အပိုင်း ၁၇၂
အစားကြူးသော နဂါးမင်းသား တောက်တိအဖြစ် ပြောင်းလဲခြင်း(၁)
ဂျင်ဒီနယ်မြေ အတွင်း၌ရှိစဉ်၌ ဝိညာဉ်အဆင့် ပထမအဆင့်ဖြစ်သည့် ဝမ်ရှန်းသည် အထီးကျန် ဝံပုလွေ ဝိညာဉ်အသေ၏ ဝိညာဉ်စွမ်းအားအား စုပ်ယူသည့် အချိန်တွင် သူ၏ချီဝမ်နဂါးကို သေးငယ်သည့် ချီဝမ်နဂါး ၁၀၂၄ ကောင်အဖြစ် ခွဲထုတ်ခဲ့ရသည်။
ထိုကဲ့သို့ ခွဲထုတ်ပြီးနောက်တွင် ဝမ်ရှန်းသည် သူ၏ဝိညာဉ် အဆင့်ကို အောင်မြင်စွာ ဖုံးကွယ်နိုင်ခဲ့ကာ အော်ရာစုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာမည့် ပေါက်ကွဲမှုမှလည်း လွတ်မြောက်နိုင်ခဲ့သည်။ ဝမ်ရှန်းသည် ထိုအချိန်မှစ၍ ယခုအချိန်အထိ ချီဝမ်နဂါးများကို ပြန်လည် မပေါင်းစပ်ရသေးခြင်း ဖြစ်၏။
ပြန်လည် ပေါင်းစပ်သည့် လုပ်ငန်းစဉ်တွင်လည်း ဝမ်ရှန်း အလွန်ကို ကျွမ်းကျင်ပေသည်။ ဝမ်ရှန်း၏ ကျွမ်းကျင်သော ထိန်းချုပ်မှုအောက်တွင် ချီဝမ်နဂါး ၁၀၂၄ ကောင်သည် ၅၁၂ ကောင်အဖြစ်၊ ထို့နောက် ၅၁၂ ကောင်မှ ၂၅၆ ကောင်အဖြစ်၊ နောက်ဆုံး နှစ်ကောင်သာ ကျန်တော့သည်အထိ ပေါင်းစပ်သွားခဲ့သည်။
ယခုအချိန်တွင် ဤချီဝမ်နဂါး နှစ်ကောင်သည် ဝမ်ရှန်း အထီးကျန်ဝံပုလွေ၏ ဝိညာဉ်စွမ်းအားအား စုပ်ယူခဲ့စဉ် အချိန်ကကဲ့သို့ မသေးငယ်တော့ပေ။ အနည်းဆုံး အဆပေါင်း ဒါဇင်နှင့်ချီ ပိုမိုကြီးမားနေပြီဖြစ်၏။ နောက်ဆုံး ထိုနှစ်ကောင်ကို တစ်ကောင်တည်း အဖြစ် ပြန်ပေါင်းလိုက်သည့် အချိန်တွင်လည်း အကောင်၏ အရွယ်အစားသည် မူလအရွယ်အစားထက် အဆတစ်ရာ နီးပါး ပိုမိုကြီးမား သွားခဲ့တော့သည်။
ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းတွင် လွန်ခဲ့သည့် နာရီအနည်းငယ်ကထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုအားပြင်းသည့် အော်ရာတစ်ခု စတင်မွှေနှောက် ဖြစ်ပေါ်လာခဲ့သည်။ ထိုဖြစ်ပေါ်လာသည့် အော်ရာသည် မည်မျှပင် အားကောင်းသလဲဆိုလျှင် ဝမ်ရှန်း၏ခြံဘေးရှိ အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ပင် အံ့သြသွားခဲ့ကြလေ၏။
ထိုအချိန်တွင် သူတို့နှစ်ယောက်လုံး တွေးလိုက်မိသည်မှာ ‘ဝမ်ရှန်း ဘာတွေဖြစ်နေတာလဲ… ကံကောင်းခြင်း ဆေးပြားကို ရပြီးတဲ့နောက်မှာ သူ့ရဲ့ဝိညာဉ်အဆင့်က ရုတ်တရက်ကြီး တိုးတက်သွားတာလား…’
ထို့သော် အခြေအနေမှာ ဝမ်ရှန်းက ဝိညာဉ်စွမ်းအားများကို သူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် စေသည်ဟု မခံစားရပေ။ ဤအရာသည် ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင်ပဲများလား… ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို အမှန်တကယ် သောက်သုံးလိုက်သည်လား…
ဟန်ဘင်းလီကတော့ အဆင်ပြေသော်လည်း အရိပ်မိန်းမစိုးသည် ချက်ချင်းကို စိတ်လှုပ်ရှား လာခဲ့သည်။ နောက်ဆုံးတွင် သူသည် တော်ဝင် မိသားစု ကြားဝင်နိုင်သည့် အခွင့်အရေးကို ရှာတွေ့ခဲ့ပြီဖြစ်၏၊ ထို့ကြောင့် ဝမ်ရှန်း မတော်တဆ ဖြစ်တာမျိုးကို သူ မမြင်ချင်ပေ။
ဝမ်ရှန်း ဘာဖြစ်နေတာလဲ ဆိုတာကို သူ သွားကြည့်ရန် ပြင်လိုက်သည့် အချိန်မှာပင် ဝိညာဉ်စွမ်းအား ဝဲဂယက်တစ်ခု ဝမ်ရှန်း၏ ခြံဝန်းထံသို့ ဦးတည် တိုက်ခတ် သွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် အရိပ်မိန်းမစိုးသည်လည်း ဝမ်ရှန်းထံသွားမည့် ခြေလှမ်းများကို ရပ်လိုက်ကာ ခြံအတွင်း၌သာ ထိုင်၍ ထိုစွမ်းအားများကို ခံစားနေလိုက်သည်။
ခြံဝန်းအတွင်းတွင် ဝမ်ရှန်းသည် ချီဝမ်နဂါးများကို ပေါင်းစပ်ပြီးနောက် ထိုတစ်ကောင်တည်းသော ချီဝမ်နဂါးအား ထိန်းချုပ်ကာ ကြီးမားသော တောင်၏ နောက်ဆုံး အစိတ်အပိုင်းကို တစ်လုတ်တည်းဖြင့် ဝါးမျိုလိုက်သည်။ ယခုချီဝမ်နဂါးသည် ယခင်က ချီဝမ်နဂါးထက် အဆတစ်ရာ ပိုမိုကြီးမား၏။ ယခုတွင် သူသည် သာမန် တောင်တစ်လုံးကိုပင် ဝါးမျိုနိုင်ပြီ ဖြစ်သည့် အတွက်ကြောင့် ကျန်နေသည့် အစိတ်အပိုင်းကို ဆိုလျှင် ပြောစရာပင် မလိုချေ။
ကြီးမားသည့်တောင် ပျောက်ကွယ် သွားသည်နှင့် ဝမ်ရှန်း၏ ယွမ်ဝိညာဉ်နယ်မြေသည် ဟင်းလင်းပြင် ဖြစ်သွားခဲ့တော့သည်။ ထိုထဲတွင် တိုက်ပွဲဝိညာဉ်နှင့် တစ်ကောင်တည်းအဖြစ် ပေါင်းစပ်ထားသည့် ကြီးမားသော ချီဝမ်နဂါးတစ်ကောင်သာ ရှိတော့၏။
ထို့နောက် ဝမ်ရှန်းသည် မည်သည့် အတားအဆီး၊ မည်သည့် အနှောင့်အယှက်မှ မရှိဘဲ အစားကြူးသော နဂါးအဖြစ် ပြောင်းလဲခြင်းကို စတင်လိုက်တော့သည်။ ထိုကဲ့သို့ စတင်လိုက်သည်နှင့် ဝမ်ရှန်း၏ ခြံဝန်းဘေး ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအားများသည် စုပ်ယူသည့် ဝဲဂယက်တစ်ခုနှင့် ကြုံတွေ့ သွားရသကဲ့သို့ ဝမ်ရှန်း၏ခြံဝန်း အတွင်းသို့ လျင်မြန်စွာ ဦးတည် စီးဆင်း သွားလေတော့၏။
ဝိညာဉ်အဆင့် မြင့်တင်သည့် ဖြစ်စဉ်သည် သိသာထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်ကာ ဝူရုံမြို့ မြို့အတွင်းပိုင်းရှိ ဝိညာဉ်သခင်များ အားလုံး ထိုအဖြစ်အပျက်အား မြင်ဖူးကြပေသည်။ ထို့ကြောင့် ဝမ်ရှန်း အဆင့်မြင့်တင်သည်ကို သိသည့် ဘေးနားမှ ဝိညာဉ်သခင်များမှလွဲ၍ အခြားကျန်သည့် လူများသည် ဤအဖြစ်အပျက်ကို ဂရုပင် မစိုက်ခဲ့ချေ။ ထိုထဲတွင် ဝမ်ရှန်း၏ ခြံဝန်းအတွင်း၌ ဖြစ်ပျက်နေသည့် အရာအားလုံးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြသည့် လူများနှင့် ထိုဝိညာဉ်စွမ်းအားများကို ခံစားနေကြသည့် လူများလည်း ရှိပေသည်။
ယခင်က အတိုင်းပင် ကြီးမားသည့် ဝိညာဉ်စွမ်းအားများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ် အနှံ့မှနေ၍ သူ၏ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်ကို အပေါ်အောက် သန့်စင် ပေးလိုက်၏။ ထို့နောက် သူ၏ပါးစပ်၌ စုစည်းကာ နောက်ဆုံး ဝိညာဉ်ပင်လယ် အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။
ဝမ်ရှန်းသည် သူ ပထမအဆင့် အထွတ်အထိပ်အဆင့်သို့ ရောက်သည့် အချိန်တွင် များပြားလှသည့် အော်ရာ တိုးမြှင့်လာခြင်းကို တစ်ခေါက် ခံစားဖူးခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် မည်သည့် ထူးဆန်းမှုကိုမှ သူ မခံစားရပေ။ သူသည် ထိုအော်ရာများ တိုးမြှင့်လာနေသည်ကို တိတ်တဆိတ် ခံစားကာ သူ၏ဝိညာဉ်နယ်မြေကို စိုက်ကြည့်နေခဲ့၏။ သူ၏ဝိညာဉ်ပုံစံ ပြောင်းလဲသွားသည်ကို ကြည့်ရန် သူ နည်းနည်းလေးပင် လက်လွတ် မခံချင်ပေ။
ယခုပြောင်းလဲမှုသည် ယခင်က ချီဝမ်နဂါးပုံစံ ပြောင်းလဲခဲ့သည့် ပုံစံနှင့် အတူတူပင်ဖြစ်သည်။ ခေါင်းပိုင်း၌ ရှိနေသည့် နဂါးခေါင်းနှင့် ကိုယ်ပိုင်း၌ ရှိနေသည့် ငါးခန္ဓာကိုယ်တို့သည် ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့သည့် အဖြူရောင် မြူမှုန်များ၏ အပြည့်အဝ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ ဝမ်ရှန်း ဘယ်လိုပဲ ကြည့်ပါစေ သူသည် ထိုမြူခိုးများ အတွင်း၌ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကို မမြင်ရပေ။
ယခင်က အတွေ့အကြုံကြောင့် ပြောင်းလဲမှု ပြီးဆုံးသွားသည့် အချိန်မှသာ ဤမြူခိုးများ ပျောက်ကွယ် သွားမည်ဖြစ်ကြောင်း ဝမ်ရှန်း သိပေသည်။ ထိုအချိန်မှသာ ဝမ်ရှန်းသည် ပြောင်းလဲ ဖြစ်ပေါ်လာသည့် နဂါး၏မျက်နှာ အစစ်အမှန်ကို မြင်ရမည်ဖြစ်သည်။
အချိန်များ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့ကာ ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ မသိမသာ ခေါင်းညိတ် လိုက်ကြသည်။ အချိန်အတော် ကြာသည်အထိ အားဆေးများ သောက်ခဲ့ပြီး နောက်တွင် ဝမ်ရှန်းသည် သူ၏အသက်ဓာတ် ချို့ယွင်းနေသည့် ပြဿနာကို အပြည့်အဝ ဖြေရှင်းခဲ့ပြီးဟန် ရှိ၏။ သို့သော် ဘာပဲပြောပြော သူသည် ပထမအဆင့်သို့ တစ်ခါမှ မဝင်ရောက်ခဲ့ဖူးသည့် သာမန်လူ တစ်ယောက်မဟုတ်ချေ။
ဝမ်ရှန်းနှင့် အလွန်နီးကပ်သည့် ဤဝိညာဉ်သခင် နှစ်ယောက်သည်ပင် ဝမ်ရှန်းသည် ပထမအဆင့်မှ အဆင့်ကျ သွားခဲ့ပြီးနောက် ပထမအဆင့်သို့ ဘယ်တုန်းကမှ အဆင့်မတက် ခဲ့ရသေးဟုသာ တွေးထင် နေခဲ့ကြသည်။ သို့သော် ယခင်က ဝမ်ရှန်း၏ လုပ်ဆောင်မှုများက အယောင်အဆောင် ဖုံးကွယ်ထားမှု တစ်ခုသာ ဖြစ်ကြောင်းကိုတော့ သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ။ ဝမ်ရှန်းသည် ဘယ်တုန်းကမှ အဆင့်မကျသွားဘဲ အမြဲတမ်း ပထမအဆင့်၌သာ ရှိနေခဲ့ခြင်းဖြစ်၏။
ဒုတိယအဆင့် တက်ခြင်းသည် ပထမအဆင့် တက်ခြင်းထက် များစွာ ကြာမြင့်၏။ ယခုအချိန်တွင် ဝိညာဉ်စွမ်းအားများ ဆက်တိုက် စီးဆင်းနေသည်မှာ သုံးနာရီအပြည့် ရှိနေပြီဖြစ်သည်။ ဤနေရာသည် ဝူရုံမြို့ မြို့အတွင်းဖြစ်၏၊ ထို့အပြင် ဤနေရာကို ဂျင်ဒီနယ်မြေ၏ အစွန်းပိုင်းဟုလည်း သတ်မှတ်၍ ရပေသည်။ ထို့ကြောင့် ဤနေရာမှ ဝိညာဉ်စွမ်းအားသည် အလွန် ပေါများလှ၏။ ဤနေရာ မဟုတ်ဘဲ ရှင်းလင်မြို့ သို့မဟုတ် အခြားနေရာများ၌ ဆိုလျှင် ဝမ်ရှန်းသည် သူ၏ဘေး ပတ်ပတ်လည် မီတာတစ်ရာ အတွင်းရှိ ဝိညာဉ်စွမ်းအားများ အားလုံးကို အပြည့်အဝ စုပ်ယူမိသွားနိုင်ပေသည်။
အချိန်သုံးနာရီ ကြာမြင့်သွားပြီ ဖြစ်သည့် အတွက်ကြောင့် အနီးအနား၌ ရှိနေသည့် ဝိညာဉ်သခင်များ စတင် သံသယ ဝင်လာခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် အဆင့်တက်ရန် ဘာလို့ ဒီလောက်ထိ ကြာနေရသနည်း… ပြီးလျှင် ဘာလို့ ဝိညာဉ်စွမ်းအား အများအပြား စုပ်ယူနေရသနည်း…
အောက်ပါအတိုင်း စဉ်းစားမိသည့် ဝိညာဉ်သခင်များ တစ်စ်ယောက် နှစ်ယောက်ခန့်ပင် ရှိသေးပေသည်။ ‘ဝမ်ရှန်းသည် အဆင့်တစ်ခေါက် ကျသွားဖူးသည့် အတွက်ကြောင့် ပထမအဆင့်သို့ ပြန်လည် ဝင်ရောက်သည့် အချိန်တွင် ပထမအကြိမ်ထက် ပို၍ သန်မာသွားမည်များလား…’
ထိုအရာသည် အတော်ကို ဖြစ်နိုင်ခြေ များပေသည်။ ဘာပဲပြောပြော တစ်ခေါက် တက်ပြီးသား အဆင့်သို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်သည့် အချိန်တွင် အတွေ့အကြုံ ပိုများသွားပြီဖြစ်ကာ ယခင်ကထက် အခွင့်အရေးများကို ပိုမို ဆုပ်ကိုင်တတ်ပြီ ဖြစ်၏။
ပြောရမည် ဆိုလျှင် ဝိညာဉ်သခင် တော်တော်များများသည်လည်း ဤအကြံကို တိတ်တဆိတ် တွေးမိကြပေသည်။ ထိုဝိညာဉ်သခင်များထဲတွင် အသီးသီးသော အင်အားစုများထဲမှ ဝိညာဉ်သခင်များ ပါဝင်ကာ သူတို့သည် ဝမ်ရှန်း၏ အဆင့်တက်မှုမှ တစ်ခုခု ထွက်ပေါ်လာမလား ဆိုတာကို စောင့်ကြည့် နေလိုက်ကြ၏။
ဝမ်ရှန်းသတ်ခဲ့သည့် သိုက်မိသားစုမှ သိုက်ဟွမ်သည်လည်း ဤနည်းလမ်းအတိုင်း ကျင့်ကြံခဲ့သည်ဟု ပြောကြပေသည်။ ပထမဆုံး အနေဖြင့် သူသည် ရိုးရှင်းသည့် ဝိညာဉ်တစ်ခုကို အသုံးပြုကာ ဝိညာဉ်အဆင့်ကို အလျင်အမြန် တိုးတက်စေလိုက်၏။ ထို့နောက် အဆင့်တက်ခြင်း အတွေ့အကြုံကို ရရှိပြီးနောက်တွင် ထိုရိုးရှင်းသည့် ဝိညာဉ်နေရာ၌ စွမ်းအားကြီးမားသည့် ဝိညာဉ်အား အစားထိုးကာ အရာအားလုံးကို အစမှ နောက်တစ်ကြိမ် ပြန်စလုပ်လိုက်သည်။ ထိုကဲ့သို့ ဆိုလျှင် အဆင့်တက်ခြင်း၌ အတွေ့အကြုံ ရှိခဲ့သည့် အတွက်ကြောင့် နောက်တစ်ကြိမ် အဆင့်တက်ရာတွင် ပို၍ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ပြီဖြစ်၏။
ဟုတ်ပါသည် ဤသတင်းများသည် သူတို့ သိုက်မိသားစု မှတစ်ဆင့် တစ်ဆင့်စကား တစ်ဆင့်ဖြင့် ကြားခဲ့သည့် သတင်းစကားများ ဖြစ်သည်။ တကယ် ဟုတ်မဟုတ်ကိုတော့ သူတို့မသိပေ။ သို့သော် အထက်တန်းလွှာ မိသားစု အများစုသည် ဤကဲ့သို့သော နည်းလမ်းအတိုင်း စတင် လုပ်ဆောင်နေကြပြီ ဖြစ်၏။
ဝူရုံမြို့အတွင်းမှ ဤကြေးစားများသည် ဤကဲ့သို့ မလုပ်ဆောင်ခဲ့ဖူးကြပေ။ သို့သော် ဝမ်ရှန်း၏ လက်ရှိလုပ်ဆောင်ချက်များအား မြင်လိုက်ရသောအခါ ထိုအရာက အမှန်တကယ် ဖြစ်နိုင်သည်ဟု သူတို့ တွေးလိုက်ကြ၏။ အမှန်အားဖြင့် ဝမ်ရှန်းသည် အတွေ့အကြုံနည်းသည့် လူတစ်ယောက်ဖြစ်သည့်ပြင် ယခု သူ ကျင့်ကြံသည့် အဆင့်တိုင်းသည် သိုက်မိသားစုမှ ကြယ်ကိုးပွင့် ဝိညာဉ်ပိုင်ရှင် အတွေ့အကြုံ ရရှိရန်အတွက်လည်း ဖြစ်နိုင်ပေသည်။
…..
ဝမ်ရှန်းကမူ ဤအကြောင်းများကို တွေးမနေပေ။ ယခုအချိန်တွင် သူသည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ အဆင့်တက်ခြင်းကို လုပ်ဆောင်၍ ရနေသည်ကိုသာ သိ၏။ ဤတစ်ချက်တည်းနဲ့တင် လုံလောက်ပြီ ဖြစ်သည်။ ထိုအချိန်တွင် ယွမ်ဝိညာဉ်နယ်မြေ အတွင်းရှိ အဖြူရောင်မြူခိုးများ တဖြည်းဖြည်းချင်း စတင် ပျောက်ကွယ် လာခဲ့သည်။ မကြာမီတွင် ထိုမြူခိုးများ မကြာမီတွင် အပြည့်အဝ ပျောက်ကွယ်သွားကာ ဝမ်ရှန်းသည် ချီဝမ်နဂါး၏ ပုံစံပြောင်းလဲပြီး နောက်ပုံစံကို မြင်ရတော့မည် ဖြစ်၏။
သိပ်မကြာမီမှာပင် ပိန်လှီပါးလျကာ သူနှင့် မရင်းနှီးသည့် သားရဲတစ်ကောင် မြူခိုးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုသားရဲ ပေါ်လာသည့် အချိန်တွင် ဝမ်ရှန်းသည် သူ့မျက်လုံးများကိုပင် သူ မယုံနိုင် ဖြစ်သွားလေ၏။
“ထူးခြားသော တောတောင် ရေမြေ သဘာဝများ” ဟူသည့် ရှေးဟောင်း စာအုပ်ထဲတွင် တောက်တိ၊ ဟွန်တွန်း၊ ချုံးချိနှင့် တောက်ဝူ ဟူသည့် နဂါးမင်းသား လေးဖော်အကြောင်း ဖော်ပြထားပေသည်။ ထိုထဲတွင် အစားကြူးသော နဂါးမင်းသား တောက်တိ၏ ပုံစံကို အောက်ပါအတိုင်း ဖော်ပြထား၏၊
“ခန္ဓာကိုယ်သည် ဆိတ်တစ်ကောင်၏ ခန္ဓာကိုယ်ရှိကာ လူသားမျက်နှာ ဖြစ်၏။ မျက်လုံးများသည် ဂျိုင်းအောက်၌ ရှိကာ ကျားတစ်ကောင်ကဲ့သို့ သွားများနှင့် လူသားလက်သည်းများ ရှိသည်။ ထို့ပြင် ကြီးမားသောခေါင်းနှင့် ကြီးမားသောပါးစပ်ပေါက် တစ်ခုလည်း ရှိပေသည်။
ယခုအချိန်တွင် ဝမ်ရှန်း၏ မျက်စိရှေ့၌ ရှိနေသော သားရဲသည်လည်း ထိုဖော်ပြချက်များနှင့် အပြည့်အဝ ကိုက်ညီပေသည်။ သူသည် လူသားမျက်နှာ၊ ကြီးမားသော ခေါင်းနှင့် ကြီးမားသောပါးစပ်၊ ကျားကဲ့သို့ ချွန်ထက်သော သွားများနှင့် လူသားလက်သည်းများ သာမက ဖော်ပြချက် အတိုင်းပင် မျက်လုံးများက ချိုင်းအောက်၌ ရှိနေခြင်းဖြစ်၏။ သို့သော် ဤအစားကြီးသော နဂါးမင်းသား တောက်တိသည် အဘယ်ကြောင့် အလွန် ပိန်နေရသနည်း…
ယခု အစားကြီးသောနဂါး တောက်တိ၏ ခန္ဓာကိုယ်သည် အစောပိုင်းမှ ချီဝမ်နဂါးထက် အဆတစ်ရာခန့် ပိုမို သေးငယ်နေသည်။ သူသည် ချီဝမ်နဂါးများကို ၁၀၂၄ ကောင်အဖြစ် ခွဲထုတ်ထားသည့် ချီဝမ်နဂါး အသေးအရွယ်အစားသာ ရှိနေလေ၏။
သို့သော် ဒဏ္ဍာရီလာ အစားကြူးသောနဂါး တောက်တိသည် ကြီးမားသည့် ခေါင်းနှင့် နားရွက်များရှိသည့် ဝဖြိုးတုတ်ခိုင်သည့်သူ မဟုတ်ပါလား… ယခုအချိန်တွင် သူသည် ဘယ်လိုလုပ် ဝါးတစ်ချောင်းကဲ့သို့ ပိန်လှီနေရသနည်း…
***