အခန်း (၁၁၅)
ငြိမ်သက်ရေကန်၏ ဘုရင်
“ပျက်သုဉ်းခြင်း ဓားသိုင်း…”
ရဲချန်ဖန် လက်ထဲတွင် ဓားက သဘာဝကျကျ လှုပ်ရှားနေပြီး ဓားအလင်းတန်းများက ကန်ရေပြင်ကို အဆက်မပြတ် ထိုးခွဲနေသည်။
“လေအရိပ်…”
တစ်ကီလိုမီတာကျော် ရှည်သော ဓားရာကြီးက ကန်ရေပြင်ထက်တွင် ပျောက်ပျက်ခြင်း မရှိသေးပဲ။ အချိန်အတန်ကြာ ဆက်ရှိနေသည်။ ပြိုင်ဘက်ကင်းလောက်သည့် ဓားချက်က ကောင်းကင်ကို ထိုးခွဲကာ အဆုံးမဲ့နက်ရှိုင်းသော ရေကန်ကို ထိမှန်သွားသည်။ ရေကန်အလယ်တွင် ကြီးမားသော ပြတ်ကြောင်းကြီး ဖြစ်ပေါ်လာကာ ရေထုကို နှစ်ပိုင်း ဖြတ်လိုက်လေသည်။ ဓားအင်အား ဒုတိယအဆင့်က ထိုရေထုကြီးကို ပြန်ဆက်ခွင့် ပေးတော့မည် မဟုတ်ပေ။
ကောင်းကင်မီးဂိုဏ်း၏ အရည်အချင်းစစ်ပွဲ လဝက်ခန့်အလိုတွင် မနက်ပိုင်းတွင် ဝိညာဉ်သိုင်း များကိုလေ့ကျင့်ပြီး ညနေပိုင်းတွင် နောက်အဆင့်တက်ရန် ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသည်။ ရဲချန်ဖန်သည် မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့်မှ တဖြည်းဖြည်း မြင့်တက် လာသည်ဟု ခံစားနေရပြီး ပျက်သုဉ်းခြင်း ဓားသိုင်းကိုလည်း တဖြည်းဖြည်း ကျွမ်းကျင်လာသည်။
သို့သော် ပျက်သုဉ်းခြင်း ဓားသိုင်း၏ တတိယအကွက် ဖြစ်သော လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်မှာ လေ့ကျင့်ရန် အလွန်တရာ ခက်ခဲနက်နဲလှသဖြင့် ထိုအကွက်ကို အောင်မြင်ရန် လိုအပ်ချက်မှာ မြင့်မားလှပြီး ရဲချန်ဖန်၏ ယခုအဆင့်ဖြင့် အောင်မြင်ရန် မဖြစ်နိုင်သလောက်ပင်။
“ဝူး…”
ရဲချန်ဖန် ဓားသိုင်း လေ့ကျင့်နေစဉ် ကြီးမား အစွမ်းထက်လှသော ဟိန်းသံကြီးကို ကြားလိုက်ရ လေသည်။ ရဲချန်ဖန်၏ ခုနက ဓားချက်သည် ရေကန်ထဲရှိ ဤဒေသ၏ ဘုရင်တစ်ပါးဟု ဆိုရမည့် ရွှေရောင် လိပ်ကြီးကို ထိမှန်သွားခဲ့သည်။
ရွှေရောင်လိပ်ကြီးတွင် ရွှေရောင် မြွေအမြီးရှိပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည့် သားရဲကြီးဖြစ်သည်။ သူသည် ရဲချန်ဖန် နှိပ်စက်မှုကို မခုံနိုင်တော့ဘဲ ရေကန်အပြင်သို့ ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ရွှေရောင်လိပ်ကြီးက အလွန်ဒေါသထွက်ကာ ရဲချန်ဖန်အား ရေကန်နားမှ ထွက်သွားစေရန်၊ မောင်းထုတ်ပစ်ရန် ဆုံးဖြတ် ထားပုံရသည်။ ထို့ကြောင့် ရဲချန်ဖန် ကြောက်လန့် သွားစေရန် ဟိန်းဟောက်ကာ သူ့အစွမ်းကို ပြလိုက်ခြင်း ဖြစ်သည်။
“မင်းက နောက်ဆုံးတော့ ထွက်လာပြီး ငါနဲ့ပြိုင်တော့မယ်ပေါ့”
ရဲချန်ဖန်က သူ့ကို ဒေါသတကြီးကြည့်ကာ ဟိန်းဟောက်နေသော ရွှေရောင်လိပ်ကြီးကို ကြည့်ပြီး ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာလေသည်။ ရဲချန်ဖန်သည် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လှိုင်းများ ထနေသော ရေကန်ထဲ ဝင်လိုက်သည်။ အမှန်မှာ ရွှေရောင်လိပ်ကြီးမှာ ရဲချန်ဖန် ရောက်နေသည်ကို အစကတည်းက သိရှိပြီးဖြစ်သည်။ သို့သော် ရဲချန်ဖန်ဆီမှ အန္တရာယ် အငွေ့အသက်များ ရနေ၍ ထွက်မလာခြင်းပေ။
သို့သော် ရဲချန်ဖန်၏ ဓားချက်က သူ့သည်းခံနိုင်မှုကို ကုန်ဆုံးသွားစေပြီး အလွန်ဒေါသ ထွက်ကာ ရဲချန်ဖန်ကို ဤနေရာမှ မောင်းထုတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီး ထွက်လာခြင်း ဖြစ်သည်။ ရဲချန်ဖန်က ရွှေရောင် လိပ်ကြီးကို စတင် တိုက်ခိုက်လေတော့သည်။
“တိမ်ခွင်းလက်ဝါး…”
ရဲချန်ဖန်က ရေကန်မျက်နှာပြင်ကို ထိလိုက်သည်နှင့် လေထဲ မြောက်တက်သွားပြီး ငှက်များကဲ့သို့ တောင်ပံဖြန့်ကာ ဝဲပျံနေသလိုပင်။ တစ်ဆက်တည်းမှာပင် ရဲချန်ဖန် နောက်တွင် သွေးဥပုံအရိပ်က ထွက်ပေါ် လာပြီး ဝိညာဉ်စွမ်းအားများ မယုံနိုင်ဖွယ် တိုးလာသည်။
ရဲချန်ဖန် လက်ဝါးရိုက်ချက်ကြောင့် လေထုက တုန်ခါနေပြီး ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ် လာနေသည်။ ပြင်းထန်လှသော ဖိအားနှင့်အတူ လက်ဝါးက ရွှေရောင်လိပ်ကြီးကို ထိမှန်သွားသည်။
“ဘုန်း…”
လိပ်ကြီး၏အခွံမှ ကျယ်လောင်ပေါက်ကွဲသံ ဖြစ်ပေါ်လာပြီး ကြီးမားလှသော လိပ်ကြီး၏ ကိုယ်လုံးမှာ မြေကြီးထဲ နစ်ဝင်သွားသည်။ လိပ်ကြီးက သူ့အခွံကို ပြင်းထန်စွာ တိုက်ခိုက်ခြင်း ခံလိုက်ရသဖြင့် အလွန် ဒေါသထွက်ကာ ပြင်းထန်သော အသံလှိုင်းကို ထုတ်လွှင့်ကာ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။
“အရိပ်မဲ့သိုင်း…”
ပြင်းထန်သော အသံလှိုင်း တိုက်ခိုက်မှုကြောင့် ရဲချန်ဖန် အနောက်သို့ ဆုတ်လိုက်ရသည်။ အနောက်သို့ ဆုတ်လိုက်သော်လည်း မလွတ်သေး၍ အဆက်မပြတ် အရိပ်မဲ့သိုင်း အသုံးပြုကာ ရှောင်တိမ်း လိုက်ရသည်။ ကိုယ်ပွားသုံးခုကို မြင်နေရသည်။
“ဒီရွှေလိပ်က တကယ်ကြောက်ဖို့ ကောင်းတာပဲ”
ရဲချန်ဖန်က အသံလှိုင်း တိုက်ခိုက်မှုကို ထိပ်တိုက် မတွေ့လိုက်ရသော်လည်း သွေးများ ပြင်းထန်စွာ လှုပ်ရှားပြီး အရေပြားများပင် နာကျင်ကာ အသက်ရှူနှုန်းပင် မြန်သွားသည်။
“ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာ..”
ရွှေလိပ်၏ ကြောက်မက်ဖွယ် အစွမ်းကို မြင်ပြီးနောက် သူ မပေါ့ရဲတော့ချေ။ ဤတစ်ကြိမ်သည် သူ့အတွက် ပထမဆုံး ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာကို အသုံးပြုလိုက်ခြင်းပေ။ သွေးဥမှ ချက်ချင်းပင် သူ့တစ်ကိုယ်လုံးကို ကာကွယ် ပေးလိုက်လေသည်။ သို့သော် သူ့သွေးဥမှာ အကောင်ပင် မပေါက်သေးဘဲ ဥအနေတိုင်း ရှိနေသေးရာ အသုံးဝင်မှုမှာ အကန့်အသတ်နှင့်ပင် ရှိနေသေးသည်။ ထို့ကြောင့် သူ့ဝိညာဉ်စွမ်းအင် အကာအကွယ်မှာ သူ့အားနည်းချက် ဖြစ်သည်ဟု ပြောနိုင်သည်။ ဤအားနည်းချက် ဆိုသည်မှာ အစွမ်းကို အပြည့်အဝ အသုံးပြု၍ မရခြင်းကို ဆိုလိုသည်။
ရဲချန်ဖန် အသက်ပြင်းပြင်း ရှူလိုက်ကာ သူ့ခန္ဓာကိုယ် စွမ်းအားများကို အေဖေးဓားထဲ ဖြည့်သွင်းပြီး အရိပ်မဲ့သိုင်း အသုံးပြုကာ ရွှေလိပ်ကြီးနား ချဉ်းကပ်လိုက်လေသည်။ ကြီးမားလှသော ရွှေလိပ်ကြီးကြောင့် ရဲချန်ဖန်မှာ အလွန်သေးငယ် နေသော်လည်း ရဲချန်ဖန် ဓားအင်အားကို အသုံးပြုလိုက်သောအခါ ရွှေလိပ်က အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်လေသည်။
“ပျက်သုဉ်းခြင်း ဓားသိုင်း…”
ရဲချန်ဖန်၏ ရုတ်တရက် လျင်မြန်လှသော ဓားချက်ကြောင့် ရွှေလိပ်ကြီး မတုံ့ပြန်နိုင်ခင်မှာပင် ဓားအလင်းက ရွှေလိပ်ကြီးခေါင်းကို ထိမှန်သွားလေသည်။ ရွှေလိပ်ကြီးသည် ဓားချက်၏ ကြောက်မက်ဖွယ် အစွမ်းကိုမြင်သည်နှင့် ရေများကို ပြင်းထန်စွာ ယက်လိုက်ပြီး ရေလှိုင်းများဖြင့် ဓားချက်ကို ချေဖျက်ရန် ကြိုးစားလိုက်သည်။
သို့သော် ပျက်သုဉ်းခြင်း ဓားသိုင်းကို ဓားအင်အားဖြင့် ထည့်သွင်း အသုံးပြုထားသဖြင့် ရေလှိုင်းများက မခုခံနိုင်ဘဲ မယုံနိုင်စရာ အရှိန်ဖြင့် ရွှေလိပ်ကြီးလည်ပင်းကို ထိုးဖောက် ဝင်ရောက်သွား လေသည်။ သွေးများက ရေကာတာ ကျိုးသည့်အလား စီးကျလာပြီး ရွှေလိပ်ကြီးမှာ နာကျင်စွာ အော်ဟစ် ညည်းညူလိုက်ရာ ငြိမ်သက်ရေကန် တစ်ခုလုံးမှပင် ကြားနေရသည်။ ရွှေလိပ်ကြီးက နာကျင်မှုကြောင့် ရူးသွပ်မလိုဖြစ်ကာ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက် တော့သည်။
သွေးပျက်ပြီး အရူးအမူး တိုက်နေသော ရွှေလိပ်ကြောင့် ရဲချန်ဖန် နောက်ဆုတ် မသွားချေ။ ရဲချန်ဖန်၏ တိုက်ခိုက်လိုစိတ်က ပိုမို ပြင်းထန်လာလေသည်။
“ဘုန်း…”
ရေလုံးများသည် အကြီးအကျယ် ပေါက်ကွဲနေပြီး ရွှေလိပ်ကြီးက သူ့ကြီးမားလှသော ပါးစပ်ဟကာ ပြင်းထန်သော ဝိညာဉ်စွမ်းအင် အလင်းတန်းများ ထုတ်လွှင့်ကာ ရဲချန်ဖန်ကို အပြင်းအထန် တိုက်ခိုက် တော့သည်။
“ပျက်သုဉ်းခြင်းဓား…”
ဝိညာဉ်စွမ်းအင် အများအပြား ပါဝင်သော ဆေးဖတ်ဝင် ရတနာ အများအပြားကို သောက်သုံး ပြီးနောက် ရဲချန်ဖန်က သူ့အစွမ်းသည် အလွန်မြင့်သော အနေအထားကို ရောက်နေပြီ ဖြစ်သည်။ သူက အေဖေးဓားကို ကိုင်ကာ ပျက်သုဉ်းခြင်း ဓားသိုင်းကို အသုံးပြုလျက် အလင်းတန်းများကို ချေဖျက်လိုက်သည်။
ရွှေလိပ်ကြီးက သူထုတ်လွှင့် တိုက်ခိုက်သည့် ဝိညာဉ်စွမ်းအင် အလင်းတန်း မထိရောက်သည်ကို တွေ့လိုက်သောအခါ ထူထဲလှသည့် ရေကန် မျက်နှာပြင်ကို ရိုက်လိုက်ရာ အဆုံးအစ မရှိသော ရေလှိုင်းများ မြင့်တက်လာပြီး ရေလှိုင်းများကို အသုံးချကာဖြင့် ရဲချန်ဖန်ကို ထပ်မံ တိုက်ခိုက် လေသည်။
“တိမ်ခွင်းလက်ဝါး…”
ရဲချန်ဖန် မျက်မှောင်ကြုတ်သွားပြီး တိမ်ခွင်းလက်ဝါးကို လက်တစ်ဖက်ဖြင့် အသုံးပြုကာ ကျန်လက်တစ်ဖက်မှာ ပျက်သုဉ်းခြင်း သိုင်းကို အသုံးပြုလိုက်လေသည်။ ကြောင်အမ်းသွားသော ရွှေလိပ်ကြီးက ပျက်သုဉ်းခြင်းဓားကို မရှောင်နိုင်တော့ဘဲ မာကျော ထူထဲလှသော ရွှေလိပ်ကြီး၏ အခွံကို ထိမှန်သွားလေသည်။
“ဘုန်း…”
အခွံကို ပြင်းထန်သောအားက လာရောက် ထိမှန်သဖြင့် ရွှေလိပ်ကြီးက အဆက်မပြတ် ခုခံလိုက်ရသည်။ ထိုအချိန်တွင် တိမ်ခွင်းလက်ဝါးက ရွှေလိပ်ကြီးကို ထိမှန်သွားရာ ရွှေလိပ်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်က ရေကန်ထဲ ပြင်းထန်စွာ လွင့်စဉ်သွားလေသည်။ ရေကန် တစ်မိုင်ပတ်လည် ဝန်းကျင်မှာ တိမ်ခွင်း လက်ဝါးဒဏ်ကို ခံစားလိုက်ရကာ တစ်မိုင်ပတ်လည်သည် ပြင်းထန်သည့် မြေငလျင်လှုပ်သည့် အလား အဆက်မပြတ် ပြိုကျပျက်စီး သွားလေသည်။
ရဲချန်ဖန်၏ အဆက်မပြတ် သေကွင်းသေကွက်များကို တိုက်ခိုက်မှုကြောင့် ရွှေလိပ်ကြီးသည် သွေးများထွက်ကာ အတွင်းပိုင်းဒဏ်ရာ အများအပြား ရရှိသွားသည်။ နောက်ဆုံးတွင် ငြိမ်သက် ရေကန်၏ ဘုရင်ဖြစ်သော ရွှေလိပ်ကြီးသည် ရဲချန်ဖန်၏ ကြောက်မက်ဖွယ် အစွမ်းကြောင့် မတိုက်ခိုက် ရဲတော့ဘဲ ရေကန်ထဲ ဝင်လိုက်ကာ ပြန်မထွက်လာရဲတော့ချေ။
ရွှေလိပ်ကြီး ထွက်ပြေးသွားပြီးနောက် ရဲချန်ဖန်က ကမ်းခြေတွင် ထွက်ပေါ်လာကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ရွှေလိပ်ကြီးနှင့် တိုက်ခိုက်စဉ် ရရှိလာသည့် ဉာဏ်အလင်းများကို ဆင်ခြင် သုံးသပ်လိုက်သည်။ သူ ဓားအင်အားကို သဘောပေါက် နားလည်လာသည်နှင့် အမျှ သူ၏ တိုက်ခိုက်မှု အစွမ်းသည် ပိုမို ထက်မြက် လာနေသည်။ ထိုအချိန်တွင် ကောင်းကင်မီးဂိုဏ်းကို ပြန်ရန် သုံးရက်သာ ကျန်တော့သည်။
“ပြန်ချိန်ရောက်ပြီ”
ရဲချန်ဖန်ကိုယ်တွင် ထက်မြက်လှသော ဓားအော်ရာများ ထွက်ပေါ်နေသည်။ သူသဏ္ဌာန်မှာ လူလောကမှ မဟုတ်သည့် ပုံနှယ်။ ရဲချန်ဖန်က ကောင်းကင်မီးဂိုဏ်း ရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး သူ့ကိုယ်အား လှုပ်ရှားသွားရာ ငြိမ်သက်ရေကန်မှ ရုတ်ခြည်း ပျောက်ကွယ် သွားလေသည်။