******
စာစဉ် (၈)
အခန်း (၁၁၉)
မင်းတို့က ညံ့တာကိုး
“ယား”
အစိမ်းရောင် သိမ်းငှက်သားရဲ ဝိညာဉ်ကြီးက ရှန်းဂွန်းယုတုံ နောက်တွင် ထွက်ပေါ်လာပြီး ရှန်းတုကောင်း နောက်တွင်မူ ကြီးမားလှသည့် လူဝံကြီး ထွက်ပေါ် လာလေသည်။ ရှန်းဂွန်းယုတုံက အော်ဟစ် မာန်သွင်း အဆင့်မြင့် ဝိညာဉ်အဆင့် ဓားကို ကိုင်ဆွဲကာ ရဲချန်ဖန် ရင်ဘတ်ကို ထိုးသွင်း လိုက်လေသည်။
“ဓားက အရမ်းမြန်တာပဲ။ အစ်ကိုတော် ရှန်းဂွန်းယုတုံ ဓားမြန်ဓား ဘွဲ့နဲ့ တကယ်ကို လိုက်ဖက် ပါပေတယ်”
“ဆယ်နှစ်မျိုး လှံသိုင်း”
ရှန်းဂွန်းယုတုံက ဓားဖြင့် ရဲချန်ဖန်ကို ထိုးလိုက်စဉ် ရှန်းတုကောင်းကလည်း ရပ်ကြည့် မနေဘဲ အဆင့်မြင့် ဝိညာဉ်အဆင့် လှံဖြင့် တိုက်ခိုက် လိုက်သည်။ လှံက မြွေတစ်ကောင် အလား ရဲချန်ဖန်ဆီသို့ တိုးဝင်သွားပြီး ရဲချန်ဖန် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ တစ်ပြိုင်နက် တိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ရဲချန်ဖန် ပြာယာခတ်သွားခြင်း မရှိပေ။
သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး ရှန်းဂွန်းယုတုံ၏ လျင်မြန်လှသော ဓားကို ရှောင်တိမ်းရန် လုပ်လိုက်သည်။ သို့သော် ဓားက ရဲချန်ဖန် ကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
“ဟား”
ရဲချန်ဖန် ကိုယ်ကို ဓားက ထိုးဖောက် ဝင်ရောက်သွားစဉ် ရှန်းတုကောင်း၏ လှံအလင်းရောင်က ကောင်းကင်ပေါ်မှ ကျဆင်းကာ ရဲချန်ဖန် ကိုယ်ကို ဖျက်ဆီး ပစ်လိုက်လေသည်။
“ငါ နိုင်သွားပြီလား”
ရဲချန်ဖန် ကိုယ်ကို သူတို့ ဓားချက်နှင့် လှံအလင်းတန်း ထိမှန်သွားသဖြင့် ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုတုံ မျက်နှာတွင် အလွန်အံ့ဩသော အမူအရာ ထွက်ပေါ် လာလေသည်။ သူတို့ အဲလောက် လွယ်လွယ်နှင့် ရဲချန်ဖန်ကို အနိုင်ရ သွားသည်လား။
“မဟုတ်ဘူး။ အဲဒါ ရဲချန်ဖန်ရဲ့ အရိပ်ပဲ”
ရုတ်တရက်ပင် ရှန်းဂွန်းယုတုံက သူ့နောက်ကျောတွင် အန္တရာယ် ရှိနေသည်ဟု ခံစားလိုက်ရပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
ရှန်းဂွန်းယုတုံ လှုပ်ရှားမှုကလည်း အလွန် လျင်မြန်လှသည်။ သို့သော် ရဲချန်ဖန်က ပိုမို လျင်မြန်နေရာ ပေါင်တစ်သိန်းကျော်သော ညာလက်သီးက ရှန်းဂွန်းယုတုံ ပခုံးကို ထိမှန် သွားလေသည်။ ပြင်းထန် လှသော ရဲချန်ဖန် စွမ်းအားက ရှန်းဂွန်းယုတုံ၏ ဝိညာဉ် စွမ်းအားများကို ချေဖျက်လိုက်ပြီး ရှန်းဂွန်းယုတုံက ကြမ်းပြင်နှင့် ပြင်းထန်စွာ စောင့်မိ သွားလေသည်။ ထို့နောက် ခွေခွေလေး လဲကျ သွားလေသည်။
“ဘာကြီးလဲ။ အစ်ကိုတော်ရဲက ဘယ်လိုလုပ် လိုက်တာလဲ။ သူက ဒီလောက်မြန်တဲ့ ဓားကို ရှောင်ပြီး အစ်ကိုတော် ရှန်းဂွန်းယုတုံ နောက်က ပေါ်လာပြီး တိုက်ခိုက်လိုက်နိုင်တယ် ဟုတ်လား”
“လူမိုက် အစ်ကိုတော်ရဲက သူ့ ပြိုင်ဘက် နှစ်ယောက်ကို တစ်ပြိုင်နက် စိန်ခေါ်ရဲတယ် ဆိုမှတော့ သူ့မှာ နိုင်မယ်လို့ ယုံကြည်ချက် ရှိလို့ပေါ့။ မင်း ကြည့်လိုက်စမ်း။ အစ်ကိုတော်ရဲက ခုချိန်ထိ ဘာ လက်နက်မှ မသုံးသေးဘူး”
ပိန်ပိန်ပါးပါး လူငယ်လေးက ဖြစ်စဉ် အစအဆုံးကို ရှင်းပြလိုက်ပြီး ရဲချန်ဖန်က အလွန် ထူးခြား ဆန်းကြယ်သော အစွမ်းရှိကြောင်း အာပေါင်အာရင်း သန်သန် ပြောဆို နေလေသည်။
“ဆယ်နှစ်မျိုး လှံတံ၊ လှံမြစ်”
အော်သံနှင့် ရှန်းတုကောင်း လှံအလင်းတန်းများသည် မြစ်တစ်စင်းအလား ရဲချန်ဖန်ဆီ တိုးဝင် လာလေသည်။ ရှန်းဂွန်းယုတုံက ပြင်းထန်စွာ နာကျင် သွားသော်လည်း ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးရာ နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးများကို သုတ်ကာ လျင်မြန်စွာ ထလိုက်ပြီး သူ၏ အလျင်အမြန်ဆုံး ဓားသိုင်းကို ထုတ်သုံး လိုက်သည်။
ရဲချန်ဖန်က သူ့ဆီ တိုးဝင်လာသော လှံအလင်းတန်းများ ကြည့်ပြီး သူ့ကိုယ်က အနည်းငယ် လှုပ်ရှား လိုက်သည်။ လှံ အလင်းတန်းနှင့် လျှပ်စီးပမာ ဝင်ရောက်လာသည့် ဓားအလင်းရောင်က ရဲချန်ဖန် ကိုယ်ကို ထိမှန်ခါနီးတွင် အရိပ်မဲ့ သိုင်းကိုအသုံးပြုလိုက်ရာ ရဲချန်ဖန်က ဓားရော လှံချက်ပါ ရှောင်တိမ်းပြီး ဖြစ်သွားလေသည်။
“ဘာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့၏ လျင်မြန်လှသည့် တိုက်ကွက်များကို မယုံနိုင်စရာ အရှိန်ဖြင့် ရှောင်တိမ်း လိုက်သဖြင့် ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုတုံက သရဲတစ္ဆေ မြင်လိုက် ရသည့်နှယ် အလွန် ထိတ်လန့် သွားလေသည်။ ရဲချန်ဖန်က ရှန်းဂွန်းယုတုံတို့ကို ထပ်မံ တိုက်ခိုက်ခွင့် မပေးတော့ဘဲ ပေါင်တစ်သိန်းကျော် အစွမ်းပါသော လက်သီးချက်များဖြင့် ရှန်းဂွန်းယုတုံတို့ ရင်ဘတ်တွေကို ထိုးချ လိုက်လေသည်။ ရှန်းဂွန်းယုတုံတို့ နှစ်ယောက်သားက ချက်ချင်းပင် ဝိညာဉ်စွမ်းအားများ စုစည်းကာ ခုခံ လိုက်သော်လည်း ရဲချန်ဖန် လက်သီးကို ခုခံနိုင်စွမ်း မရှိပေ။
“ကျစ်ကျိ”
အသံနှစ်ခု ထွက်ပေါ် လာလေသည်။ ရှန်းတုကောင်းနှင့် ရှန်းဂွန်းယုတုံတို့၏ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်း နိုင်တော့ဘဲ ပြိုင်ပွဲ စင်မြင့်ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွား လေသည်။
“မင်း၊ မင်း ဘယ်လို လုပ်လိုက်တာလဲ”
ရှန်းဂွန်းယုတုံ မျက်လုံးထဲတွင် မယုံနိုင်မှုက အတိုင်းသား ဖြစ်ပေါ်နေပြီး ရဲချန်ဖန်က သူတို့၏ လျင်မြန်လှသည့် တိုက်ကွက်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် ပြန်လည် တိုက်ခိုက် လိုက်သောကြောင့် သူတို့ ယုံကြည်မှုမှာ လုံးဝ ပျက်စီး သွားလေသည်။
“မင်းတို့ တိုက်တာ အရမ်းနှေးတာကိုး”
ရဲချန်ဖန် နှုတ်ခမ်းများက ကွေးသွားပြီး ခပ်ပေါ့ပေါ့လေး ပြန်ပြောလိုက်လေသည်။
“ရဲချန်ဖန်၊ မင်း အရမ်းမောက်မာ မနေနဲ့။ နိုင်မှာက ငါတို့ကွ”
ရှန်းတုကောင်းက ရဲချန်ဖန် ဘဝင် လေဟပ်ကာ ပေါ့ဆလာစေရန် ပရိယာယ်ဖြင့် ပြောလိုက်လေသည်။ ရဲချန်ဖန်က အလွန် ထူးခြားနေရာ သူတို့ ခန့်မှန်းလို့ မရနိုင်ပေ။ သူ့တွင် နောက်ဆုံး အကွက်ကို ထုတ်သုံးမှ ရပေလိမ့်မည်။ မဟုတ်ပါက သူနှင့် ရှန်းဂွန်းယုတုံတို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
“လူဝံကြီး”
ရှန်းတုကောင်းက သွေးများကို လှုံ့ဆော်လိုက်ပြီး ဝိညာဉ်သားရဲ လူဝံကြီး၏ သဘာဝ စွမ်းအားဖြစ်သော ပြင်းထန် ရက်စက်သော ကြမ်းကြုတ်အား ထုတ်ဖော် လိုက်လေသည်။ ထိုကြောင့် ကြောက်မက်ဖွယ် ကြမ်းကြုတ်အားက ရှန်းတုကောင်း ကိုယ်မှ ထွက်ပေါ် လာလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရှန်းတုကောင်းသည် မြေကမ္ဘာ သားရဲစစ်သူကြီး တတိယ အဆင့်မှ မြေကမ္ဘာ သားရဲစတုတ္ထ အဆင့်နီးပါး အော်ရာများ ထွက်ပေါ် လာလေသည်။
“လူဝံ သဘာဝ စွမ်းအားက ကြောက်ဖို့ ကောင်းလိုက်တာ”
ပြင်းထန်လှသော ဒေါသ ကြမ်းကြုတ် စွမ်းအားကို ခံစားမိပြီး အကြီးအကဲ လင်းဖန်က ချီးကျူး လိုက်လေသည်။
“ရှန်းတုကောင်းက တော်တော် အစွမ်းထက်တာပဲ။ ကံမကောင်းတာက သူ့ ပြိုင်ဘက် ရဲချန်ဖန်က သူ့ထက် ပိုအစွမ်းထက် နေတာပဲ။ ဒီပြိုင်ပွဲက ရဲချန်ဖန် နိုင်နေပြီလို့ ပြောလို့ ရတယ်” ချင်တောင်ပိုင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
“ဟုတ်တယ်။ ရဲချန်ဖန်က ဓားပညာမှာ အစွမ်းအထက်ဆုံးပဲ။ လက်သီး မဟုတ်ဘူး။ သူက အံ့ဩဖွယ် ကောင်းတဲ့ ဓားအင်အားကိုတောင် နားလည် တတ်ကျွမ်းနေပြီးပြီ။ ကြည့်ရမှာက ရှန်းတုကောင်းနဲ့ ရှန်းဂွန်းယုတုံက ရဲချန်ဖန် ဓားကို ထုတ်အောင် လုပ်နိုင်မလားပဲ”
အကြီးအကဲ လျှူက ချင်တောင်ပိုင်ကို ထောက်ခံ လိုက်လေသည်။
“ဆယ်နှစ်မျိုး လှံသိုင်း”
ရှန်းတုကောင်းက သူ၏ ကြမ်းကြုတ်အားကို အသုံးပြုလျက် အော်ဟစ် မာန်သွင်းကာ လှံရှည်ဖြင့် ရဲချန်ဖန်ကို ထိုးနှက် တိုက်ခိုက်လိုက်သည်။ လှံအလင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် အချိန်အတန်ကြာ လှံရာများ ကျန်ရစ် နေလေသည်။
ရဲချန်ဖန်က ရှန်းတုကောင်း၏ ကြောက်မက်ဖွယ် လှံစွမ်းအားကို ခံစားမိပြီး ပေါင်တစ်သိန်းကျော် စွမ်းအားကို ဖြည့်လိုက်ပြီး ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ အစွမ်းကိုပါ သူ့ လက်ချောင်းများထဲ ထည့်သွင်းကာ လှံတံကို ထိုးလိုက် လေသည်။
“ဟား”
ရဲချန်ဖန် လက်ညှိုးက ရှန်းတုကောင်း လှံတံထိပ်နှင့် ရင်ဆိုင် ထိမိသွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ် လာလေသည်။ ဆယ်နှစ်မျိုး လှံသိုင်း၏ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်သုံး လိုက်သော်လည်း ရဲချန်ဖန်က ပေါင်တစ်သိန်းကျော် စွမ်းအားနှင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေစွမ်းအားက ပိုမို အစွမ်းထက်နေရာ ပြင်းထန်သော တန်ပြန်အားက ရှန်းတုကောင်း လှံတံမှတစ်ဆင့် ရှန်းတုကောင်း ကိုယ်ထဲ ဝင်သွားရာ ရှန်းတုကောင်း လက်မောင်းမှာ ကျိုးကြေသွားပြီး သွေးများ ထွက်ပေါ် လာလေသည်။
“လဝက်ဓား”
ရဲချန်ဖန်က ရှန်းတုကောင်း လှံကို လက်ညှိုးဖြင့် ပြန်လည် တိုက်ခိုက်နေစဉ် ရှန်းဂွန်းယုတုံကို တိုက်ခိုက်ရန် အခွင့်အရေး ပေးထားသလို ဖြစ်နေရာ ရှန်းဂွန်းယုတုံက ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ရှန်းဂွန်းယုတုံက သူ၏ အစွမ်းအထက်ဆုံး သတ်ဖြတ်ကွက်ကို ထုတ်သုံး လိုက်သည်။ လဝက်ဓား အလင်းက ကောင်းကင်ပေါ်မှ ကျဆင်း လာသလိုနဲ့ ရဲချန်ဖန်ကို ထိမှန်သွားသည်။
“ယား” ရဲချန်ဖန် ကိုယ်က အနည်းငယ် တုန်ခါ သွားလေသည်။ ချက်ချင်းပင် ရဲချန်ဖန် ကိုယ်က လှုပ်ရှားသွားပြီး ကျန်လဝက်ဓား အလင်းများကို ရှောင်တိမ်း လိုက်သည်။
“ခုက ငါ တိုက်မယ့် အလှည့်ပဲ။ သတိထားပေတော့”
ရဲချန်ဖန် နှုတ်ခမ်းများ ကွေးအောင် ပြုံးလိုက်ပြီး မျက်နှာပျက်နေသော ရှန်းဂွန်းယုတုံတို့ နှစ်ယောက်ကို ကြည့်တိုက်ခိုက် လိုက်သည်။
ရှန်းတုကောင်းက ကြမ်းကြုတ်အားကို ပိုမို ပြင်းထန်အောင် တိုက်ခိုက်လိုက်ပြီး ရှန်းဂွန်းယုတုံကလည်း သူ့ဓားကို ပိုမို လျင်မြန်အောင် တိုက်ခိုက် နေသော်လည်း ရဲချန်ဖန်မှာ ခန့်မှန်းလို့ လုံးဝ မရရာ တဖြည်းဖြည်းနှင့် ရှန်းဂွန်းယုတုံတို့ တိုက်ခိုက်မှုက ပိုမို၍ အားပျော့ လာလေသည်။
ဆယ်ငါးမိနစ်ခန့် ကြာသောအခါ ရှန်းဂွန်းယုတုံတို့ ကိုယ်ပေါ်ရှိ အဝတ်အစားများသည် သွေးများစွာ ပေကျံနေပြီး တဖြည်းဖြည်း အားများ လျော့နည်း လာသည်။ ထို့ထက် ဆိုးသည်မှာ သူတို့၏ တာအိုနှလုံးသားက ပျက်စီးသွားပြီ ဖြစ်သည်။ ရဲချန်ဖန်က သူတို့ဘဝ တစ်လျှောက်လုံး သရဲတစ္ဆေပမာ ခြောက်လှန့် နေပေတော့မည်။
“မင်းတို့ နှစ်ယောက်က အရမ်းညံ့တာပဲ”
ရဲချန်ဖန်က စိတ်ပျက်လက်ပျက်ပုံ ခေါင်းခါ လိုက်ပြီး ဆက်ကစားရန် စိတ်မဝင်စားပုံဖြင့် သူ့အစွမ်းကို ရုတ်တရက် တိုးလိုက်ကာ ရှန်းဂွန်းယုတုံတို့ ရင်ဘတ်ကို ထိုးချ လိုက်လေသည်။
“အား”
ရှန်းဂွန်းယုတုံ တို့သည် သွေးများက တစ်ပြိုင်နက်ပင် ထွက်ပေါ်လာပြီး လေပေါ် အရုပ်ကြိုးပြတ် လွင့်စဉ်သွားပြီး ပြိုင်ပွဲ စင်မြင့်ပေါ်မှ ကျကာ မြေပေါ်မှ မထနိုင်တော့ချေ။ ထိုနောက် မေ့လဲ သွားကြလေသည်။
အခန်း (၁၁၉) ပြီး၏။ (၁၂၀) မျှော်