စာစဉ် (၈)
အခန်း (၁၁၇)
ရောက်လာပြီ
“ဘယ်လောက်တောင် မြန်လိုက်တဲ့ မြန်နှုန်းလဲ…”
ချင်တောင်ပိုင် စကားပင် မဆုံးလိုက်ဘဲ လျင်မြန်လှသည့် လေတိုးနှုန်းနှင့် သူတို့ထံ ဦးတည် လာနေသည့် လူတစ်ယောက်ကို တွေ့လိုက် ရလေသည်။ ထိုလူဖြတ်သန်းရာ တစ်လျှောက် အရိပ်များနှင့်အတူ ပြိုင်ကွင်းတစ်ခုလုံး ကြားရလောက်သည့် အသံ ဖြစ်ပေါ်လာရာ ရှန်းဂွန်းချီသည် သွေးများပင် တုန်လှုပ်သွားပြီး ထိတ်လန့်ကာ နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရလေသည်။ ပြိုင်ပွဲ စတင်ချိန်ကို စောင့်နေသော လျှူရွှယ်ရှင်းက ရဲချန်ဖန်ကို တစ်ချက်ကြည့်လိုက်ရာ အေးဆေး တည်ငြိမ်ပြီး အန္တရာယ် အငွေ့အသက်များကို ရဲချန်ဖန်ဆီမှ ခံစားလိုက်ရလေသည်။ မာနကြီးလှသည့် ဖုယုရွှယ်ပင် ရဲချန်ဖန်ကို တစ်ကြိမ်မက ကြည့်နေလေသည်။
“ရဲချန်ဖန် ငါ မင်းကံကောင်းတာကို တကယ် အားကျမိတယ်။ မင်းက တကယ်ကို နောက်ဆုံး အချိန်လေးမှ ကပ်ပြီး ရောက်လာနိုင်တာပဲ။ ဒါပေမဲ့ မင်းအချိန်မီ ပြန်ရောက်ပေမဲ့ ထိပ်ဆုံး သုံးယောက် စာရင်းဝင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါနဲ့ တွေ့နေလို့ပဲ။ မင်းက အရှုံးသမားပဲ”
ရဲချန်ဖန် အဆင့်ကို ရှန်းဂွန်းချီက ခံစားသိရှိနိုင်ခြင်း မရှိတော့ရာ သူက လှံရှည်ဖြင့် ရဲချန်ဖန်ကို ချိန်လိုက်ပြီး ရန်စစိန်ခေါ်လိုက်သည်။
“ငကြောင်…”
ရဲချန်ဖန်က သူ့ကို လှံရှည်ဖြင့်ချိန်ကာ ရန်စနေသော ရှန်းဂွန်းချီ စကားကြောင့် ဒေါသထွက်ခြင်း အလျှင်းမရှိဘဲ ပြောလိုက်လေသည်။
“ပြိုင်ပွဲ စတင်ပြီ”
အကြီးအကဲ လင်းဖန်က ကြေညာလိုက်သည်နှင့် ရှန်းဂွန်းချီဆီမှ ဝိညာဉ်သားရဲ ကြံ့ကြီး ထွက်ပေါ် လာလေသည်။
“ရစ်ပတ်မြွေ…”
ထို့နောက် ရှန်းဂွန်းချီက ညာခြေကို ရှေ့တစ်လှမ်း တက်လိုက်ပြီး လှံတံထဲသို့ ဝိညာဉ်စွမ်းအင် များကို ထည့်သွင်းကာ တိုက်ခိုက်လိုက်သည်။ စူးရှသော အလင်းတန်းနှင့်အတူ မြွေပုံသဏ္ဌာန် ထွက်ပေါ်လာပြီး ထိုမြွေအလင်းတန်းက ရဲချန်ဖန် ရင်ဘတ်ဆီသို့ တိုးဝင်သွားလေသည်။ ထိုအကွက်သည် လျှပ်တစ်ပြက် အကောက်ကြံ တိုက်ခိုက်မှုမျိုး ဖြစ်သဖြင့် အဆင့်တူများ မဆိုထားနှင့် သတိမထားပါက ရှန်းဂွန်းချီထက် တန်ခိုး အဆင့်မြင့်သူများပင် ဒုက္ခလှလှ တွေ့သွားနိုင်သည်။
“မြွေသဏ္ဌာန် ဆင့်ခေါ်ခြင်း။ အစ်ကိုကြီး ရှန်းဂွန်းချီက တကယ်ကိုပဲ အဆင့်မြင့် ဝိညာဉ်အဆင့် ဝိညာဉ်သိုင်းကို အောင်မြင်ထားတာပဲ။ သူက ကောင်းကင် တန်ခိုးရှင်စာရင်း နံပါတ်ခြောက် ပီသပါပေတယ်”
ရှန်းဂွန်းချီ တိုက်ခိုက် လိုက်သော်လည်း ရဲချန်ဖန်က လှုပ်ရှားခြင်း မရှိသေးပေ။ သို့သော် မြွေ အလင်းတန်းက ရဲချန်ဖန် ရင်ဘတ်ကို ထိုးဖောက်ခါနီးတွင် ရဲချန်ဖန် လက်ညှိုးများက မြင့်တက်လာပြီး မြွေအလင်းတန်းကို တောက်ထိလိုက်လေသည်။
“ချီ…”
လှံမြွေအလင်းတန်းသည် ရဲချန်ဖန် လက်ညှိုးနှင့် ထိလိုက်သည်နှင့် ပေါင်တစ်သိန်းကျော် စွမ်းအား ထိတွေ့မှုကြောင့် လှံမှာ ရပ်တန့်သွားလေသည်။ လှံမှ ထွက်ပေါ်လာသည့် တန်ပြန်အားကြောင့် ရှန်းဂွန်းချီ လှံကိုပင် ဆက်မကိုင်နိုင် လောက်အောင် လက်မောင်းများ ထုံကျင်သွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ပရိသတ်ထဲတွင် အံ့သြသံများ တရစပ် ထွက်ပေါ်လာလေသည်။
“အရမ်း အစွမ်းထက်တာပဲ။ ဒီရဲချန်ဖန်က ကောလာဟလအတိုင်း တကယ်ကိုပဲ အစွမ်းထက် ပါပေတယ်”
“သူက ရစ်ပတ်မြွေသိုင်းကို လက်ညှိုးလေးနဲ့ ချေဖျက်လိုက်တယ် ဟုတ်လား။ အဲဒါ လူတွေ လုပ်နိုင်တာရော ဟုတ်ရဲ့လား”
ရဲချန်ဖန် အစွမ်းကြောင့် အကုန်လုံးက အံ့သြ တုန်လှုပ်နေစဉ် ရဲချန်ဖန်ဆီမှ ပြင်းထန်လှသော အစွမ်းက ထွက်ပေါ်လာပြီး ရှန်းဂွန်းချီကို ထိုးလိုက်လေသည်။
“ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာ…”
ရဲချန်ဖန်၏ ကြောက်မက်ဖွယ် လက်သီးကြောင့် ရှန်းဂွန်းချီက အလျင်အမြန် ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာကို စုစည်းလိုက်ပြီး ခုခံလိုက်သည်။
“ဘုန်း..”
ပေါင်တစ်သိန်းကျော် အားဖြင့် ထိုးလိုက်သောကြောင့် လှံရှည်ရော ဝိညာဉ်သားရဲ ချပ်ဝတ် တန်ဆာပါ ရှိနေသော်လည်း ရှန်းဂွန်းချီ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။ ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲပျက်သွားပြီး ရှန်းဂွန်းချီ ပြိုင်ပွဲစင်မြင့်ပေါ်မှ လွင့်စဉ်သွားလေသည်။
“အရမ်း အစွမ်းထက်တာပဲ။ အရမ်းအရမ်းကို အစွမ်းထက်တာပဲ။ ကောင်းကင် တန်ခိုးရှင်စာရင်း နံပါတ်ခြောက်ကိုတောင် လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်”
ပရိသတ်က ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ် အဟောင်းသားပင် ဖြစ်နေလေသည်။ သူတို့က ဒီလို ဖြစ်လာမည်ဟု တစ်ခါမှ မတွေးထားဖူးချေ။
“ရဲချန်ဖန် မင်းတော်သားပဲ။ မင်း ရှန်းတုကောင်းကို မရှုံးစေဖို့ မျှော်လင့်တယ်။ ဒါမှ ငါနဲ့ပြိုင်ဖို့ မင်းမှာ အခွင့်အရေးရှိမှာ”
သူမ ပြိုင်ဘက်ကို အစွမ်းထက်စွာ အသာစီးဖြင့် အနိုင်ယူပြီးနောက် ဖုယုရွှယ်က ရဲချန်ဖန်ကို ကြည့်ပြီး ယှဉ်ပြိုင် တိုက်ခိုက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာပြီး အသံလှိုင်း ပို့လွှတ်ကာ ရဲချန်ဖန်ကို စကားပြော လိုက်လေသည်။
“မင်းဆန္ဒ ပြည့်စေရမယ်”
ရဲချန်ဖန်က ဖုယုရွှယ်ကို တိုက်ခိုက်လိုစိတ်ဖြင့် ပြန်ကြည့် လိုက်လေသည်။ သို့သော် သူ့မျက်လုံးထဲတွင် ယှဉ်ပြိုင်လိုစိတ် သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန်က အသံလှိုင်း ပို့လွှတ်ကာ ပြန်ပြောလိုက်ခြင်းပင်။ ထို့နောက် ပြိုင်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဖုယုရွှယ်က ရဲချန်ဖန် နောက်ကျောကို ကြည့်လိုက်ပြီး သူမ၏ လှပ ချောမွေ့လှသော မျက်နှာလေးတွင် အပြုံးလေးတစ်ပွင့် ဖြစ်ပေါ် လာလေသည်။
“ကောင်းတယ်။ သိပ်ကောင်းတယ်။ ကြည့်ရတာ ရဲချန်ဖန်က ကံကောင်းခြင်းတွေနဲ့ တွေ့ကြုံလာတာ ဖြစ်မယ်။ သူက တကယ် ကံကောင်းတဲ့ကောင်ပဲ”
ချင်တောင်ပိုင်က ရဲချန်ဖန် အစွမ်းကိုကြည့်ပြီး အလွန်အားရ ကျေနပ်နေလေသည်။
“ဒုတိယအဆင့်က ပြီးပြီ။ တတိယအဆင့် စပြိုင်မယ်”
ရလဒ်ကတော့ အလွန် ထင်ရှားနေသည်။ ရှန်းတုကောင်း တစ်ယောက်လည်း သူ့ပြိုင်ဘက် များကို ပြတ်ပြတ်သားသား အနိုင်ယူ နေလေသည်။
“အစ်မတော် ဖုယုရွှယ် စင်မြင့်ပေါ် ရောက်နေပြီ။ နောက်ဆုံးတော့ သူမ တိုက်ခိုက်တာ မြင်ရတော့မယ်”
“ငါကြားထားတာ ဆုနဲ့တာဝန်ဌာနက အခက်အခဲဆုံး တာဝန်ကို အစ်မတော် ဖုယုရွှယ်က အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့တယ်တဲ့။ တောင်နက်ဂိုဏ်းက မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် တန်ခိုးရှင် သုံးယောက်ကို သတ်ပစ်လိုက် နိုင်တယ်တဲ့”
“စတုတ္ထအဆင့် စမယ်”
အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် အလွန်လှသော ကိုယ်လုံး ကိုယ်ပေါက်ပိုင်ရှင် ဖုယုရွှယ်သည် တစ်ချက် လှုပ်ရှားလိုက်ရာ ဆယ်မီတာကျော် အကွာအဝေးတွင် ရှိသော ပြိုင်ပွဲ စင်မြင့်ပေါ်သို့ ရောက်ရှိသွား သည်။
“အဲဒါ သူမပဲ။ သူမက ဖုယုရွှယ်ပေါ့”
လေးစားအားကျသော အသံများ ကြားပြီးနောက် ရဲချန်ဖန် နောက်ဆုံးတွင် သူ ဆွဲအား ဂူနန်းထဲတွင် တွေ့ဆုံခဲ့သော မိန်းမချောလေး ဘယ်သူလဲဆိုတာ သိရှိသွားသည်။
“ကျွန်… ကျွန်တော် အရှုံးပေးပါတယ်”
လူအုပ်ကြီးက ဖုယုရွှယ် တိုက်ခိုက်မှုကို စောင့်မျှော် နေကြသော်လည်း ဖုယုရွှယ် ပြိုင်ဘက် ဂိုဏ်းသားမှာ သူမ၏ ပြင်းထန်လှသည့် အော်ရာဖိအားကို မခံနိုင်ဘဲ ချက်ချင်းပင် အရှုံးပေး လိုက်လေသည်။
ဖုယုရွှယ်က မျက်နှာဖြူဖျော့ကာ ချွေးစေးများ ထွက်နေသည့် သူမပြိုင်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ခါလိုက်ပြီးနောက် စင်မြင့်ပေါ်မှ ခုန်ဆင်း လိုက်လေသည်။ ထို့နောက် နဂို သူမ ထိုင်နေသည့် နေရာကို ပြန်လိုက်ပြီး မျက်လုံးများ ပိတ်ကာ အနားယူ နေလေသည်။
ပြင်းထန်သည့် ပြိုင်ဆိုင် တိုက်ခိုက်မှုများက ဆက်လက် ဖြစ်ပေါ်နေပြီး မနက်ပိုင်း ရှုံးထွက်အဆင့် ပြိုင်ပွဲများက အလျင်အမြန်ပင် ပြီးဆုံးသွားလေသည်။ မနက်ပိုင်း အဆင့်ပြိုင်ပွဲများ ပြီးဆုံးပြီးနောက် ပြိုင်ပွဲဝင် ဆယ့်ငါးဦး ဖယ်ထုတ် ခံလိုက်ရပြီး ကျန်ပြိုင်ပွဲဝင် ဆယ့်ငါးဦးက ညနေပိုင်း ပွဲအတွက် အနားယူ နေကြလေသည်။
ထိပ်သီး သုံးဦးဖြစ်သော ဖုယုရွှယ်၊ လျှူရွှယ်ရှင်းနှင့် ရှန်းတုကောင်းတို့က အလွန် အစွမ်းထက်နေရာ သူတို့က ညနေပိုင်းမှ ယှဉ်ပြိုင်ရန် ကျန်ပြိုင်ပွဲဝင်များ တောင်းဆိုမှုဖြင့် ချင်တောင်ပိုင် အတည်ပြုပေး လိုက်သည်။ မဲခွဲမှုများ ပြီးနောက် ရဲချန်ဖန်အတွက် ဒုတိယ ယှဉ်ပြိုင်ဘက်မှာ ဆယ်ကျော်သက် အရွယ် လင်တုံ ဖြစ်သည်။ သူက မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ သူက တုတ်သိုင်းကို လေ့ကျင့်သူဖြစ်ပြီး ကောင်းကင်တန်ခိုးရှင် စာရင်းအဆင့် ဆယ့်သုံးနေရာတွင် ရှိနေသူဖြစ်သည်။
“ချန်ဖန် ရှင်လုပ်နိုင်ပါတယ်”
လင်းခီဆုက ရဲချန်ဖန်ထံ လျှောက်လာကာ သူမ၏ ချိုသာနူးညံ့သော အသံလေးနှင့် အားပေးလိုက် လေသည်။
“မင်းလည်း အတူတူပါပဲ”
ရဲချန်ဖန်က လင်းခီဆုကို အပြုံးနှင့် တုံ့ပြန်လိုက်ပြီးနောက် လှုပ်ရှားသွားရာ အရိပ်များနှင့် လင်းတုံ မျက်နှာချင်းဆိုင်တွင် ပေါ်လာပြီး ပြိုင်ဆိုင်ရန် အချက်ပေးသံကို စောင့်နေလိုက်သည်