Switch Mode

Chapter – 116

ပြိုင်ပွဲစတင်ပြီ

အခန်း (၁၁၆)
ပြိုင်ပွဲ စတင်ပြီ

မနက် အရုဏ်ဦး အချိန်တွင် သာယာနာပျော်ဖွယ် ခေါင်းလောင်းသံသည် ခရမ်းရောင် တောင်တန်း တစ်လျှောက်တွင် ပျံ့လွင့်နေသည်။ များသောအားဖြင့် တိတ်ဆိတ်ငြိမ်သက် အေးချမ်း နေသော ကောင်းကင်မီး ဂိုဏ်းသည် နှစ်ကုန် အရည်အချင်းစစ် ပွဲကြောင့် သက်ဝင် လှုပ်ရှားနေပြီး စိတ်လှုပ်ရှားစရာ ကောင်းချိန် ဖြစ်သည်။ ဂိုဏ်းတာဝန်ကြောင့် ဒေသအနှံ့ အပြင်ရောက်နေသော ဂိုဏ်းသားများသည်လည်း ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။ ပြိုင်ပွဲကို အားပေးရန် နေရာကောင်း ရရှိရန် အစာကြီးထဲကပင် ကြိုတင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ သုံးနှစ်မှတစ်ကြိမ် ကျင်းပသော ကောင်းကင်မီးဂိုဏ်း တန်ခိုးရှင် ပြိုင်ပွဲသည် မကြာခင် စတင်တော့မည် ဖြစ်သည်။

ပြိုင်ဆိုင်မှု ပြင်းထန်၍ အစွမ်းထက်သော ပါရမီရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင် တန်ခိုးရှင် စာရင်းထိပ်ဆုံး အယောက်သုံးဆယ်သာ ပါဝင်ခွင့်ပြုရန် မဟာ ကောင်းကင်မီး ဂိုဏ်းက စည်းမျဉ်းများ ချမှတ်ထားလေသည်။

“ဒါ ငါ့အတွက် အခွင့်အရေးပဲ။ ငါ ထိပ်ဆုံး သုံးယောက်ထဲ ပါအောင်လုပ်ရမယ်။ ဒါမှ လျှို့ဝှက် ဝိညာဉ်ဘုံကို သွားပြီး အခွင့်အရေး ရှာခွင့်ရမှာ။ ဒါမှပဲ ဒီဖြစ်နေသမျှ အရာအားလုံး ပြီးသွားလိမ့်မယ်”

ရှန်းတုကောင်းလည်း ရောက်ရှိနေပြီဖြစ်သည်။ သူ့မျက်နှာသည် ညိုမှောင်နေကာ စိတ်မကြည်သာ ပုံက ပေါ်နေလေသည်။ ရှန်းတုကလန် တစ်ခုလုံးနှင့် ဇီကျင်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အရာများကို ကြားပြီးနောက် ရှန်းတုကောင်းပုံမှာ ပြောင်းလဲသွားသလိုပင်။ သူသည် ပိုလျှို့ဝှက်လာသလို ကြောက်မက်ဖွယ် ကောင်းလာလေသည်။ သူတို့ ရှန်းတုကလန်မှ လူများသည် ထိပ်ဆုံး သုံးယောက်ထဲ မဝင်ဘဲ မဟာကောင်းကင် မီးဂိုဏ်းသာ ဝင်ခွင့်မရှိပါက သူတို့ ကောင်းကင်မီး ဂိုဏ်းတွင် ဆက်လက် ရပ်တည်ရန် အလွန်ခက်ခဲ ပေလိမ့်မည်။

သူတို့ကလန်သည် မျိုးဖြုတ် သတ်ဖြတ်ခြင်း ခံလိုက်ရသဖြင့် ကလန်၏ ထောက့်ပံမှုကလည်း ဆုံးရှုံသွားပြီ ဖြစ်လေသည်။ ဒီကောင်းကင် မီးဂိုဏ်း တန်ခိုးရှင် ပြိုင်ပွဲသည်သာ သူ့အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ လူအုပ်သည် တဖြည်းဖြည်း ပို၍ ပြည့်နှက် လာလေသည်။ ရှန်းတုကောင်းသည် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူ့မျက်လုံးများက မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။

ကောင်းကင်မီး ဂိုဏ်းသားများက ဘယ်သူက ပိုတန်ခိုးကြီးသလဲ။ ပိုအားနည်းသလဲ။ ဆွေးနွေး နေကြချိန် ပြင်းထန်လှသော အော်ရာ ထွက်ပေါ်နေသည့် ရှန်းတုကောင်းထက် ပို၍ အစွမ်းထက်ပုံ ရသော လူငယ်လေးသည် ပြင်းထန် သိပ်သည်းလှသော အော်ရာများ ဝန်းရံကာ လူမြင်ကွင်းတွင် ထွက်ပေါ် လာလေသည်။

သူ့ဟန်ကို ကြည့်လိုက်သည်နှင့် မာနကြီးဟန်မှာ အတိုင်းသား မြင်နေရလေသည်။ သူကား တခြားလူ မဟုတ်ပေ။ ရေတံခွန်အောက်တွင် လေ့ကျင့်ကာ ပြင်းထန်သော ရေအားကို အန်တု၍ ရေတံခွန် ထိပ်သို့ တက်နိုင်ခဲ့သော လျှူရွှယ်ရှင်း ဖြစ်လေသည်။

“ဟိုမှာကြည့်စမ်း အစ်ကိုကြီး လျှူရွှယ်ရှင်းပဲ။ ဘယ်လောက်တောင် တန်ခိုးကြီး လိုက်သလဲ။ သူ့ဆီက ထွက်နေတဲ့ အော်ရာတွေက အရမ်း ကြောက်စရာ ကောင်းတာပဲ။ သူတစ်ယောက်ပဲ အစ်မတော် ဖုယုရွှယ်ကို ခြိမ်းခြောက်နိုင်မှာ…”

လျှူရွှယ်ရှင်းသည် ပတ်ဝန်းကျင်ကို အလေး မထားဟန်ဖြင့် မြေပြင်ပေါ်ထိုင်ကာ မျက်လုံးမှိတ်ကာ ပြိုင်ပွဲ စတင်ရန် စောင့်စားနေသည်။

“အင်း… ဘယ်လောက် ပြင်းထန်တဲ့ လူသတ်စိတ်လဲ…”

လျှူရွှယ်ရှင်းက ထိုင်နေသည်မှာ တစ်မိနစ် မပြည့်သေးခင် ပြင်းထန်လှသည့် လူသတ် အော်ရာကို ခံစားမိလိုက်ပြီးနောက် မျက်လုံး ဖွင့်ကြည့်လိုက်ရာ ချောမောလှပသော ဖုယုရွှယ်ကို မြင်လိုက်ရလေသည်။

“ဘယ်လောက်တောင် ဖုယုရွှယ် အစွမ်းထက်လာတာလဲ”

ဖုယုံရွှယ်ကို အနိုင်ယူနိုင်ရန် အတွက် သူတစ်နှစ်ပတ်လုံး အပြင်းအထန် ကြိုးစားလေ့ကျင့် ခဲ့သည်။ သူက အဆုံးမဲ့သိုင်းကို အဆင့်ရှစ်ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ သူသည် အမြင့်အဆုံး အဆင့် ရောက်အောင် တစ်လှမ်းအကွာသာ လိုတော့သည်။ သို့သော် ဖုယုရွှယ်ဆီမှ ထွက်နေသော အော်ရာကို ကြည့်ပြီး သူယုံကြည်ချက်သည် အရင်လောက် မခိုင်မာတော့ချေ။ ဖုယုရွှယ်ပုံမှာ ထိမရသည့် လူသတ်နက် လိုပင်။ သူမနှင့် ရန်သူဖြစ်ရန် တစ်ယောက်မှ ဆန္ဒရှိကြမည် မဟုတ်ချေ။

“သူမက ကောင်းကင် တန်ခိုးရှင်စာရင်း နံပါတ်တစ်ပဲ။ သူမကိုယ်က ထွက်နေတဲ့ လူသတ် အော်ရာနဲ့ကို လူတွေက သူ့ကိုတွေ့တာနဲ့ ကြောက်နေကြလိမ့်မယ်”

အဓိကလူကြီးများ ထိုင်သည့်နေရာမှ အကြီးအကဲလျှူသည် ပြိုင်ပွဲကွင်းထဲမှ လူအများ၏ အာရုံ စိတ်ဝင်စားနေသည့် ဖုယုရွှယ်ကို ကြည့်ပြီး မနေနိုင်ပဲ မှတ်ချက် ပေးလိုက်သည်။

“ကြည့်ရတာ ဖုယုရွှယ်ပဲ ပထမရမယ်နဲ့ တူတယ်။ သူမကို ယှဉ်နိုင်တဲ့လူ မရှိလောက်ဘူး”

ကောင်းကင်မီးဂိုဏ်း ဒုတိယခေါင်းဆောင်က ပြောလိုက်သည်။

“အဲဒီလို တပ်အပ်ပြောလို့ မရဘူး။ အင်း… တစ်ယောက်ယောက်က ဖုယုရွှယ်ကို အနိုင်ယူ သွားတာလည်း ဖြစ်နိုင်တာပဲ”

စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေသည့် ချင်တောင်ပိုင်သည် အဝေးတစ်နေရာကို ကြည့်ပြီး တီးတိုးလေး ပြောလိုက်လေသည်။

“ခေါင်းဆောင်ပိုင် ရဲချန်ဖန်လည်း ပထမ ရနိုင်တာပဲ”

အကြီးအကဲလျှူက ချင်တောင်ပိုင်သည် ရဲချန်ဖန်ကို အလွန် မျှော်လင့်ထားသည်ကို သိရှိထား လေသည်။

“ဟုတ်တယ်။ ရဲချန်ဖန်က ဒီနှစ်ရဲ့ ဗိုလ်စွဲနိုင်သူထဲ ပါတဲ့သူပဲ။ သူအချိန်မီ ပြန်လာနိုင် မလားတော့ မသိဘူး”

ချင်တောင်ပိုင်သည် ဒါကိုတော့ အကြီးအကဲလျှူနှင့် သဘောထား တူလေသည်။ ချင်တောင်ပိုင် မသိစိတ်ထဲတွင် ယုံရှန်ရှင်းနှင့် ရှန်းတုကလန်တို့ သတ်ဖြတ်ခံရမှုသည် ရဲချန်ဖန် ပါဝင်ပတ်သက် နေသည်ဟု ခံစားနေမိသည်။

“လင်းဖန် ငါမင်းကို ဒီပြိုင်ပွဲ ကြီးကြပ်ဖို့ တာဝန်ပေးလိုက်ပြီ”

ချင်ပိုင်တောင်သည် ရဲချန်ဖန်ကလွဲပြီး ရောက်ရှိလာပြီး ဖြစ်သော ကျန်ပြိုင်ပွဲဝင်များကို ကြည့်ပြီး တိတ်တခိုး သက်ပြင်းချ လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ကောင်းပါပြီ ခင်ဗျာ။ အားလုံး ခဏလောက် ငြိမ်ပေးကြ။ ဒီနှစ်ပြိုင်ပွဲရဲ့ စည်းကမ်းက အရင်တုန်းကလိုပဲ။ အုပ်စု သုံးခုခွဲမယ်။ ရှုံးထွက်စနစ်ပဲ။ ပြိုင်ပွဲတိုင်းမှာ ရှုံးတာနဲ့ ထွက်ရမယ်။ မင်းတို့ရဲ့ ပြိုင်ဘက်ကို အကြီးအကဲတွေက မဲနှိုက်ပေးလိမ့်မယ်။ မင်းတို့ အဖွဲ့တိုင်းမှာ ပထမရတဲ့ လူတစ်ယောက်ဆီ ထွက်ပေါ် လာလိမ့်မယ်။ အဖွဲ့သုံးဖွဲ့က ထွက်လာတဲ့သူ သုံးယောက်က ဗိုလ်လုပွဲမှာ ထပ်ပြီး ပထမနေရာကို ယှဉ်ပြိုင်ရမယ်။ အဲဒီထိပ်ဆုံး သုံးယောက်ကို ငါတို့ ကောင်းကင်မီးဂိုဏ်းက အလွန်ကြီးမားတဲ့ ဆုတွေပေးမှာ ဖြစ်တယ်။ အဲဒီသုံးယောက်က မဟာ ကောင်းကင်မီးဂိုဏ်းကို ကိုယ်စားပြုပြီး လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ မယုံနိုင်စရာ ပညာရပ်တွေ၊ မဟာ အခွင့်အရေး ရှာဖွေခွင့် အတွက် ဝင်ခွင့်ရမှာ ဖြစ်တယ်။ ခုကစပြီး ပြိုင်ပွဲ စတင်ပြီ”

လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်ကာ ချောင်းတစ်ချက်ဟန့်ကာ ကျယ်လောင်သော အသံဖြင့် ခပ်ရှင်းရှင်း ပြောလိုက်သည်။

ပြိုင်ပွဲစသည်နှင့် လူအုပ်ကြီးမှာ ပို၍ စိတ်လှုပ်ရှား တက်ကြွ လာကြလေသည်။ သူတို့သည် နာမည်ကြီး ကောင်းကင် တန်ခိုးရှင်စာရင်းမှ ထိပ်သီးများ ယှဉ်ပြိုင်မှုကို ကြည့်ရှုရန် မစောင့်ဆိုင်း နိုင်တော့ပေ။ တရားမျှတမှု ရှိစေရန် ကောင်းကင် တန်ခိုးရှင်စာရင်း ထိပ်သီးသုံးယောက်ကို အုပ်စု တစ်စုတိုင်းတွင် ခွဲ၍ ထည့်ထားလေသည်။ ထို့နောက် စတင်၍ မဲခွဲခြင်းကို စတင်တော့သည်။

မဲခွဲပြီးနောက် ရဲချန်ဖန်သည် ရှန်းတုကောင်းနှင့် ကောင်းကင် တန်ခိုးရှင်စာရင်း အဆင့်ခြောက် နေရာ၌ရှိသော ရှန်းဂွန်းယုတုံသည် တစ်ဖွဲ့တည်း ကျနေရာ ရှန်းတုကောင်း မျက်နှာသည် အလွန် ပျက်သွားလေသည်။ ကံကောင်းသည်မှာ ရဲချန်ဖန်သည် ယခုတိုင် ရောက်မလာသေးရာ အချိန်မီသာ ရောက်မလာပါက အလိုအလျောက် ရှုံးနှိမ့်ပြီး ပြိုင်ပွဲမှ အထုတ်ခံရမည် ဖြစ်လေသည်။

“ပထမဆုံး အဆိုင်းအနေနဲ့ ရှန်းဂွန်းယုတုံနဲ့ ကျိုးလင်းချင်၊ ဖန်ရန်ရွှယ်နဲ့ ဟောင်ကောင်မင်၊ လင်းခီဆုနဲ့ ဝူရန်ရူ…”

မဲခွဲပြီးနောက် အကြီအကဲ လင်းဖန်က ချက်ချင်းပင် ပြိုင်ရမည့် သူများကို ကြေညာလိုက် လေသည်။ သို့သော် ရှန်းဂွန်းယုတုံ၊ ဖန်ရန်ရွှယ်နှင့် လင်းခီဆုတို့သည် သူတို့ပြိုင်ဘက် များထက် အစွမ်းထက်သူများ ဖြစ်ကြပြီး ကောင်းကင် တန်ခိုးရှင် ထိပ်သီး ဆယ်ယောက်ဝင်တို့ ဖြစ်ကြရာ ပထမအကျော့ကို အခက်အခဲမရှိ ကျော်ဖြတ် လာကြလေသည်။

ပြိုင်ပွဲတွင် လင်းခီဆုက အနီရောင် ကိုယ်ကျပ်အင်္ကျီ ဝတ်ထားရာ သူမ၏ အလွန် အချိုးအစား ကျလှသော ကိုယ်လုံးနှင့် အလွန် လိုက်ဖက်နေရာ ပြိုင်ပွဲထဲတွင် အလွန်ထင်းနေပြီး အများက သူမကို အာရုံစိုက် ကြည့်ရှု နေကြလေသည်။ သူမက သူမ၏မီးဓားဖြင့် ပြိုင်ဘက်ကို တစ်ဖက်သတ် အနိုင်ယူလိုက် လေသည်။

“ဒုတိယအတွဲဖြစ် ယှဉ်ပြိုင်ရမှာက ဖန်ရှောင်ရှင်းနဲ့ လီကျိချင်၊ လင်းရူရှင်းနဲ့ ဝူကွမ်ရန်၊ ရှန်းဂွန်းချီက ရဲချန်ဖန်နဲ့ ယှဉ်ပြိုင်ရမယ်”

ရဲချန်ဖန် နာမည်ကို ကြားလိုက်သည့် လူအုပ်ကြီးက ရဲချန်ဖန်များ ရောက်နေမလားဟု လိုက်ရှာ နေကြလေသည်။ သို့သော် နာမည်ကြီး ရဲချန်ဖန် ရောက်မလာ သေးကြောင်းသာ တွေ့လိုက်ရသည်။

“ရဲချန်ဖန် မင်းဘာလို့ ပြန်မလာ သေးတာလဲ။ မင်း ဒုက္ခနဲ့ တွေ့နေတာလား”

ချင်တောင်ပိုင် မျက်မှောင်များ ကြုတ်ကာ စ၍ စိတ်ပူလာနေသည်။ ရှန်းတုကောင်းနှင့် ရှန်းဂွန်းချီ မျက်နှာတွင် အပြုံးများနှင့် ပြည့်နေလေသည်။ ရဲချန်ဖန်သာ မရှိပါက သူတို့ တတိယ အဖွဲ့ထဲတွင် သူတို့ နှစ်ယောက်ထဲက တစ်ယောက်က သေချာပေါက် လျှို့ဝှက် ဝိညာဉ်ဘုံသို့ သွားခွင့် ရပေလိမ့်မည်။

“ခေါင်းဆောင် ဒီရဲချန်ဖန်က အရမ်း နောက်ကျနေပြီ။ သူ့ပြိုင်ပွဲဝင်ခွင့်ကို ပယ်ဖျက် ပေးနိုင်မလား”

ရှန်းဂွန်းချီက အော်ဟစ်တောင်းဆိုလိုက်သည်။

“ခေါင်းဆောင် ဘယ်လိုလုပ်ရမလဲ”

လင်းဖန်က မျက်မှောင်များ ကြုတ်ကာ စိုးရိမ်စိတ် ပေါက်နေသော ချင်တောင်ပိုင်ကို မေးလိုက်လေသည်။

“ဒီလိုဆိုမှတော့ ဒီအတိုင်း စောင့်နေလို့ မဖြစ်ဘူးလေ။ ကြေညာလိုက်တော့”

ချင်တောင်ပိုင်က အားပျော့စွာ ပြောလိုက်သည်။

“နေဦး…”

လင်းဖန်က ရဲချန်ဖန် အလိုအလျောက် ရှုံးနှိမ့်ကြောင်း ကြေညာရန် လုပ်လိုက်ချိန်တွင် အလွန် လျင်မြန်လှသော လူပုံသဏ္ဌာန်တစ်ခုက ချင်တောင်ပိုင် မြင်ကွင်းထဲ ဝင်ရောက်လာလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset