အပိုင်း ၁၇၆
မယုံနိုင်ဖွယ်ကောင်းခြင်း (၁)
ဝမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်မှ သေးငယ်သည့် ပေါက်ကွဲမှုများက မည်သည့်အချိန်၌ ကြီးမားသည့် ပေါက်ကွဲမှုအဖြစ် ပြောင်းလဲကာ ဝမ်ရှန်း၏ခန္ဓာကိုယ်အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေမလဲ ဆိုတာကို လူဘယ်နှယောက်တောင် ခန့်မှန်းကြည့်နေလဲ ဆိုတာ မသိတော့ပေ။
ကံဆိုးသည်က ဤကဲ့သို့သော မြင်ကွင်းမျိုး ဘယ်တော့မှ မဖြစ်လာနိုင်ခြင်း ဖြစ်သည်။ ဝမ်ရှန်း၏ ခန္ဓာကိုယ် ပေါက်ကွဲသည့် အသံသည် အစပိုင်း၌ တရစပ် ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသံသည် တဖြည်းဖြည်းချင်း ကျဲလာခဲ့၏။ နောက်ဆုံးတွင် အသံလည်း တဖြည်းဖြည်းချင်း တိုးလာခဲ့တော့သည်။
ထိုနေရာ၌ ရှိနေသည့် လူများတွင် မည်သူကမှ အရူးမဟုတ်ပေ။ ဤပြောင်းလဲမှုကို ကြားလိုက်ရသည့် အချိန်၌ အားလုံး၏ ပထမဆုံး တုံ့ပြန်မှုသည် ဘယ်လိုမှ မယုံကြည် နိုင်ဖြစ်ခဲ့ကြခြင်း ဖြစ်၏။ ယခုလေးတင် ဝိညာဉ်အဆင့် ပထမအဆင့်သို့ ဝင်ရောက်ခဲ့သည့် ဝိညာဉ်သခင် ပေါက်စ တစ်ယောက်သည် ကံကောင်းခြင်း ဆေးပြား၏ ဆေးရှိန်ကို ဘယ်လိုလုပ် တောင့်ခံ နိုင်နေသနည်း… ဤအရာသည် ယုတ္တိမရှိချေ…
သို့သော် ဤကဲ့သို့ ယုတ္တိမရှိသည့် အရာသည် သူတို့အားလုံး၏ နားအောက်၌ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ် အခြေအနေကို မည်သူမှ မမြင်ရသော်လည်း အသံကိုတော့ ကြားနေရသေးပေသည်။ ဝမ်ရှန်း၏ အော်ရာသည် ပိုပို၍ ငြိမ်သက်လာသည့် အတွက်ကြောင့် သူ၏ခန္ဓာကိုယ်က ပေါက်ကွဲ ထွက်တော့မည် မဟုတ်ကြောင်းမှာ သေချာပေ၏။
ဤအရာသည် ကံကောင်းခြင်း ဆေးပြားနှင့် ပတ်သတ်၍ ဝမ်ရှန်း သိထားသည့် အခြား လျှို့ဝှက်ချက်များလား။ မဟုတ်လျှင် ဝမ်ရှန်းသည် ဘာလို့ အခြားအရာများကို မလိုချင်ဘဲ ကံကောင်းခြင်း ဆေးပြားကိုသာ အသည်းအသန် လိုချင်နေခဲ့ရသနည်း…
အခြားလူများက ဘယ်လိုပဲ တွေးထင်နေကြပါစေ လက်ရှိ အချိန်တွင် ဝမ်ရှန်း၏ စိတ်ခံစားချက် များသည် ကောင်းမွန်နေ၏။
ကံကောင်းခြင်း ဆေးပြားသည် တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းသည့် ဆေးပြားဖြစ်သည်။ ပြင်းလွန်းသည့် ဆေးရှိန်အောက်တွင် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ပေါက်ကွဲ ထွက်တော့မည့် အချိန်တိုင်း ထိုနေရာသည် ချက်ချင်း ပြန်လည်ကုသခြင်း ခံခဲ့ရသည်။
ထို့ပြင် ပြန်လည်ကုသခြင်း ခံရပြီးနောက် ဖြစ်ပေါ်လာသည့် ထိုအစိတ်အပိုင်းများ ကြံ့ခိုင်မှုသည် ကုသခြင်း မခံရစဉ်ကထက် များစွာ တိုးမြှင့် လာခဲ့ပေသည်။
ဝမ်ရှန်း၏ခန္ဓာကိုယ် အတွင်းအပြင်၊ အထက်အောက်ရှိ အရေပြား၊ အသွေးအသားများနှင့် အရိုးများအားလုံး ပိုမိုသန်မာ ကြံ့ခိုင်လာခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပေါ်ခါနီး အချိန်၌ ခံစားရသည့် နာကျင်မှုသည် အလွန် ပြင်းထန်သော်လည်း ထိုနာကျင်မှုကို တောင့်ခံနိုင်သ၍ ရလာမည့် အကျိုးကျေးဇူးသည်လည်း အလွန် ကြီးမားလှပေ၏။
ဤကဲ့သို့ သန်မာ ကြံ့ခိုင်လာသည့် လုပ်ငန်းစဉ်သည် ဝမ်ရှန်း၏ အသိစိတ်ကို နှောင့်ယှက်မှု မရှိခဲ့ပေ။ ဤလုပ်ငန်းစဉ်သည် သူ့ကမ္ဘာပေါ်၌ ဉာဏ်ကောင်းသည့် လူဖြစ်ခဲ့သည့် ဝမ်ရှန်းအတွက် သူ၏တွေးထင်နိုင်စွမ်းထက်ပင် ကျော်လွန်နေပြီဖြစ်၏။ ဤဆေးပြားသည် ကံကောင်းခြင်း ဆေးပြားဟူသည့် နာမည်နှင့် ထိုက်တန်ပေသည်။ သူသည် တကယ်ပဲ ခန္ဓာကိုယ်အား ကံကောင်းခြင်းများ ယူလာပေးလေ၏။
ဝမ်ရှန်းသည် အံ့အားသင့် နေရင်းဖြင့် သူ၏အသိစိတ်ကို သူ၏ဝိညာဉ် နယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ဝင်သွားစေလိုက်သည်။
သေးငယ်သည့် တောက်တိများသည်လည်း ဝမ်ရှန်းအား နောက်တစ်ကြိမ် အံ့အားသင့် စေခဲ့သည်။ တောက်တိများသည် တကယ်ကို အကန့်အသတ်မရှိ ဝါးမျိုနိုင်သည့် မကောင်းဆိုးဝါးများပင် ဖြစ်၏။ တောက်တိများသည် ဤကဲ့သို့ များပြားလှသည့် ဝိညာဉ်စွမ်းအားများကို တစ်စွန်းတလေပင် ဝိညာဉ်နယ်မြေ အတွင်းသို့ အဝင်မခံပေ။
အကုန်လုံးကို သူတို့သာ ဝါးမျိုနေခဲ့၏။ တိုက်ပွဲဝိညာဉ်သည်ပင် တောက်တိများ ကြား၌ရှိနေသည့် ဝိညာဉ်စွမ်းအင်ကိုသာ စားသုံးနိုင်နေကာ အနည်းအကျဉ်းသာ စားသုံးနေရ၏။
အနာဂတ်တွင် သိုက်မိသားစုမှ ကြယ်ကိုးပွင့် ဝိညာဉ်နှင့် ကြုံတွေ့ရမည်ဆိုလျှင် ဝမ်ရှန်းသည် သူ၏တောက်တိ ဝိညာဉ်က ထိုဝိညာဉ်အား ဝါးမျိုနိုင်မည် ဆိုတာကို ယုံကြည်ပေသည်။ ထို့ကြောင့်ပင် ဝမ်ရှန်းသည် ဒုတိယမြောက် ပြောင်းလဲမှုအတွက် တောက်တိအား ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှု တိုးမြှင့်ခြင်းသည်လည်း ဆက်လက် ဖြစ်ပွားနေလေသည်။ သို့သော် ကံကောင်းခြင်း ဆေးပြား၏ ဆေးရှိန်က ဝိညာဉ်နယ်မြေ အတွင်းသို့ ဆက်လက် ဝင်ရောက် နေကြောင်းကိုလည်း ဝမ်ရှန်း တွေ့ရှိခဲ့ရသည်။ သေးငယ်သည့် တောက်တိများသည် ဝိညာဉ်စွမ်းအားများ ဘယ်လောက်တောင် ဝါးမျိုခဲ့ပြီးပြီလဲ မသိပေ၊ သူတို့ခန္ဓာကိုယ်များသည် အနည်းငယ်ပင် ပိုကြီး လာနေပြီဖြစ်၏။ သို့သော် ဝိညာဉ်စွမ်းအားများ ယုတ်လျော့ နည်းပါးသွားသည့် လက္ခဏာတော့ မရှိပေ။
ဝမ်ရှန်း စိတ်လှုပ်ရှား သွားခဲ့သည်။ ဤအချိန်အခါသည် တတိယမြောက် ပြောင်းလဲမှုကို နားလည် သဘောပေါက်အောင် လုပ်ရန် အကောင်းဆုံး အချိန်အခါ မဟုတ်ပါလား… သို့သော် မေးစရာ ရှိနေသည်မှာ တတိယမြောက် ပြောင်းလဲမှုအတွက် ဝမ်ရှန်းသည် ဘယ်အရာကို ရွေးချယ်မည်ကိုပင်။
ကျန်နေသေးသည့် နဂါးများကို အလျင်အမြန် စဉ်းစားကာ ဝမ်ရှန်းသည် ယခုအချိန်၌ သူအလိုအပ်နေဆုံး ဖြစ်သည့် ပီရှဲ့ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
ဒဏ္ဍာရီလာမှတ်တမ်းများအရ ပီရှဲ့သည့် အဆုံးမရှိသည့် စွမ်းအားများဖြင့် စွမ်းအားကြီးမားသည့် လူတစ်ယောက်ဖြစ်သည်။ ပီရှဲ့ပြောင်းလဲမှုကို ပြီးစီးအောင်မြင်အောင် ပြုလုပ်နိုင်မည် ဆိုလျှင် သူ၏ခန္ဓာကိုယ်၌ ကြီးမားသည့် ပြောင်းလဲမှု ဖြစ်ပေါ်လာလိမ့်မည်ဟု ဝမ်ရှန်း ယုံကြည်ပေသည်။
ယခုအခါ ကံကောင်းခြင်း ဆေးပြားသည် ဝမ်ရှန်း၏ အခြေမခိုင်ခြင်းကို ကောင်းမွန်အောင် ကုသပေးခဲ့ပြီး ဖြစ်၏။ ဝမ်ရှန်းသာ သူ၏သန်မာ ကြံ့ခိုင်မှုကို ပိုပြီးအားကောင်း လာအောင် လုပ်နိုင်မည်ဆိုလျှင် သူ၏တိုက်ခိုက်မှု စွမ်းရည်သည် အချိန်တို အတွင်းမှာပင် အလျင်အမြန် တိုးတက်လာမည် ဖြစ်၏။
အခြားဝိညာဉ်သခင်များနှင့် ယှဉ်လျှင် ဝမ်ရှန်းသည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ သူ ကမ္ဘာမြေပေါ်မှ ယူလာသည့် ပစ္စည်းများသာ မရှိဘူးတော့ဆိုလျှင် စစ်ကူခေါ်ခြင်းထက် အနီးကပ် တိုက်ခိုက်မှု စွမ်းရည်က ပိုမိုသင့်တော်သည့် အရာပင်ဖြစ်သည်။
ထိုကဲ့သို့ ပြောင်းလဲရန် အတွက် ဘာတွေ လိုအပ်သနည်း။ ထိုအချိန်မှာပင် ပီရှဲ့က ကျောက်တိုင်တစ်ခု ဖြစ်ကြောင်း ဝမ်ရှန်း အမှတ်ရ သွားခဲ့သည်။ ဝမ်ရှန်း ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် သေးငယ်သည့် တောက်တိများ အားလုံး တစ်ပြိုင်နက်တည်း နောက်ဆုတ် လာလိုက်ကြ၏။
ထို့နောက် ချက်ချင်းပင် မယုံနိုင်လောက်အောင် များပြားသည့် ဝိညာဉ်စွမ်းအားများသည် ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက် လာခဲ့တော့သည်။ ထို့နောက် ထိုစွမ်းအားများသည် ဝိညာဉ်နယ်မြေ အတွင်း၌ စတင် စုဝေးလာခဲ့ကာ ကြီးမားသည့် အဖြူရောင် မြူခိုးတိမ်တစ်ခု အဖြစ် နောက်တစ်ကြိမ် ပြောင်းလဲ သွားခဲ့လေသည်။
ထိုအဖြူရောင် မြူခိုးတိမ် အတွင်းတွင် ပြောင်းလဲမှု တစ်ခုကို ဝမ်ရှန်း ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ တိမ်လမ်းကြောင်းသည် ဦးတည်ချက် တစ်ခုထံသို့ သိသိသာသာ ဦးတည်သွားနေခဲ့ခြင်း ဖြစ်၏။ ဤတိမ်များက ပီရှဲ့အဖြစ် ပြောင်းလဲနေခြင်း ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။
အချိန် ဘယ်လောက်ကြာသွားလဲ မသိလိုက်ပေ၊ နောက်ဆုံးတွင် အဖြူရောင်မြူခိုးများ ပျောက်ကွယ် သွားခဲ့၏။ ထို့နောက် ဝိညာဉ်စွမ်းအားများဖြင့် သိပ်သည်းနေသည့် အလွန်ကြီးမားသော ကျောက်တိုင်တစ်ချောင်း ဝိညာဉ်နယ်မြေ အတွင်း၌ ထွက်ပေါ် လာခဲ့တော့သည်။
ကျောက်တိုင်ပေါ်၌ မည်သည့်စာ အမှတ်အသားမှ မရှိနေပေ၊ ကျောက်တိုင်သည် ပြောင်ချောကြီးဖြစ်၏။ ထိုကျောက်တိုင်ထံမှ ၎င်းမှာ အလွန်လေးလံသည် ဟူသည့် ခံစားချက်သာ ခံစားနေရသည်။ ထိုကျောက်တိုင်သည် သာမန် ကျောက်တိုင်တစ်ချောင်းသာ မဟုတ်ဘဲ သိသိသာသာပင် ကောင်းကင်ထိတိုင် ရှည်လျားနေ၏။ ကျောက်တိုင်ကို ကြည့်လိုက်လျှင် ယွမ်ဝိညာဉ်နယ်မြေ၏ ကောင်းကင်ကြီးကိုပင် ဖောက်ထွက် သွားမည့်အလား စိုးရိမ်နေရပေသည်။
ကျောက်တိုင် အောက်ခြေသည် သာမန် ကျောက်တိုင်များကဲ့သို့ပင် ဖြစ်၏။ ယခုအချိန်တွင် သေးငယ်သည့် တောက်တိများ အားလုံးသည် ကျောက်တိုင်၏ အောက်ခြေ၌ အစီအရီ တန်းစီနေကြကာ ကြီးမားသည့် ကျောက်တိုင်အား ကောင်းကင်ထက်သို့ တညီတညွတ်တည်း တွန်းတင် နေကြသည်။
ယွမ်ဝိညာဉ်နယ်မြေ အတွင်းရှိ အမြင့်တစ်နေရာတွင် မျဉ်းကြောင်း တစ်ခုလည်း ပေါ်လာခဲ့၏။ သူ၏တောက်တိများက ဤကြီးမားသည့် ကျောက်တိုင်အား ထိုမျဉ်းကြောင်းအထိ ရောက်အောင် တွန်းတင်နိုင်သည့် အချိန်မှသာ သူ ပီရှဲ့အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်ကြောင်း ဝမ်ရှန်းသိပေသည်။
ထိုကျောက်တိုင်ကို တည်ဆောက်ပြီးနောက် ယွမ်ဝိညာဉ်နယ်မြေသည် တစ်ကြိမ် တုန်ခါသွားပြီး နောက် ပြန်လည် ငြိမ်သက် သွားခဲ့သည်။ ထို့နောက် အကန့်အသတ်မရှိသည့် ဝိညာဉ်စွမ်းအားများ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ နေရာအနှံ့မှ ဝင်ရောက် လာခဲ့ကာ သေးငယ်သည့် တောက်တိများ၏ ပါးစပ်အတွင်းသို့ တည့်တည့် ဝင်ရောက် သွားခဲ့၏။
တောက်တိကို သေးငယ်သည့် တောက်တိများအဖြစ် ခွဲထားခြင်းက ဝိညာဉ်စွမ်းအားများကို အလွင့်အစင် ဖြစ်စေသည်ဟု ခံစားလိုက်ရကာ ဝမ်ရှန်းသည် တောက်တိများကို တစ်ကောင်တည်းအဖြစ် ချက်ချင်း ပြန်လည် ပေါင်းစပ်လိုက်သည်။ ထိုသို့ ပေါင်းစပ်ပြီးနောက် ရရှိလာသော တောက်တိ၏ ဝါးမျိုနိုင်စွမ်းသည် အမှန်တကယ်ကို တိုးမြှင့်လာခဲ့ကာ ကြီးမားသည့် ကျောက်တိုင်ကြီးအား မြှင့်တင်မှုသည်လည်း ထိုမျဉ်းကြောင်းအမြင့်၏ ဆယ်ပုံတစ်ပုံသို့ ရောက်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို သောက်သုံးနေသည့် အချိန်ဖြစ်၏။ ထို့ကြောင့် သူ၏အော်ရာ ပြောင်းလဲမှုများက အံ့သြစရာမရှိပေ။ အရာအားလုံးကို ကံကောင်းခြင်း ဆေးပြားပေါ်သို့ ပုံချပစ်လိုက်၍ ရပေသည်။
တောက်တိများကို ပြန်လည် ပေါင်းစပ်ထားသည့် ကြီးမားသော တောက်တိ၏ ဝါးမျိုနိုင်စွမ်းသည် ပို၍ပင် ကြောက်စရာ ကောင်းပေသည်။ သူသည် သူ၏ကြီးမားသည့် ပါးစပ်ဖြင့် နေရာအနှံ့မှ ဝင်ရောက် လာနေသည့် ဝိညာဉ်စွမ်းအားများကို အားရပါးရ စုပ်ယူနေခဲ့၏။ တစ်ခဏခန့် ကြာပြီးနောက်တွင် ထိုတောက်တိသည့် အစပိုင်းတုန်းက ကဲ့သို့ ပိန်လှီပါးလျသည့် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်တော့ပေ။
ထိုအခိုက်အတန့်တွင် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်များသည်လည်း မကုန်ဆုံး သွားသေးပေ။ ဝမ်ရှန်း၏ အမျိုးမျိုးသော ခန္ဓာကိုယ် အစိတ်အပိုင်းများ အတွင်းသို့ စိမ့်ဝင်နေဆဲ ဖြစ်၏။ ထိုစွမ်းအားများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်အား ပြောင်းလဲ ပေးနေစဉ် တစ်ဖက်တွင်လည်း ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ တောက်တိ၏ ကြီးမားသော ပါးစပ်အတွင်းသို့လည်း စုပ်ယူခြင်း ခံနေရသည်။
တောက်တိသည် သူ၏အစားကြီးသည့် ဂုဏ်ပုဒ်နှင့် လိုက်ဖက်ပေသည်။ ပြင်းထန်သည့် ဆေးအာနိသင်ကြောင့် ဤနေရာ၌ ချီဝမ်နဂါးများသာ ဖြစ်ပါက သူတို့သည် များပြားလှသည့် ဝိညာဉ်စွမ်းအားများကြောင့် ပေါက်ကွဲ ထွက်သွားကြပြီဖြစ်၏။ သို့သော် တောက်တိမှာမူ ယခုကဲ့သို့ ကြောက်စရာ ကောင်းသည့် ဝိညာဉ်စွမ်းအားကို စုပ်ယူနေသော်လည်း သူ၏ခန္ဓာကိုယ်သာ ကြီးမားလာပြီး အနည်းငယ် ပိုမိုသန်မာရုံမျှ ပြသခဲ့၏။
အစောပိုင်းတွင် ဝမ်ရှန်းသည် ကြီးမားသည့် တောက်တိက ဝိညာဉ် စွမ်းအားများကို တောင့်မခံနိုင်မည်ကို စိုးရိမ်ခဲ့ကာ သေးငယ်သည့် တောက်တိ ၁၀၂၄ ကောင်အဖြစ် ခွဲထုတ်ခဲ့သော်ငြားလည်း အမှန်အားဖြင့် ထိုကဲ့သို့ လုပ်ခဲ့စရာပင် မလိုပေ။
***