ ဤကဲ့သို့ အပြောင်းအလဲမျိုးကို မည်သူမှ မမျှော်လင့်ထားကြပေ။ သူတို့ထဲမှ အများစုသည် သတိလက်လွတ် ဖြစ်သွားကြကာ ကြက်သေပင် သေသွားခဲ့ကြတော့၏။
“သူ ဘာတွေ လုပ်နေတာလဲဟ”
“သူ့ကိုယ်သူ ဘာဆေးသောက်နေတယ် ထင်နေတာလဲ”
….
ဝမ်ရှန်းခြံဝန်း၏ ဘေးပတ်ပတ်လည်ရှိ ခြံဝန်းများမှ စိတ်ပျက်စွာ ပြောဆိုသည့် အသံများ တစ်သံပြီးတစ်သံ မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ပထမအဆင့် ဝိညာဉ်သခင် တစ်ယောက်က ကံကောင်းခြင်း ဆေးပြားအား နှစ်ပြားဆက်တိုက် သောက်လိုက်သည့် အချက်ကို လက်မခံနိုင်ကြခြင်း ဖြစ်၏။ ကံကောင်းခြင်းဆေးပြား တစ်ပြားက သူ၏ခန္ဓာကိုယ်အား မပေါက်ကွဲခဲ့သော်ငြား ဆေးနှစ်ပြား သောက်လိုက်ခြင်းက… သူ ရူးနေတာလား…
အခြားလူများ၏ အတွေးများကို ဝမ်ရှန်း ဂရုမစိုက်ပေ။ သူသည် သူ၏ အသိစိတ်ကိုသာ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် နှစ်မြှုပ်လိုက်သည်။
အစောတုန်းက အတိုင်းပင် များပြားလှသည့် ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ် အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက် လာခဲ့သည်။ ထို့အတူ ထိုစွမ်းအားများနှင့် ခန္ဓာကိုယ် ပေါင်းစပ်သည့် လုပ်ငန်းစဉ်သည်လည်း နောက်တစ်ကြိမ် ဖြစ်ပွားခဲ့၏။ ကြီးမားသည့် တောက်တိဝိညာဉ်သည် သူ၏ပါးစပ်ကို လုံးလုံးကို မပိတ်ခဲ့ခြင်းဖြစ်၏။ သူသည် ပါးစပ်ကို ကျယ်လောင်စွာ ဟကာ အဘက်ဘက်မှနေ၍ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာနေသည ဝိညာဉ်စွမ်းအားများ အားလုံးကို စုပ်ယူနေလိုက်သည်။
ဒေါက်… ဂွတ်…
ဝမ်ရှန်း၏ ခန္ဓာကိုယ်မှလည်း ကျိုးအက်သည့် အသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။ သို့သော် ယခုတစ်ကြိမ်တွင် ထိုအသံများသည် တစ်သံ နှစ်သံခန့်သာ ရံဖန်ရံခါ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် ဤအသေးစား နာကျင်မှုများကို ဂရုမစိုက်နေပေ။ သူသည် တောက်တိဝိညာဉ်က ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်များကို အားရပါးရ စုပ်ယူနေသည့် မြင်ကွင်းနှင့် ထိုတောက်တိဝိညာဉ်၏ ခန္ဓာကိုယ် ပိုမိုကြီးထွားလာကာ ပိုမိုသန်မာလာသည့် မြင်ကွင်းများကိုသာ မျှော်လင့်တကြီး ကြည့်နေခဲ့သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန်ရိုးရှင်းကာ ရှင်းရှင်းလင်းလင်း ရှိလှပေသည်။ ဝိညာဉ်စွမ်းအားကို စုပ်ယူကာ ဝိညာဉ်ကို ပိုမို သန်မာလာစေခြင်း ဖြစ်၏။
ဟုတ်ပါသည်၊ ဤကဲ့သို့ အကျိုးသက်ရောက်မှု ကောင်းမွန် နေရခြင်းမှာ ကံကောင်းခြင်း ဆေးပြားကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဝိညာဉ်စွမ်းအားများသည် ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအားများထက် အဆပေါင်းရာနှင့်ချီ ပိုမိုသန့်စင် သိပ်သည်းကာ ပိုမိုစွမ်းအား ကြီးမားသောကြောင့်ပင် ဖြစ်သည်။
ထိုစွမ်းအားများ စုပ်ယူနေစဉ်တွင် တောက်တိဝိညာဉ်သည် အာဟာရချို့တဲ့နေသည့် ဝါးလုံး အရွယ်အစား မကောင်းဆိုးဝါး အဖြစ်မှ ပြည့်ဖြိုးသည့် သာမန် မကောင်းဆိုးဝါးအရွယ်၊ ထို့နောက် ကြွက်သားများဖြင့် တောင့်တင်းနေသည့် မကောင်းဆိုးဝါး အရွယ်အစားအထိ ကြီးမားလာခဲ့တော့သည်။
ယခုအချိန်တွင် တောက်တိ၏ ခန္ဓာကိုယ်သည် အစပိုင်းတုန်းထက် အဆပေါင်းဒါဇင်နှင့်ချီ ပိုမိုကြီးမားခဲ့ပြီဖြစ်ကာ အားများသည်လည်း ယခင်ကထက် အဆပေါင်းရာနှင့်ချီ ပိုမို အားကြီးလာပြီဖြစ်၏။ ထိုအချိန်တွင် သူသည် ကျောက်တိုင်အား ပေါ့ပါးတက်ကြွစွာ မတင်လိုက်တော့သည်။
ဘုန်း… ဘုန်း… ဘုန်း…
ယွမ်ဝိညာဉ်နယ်မြေ အတွင်းတွင် ကောင်းကင်ထက်သို့ ထိုးတက်နေသည့် ကြီးမားသော ကျောက်တိုင်ကြီး တစ်ဆင့်ပြီးတစ်ဆင့် အပေါ်သို့ တက်သွားနေသည့် အသံကို ဝမ်ရှန်း ကြားနေရသည်။ ယခုအချိန်တွင် ဝိညာဉ်နယ်မြေ၏ ကောင်းကင်ယံသည်လည်း အစောပိုင်းတုန်းကထက် ပိုမိုမြင့်တက်သွားဟန် ရှိပေသည်။
ကြီးမားသည့် တောက်တိဝိညာဉ်သည် သူ၏ကြွက်သား ခွန်အားများကို ပိုမိုထုတ်ပြ နေစဉ်တွင် အပြင်ဘက်တွင်လည်း ဝမ်ရှန်း၏ ခန္ဓာကိုယ်၌လည်း တူညီသည့် ဖြစ်စဉ်မျိုး ဖြစ်ပျက်နေခဲ့သည်။
ပြင်ပကမ္ဘာမှ ဝိညာဉ်စွမ်းအားများ စုပ်ယူခြင်း မရှိသော်လည်း ကံကောင်းခြင်း ဆေးပြားကြောင့် ဖြစ်ပေါ်လာသည့် ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်အား ပိုမိုသန်မာ လာအောင် ပြုလုပ်ပေးရန် လုံလောက်နေပြီဖြစ်၏။
ယခုအချိန်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှာ ယခင်ကထက် နှစ်ဆ ပိုမိုကျစ်လျစ် သိပ်သည်း လာခဲ့သည်။ ကိုယ်တွင်း အင်္ဂါများသည်လည်း အစပေါင်းများစွာ ပိုမိုသန်မာလာခဲ့၏။ ဤကဲ့သို့ ခန္ဓာကိုယ် အတွင်းအပြင် ခွန်အားများ တိုးလာပြီးနောက် နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း၏ ကြွက်သားများ ပိုမိုတောင့်တင်း လာအောင် ပြုလုပ်ပေး လိုက်တော့သည်။
ကောင်းကင်ထိ ထိုးတက်နေသည့် ကျောက်တိုင်သည်လည်း အပေါ်သို့ ဆက်တက် နေခဲ့ကာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။
ယခုအချိန်တွင် ကျောက်တိုင်အား ပင့်တင်နေသည့် တောက်တိ ဝိညာဉ်သည်လည်း ကြီးမားသည့် ကြွက်သားများနှင့် မကောင်းဆိုးဝါး တစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲ သွားပြီဖြစ်၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အင်အား ဘယ်လောက်တောင် ကြီးမားကြောင်း ပြောနိုင်ပေသည်။
သူသည် အစားကြီးသည့် တောက်တိတစ်ကောင် ဖြစ်နေသည် ဆိုလျှင်ပင် သန်မာထွားကြိုင်းလှသည့် သူ၏ကြွက်သားများသည် ယောက်ျား အများစုကို ဆွဲဆောင် နိုင်ပေသည်။
“ဂါး…..”
၉၀ ရာခိုင်နှုန်းတို့ ရောက်သည့် အချိန်တွင် ကြီးမားသည့် ကျောက်တိုင်အား ကောင်းကင်ထက်သို့ ပင့်တင်နေသည့် တောက်တိဝိညာဉ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ကျောက်တိုင်ကို မျဉ်းကြောင်း ထိသည်အထိ ပင့်တင်လိုက်တော့သည်။
တစ်ဆက်တည်းမှာပင် ယွမ်ဝိညာဉ်နယ်မြေ တစ်ခုလုံး အဆက်မပြတ် တုန်ခါ သွားခဲ့တော့သည်။ ထို့နောက် တောက်တိသည် ချက်ချင်းပင် သူ၏ပါးစပ်ကို ပိုမိုကျယ်လောင်စွာ ဟကာ ကံကောင်းခြင်း ဆေးပြားမှ ထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအားများကို အင်တိုက်အားတိုက် စုပ်ယူလိုက်တော့သည်။
ချက်ချင်းပင် ဝိညာဉ်စွမ်းအား အလုံးလိုက် အရင်းလိုက်သည် အတားအဆီးများအား ကျော်ဖြတ်ကာ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက် လာခဲ့၏။ ထို့နောက် ကြီးမားသည့် တောက်တိ၏ ကျယ်ပြောလှသော ပါးစပ်အတွင်းသို့ ဝင်ရောက် သွားခဲ့ကြတော့သည်။
ထို့နောက်မှသာ တောက်တိဝိညာဉ်သည် သူ၏ပါးစပ်ကို ပိတ်လိုက်လေသည်… တောက်တိ ပြောင်းလဲခြင်း အောင်မြင်ခဲ့သည့် အချိန်မှစ၍ ဤအကြိမ်သည် တောက်တိ သူ၏ ပါးစပ်ကို ပိတ်လိုက်သည်ကို ဝမ်ရှန်း မြင်ဖူးခဲ့သည့် ပထမဆုံး အကြိမ်ပင်ဖြစ်၏။
ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့မျက်လုံးများကိုပင် သူ မယုံကြည်နိုင်ပေ။ သူသည် တောက်တိအဖြစ် ပြောင်းလဲခြင်းကို အစောလေးတင်ကမှ ပြီးမြောက် အောင်မြင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ယခု ကံကောင်းခြင်း ဆေးပြားနှစ်ပြား သောက်ပြီး သွားသည့် အချိန်တွင် ထိုဆေးပြား၏ ဝိညာဉ်စွမ်းအားများသည် သူ့အား ဝိညာဉ်အဆင့် တတိယအဆင့်သို့ တိုက်ရိုက် မြှင့်တင် ပေးသွားခဲ့သည်။
ဘေးပတ်ဝန်းကျင်၌ ရှိနေသည့် ဝိညာဉ်စွမ်းအားများ ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်၌ နောက်တစ်ကြိမ် စုဝေးလာခဲ့ကြသည်။ ထို့နောက် ဝမ်ရှန်း၏ နောက်ဆုံးအကြိမ် တောက်တိ ပြောင်းလဲခြင်းကထက်ပင် ပိုမိုကြီးမားသည့် ဝဲဂယက်တစ်ခု ဝမ်ရှန်း၏ခြံဝန်း အတွင်း၌ နောက်တစ်ကြိမ် ဖြစ်ပေါ် လာခဲ့တော့သည်။
သူ၏ယွမ်ဝိညာဉ် နယ်မြေ အတွင်းတွင်လည်း အဖြူရောင် မြူခိုးများဖြင့် နောက်တစ်ကြိမ် ပြည့်နှက်သွားခဲ့၏။ ယခုအချိန်တွင် ယွမ်ဝိညာဉ်နယ်မြေမှ အဖြစ်အပျက်များကို ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ဝိညာဉ်သည် တောက်တိအဖြစ်မှ ပီရှဲ့အဖြစ်သို့ ပြောင်းလဲ သွားတော့မည် ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။
ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် ဝိညာဉ်စွမ်းအား စုစည်းခြင်း၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဝိညာဉ်စွမ်းအားများ အားလုံးသည် တစ်နေရာတည်းကိုသာ ဦးတည်နေခြင်း မဟုတ်ပေ၊ ဝမ်ရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးများနှင့် ကြွက်သားများထံသို့ ဦးတည်နေခြင်းဖြစ်၏။ ထိုပုံစံဖြင့် သူ၏ကြွက်သားများနှင့် အရိုးများ ပိုမိုတောင့်တင်း သန်မာလာတော့သည်။
ဝမ်ရှန်း၏ခြံဝန်း အတွင်း၌ ဝိညာဉ်စွမ်းအားများ စုဝေးသည့် အဖြစ်အပျက် ဖြစ်ပေါ် လာသည်နှင့် အပြင်ဘက်၌ ရှိနေသည့် လူများအားလုံး ကြက်သေ သေသွားခဲ့ကြသည်။ အစောပိုင်းတွင် ဝမ်ရှန်း ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်ကို တောင့်ခံနိုင်သည်ဟု ယုံကြည်ထားကြသည့် လင်းအာနှင့် လုဝမ်ဟုန်တို့ဖြစ်စေ၊ မယုံကြည်ခဲ့ကြသည့် လူများဖြစ်စေ… သူတို့အားလုံးသည် သူတို့မျက်စိရှေ့၌ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ယုံပင်မယုံနိုင်ပေ။
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း… ဝမ်ရှန်းသည် မကြာမီရက်ကမှ ဝိညာဉ်အဆင့်သို့ပင် မဝင်ရောက်သေးသည့် အဆင့်မှ ပထမအဆင့်သို့ တက်ခဲ့ခြင်း ဖြစ်သည်။
အဆင့်တက်ခြင်းက ဒီလောက်ထိ လွယ်ကူနေမည် ဆိုလျှင် အဘယ့်ကြောင့် ခက်ခက်ခဲခဲ ကြိုးစားကျင့်ကြံ နေကြတော့မည်နည်း… ဤအဖြစ်အပျက်သည် ဘယ်လိုမှကို မယုံနိုင်ဖွယ် ကောင်းသည့် အဖြစ်အပျက်ပင် မဟုတ်ပါလား..
***