အခန်း (၁၁၄)
ဓားအင်အား ဒုတိယအဆင့်
ဇီကျင်နိုင်ငံ အနောက်တောင်ဘက်တွင် လူသူ ကင်းရှင်းပြီး ချောင်ကျလှသော နေရာတွင် အလွန် နက်ရှိုင်းသော ရေကန်ကြီး တစ်ခုရှိသည်။ ရေကန် အနီးတစ်ဝိုက်တွင် အလွန် များပြားလှသော ဝိညာဉ် သားရဲများ ရှိသောကြောင့် လူသူသွားလာခြင်း အလျဉ်းမရှိပေ။ ထိုရေကန်ကြီး အမည်မှာ တိမ်တိုက်ရေကန် ဖြစ်သည်။
ထိုလူသူ ကင်းရှင်းလှသည့် ရေကန်ကြီး၏ ငွေရောင် ရေပြင်ထဲတွင် ယခု လူသူကင်းမဲ့ခြင်း မရှိဘဲ အလွန် စိတ်ဓာတ် ခိုင်ကြည်ဟန်ရှိသည့် လူငယ်လေးတစ်ဦးက ဓားသိုင်းကို လေ့ကျင့်နေလေသည်။ သူသည် ရေခဲနတ်သမီး ပေးခဲ့သော ဝိညာဉ်ဓားသိုင်းကို လေ့ကျင့်နေခြင်း ဖြစ်သည်။ နှစ်ရက်ကြာပြီးနောက် သူ့ကိုယ်မှ ပြင်းထန်လှသော ဓားအလင်းရောင် ထွက်ပေါ်လာပြီး ရေကန် မျက်နှာပြင်တွင် မီတာ နှစ်ရာကျော်သော ဓားရာကြီး ဖြစ်ပေါ် လာလေသည်။
“ငါ နောက်ဆုံးတော့ ဓားအင်အား ဒုတိယအဆင့် ရောက်သွားပြီ”
ရဲချန်ဖန် မျက်နှာတွင် အပြုံးများနှင့် ပြည့်နှက်နေပြီး တခြားလူများက သူ့ကိုကြည့်လိုက်ပါက သူ့ကိုယ်မှလည်း ဓားအင်အားကဲ့သို့ စူးရှထက်မြက်သော အလင်းတစ်ခု ထွက်နေမည်ကို တွေ့ရပေ လိမ့်မည်။ သူက ကောင်းကင် သားရဲဘုရင် ပထမအဆင့်နှင့် ယှဉ်ပြိုင်နိုင်ရန် မသေချာသော်လည်း သူ့တိုက်ခိုက်မှုက မြေကမ္ဘာသားရဲ ဆဋ္ဌမအဆင့်ကို သတ်ပစ်နိုင်သည်မှာ သေချာသည်။
ရဲချန်ဖန်က ဓားအင်အားကို ဒုတိယအဆင့် အောင်မြင်သွားသည်နှင့် ဓားအင်အားကို ဆက်လေ့မကျင့်တော့ပေ။ သူသည် သိုလှောင်အိတ်ထဲမှ ယုံရှန်ရှင်း၏ သိုလှောင်အိတ်ကို ထုတ်ယူကာ နတ်ဦးနှောက် သုံး၍ ဖွင့်လိုက်လေသည်။ ထို့နောက် သိုလှောင်အိတ်ထဲကို ရှာဖွေလိုက်သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသုံးထောင်၊ အလယ်အလတ် အဆင့် ကျောက်တုံးက နှစ်ရာ့ရှစ်ဆယ်၊ ကောင်းကင်မြေကြီး ဆေးမြက်က ခြောက်ဆယ့်ခုနစ်ခု၊ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် နှစ်ခုနဲ့ အဆင့်နိမ့်ဝိညာဉ် လက်နက်တစ်ခုနဲ့…”
“ဒါ… ဒါက ဝိညာဉ်အဆင့် ဝိညာဉ် ဆေးလုံးပဲ”
ရဲချန်ဖန်က မှော်အစီအရင်များနှင့် လှပသေသပ်သည့် ကျောက်စိမ်း သေတ္တာလေး တစ်လုံးကို ဖွင့်လိုက်ရာ သင်းပျံ့ မွှေးကြိုင်လှသည့် ဆေးရနံ့နှင့်အတူ အဖြူရောင် ဆေးလုံးတစ်လုံးကို တွေ့လိုက် ရသည်။ ရဲချန်ဖန်က နတ်ဦးနှောက်ဖြင့် စစ်ဆေးလိုက်ရာ ဆေးအဆင့်ကို သိလိုက်ရသောအခါ အလွန်ပျော်ရွှင် သွားမိသည်။
“မဟာ ကောင်းကင်မီးဂိုဏ်းရဲ့ ယင်ယန်ခန်းမ အကြီးအကဲ၏မြေး ပီသပါပေတယ်။ သူ့ဆီမှာ ဝိညာဉ်အဆင့် ဝိညာဉ်ဆေးလုံးရှိနေတယ်”
ရဲချန်ဖန်က တိမ်တိုက် ရေကန်ဘေးတွင် အချိန်အတော်ကြာ အနားယူကာ သူ့အခြေအနေကို အမြင့်ဆုံး ပြန်ရောက်ရန် လေ့ကျင့်နေသည်။ ထို့နောက် ဝိညာဉ်ဆေးလုံးကို သောက်လိုက်ပြီး ဝိညာဉ် စုပ်သိုင်းကို လှည့်ပတ်လိုက်ပြီး ဆေးစွမ်းကို စတင် စုပ်ယူတော့သည်။ သူ၏ အဆင့်တက်လာရန် လေ့ကျင့်နေလေသည်။
ရဲချန်ဖန် တိမ်တိုက် ရေကန်ဘေးတွင် အဆင့်တက်ရန် ဆေးစွမ်း စုပ်ယူနေချိန်တွင် ယုံရှန်ရှင်း သေဆုံးသည့် သတင်းက မဟာကောင်းကင် မီးဂိုဏ်းဆီကို ရောက်ရှိသွားပြီ ဖြစ်သည်။ မဟာကောင်းကင် မီးဂိုဏ်းက ယင်ယန်ခန်းမမှ အကြီးအကဲ သုံးယောက်ကို ယုံရှန်ရှင်း သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းရန် ဇီကျင်နိုင်ငံသို့ စေလွှတ်လိုက်သည်။
ယုံရှန်ရှင်း သေဆုံးမှုကို စုံစမ်းမိသောအခါ ယင်ယန်ခန်းမမှ အကြီးအကဲ သုံးယောက်သည် ရေခဲနတ်သမီးလေးက ယုံရှန်ရှင်းကို သူမ တိုက်ခိုက်ခဲ့သည့် သဲလွန်စ အများအပြားကို ချန်ခဲ့ သောကြောင့် ယင်ယန်ခန်းမမှ အကြီးအကဲ သုံးယောက်က အလွန် တုန်လှုပ်နေကြသည်။ စုံစမ်းစစ်ဆေးမှု အများအပြား လုပ်ပြီးနောက် ရှန်းတုကလန်၊ ရှန်းဂွန်းကလန်၊ ဂျန်ကလန်နှင့် ဇီကျင်နိုင်ငံ ပထမမင်းသား သေဆုံးမှု နောက်ကွယ်တွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ရှိနေမည်ဟု သိလိုက်ရလေသည်။ ထိုပုဂ္ဂိုလ်သည် မဟာကောင်းကင် မီးဂိုဏ်း ပြဿနာ သွားရှာလို့ရသော အရာမဟုတ်ပေ။ ထိုလူ့အစွမ်းသည် မဟာသားရဲ ဘုရင်အဆင့်ပင် ဖြစ်နေနိုင်သည်။
ကလန်များပင် ကျူပင်ကျူငုတ် မကျန်အောင် ရှင်းလင်းခံရသဖြင့် ဂျန်ကျုံရှင်းနှင့် ယုံရှန်ရှင်းတို့ တစ်သိုက် မည်ကဲ့သို့ ထိုမျှ အစွမ်းထက်လှသော ပုဂ္ဂိုလ်ကို ရန်သွားရှာခဲ့သနည်း။ ဤသည်မှာ ထူးဆန်းသော လျှို့ဝှက်ချက်အဖြစ် ပြီးဆုံးသွားလေသည်။ သူတို့သိခဲ့သော ရဲချန်ဖန်သည် အလွန် အားနည်းနေသဖြင့် သူ့ကို မည်သူကမျှ သံသယ မဝင်ကြပေ။
အခြေအနေကိုကြည့်ပြီး ယင်ယန်ခန်းမမှ အကြီးအကဲ သုံးယောက်က ဇီကျင်နိုင်ငံတွင် အကြာကြီး ဆက်စုံစမ်း၍ မနေထိုင်ရဲကြချေ။ သူတို့က ထိုတုန်လှုပ်ဖွယ် သတင်းနှင့်အတူ ပြန်ထွက်ခွာ သွားကြလေသည်။
မဟာ ကောင်ကင်မီးဂိုဏ်း၏ ဝင်ရောက် စွက်ဖက်မှု မရှိသောကြောင့် မကြာခင်မှာပင် ဇီကျင်နိုင်ငံသည် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်။ ရဲ၊ ဂျီ၊ ပိုင်နှင့် ဝမ်ကလန်တို့ ထောက်ခံမှုနှင့် အတူ အသက်ရှင် ကျန်သော ဒုတိယမင်းသားက နန်းတက်လာလေသည်။
အချိန်သည် လွင့်မျော ကုန်ဆုံးသွားရာ ကောင်းကင်မီးဂိုဏ်း နောက်ဆုံး အရည်အချင်း စစ်ပွဲက တဖြည်းဖြည်းနှင့် နီးကပ်လာလေသည်။ ကောင်းကင်မီးဂိုဏ်း နောက်ဆုံး အရည်အချင်း စစ်ပွဲတွင် ရလဒ်ကောင်းများ ရစေရန် ကောင်းကင်မီး ဂိုဏ်းသားများက အပြင်းအထန် ကြိုးစား လေ့ကျင့်နေကြ လေသည်။ ခရမ်းရောင် တောင်တန်းတစ်နေရာ ရေတံခွန် အောက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ် နေလေသည်။
အရပ်မြင့်မြင့်နှင့် လူငယ်တစ်ဦးသည် အပေါ်ပိုင်းတွင် အင်္ကျီမပါပဲ ရေတံခွန်အောက်တွင် လှံတစ်ချောင်း အလား ကြံ့ကြံ့ခိုင် ရပ်နေလေသည်။ သူက သူ့ခန္ဓာကိုယ် အားကို အသုံးပြုကာ ရေတံခွန်ပေါ်မှ ကျဆင်းနေသော ရေအားကို ခုခံကာ ခန္ဓာကိုယ်ကို သန်မာအောင် လေ့ကျင့်နေသည်။
“ယား…”
သူ့တစ်ကိုယ်လုံးမှ ကြွက်သားများက အံ့ဖွယ်အစွမ်း ထွက်ပေါ်နေပြီး ရှေးဟောင်း မိစ္ဆာသားရဲ နိုးထလာသလိုပင်။ သူ့ခြေများကို အားပြု၍ ခုန်လိုက်ရာ ကြယ်တာရာအလား ကျဆင်းနေသော ရေစီးကြောင်း တစ်လျှောက် ဆန်၍ တစ်လှမ်းခြင်း တက်သွားလေသည်။
“အဆုံးအစမဲ့ ပြန့်ကျဲစမ်း…”
ထိုလူငယ်လေးက သူ၏ အံ့ဖွယ်အစွမ်းကို အသုံးပြုပြီး ရေတံခွန်ထိပ်သို့ တက်ရောက်နေသည်။ သူ့လက်များသည် အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး ဖျက်ဆီးမှုအစွမ်း အပြည့်ပါနေသော လက်ဝါးချက်က ထွက်ပေါ်လာပြီး ငွေရောင် နဂါးကြီးအလား ရေတံခွန်မှ ကျဆင်းလာသော ရေများကို ထိမှန်သွားသည်။
လက်ဝါးအစွမ်းမှာ အလွန် ပြင်းထန်လွန်းကာ ရေစီးကြောင်းများမှာ အလယ်ခေါင်မှပင် ကျိုးပျက်သွားပြီး အထက် မိုးကောင်းကင်ထိပင် ရေစက်များက လွင့်စဉ်သွားသည်။
“ဟူး… ငါနောက်ဆုံးတော့ အဆုံးမဲ့သိုင်း အဆင့်ရှစ်တောင် ရောက်သွားပြီ”
ထိုလူငယ်မျက်နှာတွင် ကျေနပ်အားရသည့် အပြုံးက ထွက်ပေါ်နေပြီး ကြီးမား ကွဲအက်နေသော ကျောက်တုံးကြီးပေါ် သူက ခုန်တက်လိုက်သည်။
“အင်း… အခု ငါ့အစွမ်းနဲ့ဆို ဖုယုံရွှယ်ကို နိုင်လောက်ပြီ။ ပြီးတော့ ကောင်းကင် တန်ခိုးရှင်စာရင်း ပထမ ဖြစ်လာနိုင်တယ်”
ရေတံခွန်အောက်တွင် ပြင်းထန်စွာ လေ့ကျင့်နေသော လူငယ်မှာ ကောင်းကင် တန်ခိုးရှင် စာရင်းတွင် ဒုတိယနေရာတွင် ရှိနေသောလူငယ် လျှူရွှယ်ရှင်း ဖြစ်သည်။ သူ၏ ထာဝရ အပူပင်ကင်း လက်ဝါးသိုင်းသည် ကောင်းကင်မီးဂိုဏ်း၏ ထိပ်သီးဝိညာဉ်အဆင့် သိုင်းသုံးခုထဲမှ တစ်ခုဖြစ်သည်။ သူက အချိန်တိုအတွင်း ထာဝရ အပူပင်ကင်း လက်ဝါးသိုင်း အဆင့်ရှစ်ရောက်အောင် လေ့ကျင့်နိုင်သည်ကို ကြည့်ခြင်းဖြင့် သူသည် အလွန် ထူးခြားသော ပါရမီရှင်ဖြစ်ကြောင်း သိနိုင်လေသည်။
တောင်နက်ဂိုဏ်းသည် နှင်းတောင်၏ တောင်ပိုင်းဒေသတွင် ပထမတန်းစား ဂိုဏ်းကြီး ဖြစ်သည်။ ထိုဂိုဏ်းကြီးတွင် အစွမ်းထက်လှသော မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် သုံးယောက် ရှိနေသည်။ သူတို့ဂိုဏ်းမှ မြေကမ္ဘာ သားရဲစစ်သူကြီး သုံးယောက် အားကိုးနှင့် တောင်နက်ဂိုဏ်းသည် တဖြည်းဖြည်းနှင့် ထိန်းမရနိုင်သော အနိုင်ကျင့်ဗိုလ်ကျစွာ ရာဇဝတ်မှုများ အဆက်မပြတ် ကျူးလွန်လာ နေသည်။
သူတို့ အနိုင်ကျင့်မှုကို တွန်းလှန်နိုင်ရန် ကြီးမား၊ အစွမ်းရှိသော ကလန်များ စုပေါင်းပြီး ဆုကြေးများ ထုတ်ပြန်ကာ တုံ့ပြန်နေသော်လည်း တစ်နှစ်ကျော် သွားသည့်တိုင် တောင်နက်ဂိုဏ်းကို အနိုင်မရဘဲ တောင်နက်ဂိုဏ်းကသာ တစ်နေ့တခြား ပို၍ အင်အား ကြီးထွားလာသည်။
“ယား…”
ငွေရောင် ဓားအလင်းတန်း ဖြစ်ပေါ်လာသည်။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် ရှည်လျား နက်မှောင်သော ကေသာများက သူ့ပခုံးပေါ်မှ ဖြာကျနေပြီး ခံစားချက် အမူအရာ ကင်းမဲ့နေသော မိန်းမချောလေးသည် တောင်နက်ဂိုဏ်း ဂိတ်တံခါးရှေ့တွင် ထွက်ပေါ်လာသည်။ သူမသည် ဓားတစ်လက်ကို ကိုင်ဆွဲကာ တောင်နက်ဂိုဏ်းဂိတ်ကို ဖျက်ပစ်လိုက်သဖြင့် တောင်နက်ဂိုဏ်း တစ်ခုလုံး အချက်ပေးသံများနှင့် ဆူညံသွားလေသည်။
ရဲချန်ဖန်သာ ဤနေရာတွင် ရှိနေပါက ထိုမိန်းမချောလေးကို သိရှိမည်ဖြစ်သည်။ သူမကား ရဲချန်ဖန်ကို အံ့အားသင့်နေခဲ့သော ဆွဲအားဂူနန်းထဲမှ မိန်းမပျိုလေးဖြစ်သည်။ သူမကား ကောင်းကင် တန်ခိုးရှင်စာရင်း ပထမဆုံး နေရာတွင်ရှိနေသော ဖုယုရွှယ် ဖြစ်သည်။
“သေမှာကို မကြောက်ဘူးပဲ”
ဂိတ်ဆီမှ ပေါက်ကွဲသံများ ကြားလိုက်ရသဖြင့် တောင်နက်ဂိုဏ်းမှ ထိပ်သီးတန်ခိုးရှင် အများအပြား ထွက်ပေါ်လာလေသည်။ ထိုနောက် ဖုယုရွှယ်ကို ဝိုင်းရံထားလိုက်ကြသည်။
“မိန်းမချောလေး မင်းက တော်တော် သေချင်နေတာပဲ။ ငါတို့ တောင်နက်ဂိုဏ်းကို တစ်ယောက်တည်း ဝင်လာရဲတယ်။ ငါတို့ ညီအစ်ကိုသုံးယောက် စိတ်ကျေနပ်အောင် ပြုစုပေးနိုင်ရင် ငါတို့ စိတ်ကောင်းဝင်ပြီး မင်းလေးကို…”
တောင်နက်ဂိုဏ်း ခေါင်းဆောင်တစ်ယောက်မှ ဖုယုရွှယ်၏ လှပချောမောပြီး အချိုးအစား ကျလှသော ကိုယ်လုံးလေးကို အငမ်းမရကြည့်ပြီး ပြောနေစဉ် စကားတစ်ဝက်မှာပင် ဓားအလင်းရောင် ထွက်ပေါ်လာပြီး သူ့ကိုယ်ကို နှစ်ပိုင်းဖြတ်သွားလေသည်။
“ကောင်းလိုက်တဲ့ ဓားချက်…”
တောင်နက်ဂိုဏ်း ခေါင်းဆောင်မှာ ဓားအလင်း တွေ့လိုက်သည်နှင့် နောက်ဆုံးအတွေး ဖြစ်ပေါ်လာပြီး သူ့ကိုယ်မှာ နှစ်ပိုင်းပြတ် သွားလေသည်။ ထို့နောက် သွေးအိုင်ထဲ လဲကျသေဆုံး သွားသည်။
တောင်နက်ဂိုဏ်းမှ အစွမ်းအထက်ဆုံး ခေါင်းဆောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်လိုက် ပြီးနောက် ဖုယုရွှယ်ဆီမှ အလင်းရောင်များ ဆက်လက် ထွက်ပေါ်လာကာ လူအုပ်ကြီးကို ဆက်လက် တိုက်ခိုက်လိုက်သည်။ ဓားတစ်ချက်တိုင်း လူဆယ်ယောက်ကျော် အသက်ကို နုတ်ယူနေပြီး မြေပြင်တွင် ပြင်းထန် အစွမ်းထက်လှသော ဓားအရာများ ကျန်ရစ်နေသည်။
ဆယ့်ငါးမိနစ် အတွင်းမှာပင် အစွမ်းထက်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော ပထမအဆင့် တောင်နက်ဂိုဏ်းသည် နှင်းတောင်နိုင်ငံမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တောင်နက်ဂိုဏ်း နေရာတစ်ခုလုံးသည် လူသားငရဲဘုံ အလားပင်။
“ရွံစရာကောင်းလိုက်တဲ့ လူတွေ…”
တောင်နက်ခေါင်းဆောင် သုံးယောက်နှင့် ဂိုဏ်းသားအကုန်လုံးကို သတ်ဖြတ်ပြီးသော်လည်း သူမကိုယ်တွင် သွေးပေရာ တစ်စက်မှ မစွန်းထင်းနေပေ။ သူမ၏ ချောမောလှပသော မျက်နှာ နုနုလေးတွင် စိတ်ပျက်ရွံရှာမှုများ ပြည့်နှက်နေပြီး တည်ငြိမ်စွာဖြင့် တောင်နက်ဂိုဏ်းမှ ပြန်ထွက်ခွာ သွားသည်။