အပိုင်း ၁၇၄
ကံကောင်းခြင်း ဆေးပြား၏ အာနိသင် ၁
ဝမ်ရှန်းသည် သူစားလိုက်သည့် စားဖိုမှူးများ ချက်ပြုတ်သည့် ဟင်းပွဲတိုင်းတွင် အပြစ် အနာအဆာများစွာကို တွေ့ရှိခဲ့ရ၏။ သို့သော် ဟောင်းလောင်း ဖြစ်နေသည့် ဗိုက်ကိုဖြည့်ရန်ဟုသာ တွေးကာ သူသည် အရသာ မတွေ့လှသည့် ထိုဟင်းပွဲများကို ကြိတ်မှိတ်၍ စားသောက် လိုက်တော့သည်။
ဝမ်ရှန်း စားသောက်နေသည့် အချိန်မှာပင် သူ ဝိညာဉ်အဆင့် အဆင့်တက်သွားသည့် သတင်းသည် ဝူရုံမြို့အတွင်း၌ ပျံ့နှံ့နေပြီဖြစ်၏။ သို့သော် လူအများစု၏ အာရုံသည် ဝမ်ရှန်းပေါ်၌သာ ရှိနေဆဲဖြစ်ကာ သူတို့သည် ဝမ်ရှန်း၏ နောက်ခြေလှမ်းက ဘာဖြစ်မှာလဲ ဆိုတာကို မြင်ချင်နေကြဟန်ရှိ၏။
ဝမ်ရှန်းသည် အားလုံးကို စိတ်မပျက်စေခဲ့ပေ။ အဆင့်တက် သွားပြီးနောက် အဆင့်က သိပ်ပြီး မတည်ငြိမ်သေးသည့် အခြေအနေတွင် သူသည် ထိုည၌ ဘာမှဆက်မလုပ်ဘဲ အနားသာ ယူလိုက်၏။ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည်လည်း ဝမ်ရှန်း အနားယူတော့မည့် အချိန်မှာမှ သူတို့ခြံဝန်းသို့ အသီးသီး ပြန်သွား လိုက်ကြသည်။
နောက်တစ်နေ့ မနက်တွင် ဝမ်ရှန်းသည် အားလုံးအား ပျော်ရွှင် အံ့အားသင့်စရာ ကောင်းသည့် ကိစ္စတစ်ခု ယူဆောင် လာပေးခဲ့တော့၏။
ပျော်ရွှင်အံ့အားသင့်စရာ ကောင်းသည့် ကိစ္စဟုလည်း တိတိကျကျ ပြော၍မရပေ။ အတိအကျ ဆိုရမည်ဆိုလျှင် ထိုကိစ္စသည် အံ့အားသင့်စရာသာ ကောင်းကာ ပျော်ရွှင်စရာ မကောင်းပေ။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို ထုတ်ယူလာပြီး ထိုဆေးပြားကို သောက်ရန် အမှန်တကယ် ပြင်ဆင်နေပြီ ဖြစ်သောကြောင့်ဖြစ်၏။
ကံကောင်းခြင်း ဆေးပြားသည် တကယ်ကို ဒဏ္ဍာရီလာ ဆေးပြားတစ်ခု ဖြစ်သည်။ ဆေးပြားအား ကျောက်စိမ်းသေတ္တာ အတွင်း၌ ထည့်ထားစဉ်တွင် အားလုံးသည် ထိုဆေးပြားက သိပ်ပြီး အားမပြင်းဟု ခံစားခဲ့ကြရ၏။ သို့သော် ကျောက်စိမ်းသေတ္တာအား ဖွင့်လိုက်သည့် အချိန်တွင် သူမတူသည့် အော်ရာတစ်ခု ထွက်ပေါ်လာခဲ့ကာ ထိုအနီးတစ်ဝိုက်၌ ရှိနေသည့် လူများအား ထိတ်လန့် သွားစေတော့၏။
ဝမ်ရှန်းက ကံကောင်းခြင်း ဆေးပြားကို သောက်ချင်နေတာလား… လာနောက်နေတာလား…
ဝူရုံမြို့၏ မြို့အတွင်းပိုင်း နေထိုင်သည့် လူများထဲတွင် ဝမ်ရှန်းမှလွဲ၍ အခြားကျန်သည့် လူများအားလုံးသည် ပြိုင်ဘက်ကင်း ဝိညာဉ်သခင်များ သို့မဟုတ် ကျွမ်းကျင်သည့် ကြေးစားများ ဖြစ်ကြ၏။ အားလုံးသည် ဝိညာဉ်အဆင့်သာ မြင့်ကြခြင်း မဟုတ်ပေ၊ သူတို့၏ နောက်ထပ် ထူးခြားသည့် အရည်အချင်းတစ်ခုမှာ သူတို့သည် အသိပညာ ဗဟုသုတ ကြွယ်ဝကြခြင်း ဖြစ်သည်။
အတွေ့အကြုံ နည်းပါးသည့် လူတစ်ယောက်သည် ဝူရုံမြို့ မြို့အတွင်းပိုင်း၌ နေထိုင်ရန် အရည်အချင်း မပြည့်မီပေ။ ထို့ကြောင့် ဗဟုသုတ ကြွယ်ဝသည့် ဤလူများသည် ဤဒဏ္ဍာရီလာ ကံကောင်းခြင်း ဆေးပြားက ထင်ထားသလောက် မရိုးရှင်းကြောင်း သူတို့အားလုံး သိကြပေသည်။
ဝမ်ရှန်းထံတွင် သူ၏ခန္ဓာကိုယ်နှင့် ပတ်သက်၍ ပြဿနာရှိနေကြောင်း သူတို့အားလုံး သိပေသည်။ တော်ဝင်သမားတော်၊ ဆေးဆရာ၊ ဝိညာဉ်သန့်စင်သူ အပါအဝင် အဆိပ်ဆေးဆရာပင် ထိုအချက်ကို သက်သေပြခဲ့ပြီး ဖြစ်၏။
သို့သော် နောက်ပိုင်းတွင် ဝမ်ရှန်းသည် တော်ဝင်သမားတော် ဖော်စပ်ပေးသည့် အားဆေးများကို မှီဝဲသောက်သုံးကာ တဖြည်းဖြည်းချင်းဖြင့် များစွာ ပြန်လည် ကောင်းမွန် လာခဲ့သည်။ ရက်အနည်းငယ် အကြာတွင် ထိုဆေးများ၏ အကျိုးအာနိသင်များ ထွက်ပေါ်လာခဲ့၏။ ဝမ်ရှန်းသည် ပထမအဆင့်မှ ကျသွားခဲ့သော်လည်း ဆေးသောက်ပြီးရက် အနည်းငယ် အကြာတွင် ပထမအဆင့်သို့ ပြန်တက်ရန် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်းအား ဆေးကုသပေးသည့် ထိုအချိန်တွင် တော်ဝင် သမားတော်သည် ဝမ်ရှန်းသာ ကံကောင်းခြင်း ဆေးပြားအား ရှာနိုင်မည်ဆိုလျှင် သူတို့ပူးပေါင်း ဖော်စပ်ထားသည့် အားဆေးများကို မသောက်လည်း ရပြီဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ထိုစကားကြားခဲ့သည့် လူ မည်သူမဆို တော်ဝင်သမားတော်က ဟာသ ပြောခဲ့ခြင်းသာ ဖြစ်ကြောင်း သိကြပေသည်။
ကံကောင်းခြင်း ဆေးပြားသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွက် အသုံးတည့်ပါသလား… ဝမ်ရှန်းမှ သောက်သုံးရန် အန္တရာယ် ကင်းပါသလား…
ထိုဆေးပြားသည် ဝမ်ရှန်း၏ ကျင့်ကြံချိန် တိုတောင်းသည့် ပြဿနာနှင့် ဝိညာဉ်နှင့် ထိတွေ့သည့်အချိန် တိုတောင်းသည့် ပြဿနာတို့ကို ဖြေရှင်းရန်အတွက် အကောင်းဆုံး ဆေးဝါးဖြစ်ကြောင်းကတော့ သံသယဖြစ်စရာ မရှိပေ။ သို့သော် ပြဿနာမှာ ကံကောင်းခြင်း ဆေးပြားနှင့် ပတ်သက်၍ သေစေနိုင်လောက်သည့် အခြားအချက် တစ်ချက် ရှိနေခြင်းဖြစ်သည်။ ထိုအချက်မှာ ဆေးရှိန်က အတော်ကို ပြင်းခြင်းဖြစ်၏။ ဝမ်ရှန်း၏ လက်ရှိ ပထမဝိညာဉ် အဆင့်ဖြင့်ဆိုလျှင် ကံကောင်းခြင်း ဆေးပြားအား သောက်သုံးခြင်းက ရလဒ်တစ်ခုသာ ရှိပေသည်။ ထိုအရာမှာ ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်က သူ့အား ဝါးမျိုသွားမည်ဖြစ်၏။
ထို့ကြောင့် ယခုအချိန်တွင် ဝမ်ရှန်းသည် သူ ဤဆေးပြားအား သောက်ခြင်းက သူ့သေတွင်းကိုသူ တူးခြင်းနှင့် မတူပေဘူးလား။ ဝမ်ရှန်း၏ ခြံဝန်းနှင့် ကပ်နေသည့် ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့သည်လည်း ကံကောင်းခြင်း ဆေးပြား၏ အော်ရာအား ခံစားလိုက်ရသည့် အချိန်တွင် ထိတ်လန့် သွားခဲ့ကြသည်။ သူတို့သည် ဝမ်ရှန်းအား သတိပေးရန် လုပ်လိုက်သည့် အချိန်မှာပင် မယုံနိုင်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဂျိမ်း… ဒလိန်း… ဒိန်း…
သူတို့ ကံကောင်းခြင်း ဆေးပြား၏ အော်ရာအား ခံစားမိသည့် အချိန်မှစ၍ အချိန်တို အတွင်းမှာပင် ကောင်းကင်ကြီးသည် ကြည်လင် တောက်ပနေသည့် ကောင်းကင်အဖြစ်မှ မည်းမှောင်နေသည့် ကောင်းကင်အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ကြီးမားသည့် တိမ်မည်းများသည် ဝမ်ရှန်း၏ခြံဝန်းထံသို့ ဦးတည် လိမ့်တက်လာခဲ့ကြကာ ခြံဝန်းပေါ်၌ တဖြည်းဖြည်းချင်း လှည့်ပတ် နေခဲ့ကြ၏။ ထိုတိမ်မည်းများ နှင့်အတူ မိုးခြိမ်းသံများပင် ထွက်ပေါ် လာခဲ့လေသည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ဝမ်ရှန်း ထိတ်လန့် အံ့အားသွားခဲ့သည်။ ထိုအချိန်မှသာ ကျောက်စိမ်း သေတ္တာ အတွင်းပိုင်းတွင် ရှုပ်ထွေးသည့် အစီအရင်ကွက်များ မရေမတွက် နိုင်အောင် ရှိနေကြောင်း ဝမ်ရှန်း တွေ့သွားခဲ့သည်။ ထိုအစီအရင်များကို မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားကြောင်း ဝမ်ရှန်း သေချာမသိပေ။
သို့သော် သေချာစဉ်းစား ကြည့်မည်ဆိုလျှင် ထိုအစီအရင်များသည် ဆေးပြား၏ အော်ရာကို ကန့်သတ်ထားသည့် အစီအရင်များ ဖြစ်နိုင်ပေသည်။ ယခုအချိန်တွင် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ပြီ ဖြစ်သည့် အတွက်ကြောင့် ကံကောင်းခြင်း ဆေးပြား၏ အော်ရာများ ချက်ချင်း လိမ့်ထွက်လာခဲ့ကာ ဤကဲ့သို့ ပတ်ဝန်းကျင် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်း ဘာမှမတွေးနိုင်အောင်ကို ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ ကမ္ဘာပျက်တော့မည့် မြင်ကွင်းမျိုးသည် သူ့လက်ထဲ၌ ရှိနေသည့် ဤကံကောင်းခြင်း ဆေးပြားကြောင့် ဖြစ်ခဲ့သည်လား…
ယခင်တွင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားမှာ နာမည်ကြီးပြီး အားလုံးက ဤဆေးပြားမှာ အလွန်ထူးဆန်းသည်ဟု ပြောကြလေရာ ထိုအရာများက ဆေးပြားအား နာမည် ပိုကြီးအောင် သက်သက်ချဲ့ကား ပြောဆိုခြင်း ဖြစ်သည်ဟု ဝမ်ရှန်း အမြဲတမ်း တွေးထင်ခဲ့ခြင်းဖြစ်၏။
ထို့အပြင် ဝမ်ရှန်းသည် သူ ဆေးပြားရရှိခဲ့သည့် နည်းလမ်းကလည်း ဘယ်လောက်မှ မခက်ခဲခဲ့ဟု ခံစားခဲ့ရသည်။ သူသည် သူ ဂျင်ဒီတားမြစ် နယ်မြေမှ ရရှိခဲ့သည့် ပစ္စည်းတချို့ကို ဖော်ထုတ် လိုက်ရုံဖြင့် အခြား လူတစ်ယောက်သည် ထိုဆေးကို သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ယူလာခဲ့ပေးသည်။ ထို့ကြောင့် ဝမ်ရှန်း၏ အတွေးထဲတွင် ဤဆေးပြားသည် ဆိုသလောက်လည်း မဟုတ်တန်ရာဟု ထင်နေခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ဝမ်ရှန်းမှ ဒီတိုင်း ဆေးပြားနှစ်ပြား တောင်းလိုက်သည့် အချိန်တွင် အဘိုးဝမ်သည် တွန့်ဆုတ်မှု မရှိဘဲ သူ့အား ဆေးပြားနှစ်ပြား ထုတ်ပေးခဲ့ခြင်းဖြစ်၏။ ထိုအချက်များသည် ဤဆေးပြားက ရရှိရန် လွယ်ကူသည့် ပစ္စည်းဖြစ်ကြောင်း ဝမ်ရှန်းအား ထင်သွားစေခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ အလွယ်တကူ ရရှိနိုင်သောကြောင့် ဤပစ္စည်းသည် ဘယ်လိုလုပ် အဖိုးတန် နိုင်မည်နည်း…
ယခုအချိန်တွင် အခြေအနေ ပြောင်းလဲသွားပြီဖြစ်ကာ သူ့လက်ထဲမှ ပစ္စည်းမှာ မည်မျှပင် ကြောက်စရာ ကောင်းကြောင်း ဝမ်ရှန်း နားလည်သွားခဲ့သည်။ ဝမ်ရှန်းသည် သူသာ ဆေးကို မြန်မြန် မသောက်ဘူးဆိုလျှင် မြို့အတွင်းမှ အခြားလူ တစ်ယောက်က လာလုယူသွားမည်ကိုပင် စိုးမိပေ၏။
ဝူရုံမြို့ မြို့အတွင်းပိုင်း၌ နေထိုင်ခြင်းကလည်း စိတ်အေးလက်အေး နေထိုင်၍ ရသည်ဟု ဝမ်ရှန်း ဘယ်တုန်းကမှ မတွေးခဲ့ပေ။ ထို့ကြောင့် သူသည် သူ့လက်ထဲတွင် အခြားသူများအတွက် မက်လောက်စရာ ပစ္စည်းများ များများစားစား မထားခြင်းဖြစ်၏။
နောက်ထပ် အချိန်မဆွဲတော့ဘဲ ဝမ်ရှန်းသည် သူ သူ့ကမ္ဘာမြေမှ ယူဆောင် လာခဲ့သည့် ဆေးသေတ္တာထဲမှ ခွဲစိတ်ခန်းသုံး ဓားအား ထုတ်ယူလိုက်သည်။ ထို့နောက် ကံကောင်းခြင်း ဆေးပြားကို ဆန်စေ့ အရွယ်အစားအဖြစ် ညီတူညီမျှ ခွဲကာ တစ်စိတ်ကို သူ့ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။ ကျန်သည့် အပိုင်းများကိုမူ ကျောက်စိမ်းသေတ္တာ အတွင်းသို့ ပြန်ထည့်ကာ သေတ္တာအား ပြန်ပိတ်လိုက်၏။
ထူးဆန်းသည့် အရာကို ပြောရမည်ဆိုလျှင် ကျောက်စိမ်းသေတ္တာကို ပိတ်လိုက်သည်နှင့် သေတ္တာအတွင်းရှိ အစီအရင် ချက်ချင်း အသက်ပြန်ဝင်သွားကာ ကံကောင်းခြင်း ဆေးပြား၏ အော်ရာကို ချက်ချင်း ကာဆီးပေးလိုက်ခြင်း ဖြစ်သည်။ ကောင်းကင်ထက်တွင် လတ်တလော ဖြစ်ပေါ်လာခဲ့သည့် မြင်ကွင်းသည်လည်း သူ၏အကြောင်းခံ ဇာစ်မြစ် ပျောက်ကွယ် သွားဟန်ရှိ၏၊ တိမ်များ ပြန့်ကျဲသွားခဲ့ကာ လေထုသည်လည်း တဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ် သွားခဲ့တော့သည်။
သို့သော် ယခုအချိန်တွင် ဝမ်ရှန်းသည် အခြားမည်သည့် အရာကိုမှ ဂရုမစိုက် နေနိုင်တော့ပေ။ သူ့ပါးစပ် အတွင်းသို့ ဆန်စေ့အရွယ်အစား ကံကောင်းခြင်းဆေးပြား ဝင်ရောက် သွားသည်နှင့် များပြားလှသည့် သန့်စင်သော ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ် အတွင်းသို့ ဒလဟော ဝင်ရောက် လာခဲ့လေသည်။
ထိုအချိန်မှသာ ဝမ်ရှန်းသည် ကျောက်စိမ်း သေတ္တာကို သူ၏သိုလှောင် လက်စွပ်အတွင်းသို့ အလျင်အမြန် ထည့်သိမ်းကာ သူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာနေသည့် များပြားလှသော ဝိညာဉ်စွမ်းအားများကိုသာ အာရုံစိုက်လိုက်သည်။
ဝမ်ရှန်းသည် လုဝမ်ဟုန် ခန့်မှန်းထားသည့် နည်းလမ်းအတိုင်း အတိအကျ ဆေးအား သောက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်က ပြင်းကြောင်းနှင့် သူ ထိုဆေးအာနိသင်ကို တောင့်ခံနိုင်မည် မဟုတ်ကြောင်း သိသည့် အတွက်ကြောင့် ဝမ်ရှန်းသည် ဆေးပြားကို နည်းနည်းချင်းသာ စမ်းကြည့်ခြင်း ဖြစ်၏။
သို့သော် ဤဆန်စေ့အရွယ် ကံကောင်းခြင်း ဆေးပြားသည်ပင် ဤကဲ့သို့ ကြောက်စရာ ကောင်းလောက်အောင် များပြားလှသည့် ဝိညာဉ်စွမ်းအားများကို လှုံ့ဆော် ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝိညာဉ်စွမ်းအားများသည် ကြောက်ခမန်းလိလိ များပြားလှကာ အကုန်လုံးသည် ဝမ်ရှန်း၏ပါးစပ် အတွင်းမှနေ၍ နှလုံးဆီသို့ ဦးတည် သွားနေခြင်းဖြစ်၏။ ဝမ်ရှန်းသည် ဤအရှိန်နှင့် လိုက်အောင် လိုက်ပြီး မျိုချနိုင်ပါ့မလားဟုပင် သံသယ ဖြစ်သွားခဲ့သည်။ သို့သော် ကံကောင်းသည်က ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း မျိုချစရာမလိုပေ၊ သူ့ဘာသာသူ စီးဝင်သွားနေခြင်း ဖြစ်၏။
ဝိညာဉ်စွမ်းအားများသည် များပြားလှသည့် အပြင် အလွန်လည်း သန့်စင်လှပေသည်။ သူ၏သန့်စင်မှုသည် အစောပိုင်း၌ ဝမ်ရှန်းအဆင့် တက်ရာ၌ စုပ်ယူခဲ့သည့် ဝိညာဉ် စွမ်းအားများထက် အဆပေါင်း ဒါဇင်နှင့်ချီ ပိုမိုသန့်စင်ပေသည်။
ချက်ချင်းပင် ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် အတွင်းအပြင် တစ်ခုလုံး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက် သွားသည်ဟု ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံး၊ အသွေးနှင့် အသားများသည် ဝိညာဉ်စွမ်းအားများ ကြား၌ နစ်မြှုပ်နေကာ အရည်အဖြစ် ပြောင်းလဲလု နီးပါးပင် ဖြစ်နေပြီဖြစ်၏။ ထိုခံစားချက်သည် အလွန် နွေးထွေးကာ အလွန်လည်း သက်သောင့်သက်သာ ရှိလှပေသည်။
ထိုကဲ့သို့ သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်သည် တစ်ခဏသာ ကြာမြင့်ခဲ့၏၊ ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် အတွင်း၌ အတင်း တိုးဝှေ့နေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဆန်စေ့အရွယ် ကံကောင်းခြင်း ဆေးပြား အစိတ်မှ ဖြစ်ပေါ်လာခဲ့သည့် များပြားလှသော ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း ခံရခက်သည် အထိကို ဝမ်ရှန်း၏ခန္ဓာကိုယ် အတွင်း၌ ဝရုန်းသုန်းကား လှည့်ပတ်နေခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ထိုဝိညာဉ် စွမ်းအားများသည် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်နယ်မြေ အတွင်းသို့ တရဟော လိမ့်ဝင်သွားခဲ့တော့လေ၏။
***