Switch Mode

Chapter – 175

ကံကောင်းခြင်းဆေးပြား၏ အာနိသင် (၂)

အပိုင်း ၁၇၅
ကံကောင်းခြင်းဆေးပြား၏ အာနိသင် (၂)

ကံကောင်းခြင်းဆေးပြားကို ထုတ်ယူ လိုက်သည်နှင့် တိုက်ပွဲဝိညာဉ်နှင့် ထောင်နှင့်ချီသော တောက်တိတို့သည် ဆာလောင်နေသည့် ခွေးတစ်ကောင်က လတ်ဆတ်သောအသားနှင့် အရိုးများကို တွေ့လိုက်ရသကဲ့သို့ ဖြစ်ပျက် သွားခဲ့ကြတော့သည်။ သူတို့သည် ထိုဆေးပြားကို ရယူရန် အပြင်သို့ ခုန်ထွက်လာလုနီးပါးပင် ဖြစ်နေကြခြင်းဖြစ်၏။

ကံကောင်းခြင်း ဆေးပြားအား သန့်စင်သည့် နည်းလမ်းသည် တကယ်ကို တမူ ထူးခြားပေသည်။ အစပိုင်းတွင် ဝိညာဉ်စွမ်းအားများသည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကာ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ မဝင်ခဲ့ပေ။ အချိန်တစ်ခု ကြာသည်အထိ ခန္ဓာကိုယ် အတွင်း၌ လှည့်ပတ် နေခဲ့ကာ ခန္ဓာကိုယ်အား သန့်စင်ရန် ဝိညာဉ်စွမ်းအားများ အလုံအလောက် ထုတ်လွှတ် လိုက်သည်။ ထိုကဲ့သို့ပြုလုပ်ပြီး အချိန်တစ်ခု ကြာပြီးနောက်မှာမှ ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။

ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ များပြားလှသည့် ဝိညာဉ်စွမ်းအားများ ဝင်ရောက် လာသည်နှင့် ထောင်နှင့်ချီသော တောက်တိများသည် သူ့အမိန့်ပင် မစောင့်ဘဲ ထိုဝိညာဉ်စွမ်းအားများ ထံသို့ ပြေးသွား လိုက်ကြသည်ကို ဝမ်ရှန်း မြင်လိုက်ရသည်။ ထို့နောက် သူတို့သည် ထိုစွမ်းအားများကို အငမ်းမရ ဝါးမျို လိုက်ကြတော့သည်။

ဝမ်ရှန်းအား ပြောစရာစကားများ ဆွံ့အသွားစေခဲ့သည့် မြင်ကွင်းမှာ တိုက်ပွဲဝိညာဉ်သည်ပင် ထိုတောက်တိများ အတိုင်း ပြုမူနေခဲ့သည့် မြင်ကွင်းဖြစ်သည်။ မီးခိုးရောင် အရိပ်နှင့် လူသည် သူ့ကိုယ်သူ ပုံရိပ်ရှစ်ခုအဖြစ် ခွဲထုတ်လိုက်၏။ ထို့နောက် ယခင်က ဝမ်ရှန်း အစားအသောက် စားသောက်သည့် ပုံစံအတိုင်း ဆာလောက်နေသည့် တောက်တိများ အုပ်စုကြား၌ စိတ်ဝိညာဉ်များကို စားသောက် နေလိုက်သည်။

ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် တောက်တိများ၏ စားသောက်နိုင်စွမ်းသည် တကယ်ကို ပြောစရာ စကားများပင် မရှိပေ။ မတွန်းလှန်နိုင်သည့် အော်ရာ အရှိန်သည် များပြားလှသည့် တောက်တိများ ရှေ့တွင် ကိတ်မုန့်အပိုင်းအစ တစ်ခုနှင့်သာ တူနေခဲ့လေသည်။

တောက်တိများသည် သူတို့ပါးစပ်များကို ကျယ်လောင်စွာ ဟထားကာ တစ်ခေါက်မှ မပိတ်လု နီးပါးပင်ဖြစ်၏။ သူတို့သည် ဝိညာဉ်စွမ်းအားများ စီးဝင်လာသည့် ဘက်သို့ မျက်နှာချင်းဆိုင် နေနေကြကာ ဝေလငါး တစ်ကောင်ကဲ့သို့ ဝါးမျိုနေခဲ့ကြလေသည်။ ဝမ်ရှန်းသည် သူတို့ မျိုချလိုက်သည့် အချိန်ကိုပင် မမြင်နေရပေ။ မသိလျှင် သူတို့အစာအိမ်သည် သူတို့ပါးစပ်နှင့် တစ်တန်းတည်း တွယ်ဆက် ထားသကဲ့ပင်ဖြစ်၏။

ဝိညာဉ်နယ်မြေသည်လည်း ဝိညာဉ်စွမ်းအားများ စတင် စုပ်ယူလာခဲ့ကာ ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် များစွာ ပို၍ နေလို့ထိုင်လို့ ကောင်းလာခဲ့၏။ များပြားလှသည့် ဝိညာဉ်စွမ်းအင်များသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းသို့လည်း ဆက်လက် ဝင်ရောက် နေခဲ့ကြသည်။ ထိုစွမ်းအားများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်အား သန့်စင်ကာ အာဟာရဖြည့်ပေးရုံ သာမက အသွေးအသားများ၊ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် ရိုးတွင်းခြင်ဆီ အတွင်းသို့ပင် စိမ့်ဝင်နေခဲ့ကြလေသည်။

၁၀ မိနစ်ခန့် ကြာပြီးနောက်တွင် ဝိညာဉ်စွမ်းအားများ လျော့နည်း သွားသည်ဟု ဝမ်ရှန်း ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် မကြာမီတွင် ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားခြင်း နှင့်အတူ သူ့ပါးစပ်အတွင်း၌ ရှိနေသည့် ကံကောင်းခြင်းဆေးပြား အပိုင်း သေးသေးလေးသည်လည်း လုံးဝ ပျောက်ကွယ် သွားခဲ့၏။

သူ၏ခန္ဓာကိုယ် အတွင်း၌ လှည့်ပတ်နေသည့် ဝိညာဉ်စွမ်းအားများ မရှိတော့သည့် အတွက်ကြောင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် တစ်ခဏကြာအောင် အလွန်ကို နေရထိုင်ရ ခက်သွားခဲ့သည်။ ဝိညာဉ်နယ်မြေ အတွင်း၌ ရှိနေသည့် တိုက်ပွဲဝိညာဉ်နှင့် သေးငယ်သည့် တောက်တိများသည်လည်း ဝိညာဉ်စွမ်းအားများကို ဆာလောင် နေသေးသောကြောင့် လုံးဝကို မကျေမနပ် ဖြစ်နေခဲ့ကြလေ၏။

တောက်တိ အကောင်ပေါက်များသည် ဤကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်ကို အပြည့်အဝ တောင့်ခံနိုင်ဟန်ရှိသည့် အတွက်ကြောင့် ဝမ်ရှန်း စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့ကြောင့် သူသည် ကျောက်စိမ်းသေတ္တာကို နောက်တစ်ကြိမ် ဖွင့်ကာ ဆန်စေ့အရွယ် ဆေးပြားတစ်ပြားကို နောက်တစ်ကြိမ် မျိုချရန်ပြင်လိုက်၏။

သို့သော် ယခုတစ်ကြိမ် ကျောက်စိမ်းသေတ္တာအား ဖွင့်လိုက်သည့် အချိန်တွင် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်က အနည်းငယ် လျှော့ကျသွားပြီ ဖြစ်ကြောင်း ဝမ်ရှန်း တွေ့လိုက်ရသည်။ ထိုဆေးပြားများရှိ ဝိညာဉ်စွမ်းအားများ လျှော့ကျသွားသည့် ခံစားချက်ကို ဝမ်ရှန်းသည်ပင် ရှင်းရှင်းလင်းလင်း ခံစားရပေသည်။

ဤအဖြစ်အပျက်အား တွေ့ပြီးနောက် ဝမ်ရှန်း စိတ်ညစ် သွားခဲ့သည်။ ထို့နောက် တစ်ခဏ စဉ်းစားပြီးနောက် သူသည် အံကြိတ်ကာ အပိုင်းပိုင်း ခွဲထားသည့် ကံကောင်းခြင်း ဆေးပြားများ အစိတ်အပိုင်းများ အားလုံးကို ပါးစပ်အတွင်းသို့ ပစ်ထည့် လိုက်တော့သည်။

ဒီပုံစံအတိုင်း ဆေးအာနိသင်များ လျော့ကျသွားမည့် အစား စွန့်စားကာ တောက်တိများကို ဝိညာဉ်စွမ်းအားများ ဝါးမျိုခိုင်းစေခြင်းက ပိုကောင်းပေသည်။

ဝမ်ရှန်းသည် ဒုတိယအဆင့် ပြောင်းလဲခြင်းဖြစ်သည့် တောက်တိအဖြစ် ပြောင်းလဲခြင်းကို ပြီးမြောက် အောင်မြင်ချင်သည့် အကြောင်းအရင်းမှာလည်း ဝိညာဉ်၏ ဝါးမျိုနိုင်စွမ်း ပိုမိုတိုးမြှင့်လာစေရန် ဖြစ်၏။ ထို့ပြင် ဒဏ္ဍာရီလာ တောက်တိ၏ ဝါးမျိုနိုင်စွမ်းသည် အကန့်အသတ်မရှိ လုနီးပါး ဖြစ်သည်။ ထိုကဲ့သို့ ဆိုမှတော့ ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်များကို အဘယ်ကြောင့် အလကားအဖြစ် ခံတော့မည်နည်း…

အစောတုန်းကထက် အဆပေါင်းများစွာ ပိုမိုများပြားသည့် ဝိညာဉ်စွမ်းအားများ ဝမ်ရှန်း၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။ ထို့နောက် ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးထံသို့ ပျံ့နှံ့သွားခဲ့ကာ ကျန်သည့် စွမ်းအားများသည် ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ယခုတစ်ကြိမ်တွင်လည်း ဝမ်ရှန်း ထင်ထားသကဲ့ပင် သူ၏သေးငယ်သော တောက်တိများသည် ပါးစပ်များကို အားရပါးရဟကာ ဝိညာဉ်နယ်မြေ အတွင်း၌ ပျံ့နှံ့နေသော မယုံနိုင်လောက်အောင် များပြာလှသည့် ဝိညာဉ်စွမ်းအားများကို လိုက်လံ ဝါးမျိုနေလိုက်ကြလေသည်။

ဒုတ်….

ထိုအချိန်တွင် ရုတ်တရက် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှနေ၍ တစ်ခုခု အက်ကွဲသည့် အသံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှန်းခန္ဓာကိုယ်၏ အရေပြားအချို့ နေရာတွင် ယောင်ကိုင်းလာကာ အက်ကွဲလာခဲ့၏။ သို့သော် သွေးများ မထွက်လာနိုင်ခင်မှာပင် ထိုအက်ကွဲနေသည့် နေရာသည် ကျွမ်းကျင်သည့် အုပ်ချုပ်သမား တစ်ယောက်၏ ပြန်ချုပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ချက်ချင်းပင် နဂိုအတိုင်း ပြန်ကောင်း သွားခဲ့လေသည်။

ထိုအသံ ထွက်ပေါ်လာပြီးနောက် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ အက်ကွဲသည့် အသံများ တစ်သံပြီးတစ်သံ ဆက်တိုက် ထွက်ပေါ် လာခဲ့တော့သည်။ ထို့အတူ သူ၏ခန္ဓာကိုယ် နေရာအနှံ့တွင် ညိုမည်းနေသည့် အကွက်များ ပေါ်လာခဲ့သည်။ သို့သော် လိမ့်တက်နေသည့် ဆေးအာနိသင်ကြောင့် ထိုညိုမည်းနေသည့် အကွက်များသည် ချက်ချင်းဆိုသလို ပြန်ကောင်းမွန် သွားခဲ့ကြတော့၏။

အစပိုင်းတွင် ဝမ်ရှန်း၏ခန္ဓာကိုယ် အပေါ်ယံ အရေပြား၌သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ခဏ ကြာပြီးနောက်တွင် ဝမ်ရှန်းသည် သူ၏ကိုယ်တွင်း အင်္ဂါများ၌လည်း နာကျင်မှုကို ခံစားလိုက်ရ၏။ စွမ်းအားပေါက်ကွဲမှုသည် ခန္ဓာကိုယ် အပြင်ဘက်မှနေ၍ ခန္ဓာကိုယ် အတွင်းပိုင်းသို့ ဦးတည်ချက် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံး အလွန် နာကျင်နေကာ ထောင်နှင့်ချီသည့် ဓားများက သူ့အား ထိုးစိုက်နေသည်ဟု ခံစားလိုက်ရ၏။ သို့သော် ဤကဲ့သို့ ပြင်းထန်သည့် နာကျင်မှုများသည် ဝမ်ရှန်းအား သတိလစ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

အားပြင်းသည့် ဆေးအာနိသင်များက ထိုဒဏ်ရာများအား ချက်ချင်း ပြန်လည်ကုစား ပေးနေသည်။ ဝမ်ရှန်း သတိလစ်သွားခဲ့လျှင် သော်ငြား ဆေးအာနိသင်သည် သူ့အား ချက်ချင်း ပြန်သတိလည် လာအောင် လုပ်ပေးမည်ဖြစ်၏။

အသွေးအသားများ ပြီးသွားသည့် အချိန်တွင် ဝမ်ရှန်း၏ အရိုးများထံမှပင် ကျိုးပဲ့သည့် အသံများ ထွက်ပေါ်လာခဲ့သည်။

ဂျွတ်… ဂွပ်…

ထိုအသံသည် ကြားရသည်ကိုပင် ကျောချမ်းစရာ ကောင်းလှကာ ဝမ်ရှန်း၏ခြံဝန်း အတွင်းမှနေ၍ ဘေးပတ်ပတ်လည်ကိုပါ ပျံ့နှံ့သွားခဲ့၏။ ယခုအချိန်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်း၌ ဖြစ်ပျက်နေသည့် အရာများကို ဝမ်ရှန်းခြံဝန်း ဘေး၌ရှိနေသည့် ခြံဝန်းများမှပင် ကြားနေရပြီဖြစ်သည်။

ထိုအသံများ ကြားလိုက်ရသောအခါ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ ခေါင်းခါယမ်း လိုက်ကြသည်။ ဝမ်ရှန်းသည် ထက်မြက်သည့် လူငယ်တစ်ယောက်ဖြစ်၏၊ သို့သော် နှမြောစရာ ကောင်းသည်က သူသည် အလွန်လောဘကြီး တတ်ခြင်း ဖြစ်သည်။

ကံကောင်းခြင်း ဆေးပြားကို သောက်သုံးခြင်းသည် ခန္ဓာကိုယ် အတွင်းမှ ခေါင်းမာမှုများကို အပြည့်အဝ ကုသပေးနိုင်သည်ဟုများ ဝမ်ရှန်း ထင်နေသည်လား… ဟုတ်ပါသည် ဝမ်ရှန်းသည် ထိုဆေးပြားကို သောက်၍ရပါသည်၊ သို့သော် ပြင်းထန်လှသည့် ဆေးအာနိသင် အရှိန်ကို မတောင့်ခံနိုင်ဘူးဆိုလျှင် ပေါက်ကွဲကာ သေဆုံးသွားမည်ဖြစ်၏။

ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သာ ထိုကဲ့သို့ တွေးနေခြင်း မဟုတ်ပေ၊ ထိုအသံများကို ကြားသည့် လူများအားလုံး ထိုကဲ့သို့ တွေးနေကြခြင်းဖြစ်၏။ ယခုအချိန်တွင် ဝမ်ရှန်းသည် ဆေးအလွန်အကျွံ သောက်ခြင်း၏ ဥပမာ တစ်ခုပင်ဖြစ်သည်။ ထို့ပြင် နှမြောစရာ ကောင်းသည်က ထိုဆေးသည် ကံကောင်းခြင်း ဆေးပြားဖြစ်နေခြင်းပင် ဖြစ်သည်…

ဤနေရာ၌ ရှိနေသည့် အခြားလူများကို ပေးမည်ဆိုလျှင် ဤကဲ့သို့ အလဟဿ ဖြစ်ရမည် မဟုတ်ချေ…

တိတ်ဆိတ်နေသည့် ခြံဝန်းနှင့် မလှမ်းမကမ်း တစ်နေရာတွင် ဝမ်ရှန်းက ဆေးရှိန်ကို ခံနိုင်သည်ဟု ယုံကြည်သည့် လူနှစ်ဦး ရပ်နေ၏။ သူတို့ထဲမှ တစ်ယောက်သည် ခေါင်းခါယမ်းကာ –

“သူ လုပ်နိုင်ပါ့မလား”

ဝမ်ရှန်း၏ ခန္ဓာကိုယ် အနှံ့မှ အက်ကွဲသံများကို နားထောင်ကာ လင်းအာမှ မနေနိုင်ဘဲ မေးလိုက်တော့သည်။

“သူ ဒီလောက်ထိ ပြင်းထန်တဲ့ နာကျင်မှုကို တောင့်ခံနိုင်မယ် ဆိုရင်တောင် ကံကောင်းခြင်း ဆေးပြားက ခွဲလိုက်တာနဲ့ အနည်းဆုံး ဆေးအာနိသင် တစ်ဝက်လောက် လျော့သွားပြီဆိုတာ သူ မသိဘူးလား”

လင်းအာသည် အမြဲတမ်း ဝမ်ရှန်းအား နာကျင်ခံစားစေချင် သော်လည်း အကြောင်းပြချက် တချို့ကြောင့် ယခုတစ်ကြိမ်တွင် သူမသည် ဝမ်ရှန်းအား သနားစိတ်ဝင်နေ၏။

“မဟုတ်ဘူး ငါအဲ့လူရိုင်းကောင်ကြီးကို သနားတာ မဟုတ်ဘူး။ ကံကောင်းခြင်း ဆေးပြားကို နှမြောတာ။ ဟုတ်တယ် ဆေးပြားကိုပဲ နှမြောတာ…”

“လုပ်နိုင်ပါတယ်”

ဟုတ်ပါသည် တော်ဝင်ရတနာစံအိမ်မှ လုဝမ်ဟုန်သည်လည်း လင်းအာနှင့်အတူ ရှိနေပေသည်။ သူသည် ဝမ်ရှန်းအား အပြည့်အဝ ယုံကြည်ဟန်ဖြင့် –

“သူ ဆေးပြားရဲ့ ပထမအစိတ်အပိုင်းကို တောင့်ခံနိုင်မယ် ဆိုရင် နောက်ဆေးပြားကိုလည်း တောင့်ခံနိုင်မှာပဲ။ သူက အရူးမဟုတ်ဘူးရယ်၊ သူ့ကိုယ်သူ ထိခိုက်စေမယ့် အရာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”

“ဒါပေမယ့် ဆေးပြားရဲ့ အာနိသင် တစ်ဝက်လုံးကို ဆုံးရှုံးသွားတာကြီးကတော့ နှမြောစရာပဲ။ ဟုတ်တယ်မလား”

လင်းအာသည် သူမသခင်လေး၏ စကားကို ငြင်းဆန်မည် မဟုတ်ပေ၊ သို့သော် သူမသည် ဝမ်ရှန်းကို အကောင်း မပြောချင်ခြင်းသာဖြစ်၏။

“အကျိုးအာနိသင် အများကြီး ဖြုန်းလိုက်တာပဲ။ ဆေးအာနိသင် တစ်ဝက် လျှော့တတ်တာကို သူ မသိဘူးလား။ အဲ့လိုဆိုရင် သူက မတည်မငြိမ် ဖြစ်နေတဲ့ သူ့ရဲ့အခြေခံ အုတ်မြစ်ကို ကောင်းအောင် လုပ်နိုင်မှာ မဟုတ်လောက်ဘူးမလား”

“တစ်ဝက်ပဲ တစ်ဝက်ပဲ ဆုံးရှုံးသွားတာလေ”

လုဝမ်ဟုန်သည် သူ့ရှေ့၌ ရှိနေသည့် ဝိုင်ခွက်အား ကောက်ကိုင်ကာ တစ်ကျိုက် သောက်လိုက်ပြီး လင်းအာအား ပြုံးပြလိုက်သည်။

“သူ့မှာ ကံကောင်းခြင်း ဆေးပြား နှစ်ပြား ရှိနေတယ် ဆိုတာကို လင်းအာ မေ့နေတာနေမှာ။ ဆေးတွေက သူတို့ အာနိသင် တစ်ဝက် ဆုံးရှုံးသွားမယ် ဆိုရင်တောင် ဆေးပြားနှစ်ပြား ရှိတာကြောင့် သူက ဆေးပြားတစ်ပြားလုံး သောက်လိုက်တာနဲ့ အတူတူပဲလေ”

လင်းအာ ပြောစရာ စကားများ ဆွံ့အသွားခဲ့သည်။ ဤလူရိုင်းက ဆေးပြားနှစ်ပြား ရှိနေသည် ဆိုတာကို သူမ တကယ်ကို မေ့နေခဲ့ခြင်းဖြစ်၏။

“ပြီးတော့ သူက ပထမ ဆေးပြားရဲ့ ဆေးရှိန်ကို တောင့်ခံနိုင်တယ် ဆိုရင် သူ့ခန္ဓာကိုယ် တစ်ဝက်လောက်ကို ပြန်ပြင်ပြီး ဖြစ်သွားမှာလေ”

လုဝမ်ဟုန်မှ ရယ်၍ ပြောလိုက်သည်။ “အဲ့အချိန်ကျရင် သူက ဒုတိယမြောက် ဆေးပြားကို တစ်ပြားလုံး တောင့်ခံရင် တောင့်ခံနိုင်မှာပေါ့”
***

Comment

Leave a Reply

Options

not work with dark mode
Reset