အပိုင်း ၁၇၁
မြို့အရှင် ဒေါသူပုန်ထခြင်း (၂)
အဆင့်မြင့်တင်ပြီးသည့် ၁၀၂၄ ကောင်သော ချီဝမ်နဂါးများ၏ ကြီးမားသော တောင်အား ဝါးမျိုသည့် နှုန်းသည် အလွန် လျင်မြန်လှကာ သာမန်မျက်စိဖြင့်ပင် အတိုင်းသား မြင်နိုင်ပေသည်။
ဝိညာဉ်နယ်မြေ အတွင်း၌ ကျန်ရှိနေသည့် ဤကြီးမားသော တောင်သည် တစ်နာရီကို ဆယ်ပုံတစ်ပုံနှုန်းဖြင့် ပျောက်ကွယ် သွားနေခြင်းဖြစ်၏။
လအနည်းငယ်ခန့်လောက်တွင် ဝမ်ရှန်းသည် ဤ ၁၀၂၄ ကောင်သော ချီဝမ်နဂါးများ အားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ရန် မည်မျှပင် ခက်ခဲတော့မည် မဟုတ်ပေ။
ငရုတ်ကောင်းကို ရရှိနိုင်သည် ဟူသည့် ယုံကြည်မှု၏ ရလဒ်၊ ချီဝမ်နဂါးများ အားလုံးကို အဆင့်မြင့်တင်နိုင်သည် ဟူသည့် ယုံကြည်မှုရလဒ်၊ ကံကောင်းခြင်း ဆေးပြားကို ရရှိနိုင်သည် ဟူသည့် ယုံကြည်မှုရလဒ်… ထိုအရာ အားလုံး၏ ရလဒ်တို့သည် ဝမ်ရှန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို များစွာ ပို၍တိုးမြှင့် လာစေခဲ့သည်။ မည်သည့်အရာမှ မလွှမ်းမိုးနိုင်သည့် ယုံကြည်မှု အောက်တွင် ဝါးမျိုခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ကို သေချာပေါက် လုပ်ဆောင် နိုင်လိမ့်မည်။
ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် သူ၏ဝိညာဉ်နယ်မြေ အတွင်း၌ ကိုးနာရီကြာခဲ့၏။ ချီဝမ်နဂါး တစ်ကောင်ချင်းစီတိုင်းက ကြီးမားသော တောင်၏ ကျန်နေသည့် အစိတ်အပိုင်းကို တစ်ကိုက်စီ ကိုက်နေသည်ကို ကြည့်ပြီးနောက်တွင် ဝမ်ရှန်း ရပ်လိုက်တော့သည်။
တစ်ပြိုင်နက်တည်း ပြီးဆုံးသွားသည်အထိ ဝါးမျိုရန် ပြဿနာ မရှိသော်လည်း ဝမ်ရှန်း ထိုကဲ့သို့ မလုပ်ချင်ပေ။ သူသည် ကောင်းကောင်း အနားယူလျက် အားပြန်ဖြည့်ရန် ပြင်လိုက်၏။
ဝမ်ရှန်းသည် ဤကမ္ဘာအတွင်းသို့ ရောက်လာသည့် အချိန်မှာ တိုတောင်းကာ ဝိညာဉ်နှင့် ထိတွေ့သည့် အချိန်ကတည်း အလွန် တိုတောင်းလှ၏။ ထို့ကြောင့် သူ၏အခြေခံသည် မွေးကတည်းက ကြီးသည်အထိ ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝစွာ ရှိသည့် ပတ်ဝန်းကျင်၌ ကြီးပြင်းခဲ့သည့် လူများနှင့် မယှဉ်နိုင်ပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ရှန်းသည် အလျင်စလို လေ့ကျင့်မိမည် ဆိုလျှင် သူ၏အခြေခံသည် ပိုပို၍ မတည်မငြိမ် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့်ပင် ဝမ်ရှန်းသည် ကံကောင်းခြင်း ဆေးပြားကို လိုအပ်ခြင်းဖြစ်၏။
ကောင်းကောင်း အနားယူခြင်းနှင့် ဝိညာဉ်စွမ်းအားနှင့် နေသားကျရန် ခန္ဓာကိုယ်အား လုံလောက်အောင် အချိန်ပေးခြင်းတို့သည် သူ၏ခန္ဓာကိုယ် တိုးတက် ကောင်းမွန်လာရန်အတွက် မှန်ကန်သည့် နည်းလမ်းများ ဖြစ်သည်။
သူသည် ဝိညာဉ်နယ်မြေ အတွင်း၌ တစ်ခေါက်တည်း ကိုးနာရီကြာ နေနိုင်သော်ငြား၊ တစ်ချိန်လုံး ဝိညာဉ်စွမ်းအားများဖြင့် ပြန်လည် အားဖြည့်နေသည် ဆိုသော်ငြား သူ၏ခန္ဓာကိုယ်မှာမူ အနားယူရန် လိုအပ်ပေ၏။
မည်သို့ပင် ဆိုစေ ညဘက်၌ အိပ်စက် အနားယူရမည် ဖြစ်၏။ ယခုအချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းသည် အားပြန်ပြည့်ရန် အကောင်းဆုံး နည်းလမ်းဖြစ်၏၊ ဒါ့ပြင် ထိုနည်းလမ်းသည် လေ့ကျင့်ခန်း လုပ်ခြင်းထက်ပင် ပို၍ အကျိုးရှိပေသည်။
…….
ဝမ်ရှန်းမှ အိပ်စက် အနားယူ နေသော်လည်း ဝမ်ရှန်းနှင့် ပစ္စည်းလဲလှယ်ခဲ့သည့် အဘိုးဝမ်နှင့် သခင်လေးဖုန်းတို့သည် ဝမ်ရှန်းကဲ့သို့ အနားမယူ နေရပေ။ သူတို့ စီနီယာကိုယ်တိုင် ရေးဆွဲခဲ့သည့် မြေပုံအား ဝမ်ရှန်းထံမှ ရရှိပြီးနောက်တွင် သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ စိတ်ထဲ၌ ဝမ်ရှန်းအား လှောင်ရယ် လိုက်ခြင်းပင်ဖြစ်၏။
ဤသားရေသည် အပြင်ပိုင်း မြင်နေရသည့် ပုံစံကဲ့သို့ မရိုးရှင်းပေ။ အပြင်ပိုင်း၌ ရေးဆွဲထားသည့် ပုံများသည် သူတို့စီနီယာမှ သူသုံးနေကျ ထပ်ဆွဲသည့် နည်းလမ်းဖြင့် ဆွဲထားသည့် ပုံများဖြစ်သည်။ အတွင်း၌ ဖုံးကွယ်ထားသည့် တကယ့် အကြောင်းအရာ အစစ်ကိုမူ ဂိုဏ်းမှ လျှို့ဝှက်ဆေးကို အသုံးပြုမှသာ ပေါ်လာအောင် လုပ်၍ရမည် ဖြစ်၏။
အစပိုင်း၌ သခင်လေးဖုန်း၏ သြဇာအာဏာ သုံးမှုကြောင့် ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။ သူတို့သည် ကံကောင်းခြင်း ဆေးပြားကို တစ်ပြား ပိုပေးခဲ့ရရုံ သာမက နောင်အနာဂတ်တွင်လည်း ကြီးမားသည့် ပြဿနာများ ဖြစ်ပေါ်လာဦးမည် ဖြစ်၏။
ဈေးနှုန်းအား သတ်မှတ်ထားပြီးသား ဖြစ်သော်လည်း ထိုနေရာရောက်မှ ဈေးနှုန်းကို ပြန်ပြောင်းကာ ပစ္စည်းလဲလှယ်ခဲ့ခြင်းက မြို့အရှင်၏ မျက်နှာကို ဖြတ်ရိုက် လိုက်ခြင်း ဖြစ်သည်ဟု ပြော၍ရပေသည်။ ပြီးလျှင် ထိုကဲ့သို့ ဖြစ်လာအောင် အစပျိုးခဲ့သည့်လူမှာ ဝမ်ရှန်း မဟုတ်ပေ၊ သခင်လေးဖုန်းပင် ဖြစ်၏။ ထို့ကြောင့် ပစ္စည်းလဲပြီးသည်နှင့် မြို့အရှင်မှ သူတို့အား ထွက်သွားရန် တောင်းဆိုခဲ့သည်။
သူတို့နှစ်ယောက် ထွက်ခွာ သွားပြီးနောက် မြို့အရှင် ပြုလုပ်ခဲ့သည်မှာ အလွန် ရိုးရှင်းပါသည်၊ သူသည် ဝမ်ရှန်းနှင့် သူတို့နှစ်ယောက်ကြားမှ ပစ္စည်းအလဲအလှယ် ကိစ္စကို ကြော်ငြာလိုက်ခြင်းပင် ဖြစ်၏။ သို့သော် မြို့အရှင်သည် လျှို့ဝှက်ဂိုဏ်းများ အပေါ် လေးစားသော အားဖြင့် သူတို့နှစ်ယောက် ထွက်ခွာသွားပြီး တစ်နာရီ အကြာမှသာ ထိုသတင်းအား ကြေညာခဲ့ခြင်း ဖြစ်သည်။
မည်သူမဆို ကံကောင်းခြင်း ဆေးပြားအား လိုချင်သည်ကတော့ ပြောစရာပင် မလိုပေ။ ဒါ့ပြင် ယခုသည် နှစ်လုံးတောင်ဖြစ်၏… လူဘယ်နှယောက် လောက်ကတောင် သွားရည်တများများ ဖြစ်နေမည်နည်း…
ကံဆိုးသည်က သူတို့သည် သွားရည်ကျရုံသာ တတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်း ဝူရုံမြို့ မြို့အတွင်းပိုင်း၌ ရှိနေသ၍ သူ့အား မည်သူမှ ထိရဲသောမည် မဟုတ်သောကြောင့် ဖြစ်သည်။
အားလုံးက ကံကောင်းခြင်း ဆေးပြားအား လိုချင်ကြသည်ဆိုလျှင် ဂျင်ဒီနယ်မြေ၏ မြေပုံသည် အင်အားစုများ အားလုံးက မည်သည့် နည်းလမ်း သုံးရသုံးရ ရယူချင်သည့် အရာဖြစ်၏။
အဘိုးဝမ်နှင့် သခင်လေးဖုန်းတို့သည်လည်း ဝမ်ရှန်းကဲ့သို့ မြို့အတွင်းပိုင်း၌ နေနေမည်ဆိုလျှင် အခြားသူများသည် သူတို့နှစ်ယောက်ကို ဘာမှလုပ်ရဲမည် မဟုတ်ပေ။ အနည်းဆုံးတော့ မြို့အရှင်သည် သူတို့အား ကာကွယ် ပေးထားမည်ဖြစ်၏။ သို့သော် သူတို့သည် အမြဲတမ်း ဝူရံမြို့၌ နေနေ၍ ရမည်တဲ့လား…
မရပါ… ထို့ကြောင့် သခင်လေးဖုန်းနှင့် အဘိုးဝမ်တို့သည် သူတို့အသက်အတွက် စတင် ထွက်ပြေး လိုက်ကြတော့သည်။ သူတို့ပုံစံသည် ယခင်က ဝမ်ရှန်း သူ့အသက်အတွက် ထွက်ပြေးခဲ့ရသည့် ပုံစံနှင့် အတူတူပင်ဖြစ်၏။ မြို့အရှင်မှ သူတို့အား တစ်နာရီ အချိန်မပေးခဲ့ဘူး ဆိုလျှင် သူတို့သည် မြေပုံကို သူတို့ဂိုဏ်းထံသို့ ပြန်မယူ သွားနိုင်မည်ကိုတောင် စိုးရိမ်မိပေသည်။
သို့သော် ဤကဲ့သို့ အခြေအနေမျိုးမှာတောင်မှ သခင်လေးဖုန်းသည် မြို့အရှင်စံအိမ်၌ ရှိနေစဉ်ကကဲ့သို့ မောက်မာကာ နားထင်သွေးရောက် နေဆဲဖြစ်သည်။ သူသည် စိတ်နှင့်လူနှင့် လုံးဝကို မကပ်နေခြင်းဖြစ်၏။ သူ၏မျက်နှာထက်တွင် ဒေါသနှင့် စိတ်အနှောင့်အယှက် ဖြစ်သည့် အရိပ်အယောင်များ ပြည့်နှက် နေလေ၏။ သို့သော် သူသည် ဘာမှမလုပ်နိုင်ဘဲ အဘိုးဝမ်နောက်သာ လိုက်ပြေးနေရသည့် အတွက်ကြောင့် ပို၍ပင် ဒေါသထွက် နေလေတော့သည်။
သူ အလွန် ဒေါသထွက်၏… ဝမ်ရှန်းသည် သူ့အား ဘယ်လို မြှောက်စားရမလဲ ဆိုတာကို မသိခဲ့၊ မြို့အရှင်သည်လည်း သူ့အား မဝေဖန်ခဲ့ဘူး ဆိုသော်လည်း မျက်နှာသာ မပေးခဲ့ချေ။ သူက ဝိညာဉ်အဆင့်၌ပင် မရှိသည့် သာမန်လူ တစ်ယောက်ပဲ မို့လို့လား… သူ၏မြင့်မားသည့် အဆင့်အတန်း ဂုဏ်ပုဒ်ဖြင့် ဝမ်ရှန်းအား ဖိနှိပ်ကာ သူ နာနာခံခံဖြင့် မြေပုံထုတ်ပေးလာအောင် လုပ်ခြင်းက မကောင်းပေဘူးလား… အဖိုးထိုက်တန်သည့် ဒဏ္ဍာရီလာ ကံကောင်းခြင်း ဆေးပြား နှစ်ပြားကို အလကားဖြစ်ခံရန် လိုအပ်ပါသလား…
သခင်လေးဖုန်းမှ ဒေါသထွက် နေသော်လည်း အဘိုးဝမ်သည် သခင်လေးထက်ပင် ပို၍ ဒေါသထွက်ပေသည်။ သူသည် သခင်လေးက သူ့အား ဘာမှမတိုင်ပင်ဘဲ သူ့ဘာသာသူ လျှောက်ပြောခဲ့ခြင်းကို ဒေါသထွက်ခြင်း ဖြစ်၏။ သို့သော် ဂိုဏ်းထဲတွင် သခင်လေးဖုန်းက သူ့ထက် အဆင့်အတန်း ပိုမြင့်ပေသည်။ ထို့ကြောင့် သူ တားချင်သည် ဆိုလျှင်တောင် သူ တား၍မရခဲ့ပေ။
လူများမှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ခြင်းက အကျိုးရှိသည်ဟု ပြော၍ ရပေသည်။ သို့သော် သခင်လေးဖုန်းက ဘာပြောခဲ့သနည်း…
ထိုပစ္စည်းက သူတို့စီနီယာ၏ ပစ္စည်းဖြစ်ရုံဖြင့် ဘာအတွက်ကြောင့် အခြားတစ်ဖက်သည် သူ ဂျင်ဒီနယ်မြေ အတွင်းမှ ရရရှိခဲ့သည့် ပစ္စည်းကို သူတို့အား အဘယ်ကြောင့် အလွယ်တကူ ပေးရမည်နည်း…
သခင်လေးသည် သူ့ဂိုဏ်းအတွင်း၌ နေ့စဉ်နေ့တိုင်း အာဏာပြနေသည့် အတွက် ရူးသွားခြင်းများလား… ဤလူများက ထိုအစေခံများကဲ့သို့ သူ့များ မျက်နှာချိုသွေး ဖားယားမည်ဟု သူ ထင်နေသည်လား…
သို့သော် ယခုတွင် သူသည် ထိုနေရာ၌ ဝမ်ရှန်းအား စော်ကားခဲ့ရုံ သာမက ကံကောင်းခြင်း ဆေးပြားနှစ်ပြား အသုံးပြုရအောင်လည်း လုပ်ခဲ့သည်။ ထို့အပြင် သူ၏လုပ်ရပ်သည် ဝူရုံမြို့ မြို့အရှင်အား တဲ့တိုးစော်ကားလိုက်ခြင်းလည်း ဟုတ်ပေသည်။ မြို့အရှင်သည် သူတို့နှစ်ယောက်ကို သတ်ရန် လူတိုက်ရိုက် မစေလွှတ်ခဲ့ပေ။ သို့သော် ထိုနည်းလမ်းသည် မြို့အရှင်၏ နည်းလမ်းပင်ဖြစ်၏။
သူသည် သခင်လေးဖုန်းအား ဆူပူကြိမ်းမောင်းချင်သည် ဆိုလျှင်ပင် သခင်လေးက သူ့ထက် အဆင့်အတန်း မြင့်နေသောကြောင့် ဆူပူ၍မရပေ။ ထို့ကြောင့် သူသည် ဒေါသကို မျိုသိပ်ထားခြင်းသာ တတ်နိုင်၏။ သို့သော် ဂိုဏ်းသို့ ပြန်ရောက်သည့် အချိန်တွင် သူသည် ဂိုဏ်းခေါင်းဆောင်အား ဤအကြောင်း ကောင်းကောင်းကြီးကို ပြန်ပြောပြပစ်မည် ဖြစ်သည်။
သို့သော် ယခု ပထမဆုံး ဦးစားပေး အနေဖြင့် လွတ်မြောက်ရန် အရေးကြီးပေသည်။ တစ်ရက်ပင် ကြာမည် မဟုတ်ပေ၊ သူတို့နှစ်ယောက်က အင်အားကြီး ဂိုဏ်းများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဆိုတာ သူ သေချာပေသည်။
လျှို့ဝှက်ဂိုဏ်းက အံ့အားသင့်စရာ ကောင်းလောက်အောင် အင်အား ကြီးသော်လည်း ထိုဂိုဏ်းမျိုးက တစ်ဂိုဏ်းတည်း ရှိနေခြင်း မဟုတ်ပေ။ အကယ်၍ တစ်ဂိုဏ်းတည်း ရှိနေမည် ဆိုလျှင်တောင် ဂျင်ဒီနယ်မြေ၏ မြေပုံနှင့် ပတ်သက်လာလျှင် အင်အားကြီး မိသားစုများသည် ဆာလောင်နေသည့် ဝံပုလွေများနှင့် ဘာမှကွာတော့မည် မဟုတ်ချေ။
တစ်ရက်ပင် မကြာလိုက်ပေ၊ သုံးနာရီခန့် ကြာပြီးနောက် အတွေ့အကြုံ ရင့်ကျက်သည့် အဘိုးဝမ်သည် သူတို့ ပစ်မှတ်ထား ခံနေရပြီဖြစ်ကြောင်း သိသွားတော့သည်။ သို့သော် ယခုလို အချိန်မျိုး၌မှာပင် အမှားကြီး လုပ်ခဲ့သည့် သခင်လေးဖုန်းသည် နားထင် သွေးရောက်နေဆဲဖြစ်ကာ သူတို့က အခြားသူများ၏ အမြင်၌ သားကောင်ဖြစ်နေပြီ ဆိုတာကို လုံးဝ သတိမထား မိသေးပေ။
ဤအခြေအနေကြောင့် အဘိုးဝမ် ငိုချင်စိတ် ပေါက်သွားခဲ့သည်၊ သို့သော် မျက်ရည်များ မကျလာခဲ့ပေ… သူသည် ဤသခင်လေးဖုန်းအား ပစ်ထားကာ သူ့ဘာသာသူသာ မြေပုံဖြင့် ဂိုဏ်းသို့ ပြန်သွားလိုက်ချင်၏။ သို့သော် သခင်လေး၏ အဆင့်အတန်းသည် သာမန်မဟုတ်ပေ။ ထို့ကြောင့် သူသာ ထိုကဲ့သို့ လုပ်ခဲ့မည်ဆိုလျှင် ကြီးမားသည့် ပြစ်မှုကြီး ဖြစ်သွားပေလိမ့်မည်။
ဤကဲ့သို့ ဖြစ်လာမည်ဆိုတာကို ကြိုသိလျှင် သူသည် ဂိုဏ်းခေါင်းဆောင်၏ သတ်ဖြတ်ခြင်းကို ခံရမည်ဆိုလျှင်တောင် ဤတာဝန်ကို လက်ခံခဲ့မည် မဟုတ်ပေ။ ထို့ပြင် ဂိုဏ်းသို့ ပြန်ရာတွင်လည်း အင်အားကြီး မိသားစုများ၏ ပိုင်နက်ကို ဖြတ်သွားရဦးမည်ဖြစ်၏။ ယခုတစ်ကြိမ်တွင် သေချာပေါက် ရှောင်လွဲ၍ မရသည့် သွေးမုန်တိုင်း ဖြစ်ပေါ် လာပေတော့မည်။
…..
ဝမ်ရှန်းကမူ သူတို့နှစ်ယောက် ဘာတွေဖြစ်နေလဲ ဆိုတာကိုမသိပေ၊ သိလည်းမသိချင်ပေ။ ယခုအချိန်တွင် သူ၏ပန်းတိုင်မှာ တစ်ခုသာရှိ၏၊ အိပ်ရာထပြီးနောက် စားသောက်ရန် ဖြစ်သည်။ ထို့နောက် ချီဝမ်နဂါးတို့အား ကြီးမားသည့် တောင်အား ကုန်သွားသည်အထိ အပြည့်အဝ ဝါးမျိုစေရန်ဖြစ်၏။
အဆင့်မြင့်တင်နိုင်ရန် လက်တစ်ကမ်း အလိုသာ လိုတော့သော်လည်း ဝမ်ရှန်းသည် သူ လုပ်ရန် ကျန်နေသေးသည့် အရာတစ်ခု ရှိနေသေးပေသည်။ ထိုအရာမှာ ခွဲထွက်နေသည့် ၁၀၂၄ ကောင်သော ချီဝမ်နဂါးများကို ကြီးမားသည့် ချီဝမ်နဂါး တစ်ကောင်အဖြစ် ပေါင်းစည်းရန် ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် သူတို့ကို ကြီးမားသည့် နဂါးအဖြစ် အပြည့်အဝ အဆင့်မြင့်တင်နိုင်ပြီ ဖြစ်လေသည်။
***