Switch Mode

Chapter – 120

ပြိုင်ပွဲ စပြီ

*******

စာစဉ်(၈)
အခန်း (၁၂၀)
ပြိုင်ပွဲ စပြီ

“အစ်ကိုတော်ရဲက အရမ်း အစွမ်းထက်တာပဲ။ မယုံနိုင်စရာပဲ”

“အစ်ကိုတော် ရှန်းတုနဲ့ ရှန်းဂွန်းတို့က အစ်ကိုတော်ရဲ့ ရှေ့မှာ ကလေး အဆင့်လောက်ပဲ ရှိတယ်။ အစ်ကိုတော်ရဲကို ဘာမှ မလုပ်နိုင်ဘူး”

ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုတုံတို့ ရဲချန်ဖန်ကို ပူးပေါင်း တိုက်ခိုက်သော်လည်း ရှုံးနိမ့် သွားသဖြင့် ကြည့်ရှုနေသော လူအုပ်ကြီးက ရဲချန်ဖန်ကို အလွန် အထင်ကြီး လေးစားသွားသည်။ ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုတုံကို ရဲချန်ဖန် အနိုင်ရပြီးနောက် တတိယအုပ်စုမှ နောက်ဆုံး အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပြီး ဖုယုံရွှယ်နှင့် လျှူရွှယ်ရှင်းတို့သာ ကျန်ရစ်တော့ပြီး သူတို့ သုံးယောက်သာ ပထမနေရာကို လုရတော့မည် ဖြစ်သည်။

တတိယအုပ်စု တိုက်ပွဲအတွင်း ရဲချန်ဖန်အတွက် ခက်ခဲသော ပြိုင်ဘက် မရှိခဲ့ချေ။ နာရီဝက် ကျော်ကြာ နားပြီးနောက် သူတို့အားလုံး အစွမ်းအမြင့်ဆုံး အနေအထားသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ မဲခွဲပြီးနောက် ဖုယုံရွှယ်နှင့် လျှူရွှယ်ရှင်းတို့ ပထမဆုံး တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့နောက် လျှူရွှယ်ရှင်းနှင့် ရဲချန်ဖန် တွေ့ဆုံပြီး နောက်ဆုံးတွင် ဖုယုံရွှယ်နှင့် ရဲချန်ဖန်တို့ တွေ့ဆုံ ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။

မဲခွဲမှုအရ ရဲချန်ဖန်အတွက် သိပ်အလေးမသာပဲ သူက လျှူရွှယ်ရှင်းနှင့် ဖုယုံရွှယ်တို့ဖြင့် ဆက်တိုက် ယှဉ်ပြိုင်ရမည် ဖြစ်လေသည်။

“ဖုယုံရွှယ်၊ ငါ ဒီအချိန်ကို စောင့်နေခဲ့တာ တော်တော်ကြာပြီ”

လျှူရွှယ်ရှင်းက ဖုယုံရွှယ်နှင့် တိုက်ခိုက်ရန် စိတ်အား ထက်သန် နေလေသည်။ သူက ချောမော လှပသည့် ဖုယုံရွှယ်ကို ကြည့်ကာ တီးတိုး ပြောလိုက်လေသည်။

“လျှူရွှယ်ရှင်း၊ မင်းက ငါ့ ပြိုင်ဘက် မဟုတ်ဘူး။ မင်းကို ငါ ဓားတစ်ချက်တည်းနဲ့ အနိုင်ယူ နိုင်တယ်”

ဖုယုံရွှယ်က အဆင့်မြင့် ဝိညာဉ်အဆင့် သွေးလဓားကို သူမ၏ သိုလှောင်အိတ်ထဲက ထုတ်ကာ သူမ ကလေးလေးအလား ယုယကြင်နာစွာ ပွတ်သပ်ကာ ခံစားချက် မရှိသည့် ရေခဲတုန်းနှင့် တူသည့်အသံဖြင့် ပြောလိုက်လေသည်။

“ဓားတစ်ချက်တည်းနဲ့ ဟုတ်လား။ ဒါဆို ကြည့်တာပေါ့။ မင်းက ငါ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူ နိုင်မလားဆိုတာ”

လျှူရွှယ်ရှင်းက ပြုံး၍ ပြန်ပြောလိုက်လေသည်။

“တောဆင်ရိုင်း ပေါင်းစည်းစမ်း”

ပြိုင်ပွဲ စတင်သည်နှင့် လျှူရွှယ်ရှင်းက သူ၏ ဝိညာဉ်သားရဲ တောဆင်ရိုင်းနှင့် ပေါင်းစပ်လိုက်ရာ အစွမ်းများ အလွန်တိုးလာလေသည်။ သူ့ တစ်ကိုယ်လုံးရှိ ကြွက်သားများက ပေါက်ထွက်တော့မည့် အလား အစွမ်းများ တိုးလာလေသည်။ အလွန် အစွမ်းထက်လှသည့် ဖုယုံရွှယ်နှင့် ရင်ဆိုင် အတွေ့တွင် လျှူရွှယ်ရှင်းက ခုခံတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။ ထို့အပြင် သူကပင် ဦးဆောင်က ဖုယုံရွှယ်ကို တိုက်ခိုက် လိုက်သည်။

“အဆုံးမဲ့သိုင်း အဆင့်ရှစ်”

အလွန် ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ လျှူရွှယ်ရှင်းက အစွမ်းများ အမြင့်ဆုံးကို ရောက်ရှိ သွားသည်နှင့် သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ဖြင့် ဖုယုံရွှယ်ကို တိုက်ခိုက် လိုက်လေသည်။ ဖျက်ဆီးမှု စွမ်းအင်အပြည့် ပါဝင်နေသော ကြီးမားလှသည့် လက်ဖဝါး အရာကြီးမှာ ကောင်းကင်ကိုပင် ဖြိုခွဲလိုက်သလိုပင် လေထုကို ဖြတ်သန်းသွားပြီး မလှုပ်မရှား ရပ်နေသော ဖုယုံရွှယ်ဆီ တိုးဝင် သွားလေသည်။

“ကောင်းကင်ခွဲ ဆေဘာဓားသိုင်း အဆင့်ခုနစ် တောင်ဖြို မြစ်ဖျက်”

ဖုယုံရွှယ် မျက်ဝန်းများက ကျဉ်းမြောင်း သွားကာ သူမ၏ လှပ အချိုးအစား ကြလှသည့် ကိုယ်လုံးလေးမှာ ဓားနှင့် ပေါင်းစပ် သွားသလိုပင်။ ဆေဘာ ဓားအလင်းတန်းမှ ထွက်ပေါ်လာသော အစွမ်းကြောင့် ကြည့်ရှုနေသူများသည် ကြောက်ရွံ့ သွားကြပြီး ဆေဘာဓားက လျှူရွှယ်ရှင်းထံ တိုးဝင်သွားသည်။

“ပြိ ပြီ”

အင်္ကျီများ ပြဲသံများ ထွက်ပေါ် လာလေသည်။ ဖုယုံရွှယ် အသုံးပြုလိုက်သော ဆေဘာ ဓားသိုင်းက ထက်မြက်လှသည့် ဓားက တိုဖူးကို ဖြတ်လိုက်သည့် အလားပင် အရာရာကို ပိုင်းဖြတ်နိုင်စွမ်း ရှိနေလေသည်။ ဆေဘာဓား အမြန်က လျှူရွှယ်ရှင်း၏ သိုင်းဖျက်ဆီးမှု အစွမ်းထက် တစ်စမျှပင် မလျော့ဘဲ လျှူရွှယ်ရှင်းကို ထိမှန်သွားသည်။ ဆေဘာဓားကြောင့် လျှူရွှယ်ရှင်း ခုခံမှုများက မခံနိုင်ဘဲ လေထဲ လွင့်စဉ်သွားသည်။ သွေးအများအပြားက သူ၏ လည်ပင်းမှ ကျဆင်း လာလေသည်။ ရင်ဘတ်တွင် ဒဏ်ရာ ရသွားသော လျှူရွှယ်ရှင်း အလျင်အမြန် ထရပ်ရန် ကြိုးစား လိုက်လေသည်။

“လျှူရွှယ်ရှင်း၊ ရှင် ရှုံးသွားပြီ” ဖုယုံရွှယ်၏ သွေးဓားက လျှူရွှယ်ရှင်း လည်းပင်ပေါ် ထောက်ထား ပြီး ခံစားချက် ကင်းမဲ့နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

“ငါ ငါ အရှုံးပေးပါတယ်”

သူက တစ်နှစ်ပတ်လုံး အပတ်တကုတ် ကြိုးစား ခဲ့သောကြောင့် အစွမ်းများ အလွန်တိုးတက် လာသော်လည်း ဖုယုံရွှယ်ကို မနိုင်သော်လည်း အနည်းဆုံး ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခု ယှဉ်ပြိုင်ပြီးနောက် သူက ဖုယုံရွှယ်၏ တိုက်ကွက် တစ်ကွက်ကိုပင် မခံနိုင်ရာ သူ့ယုံကြည်မှုကို ထိခိုက် သွားစေသည်။

“ဆေဘာဓားအင်အား၊ ဖုယုံရွှယ်က ဆေဘာဓားအင်အားကို နားလည် တတ်ကျွမ်းသွားပြီပဲ”

ဖုယုံရွှယ်၏ ဓားအလင်းတွင် ပါဝင်နေသော ဖျက်ဆီးမှု စွမ်းအားကို ကြည့်ပြီး ချင်တောင်ပိုင်နှင့် တခြား အကြီးအကဲများသည် အတော်ကို စိတ်လှုပ်ရှား သွားကြလေသည်။

“ဖုယုံရွှယ်ရဲ့ ဆေဘာဓား အင်အားနဲ့ ရဲချန်ဖန်ရဲ့ ဓားအင်အား ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး”

အကြီးအကဲများက ရဲချန်ဖန်သည် ရှန်းတုကောင်းတို့နှင့် ယှဉ်ပြိုင်ရာတွင် ဓားအင်အား အစွမ်းကို မြင်ခဲ့ပြီး ဖြစ်ရာ ယခု ဖုယုံရွှယ်၏ ဆေဘာဓား အစွမ်းကို မြင်လိုက်ရချိန်တွင် မည်သူက ပို၍ အစွမ်းထက်သလဲကို ကြည့်ရန် မစောင့်နိုင် ဖြစ်လာကြလေသည်။

ဖုယုံရွှယ်က လျှူရွှယ်ရှင်းကို တိုက်ခိုက်ရာတွင် ညှာတာ လိုက်သောကြောင့် လျှူရွှယ်ရှင်းက ကြီးကြီးမားမား ဒဏ်ရာ ရသွားခြင်း မရှိဘဲ အဆင့်ရှစ် ဆေးလုံး သောက်သုံး လိုက်သောကြောင့် ရရှိသော ဒဏ်ရာမှာလည်း ပျောက်ကင်း သွားသည်။

“ချန်ဖန် သတိထားနော်။ လျှူရွှယ်ရှင်းက ဖုယုံရွှယ်ကို ရှုံးနိမ့်ပေမဲ့ သူ့ကို အထင်သေးလို့ မရဘူး။ သူက အရမ်း အစွမ်းထက်တယ်”

လင်းခီဆုက ရဲချန်ဖန်ကို စိုးရိမ်စွာ သတိပေးလိုက်သည်။

“ငါ သတိထားပါ့မယ်”

ရဲချန်ဖန်က လင်းခီဆုကို ပြန်ဖြေ လိုက်ပြီးနောက် လှုပ်ရှားလိုက်ရာ ပြိုင်ပွဲ စင်မြင့်ပေါ်တွင် ပေါ်လာလေသည်။ ထို့နောက် သူနှင့် လျှူရွှယ်ရှင်းတို့က တစ်ယောက်ကို တစ်ယောက် စူးစိုက် လေ့လာ အကဲခတ် နေကြလေသည်။

“ရဲချန်ဖန် ဘာလို့လဲတော့ မသိဘူး။ တကယ်တော့ ငါ အပြိုင်ချင်ဆုံးလူက မင်းပဲ။ မင်းနဲ့ငါ ဘယ်သူ ပိုအစွမ်းထက်လဲ ကြည့်ကြတာပေါ့”

လျှူရွှယ်ရှင်းက ဖုယုံရွှယ်ကို ရှုံးနိမ့်ခဲ့သည့် သိက္ခာကို ပြန်ဆယ်ရန် ရဲချန်ဖန်ကို အနိုင်ယူ ပြချင်နေလေသည်။ ထို့ကြောင့် သူ့ တိုက်ခိုက်စိတ်မှာ အလွန်ပြင်းထန် နေသည်။

“ကောင်းပြီလေ။ ဘယ်သူ ပိုစွမ်းလဲ ပြိုင်ကြတာပေါ့”

ရဲချန်ဖန်က ပြန်ပြုံး၍ ပြောလိုက် လေသည်။ သူက သူ့ကို ရန်လိုသည်မှ လွဲ၍ ကျန်လူများကို မာနနှင့် မဆက်ဆံတတ်ချေ။ လျှူရွှယ်ရှင်းသည် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လေသည်။

လျှူရွှယ်ရှင်းက တောဆင်ရိုင်း သားရဲဝိညာဉ်နှင့် ပေါင်းစပ်လိုက်ရာ တစ်ကိုယ်လုံးမှ သွေးကြောများပင် ထောင်လာလေသည်။ ပြင်းထန်လှသည့် အော်ရာက ရဲချန်ဖန်ကို လာရောက် ဖိနှိပ်လေသည်။

“အင်း၊ ဒီလျှူရွှယ်ရှင်းရဲ့ သားရဲ အစွမ်းက ပေါင်ကိုးသောင်းနားတောင် ကပ်နေပြီပဲ”

ဖိအားကို ခံစားရ၍ ရဲချန်ဖန်က လျှူရွှယ်ရှင်း အစွမ်းကို ခန့်မှန်း မိလိုက်လေသည်။ သူလည်း ဒီလို ပြိုင်ဘက်ကောင်းကို မျှော်လင့်နေသူ မဟုတ်ပါလော။

“ပြိုင်ပွဲ စတင်ပြီ”

အကြီးအကဲ လင်းဖန်က အချက်ပေး လိုက်သည်နှင့် ရဲချန်ဖန်နှင့် လျှူရွှယ်ရှင်းတို့သည် တစ်ပြိုင်နက် လှုပ်ရှားသွားပြီး ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံ သွားလေသည်။ သူတို့နှစ်ယောက် ရင်ဆိုင် တွေ့မိသွားချိန်တွင် လျှူရွှယ်ရှင်း ကိုယ်က တုန်ခါ သွားလေသည်။

သို့သော် သူတို့က နောက်ဆုတ်ခြင်း မရှိကြဘဲ အဆက်မပြတ် တိုက်ခိုက်နေရာ အစွမ်းထက်သော သားရဲ တိရစ္ဆာန်ကြီး နှစ်ကောင် အသက်လု တိုက်ပွဲ ဆင်နွှဲနေသလိုပင် အလွန်ပြင်းထန်လှပြီး ကျယ်လောင်သော အသံများ ထွက်ပေါ် နေလေသည်။

“ကောင်းလိုက်တဲ့ အစွမ်း”

အချိန် အနည်းငယ် တိုက်ခိုက် ပြီးသွားသော်အခါ လျှူရွှယ်ရှင်းက ရဲချန်ဖန်၏ ကြောက်မက်ဖွယ် အစွမ်းကို သိရှိ သွားလေသည်။ ရဲချန်ဖန်က သူ သာမန် အလွယ်တကူ အနိုင်ယူနိုင်သော ပြိုင်ဘက် မဟုတ်ပေ။

“ဘွန်း”

အကွက် တစ်ရာမြောက်တွင် ပြိုင်ပွဲ စင်မြင့်အောက်ခြေပင် အက်ရာများ ထင်လာလေပြီး စင်မြင့် တစ်ခုလုံး လှုပ်ခါလာသည်။ ကြည့်ရှုနေသော သူများပင် ထိတ်လန့် တုပ်လှုပ်လာသည်။

“ဒါ လူသားတွေရဲ့ အစွမ်းရော ဟုတ်လို့လား။ သားရဲ တိရစ္ဆာန်တွေတောင် ဒီလောက် မကြမ်းတမ်းနိုင်ဘူး”

“ရဲချန်ဖန် ရှင် ကျွန်မကို ယူပါလား”

“ရဲချန်ဖန် ရှင့်ကို ချစ်တယ်”

“ရဲချန်ဖန် ကြိုးစား။ ကျွန်မ ရှင့်အတွက် သားလေး မွေးပေးချင်လိုက်တာ”

လှပ ချောမောသော မိန်းမချောလေးများသည် ရဲချန်ဖန်ကို အော်ဟစ် အားပေး နေကြသည်။ မိန်းမချောလေးများက သူရဲကောင်းများကိုသာ နှစ်သက် သဘောကျသည် မဟုတ်ပါလော။

“ရဲချန်ဖန် ငါ ဒီအစွမ်း အထက်ဆုံး အကွက်ကို ကြည့်စမ်း”

“အဆုံးမဲ့သိုင်း”

လျှူရွှယ်ရှင်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါနေပြီး သူ့ အစွမ်းများ အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ဖျက်ဆီးခြင်း စွမ်းအားများ အပြည့်ပါသော လက်ဖဝါးကြီးသည် ရဲချန်ဖန်ကို တိုက်ခိုက် လာလေသည်။

“တိမ်ခွင်းလက်ဝါး”

လျှူရွှယ်ရှင်း လက်ဖဝါးတွင် အလွန်ပြင်းထန်သော အစွမ်းများ ပါဝင်နေရာ ရဲချန်ဖန်က မပေါ့ဆရဲပေ။ သူက တိမ်ခွင်း လက်ဝါးကို အသုံးပြုကာ ပြန်လည် တိုက်ခိုက် လိုက်သည်။

လက်ဖဝါးနှစ်ခု တွေ့ဆုံသွားချိန်တွင် ကောင်းကင်မြေကြီးပါ တုန်လှုပ်သွားပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုများ ပြီးဆုံးပြီး မြင်ကွင်း ရှင်းသွားသောအခါ တစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ ယိုင်လဲကာ မြေပေါ် လဲကျသွားပြီး ရှုံးနိမ့် သွားလေသည်။ လဲကျသွားသူကား ကောင်းကင် တန်ခိုးရှင် စာရင်းတွင် အဆင့်နှစ် ဖြစ်သူ လျှူရွှယ်ရှင်းပင်။
အခန်း (၁၂၀) ပြီး၏။ (၁၂၁) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset