အပိုင်း ၁၇၃
အစားကြူးသော နဂါးမင်းသား တောက်တိအဖြစ် ပြောင်းလဲခြင်း (၂)
အစားကြူးသော တောက်တိနဂါး၏ ပိန်လှီနေသည့် ပုံစံကြောင့် ဝမ်ရှန်း အံ့အားသင့် သွားခဲ့သော်လည်း သိပ်မကြာခင်မှာပင် သူ ပြန်လည်၍ စိတ်သက်သာရာ ရသွားခဲ့သည်။ ဤသဘောသဘာဝသည် သူ၏ကမ္ဘာမြေပေါ်မှ အစားကြူး သူများ၏ သဘောသဘာဝနှင့် အတူတူပင်ဖြစ်၏။ သူတို့သည် အစားအသောက်များ အလွန်အကြူး စားသောက်ကြသော်လည်း သူတို့ထံတွင် ကြီးမားသော ခေါင်းနှင့် ကြီးမားသော နားရွက်များ မရှိပေ။
သူတို့ကို ဘယ်လောက်စားစား မဝသည့် လူများဟုပင် ပြော၍ရပေသည်။ ထို့ကြောင့် သူတို့သည် ဝသည့်လူများ၏ မနာလိုမှုကိုလည်း ခံရလေ့ ရှိပေသည်။
ပုံစံ ပြောင်းလဲပြီးနောက် နောက်ထပ် အရေးအကြီးဆုံး အရာမှာ အပ်စိုက်မှတ်များ ဖြစ်သည်။ တောက်တိ ပြောင်းလဲခြင်း ပြီးဆုံးပြီးနောက် ဝမ်ရှန်းသည် တောက်တိ၏ ခန္ဓာကိုယ် အတွင်းမှ အပ်စိုက်မှတ်များ အရေအတွက်ကို ရေတွက် ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ဝမ်ရှန်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ထွက်ပေါ် လာတော့သည်။
ချီဝမ်နဂါးကို သေးငယ်သည့် ချီဝမ်နဂါးများ အဖြစ် မခွဲထုတ်ခင်တွင် ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်း၌ အပ်စိုက်မှတ် ၂ ခုရှိနေပြီဖြစ်၏။ ယခုအကြိမ် တောက်တိ ပြောင်းလဲခြင်းသည် ချီဝမ်နဂါး ပြောင်းလဲခြင်းနှင့် အတူတူပင်ဖြစ်ကာ အပ်စိုက်မှတ် တစ်ခုသာ တိုးလာလိမ့်မည်ဟု ဝမ်ရှန်း ထင်ခဲ့ခြင်းဖြစ်သည်။ ဝမ်ရှန်းအတွက် အပ်စိုက်မှတ် တစ်ခုတိုးခြင်းသည် သာမန် ဝိညာဉ်သခင်တစ်ယောက် အပ်စိုက်မှတ် ၁၀ ခု ကျော် တိုးထည့်ခြင်းနှင့် အတူတူပင်ဖြစ်၏။
သို့သော် လက်တွေ့ အဖြစ်မှန်က ဝမ်ရှန်းအား နောက်တစ်ကြိမ် အံ့အားသင့် သွားစေခဲ့သည်။ ယခုတစ်ကြိမ်တွင် အပ်စိုက်မှတ်သည် နှစ်ခု တိုးလာခြင်း ဖြစ်သည်။
ယခုမှ ဖြစ်ပေါ်လာသည့် အပ်စိုက်မှတ်များသည် အစပိုင်းတွင် ယင်ယန် ပေါင်းစပ်ခြင်း ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။ တိုက်ပွဲဝိညာဉ်၏ အကူအညီဖြင့် ဝမ်ရှန်းသည် သူတို့ကို လမ်းပြပေးရမည်ဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်းသည် ပျော်ရွှင်မှုကို ထိန်းချုပ်ကာ ယင်ယန်ပေါင်းစပ်ခြင်းအား စတင် လုပ်ဆောင် လိုက်သည်။
အပ်စိုက်မှတ်နှစ်ခု ယင်ယန်ပေါင်းစပ်ခြင်း အောင်မြင်စွာ ဖြစ်ပေါ်ထားသောကြောင့် ဝမ်ရှန်းသည် ယင်ယန်ပေါင်းစပ်ခြင်းနှင့် ရင်းနှီးသည်ဟု ထင်ရပေသည်။ သို့သော် နောက်ထပ် အပ်စိုက်မှတ် နှစ်ခုအား ယင်ယန် ပေါင်းစပ်ခြင်းက ဝမ်ရှန်းအား လေးနာရီနီးပါး ထပ်မံ ကြာမြင့်ခဲ့လေ၏။
ထိုအချိန်တွင် ဝမ်ရှန်းအား စောင့်ကြည့်နေကြသည့် လူများသည် အနည်းငယ် အံ့သြနေကြပြီ ဖြစ်သည်။ ဝမ်ရှန်းသည် နောက်တစ်ကြိမ် ပထမအဆင့်သို့ ပြန်တက်ခဲ့ပြီး ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများ ငြှိမ်းသတ် သွားရန်က အလွန် ကြာရှည်နေကာ ကြာချိန်သည် သူတို့အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်၏။
ရလဒ်အနေဖြင့် နောက်နောင် အင်အားစု အချို့မှ သူတို့မျိုးဆက်များအား လေ့ကျင့်ညွှန်ကြား ပေးရာတွင် သူတို့သည် ဤကဲ့သို့ အဆင့်ကျအောင် လုပ်ပြီးမှ အဆင့်ပြန်တက်သည့် နည်းလမ်းကို ထည့်သွင်းစဉ်းစား လာနိုင်ပေသည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်ရာတွင် တစ်ခုတည်းသော ပြဿနာမှာ ဝိညာဉ်ကို ပြောင်းလဲရာ၌ ဖြစ်ပြီး သိုက်မိသားစုသည်ပင် ဤဝိညာဉ် ပြောင်းလဲရာ၌ တစ်ယောက်သာ အောင်မြင်ခဲ့ဖူးပေသည်။ စုန့်မိသားစုကဲ့သို့ ကြီးမားသည့် မိသားစုမျိုးတွင် တစ်ယောက်ပင် မအောင်မြင်ခဲ့ချေ။
အလွန် အကောင်းမြင်တတ်သည့် ဝိညာဉ်သခင်များကသာ ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုမည်ဖြစ်သည်။
အပ်စိုက်မှတ် နှစ်ခုကို ယင်ယန်စက်ဝိုင်း နှစ်ခုအဖြစ် သိပ်သည်းပြီး နောက်တွင်လည်း မပြီးသေးပေ။ ထိုအဆင့်ပြီးနောက် ဝမ်ရှန်း ဆက်လုပ်ရမည့် အဆင့်သည် အပ်စိုက်မှတ်များကို သူ၏ခန္ဓာကိုယ် အတွင်းသို့ ကူးပြောင်းရန် ဖြစ်သည်။ ထို့နောက် နောက်ဆုံးတွင် တောက်တိဝိညာဉ်ကို စတင် ခွဲထုတ်ရမည်ဖြစ်၏။
သူသည် ယခုလက်ရှိ သူ၏ဝိညာဉ်အဆင့်ဖြင့် လူရှေ့ ထွက်သွားမည်ဆိုလျှင် သူ၏ ဝိညာဉ်အဆင့်မှာ ဒုတိယအဆင့် ဖြစ်ကြောင်း အားလုံး အလွယ်တကူ သိသွားကြမည် ဖြစ်သည်။ ဆာလောင်နေသည့် ဝံပုလွေများ၏ ဝန်းရံခြင်းကို ခံနေရသည့် အတွက်ကြောင့် ဝမ်ရှန်းသည် သူ၏ဝိညာဉ် အဆင့်နှင့် သူ၏အခြေအနေကို ဂရုတစိုက် ဖုံးကွယ်ထားရန် လိုအပ်ပေသည်။ ဤကဲ့သို့ ဖုံးကွယ် နေထိုင်ခြင်းသည် စနိုက်ပါ သမားတစ်ယောက် အသက်ရှင် နေထိုင်သည့် နည်းလမ်း တစ်ခုပင်ဖြစ်၏။
တောက်တိဝိညာဉ်အား ခွဲထုတ်ခြင်းသည် တစ်နာရီခန့် ကြာမြင့်ခဲ့၏။ ကံကောင်းသည်က ခွဲထုတ်ခြင်းသည် ချောချောမွေ့မွေ့ ပြီးဆုံးခဲ့ကာ နောက်ဆုံးတွင် ၎င်းကိုလည်း ၁၀၂၄ ကောင်အထိ ခွဲထုတ်နိုင်ခဲ့လေသည်။
ဝမ်ရှန်းသည် သူ၏လုပ်ဆောင်မှုများ အားလုံး ပြီးဆုံးပြီးနောက် သူ၏ခန္ဓာကိုယ် အခြေအနေကို စစ်ဆေး ကြည့်လိုက်သည်။ အပြင်လူမှ ကြည့်မည်ဆိုလျှင် သူတို့သည် ဝမ်ရှန်းအား ဝိညာဉ်အဆင့် ပထမအစောပိုင်း အဆင့်၌ရှိနေသည့် ဝိညာဉ်သခင်ပေါက်စ အဖြစ်သာ မြင်ရမည်ဖြစ်၏။
ယခုတစ်ကြိမ်၊ ဝိညာဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ်ပေါ်မှ ငြိမ်းသက် သွားသည့် အချိန်၌ ဖြစ်ပေါ်လာခဲ့သည့် အကျိုးသက်ရောက်မှုများကြောင့် ဝမ်ရှန်း ပျော်ရွှင်ဝမ်းသာ သွားခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ကြွက်သားများသည် ပိုမိုသိပ်သည်း ကျစ်လျစ်သွားပြီဖြစ်၏။ ယခုအချိန်တွင် သူသည် အဆင့်မတက်ခင်ကထက် ပို၍ ပိန်သွားသည့်ပုံ ပေါ်နေပေသည်။
သို့သော် ဝမ်ရှန်းသည် သူ့ကိုယ်သူသာ သိ၏။ ကြွက်သားများက ကျုံ့သွားသော်လည်း ထိုကြွက်သားများ၏ သိပ်သည်းမှုနှင့် ခွန်အားတို့သည် ယခင်ကထက် နှစ်ဆ တိုးလာပြီဖြစ်သည်။
အပ်စိုက်မှတ် လေးခုဖြစ်သွားပြီ ဖြစ်သည့် အတွက်ကြောင့် ဝိညာဉ်စွမ်းအား စုပ်ယူနိုင်စွမ်းနှင့် တိုက်ခိုက်ခြင်း စွမ်းရည်သည်လည်း နှစ်ဆ တိုးမြှင့်သွားလေပြီ။ တစ်ခုတည်းသော ပြဿနာမှာ ဝမ်ရှန်းသည် အပ်စိုက်မှတ် အသစ်များနှင့် ပြန်လည် နေသားကျအောင် လုပ်ရပေဉီးမည်။ အစပိုင်းတွင် အားတိုးချဲ့ရန်အတွက် အပ်စိုက်မှတ် နှစ်ခုသာ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် လေးခုရှိနေပြီဖြစ်၏။ ထို့ကြောင့် အော်ရာ စီးဆင်းမှု လမ်းကြောင်းကိုလည်း ထိုအတိုင်း လိုက်ပြောင်းပေးရန် လိုအပ်ပေသည်။
ဤကဲ့သို့လုပ်ရန် အလောကြီးစရာ မလိုပေ။ တဖြည်းဖြည်းချင်း နေသား ကျသွားအောင် ပြုလုပ်၍လည်း ရပေသည်။
……
နာရီအနည်းငယ်ကြာ အဆင့်တက်မှု ပြီးဆုံးသွားပြီးနောက် ယခုအချိန်တွင် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက် နေသော်လည်း တကယ်ကို ဗိုက်ဆာနေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် အနားယူကာ ဗိုက်ဖြည့်ရန် ပြင်လိုက်သည်။ ထိုအချိန် ပါးစပ်အပြည့် ဟင်းများ ထည့်လိုက်သည့် အချိန်တွင် ဝမ်ရှန်း ကြက်သေ သေသွားခဲ့တော့၏။
သူ၏လျှာသည် မယုံနိုင်လောက်အောင်ကို အရသာ အာရုံခံနိုင်စွမ်း ရှိနေခဲ့သည်။ ဝမ်ရှန်းသည် သူစားလိုက်သည့် ဟင်းပွဲထဲ၌ ပါဝင်သည့် ပါဝင်ပစ္စည်းများနှင့် ဟင်းခတ် အမွှေးအကြိုင်များကို တိတိကျကျ ပြောနိုင်နေ၏။ တစ်လုတ်သာ စားလိုက် ရသေးသော်လည်း ရှင်းရှင်းလင်းလင်းကို ခွဲခြားနိုင်နေခြင်းဖြစ်သည်။
သူသည် ဤဟင်းပွဲထဲတွင် ဆားဘယ်လောက် ပါကြောင်းနှင့် ဟင်းခတ် အမွေးအကြိုင်များ ဘယ်လောက် ထည့်ထားကြောင်းတို့ကို သူ့မျက်စိရှေ့၌ ချက်ထားသကဲ့ကို ပြောနိုင်နေ၏။ ပထမတစ်လုတ်နှင့် ဒုတိယတစ်လုတ် ကြား၌ အရသာ ဘယ်လို ပြောင်းလဲ သွားကြောင်းတို့ကိုပါ ပြောပြနိုင်နေလေသည်။
ဟင်းအိုး တစ်ဝက်ကို မီးပြင်းပြင်းဖြင့် ချက်ထားမိကာ၊ အခြားတစ်ဝက်ကို မီးအေးအေးဖြင့် ချက်ထားမိခြင်းဖြစ်ကြောင်း၊ ဆီအပူ ဘယ်လောက်၌ စတင် ချက်ပြုတ်ခဲ့ကြောင်းနှင့် မတူညီသည့် ချက်ပြုတ်နည်းများကြောင့် ပြောင်းလဲသွားသည့် ဟင်းနံ့များကိုပါ ပြောနိုင်နေခြင်းပင်။
ဝမ်ရှန်းသည် ထိုဟင်းပွဲကို သူ၏ပါးစပ်ထဲသို့ တစ်ဇွန်း ထည့်ပြီးသည်နှင့် ချက်ချင်းပင် ပြန်ထွေးထုတ် လိုက်တော့သည်။ သူ၏ဇီဇာကြောင်လှသည့် အရသာခံမှု အောက်တွင် ဤဟင်းပွဲသည် ဘယ်လိုမှ အရည်အချင်း မပြည့်မီနေပေ…
ဤပြဿနာသည် တကယ့်ကို ပြဿနာကြီး တစ်ခုပင်။
ဤကဲ့သို့ ပြင်းထန်သည့် အရသာခံမှု အောက်တွင် ရှေ့လျှောက် သူ အစားအသောက်များကို ဘယ်လို စားသောက် ရတော့မည်နည်း… ဝမ်ရှန်းသည် မတတ်သာတော့ဘဲ မချိတင်ကဲ ပြုံးကာ နားထင်ကိုသာ နှိပ်လိုက်တော့သည်။
“ဘာဖြစ်လို့လဲ။ အဆင့်တက် သွားတာကို ပျော်နေရမှာ မဟုတ်ဘူးလား…”
စူးစမ်းလိုမှုများ ပြည့်နှက်နေသည့် အရိပ်မိန်းမစိုး၏ အသံ ဝမ်ရှန်းဘေး၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်ရှန်းသည် မော့ကြည့်စရာပင် မလိုပေ၊ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ ရောက်နေကြောင်းကို သူ သိနေပြီး ဖြစ်သည်။ သူ အဆင့်တက်မှုကို ရပ်လိုက်သည်နှင့် သူတို့နှစ်ယောက်သည် သူ၏ခြံဝန်း အတွင်းသို့ တိတ်တဆိတ် ဝင်ရောက် လာခဲ့ခြင်းဖြစ်၏။ ဝမ်ရှန်းသည် သူ၏အစားအသောက်ကို အရသာခံနေသည့် အတွက်ကြောင့်သာ သူတို့အား အာရုံမစိုက်ခဲ့ခြင်း ဖြစ်သည်။
“အရသာခံနိုင်စွမ်း တိုးလာပြီး ကျွန်တော် စားသမျှ အားလုံးက အရသာမရှိ ဖြစ်နေလို့”
ဝမ်ရှန်းသည် ဤအချက်ကို ဖုံးကွယ်ထားလိုစိတ် မရှိပေ။ ထို့ကြောင့် သူသည် သူ၏ပြဿနာကို ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်၏။
ဝမ်ရှန်း၏အဖြေကို ကြားပြီးနောက် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်ကာ ထို့နောက် အားရပါးရ အော်ရယ် လိုက်ကြတော့သည်။ ဟန်ဘင်းလီသည် ဝမ်ရှန်းအား လက်ညှိုးထိုးကာ ခါးပင် မထောင်နိုင်တော့သည် အထိ အူလှိုက်သည်းလှိုက်ကို ရယ်နေခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် ဝိညာဉ်အဆင့် တက်သွားခြင်း နှင့်အတူ အခြားအမျိုးမျိုးသော နယ်ပယ်များ၌လည်း အဆင့်တက် သွားပေသည်။ အများစုသည် ခွန်အား၊ အလျင်နှင့် ခုခံနိုင်စွမ်းများ တိုးမြင့်လာကြ၏။ သို့သော် အရသာခံနိုင်စွမ်း မြင့်တက်သွားသည် ဆိုတာကတော့… သူတို့သည် ဝမ်ရှန်း တစ်ယောက်တည်း ထံမှသာ ထိုကဲ့သို့ ကြားဖူးခြင်း ဖြစ်သည်။
“အဆင့်တက်ပြီးတဲ့နောက် ဝိညာဉ်စွမ်းအားတွေ ခန္ဓာကိုယ်ကနေ ငြှိမ်းသက်သွားတဲ့ အချိန်က ဝိညာဉ်သခင် တစ်ယောက်အတွက် စိတ်အလှုပ်ရှားရဆုံး အချိန်ပဲ။ ဒါပေမယ့် မင်းက အရသာခံနိုင်စွမ်း မြှင့်တက် သွားတာကိုး”
နောက်ဆုံးတွင် အရိပ်မိန်းမစိုးမှ ရယ်နေသည်ကို ရပ်လိုက်သည်။ ထို့နောက် သူသည် ဟာသနှောသည့် လေသံဖြင့် ဝမ်ရှန်းအား ပြောလိုက်၏။
လက်ရှိ ဝမ်ရှန်းအား ကြည့်မည်ဆိုလျှင် သူ၏အော်ရာသည် ဝိညာဉ်အဆင့် ပထမအဆင့် အစောပိုင်း၌ ရှိနေပြီဖြစ်သည်။ ဤကဲ့သို့ အချိန်အတော်ကြာ အဆင့်တက်ပြီး နောက်တွင် ဝမ်ရှန်းသည် သူ၏အရသာ ခံနိုင်စွမ်းသာ တိုးမြှင့်လာ၏။ ထိုအကြောင်း တွေးမိသွားသောအခါ သူတို့နှစ်ယောက်သည် ရယ်ချင်စိတ် နှင့်အတူ တစ်ချိန်တည်းမှာပင် ဝမ်ရှန်းအား အနည်းငယ် သနားစိတ် ဖြစ်သွားခဲ့ကြသည်။ အစောပိုင်းမှ များပြားလှသည့် ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်ခွန်အား တိုးမြှင့်ခြင်း၌ အသုံးပြု၍ ရမည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။ တကယ်ကို နှမြောစရာ ကောင်းလှပေသည်။
“ကြည့်ရတာ ငါတို့တော့ အချိန်ကောင်းတွေ ပိုင်ဆိုင်ရတော့မယ် ထင်တယ်”
ဟန်ဘင်းလီသည်လည်း အားရပါးရ ရယ်ပြီးနောက် ထိုကဲ့သို့ ပြောလိုက်သည်။ သူ့စိတ်ထဲ၌ တွေးလိုက်သည်က ‘ဝမ်ရှန်းသည် အစကတည်းက ဟင်းချက်ကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ယခုတွင် သူ၏အရသာခံ အာရုံက ပိုကောင်းလာပြီ ဖြစ်သည့် အတွက်ကြောင့် သူ၏ဟင်းပွဲများသည်လည်း ပိုကောင်းလာမည် မဟုတ်ပါလား…’
သူတို့နှစ်ယောက် စကားပြောလိုက်သည့် အသံသည် မကျယ်ပေ၊ ပုံမှန်အသံသာ ဖြစ်၏။ သို့သော် သူတို့အနား တစ်ဝိုက်ရှိ ဝိညာဉ်သခင်များသည် သူတို့ပြောသည့် စကားများကို ကြားခဲ့ရပေသည်။ ထိုစကားများ ကြားပြီးနောက် အားလုံးစိတ်ထဲ၌ တွေးလိုက်သည်က ‘ဝမ်ရှန်းသည် ပထမအဆင့်မှ အဆင့်ကျခဲ့ဖူးသည့် အတွက်ကြောင့် ဝိညာဉ်စွမ်းအား ထိန်းချုပ်ခြင်းနှင့် မရင်းနှီးကာ ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ခဲ့ခြင်းများလား’ ဟူ၍ဖြစ်၏။
သို့သော် ဘယ်သူတွေက ဘယ်လိုတွေပဲ တွေးနေပါစေ ဝမ်ရှန်းသည် သူ၏ခန္ဓာကိုယ် သန်မာကြံ့ခိုင်မှုက နှစ်ဆ ပိုတိုးမြှင့်သွားပြီ ဖြစ်ကြောင်း သူကိုယ်တိုင်သာ သိပေသည်။ ထို့ပြင် ယခုအချိန်တွင် အားလုံးက တလွဲထင်နေခြင်း ကလည်း သူ့အတွက် ပိုအဆင်ပြေစေသည် မဟုတ်ပါလော..
***