အခန်း ( ၁၁၃ )
လူသေကိုပဲယုံတယ်
နေရာကား တော်ဝင်မြို့တော်၏ ဘုရင်စံမြန်းရာ ရွှေရောင် နန်းတော်ကြီးတွင် ဖြစ်သည်။ ထိုအချိန်တွင် ဘုရင်စံမြန်း နေထိုင်ရာ ခန်းမဆောင်ကြီးထဲရှိ ရွှေရောင်ပလ္လင်ကြီး တစ်ခုပေါ်တွင် လူလတ်ပိုင်း အမျိုးသား တစ်ယောက်သည် ကချေသည်များ၊ မိန်းမချောလေးများက သီဆိုဖျော်ဖြေမှုကို ကြည့်ရှုနေသည်။
သူသည် ရှည်လျားသော ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စည်းစိမ်ယစ်မူး နေလေသည်။ သူကား တခြားလူ မဟုတ်ပေ။ ဇီကျင်နိုင်ငံ၏ ပထမမင်းသားဖြစ်ပြီး အပြုံးများ ဆင်မြန်းကာ ရှန်းတုကလန်နှင့် ရှန်းဂွန်းကလန်မှ တန်ခိုးရှင်များကို ညစာစားပွဲနှင့် တည်ခင်းဧည့်ခံနေခြင်း ဖြစ်သည်။ ထိုရှေးဟောင်း ကလန်နှစ်ခုသည် သူ့ရန်သူများကို ဖယ်ရှား သုတ်သင်ပေးပြီး အခြေအနေ တည်ငြိမ်အောင် အကူအညီ ပေးသောကြောင့် ဖြစ်သည်။
“ပထမမင်းသား ရဲကလန်ကို ဘယ်လို ကိုင်တွယ်ကြမလဲ”
ပထမ မင်းသားဘေးတွင် ထိုင်နေသော အနက်ရောင် ဝတ်စုံနှင့်လူသည် ရှန်းတုကလန် အကြီးအကဲ ရှန်းတုဟွမ်း ဖြစ်သည်။ သူသည် အရက်တစ်ခွက်ကို သောက်ရင်း မေးလိုက်လေသည်။
“ရှန်းတု အကြီးအကဲက သူတို့ကို လုပ်ချင်တာ ရှိလို့လား”
ပထမမင်းသားသည် အခုမှ နန်းကို ပိုင်ဆိုင်ခွင့် ရထားသဖြင့် မဟာကောင်းကင်မီးဂိုဏ်းနှင့် အဆက်အသွယ် ရှိသည့် ရှန်းတုကလန်နှင့် ပြဿနာ မတက်ရဲချေ။ ထို့ကြောင့် သူက တလေးတစား မေးလိုက်သည်။
“ငါ ရဲကလန်က လူတွေအသက်နဲ့ အကျပ်ကိုင်ပြီး ရဲချန်ဖန် ထွက်လာအောင် မျှားထုတ်မလို့”
ရဲချန်ဖန်၏ ပါရမီကြောင့် ရှန်းတုကလန် အကြီးအကဲက ကောင်းကောင်း အိပ်မပျော်ပေ။ သူကသာ အမြန်ဆုံး ရဲချန်ဖန်ကို မသတ်နိုင်ပါက ရဲချန်ဖန်သည် သူတို့ကလန်၏ ကံကြမ္မာဆိုး ဖြစ်လာ ပေလိမ့်မည်။
“ကျွန်တော် တရားဝင် နန်းတက်ပြီးတာနဲ့ ရဲကလန်ကို ဆရာကြီး ကြိုက်သလို စီစဉ်လို့ ရပါတယ် ခင်ဗျာ။ လာ… ဆရာကြီး ကျွန်တော်တို့ တစ်ခွက်သောက်ရအောင်”
ပထမမင်းသားက ရှောရှောရှူရှူ သဘောတူလိုက်သည်။
“ငါ့ကို ထွက်လာအောင် ဟုတ်လား။ အေး… အပင်ပန်း ခံမနေနဲ့တော့ ငါရောက်လာပြီ”
ရှန်းတုကလန် အကြီးအကဲသည် အရက်သောက်ရန် လုပ်လိုက်ချိန်တွင် စစ်နတ်ဘုရားကဲ့သို့ ပြင်းထန်သော အော်ရာများ ထွက်နေသည့် ရဲချန်ဖန်မှာ ခန်းမထဲသို့ လှမ်းဝင်လာလေသည်။
“ရဲချန်ဖန်လား…”
ရှန်းတုကလန် အကြီးအကဲမှာ ရဲချန်ဖန်ကို မြင်သည်နှင့် တစ္ဆေသရဲ မြင်လိုက်ရသလို သူ့ခုံပေါ်မှ ခုန်ထကာ ဓားကိုထုတ်ယူပြီး အလျင်အမြန်ပင် ရဲချန်ဖန်ကို တိုက်ခိုက်တော့သည်။
“အေးခဲစမ်း…”
ရှန်းတုကလန် အကြီးအကဲက သူ့အနား ချဉ်းကပ်လာသည်နှင့် ရုတ်တရက် ရဲချန်ဖန်ကိုယ်မှ ပြင်းထန်လှသော အအေးဓာတ် ထွက်ပေါ်လာပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် ရှန်းတု ကလန် အကြီးအကဲကို လှုပ်မရအောင် အေးခဲစေလိုက်သည်။
တစ်ချိန်တည်းမှာပင် ရဲချန်ဖန်ကိုယ်မှ ပြင်းထန်လှသော ကိုယ်ခန္ဓာစွမ်းအား ထွက်ပေါ်လာပြီး အေးခဲနေသည့် ရှန်းတုကလန် အကြီးအကဲ၏ ကိုယ်ကို ဖျက်ဆီး ဖောက်ခွဲလိုက်သည်။ ရှန်းတုကလန် အကြီးအကဲသည် တစ်ချက်တည်းနှင့် သေဆုံးသွားပြီ ဖြစ်သည်။ ရှန်းတုကလန် အကြီးအကဲမှာ ဤဒေသတစ်ဝိုက်တွင် အစွမ်းအကြီးဆုံး သူဟု ဆိုရပေမည်။ သူသည် ရှန်းဂွန်းကလန် အကြီးအကဲ ထက်ပင် အစွမ်းထက်သေးသည်။ ထိုလိုလူ တစ်ယောက်ကို ရဲချန်ဖန်က တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သဖြင့် ရှိနေသမျှ လူအားလုံးက အံ့သြမှင်သက် နေကြသည်။
အထူးသဖြင့် ပထမမင်းသားပင်။ သူက သူ့မျက်လုံးကို မယုံနိုင်ဖြစ်လေသည်။
“အကြီးအကဲသေပြီ ဟုတ်လား…”
ရှန်းတုကလန် အကြီးအကဲ သေဆုံးသွားသည်ကို ကြည့်ပြီး ရှန်းတုကလန် တန်ခိုးရှင်များသည် ကြောက်လန့်တကြား ကစဉ့်ကလျား ထွက်ပြေးကြတော့သည်။ သူတို့ခန်းမ အပြင်ရောက်သည်နှင့် အစွမ်းထက်သော မှော်အစီအရင်က ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရလေသည်။
“ရဲချန်ဖန် မင်းဘာလုပ်ချင်တာလဲ။ မင်းက ငါတို့ကို သတ်ချင်နေတာလား။ ငါတို့ ရှန်းတု ကလန်က မဟာကောင်းကင်မီးဂိုဏ်းနှင့် အဆက်အသွယ်ရှိတယ်။ မင်းက ငါတို့ကို သတ်ပစ်ရင် မဟာကောင်းကင် မီးဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူး”
ရှန်းဂွန်းကလန် အကြီးအကဲက ရဲချန်ဖန်ကို ဖြဲခြောက်လိုက်သည်။
“ဟား…”
ရှန်းဂွန်းကလန် အကြီးအကဲ စကားသံဆုံးသည်နှင့် ရဲချန်ဖန်ဆီမှ ဓားအလင်းရောင် ထွက်ပေါ်လာပြီး ထိုစကား ပြောလိုက်သော ရှန်းဂွန်းကလန် အကြီးအကဲကို နှစ်ပိုင်း ဖြတ်ပစ်လိုက်ရာ မြေပေါ်လဲကျ သေဆုံး သွားလေသည်။
“သခင်လေးရဲ ကျွန်တော်တို့ ရှန်းဂွန်းကလန်က သခင်လေးရဲနဲ့ ရန်ငြှိုးလည်း မရှိပါဘူးခင်ဗျာ။ သခင်လေးနဲ့လည်း ပြဿနာ မရှိချင်ပါဘူး။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးလို့ရမလား ခင်ဗျာ။ ကျွန်တော်တို့ ရှန်းဂွန်း ကလန်ကို ချမ်းသာပေးရင် ရှန်းဂွန်း ကလန်က အမြဲတမ်း သစ္စာစောင့်သိ သွားပါမယ်ခင်ဗျာ”
“ငါ မင်းတို့ကို လွှတ်ပေးလိုက်တာနဲ့ မင်းက မဟာကောင်းကင် မီးဂိုဏ်းကို ချက်ချင်း သတင်း ပို့မဲ့ကောင်”
ရဲချန်ဖန်က ထိုရှန်းဂွန်းကလန် တန်ခိုးရှင်ကို အေးစက်မာကျောစွာ ကြည့်ကာ ပြောလိုက် လေသည်။
“မလုပ်ရဲပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ကျိန်ရဲပါတယ်။ ဒါကိုအမြဲ လျှို့ဝှက်ထားပါမယ်”
ရှန်းဂွန်းကလန် တန်ခိုးရှင်က ကျိန်ပြောလိုက်သည်။ သူ့စိတ်ထဲတွင်တော့ လွတ်မြောက်သည်နှင့် ကောင်းကင်မီး ဂိုဏ်းကို သတင်းပို့ရန် စဉ်းစားနေသည်။
“ဝမ်းနည်းပါတယ်။ ငါ လူသေကိုပဲ ယုံတယ်”
ရဲချန်ဖန် မျက်လုံးများ ကျဉ်းမြောင်းသွားကာ အစွမ်းထက်သော ဓားအင်အားက ထွက်ပေါ် လာပြီး ထိုတန်ခိုးရှင်ကို သတ်ပစ်လိုက်လေသည်။ ရှန်းဂွန်းကလန်နှင့် ရှန်းတုကလန်၏ အစွမ်း အထက်ဆုံး တန်ခိုးရှင် နှစ်ယောက် သေဆုံးသွားသဖြင့် ကျန်လူများသည် အလွန်ကြောက်လန့်နေတော့သည်။ ပထမ မင်းသားကမူ ကြောက်လွန်း၍ ဒူးများပင် မခိုင်တော့ပေ။
“ပထမမင်းသား ခင်ဗျားက ဘာလို့ ဒူးတွေ တုန်နေရတာလဲ။ ခင်ဗျား အေးနေတာလား”
ရဲချန်ဖန်က ချွေးစေးများထွက်ကာ ကြောက်ဒူးတုန်နေသော ပထမမင်းသားကို ကြည့်လိုက် လေသည်။
“ရဲ… ဆရာကြီးရဲ ကျွန်တော် မှားမှန်းသိပါပြီ။ ကျွန်တော် ထီးနန်းကိုစွန့်ဖို့ ဆန္ဒရှိပါတယ်။ ဆရာကြီးက အသက်ချမ်းသာပေးဖို့ တောင်းဆိုပါတယ်”
ပထမမင်းသားက ထိတ်လန့် တုန်လှုပ်နေသံဖြင့် မြေပေါ်ဒူးထောက်ကာ တောင်းပန် လိုက်သည်။ သူသည် အသက်ဘေးနှင့် ရင်ဆိုင်ရသောအခါ မာန်မာန မထားနိုင်တော့ပေ။
“ပထမမင်းသား ခင်ဗျားက ထီးနန်းအတွက် မောင်နှမတွေ၊ ပြိုင်ဘက် မှန်သမျှတွေကို အပြစ်မရှိလည်း သတ်ပစ်ခဲ့တယ်။ မင်းကို ခွင့်လွှတ်ဖို့ အကြောင်းပြချက် မရှိဘူး”
ရဲချန်ဖန်က မြေပေါ် ဒူးထောက် တောင်းပန်နေသည့် ပထမမင်းသားကို သနားစိတ်မရှိပေ။
“ဆရာကြီးရဲက ကျွန်တော့်ကို အပြစ်ကြွေးတွေ ပြန်ဆပ်ဖို့ အခွင့်အရေး ပေးမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။ ကျွန်တော် ပြုပြင်ပြီး နေပါ့မယ်လို့ ကတိပေးပါတယ် ခင်ဗျာ”
ပထမမင်းသားက တောင်းပန်နေသော်လည်း ရဲချန်ဖန် ခွင့်မလွှတ်နိုင်ပေ။ သူ့ညာလက်က ပထမမင်းသားခေါင်းကို ပုတ်လိုက်ရာ အသက်ဝိညာဉ် ဇီဝိန်ချုပ်သွားလေသည်။
ပထမမင်းသားကို သတ်ပြီးနောက် ရဲချန်ဖန်က ဆက်လက် လှုပ်ရှားနေရာ ရှန်းတုကလန်နှင့် ရှန်းဂွန်းကလန်မှ တန်ခိုးရှင်များက အကုန်သုတ်သင်ခြင်း ခံလိုက်ရလေသည်။ ခန်းမထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်း သွားပြီး အနံ့နှင့်ပင် ဖျားသွားစေနိုင်သည်။ ရဲချန်ဖန်သည် ကျင့်ကြံသူအားလုံးကို သတ်ဖြတ် လိုက်သော်လည်း သာမန်လူသားများကို မထိချေ။ ရဲချန်ဖန်က ရေခဲနတ်သမီးလေးကို အကူအညီ တောင်းကာ သူတို့မှတ်ဉာဏ်များကို ဖယ်ရှားပစ်လိုက်သည်။
“အစ်မတော် ကောင်းကင်ထောင်ကို သွားရအောင်”
ထို့နောက် သူတို့ ခန်းမထဲမှထွက်ကာ ကောင်းကင်ထောင်ဆီ သွားလိုက်သည်။ ရေခဲနတ်သမီးက ထောင်နံရံကို ချိုးဖျက်လိုက်ရာ ထောင်နံရံတွင် ကြီးမားသော အပေါက်ကြီး ပေါ်လာလေသည်။ ထို့နောက် ဒုတိယမင်းသား၊ ရဲကလန် အကြီးအကဲ၊ ဂျန်ကလန် အကြီးအကဲနှင့် တခြား လူများကို လွှတ်ပေးလိုက်သည်။
သူဘယ်သူလဲဆိုတာ မသိစေရန် ရဲချန်ဖန်က ကိုယ်တိုင် ရှေ့ထွက်မလုပ်ပေ။ ရဲကလန် အကြီးအကဲ၊ ဂျန်ကလန် အကြီးအကဲတို့ လွတ်မြောက်ပြီးနောက် ရဲချန်ဖန်သည် ရေခဲနတ်သမီးနှင့် တိတ်တဆိတ် ထွက်ခွာသွားပြီး မြို့ပြင်တွင် စောင့်နေသော ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ကို သွားတွေ့ဆုံ လိုက်သည်။
“အစ်မတော် ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မတော်သာ မကူညီဘူးဆိုရင် အပြစ်မဲ့တဲ့ သူတွေ အများကြီးကို ကျွန်တော် သတ်ပစ်ရမှာ”
ရဲချန်ဖန်က အလွန် ကျေးဇူးတင်သွားသည်။ သူ့စိတ်ထဲတွင် ရေခဲနတ်သမီးလေး ကူညီခဲ့သည်ကို မှတ်သား ထားလိုက်သည်။
“ချန်ဖန် ငါတို့ ကျင့်ကြံသူတွေက ရေကို ပိုင်းဖြတ်ဖို့ ကြိုးစားနေတဲ့ လူတွေလိုပဲ။ ငါတို့က တစ်ခါတလေ လူအများကြီးကို သတ်ဖို့ လိုရင်လိုလိမ့်မယ်။ လူသတ်မယ်ဆိုရင် မင်းရဲ့ တာအိုနှလုံးသား မယိမ်းယိုင်စေနဲ့။ ဒါက တာအိုနှလုံးသား အစွမ်းထက်လာဖို့ နည်းလမ်းပဲ။
“ဘာပဲဖြစ်ဖြစ် ဒီညအဖြစ်အပျက်ကို မဟာကောင်းကင် မီးဂိုဏ်းက သိသွားမှာပဲ။ မင်း ဘာလို့ ငါနဲ့အတူ လွင့်မျောတောင်တန်းကို မလိုက်ခဲ့တာလဲ။ ငါ မင်းကို တစ်ခုခုဖြစ်မှာ မမြင်ချင်ဘူး”
ရေခဲနတ်သမီးလေးက ပြောလိုက်သည်။
“လွင့်မျောတောင်တန်း…။ ဆဋ္ဌမအဆင့်ရှိတဲ့ မြောက်ပိုင်းက မဟာဂိုဏ်းကြီးလား…”
ရဲချန်ဖန်က သူတို့ အမြွှာညီနောင် တိုက်ကြီး၏ မြောက်ဘက်ပိုင်းတွင် ရှိသော မဟာဂိုဏ်းကြီးများ အကြောင်းကို အကြမ်းဖျင်းတော့ သိရှိထားသည်။ သူတို့မြောက်ပိုင်းတွင် ရှိသော မဟာဂိုဏ်းကြီးများ အနက်တွင် မြူနှင်းမဟာဂိုဏ်းသည် နံပါတ်တစ်ဖြစ်သည်။ မြူနှင်းမဟာ ဂိုဏ်းသည် လွင့်မျောတောင်ခေါ် မြူနှင်းတောင်ပေါ်တွင် တည်ရှိလေသည်။ ထိုဂိုဏ်းကြီးတွင် မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင်များ ရှိနေသည်ဟု ကြားဖူးလေသည်။
“မင်းရဲ့ ပါရမီ အရည်အချင်းနဲ့ဆို မြူနှင်းမဟာဂိုဏ်းထဲ ရောက်တာနဲ့ အတွင်းစည်း တပည့်ဖြစ်ဖို့ လွယ်လွယ်လေးပဲ။ မင်းအတွက် မဟာကောင်းကင် မီးဂိုဏ်းထက်စာရင် ကျင့်ကြံခြင်း အတွက် ပိုလွယ်ကူ လျင်မြန် လာလိမ့်မယ်”
ရေခဲ နတ်သမီးလေးက ရဲချန်ဖန်ကို သူမနှင့်လိုက်ရန် တိုက်တွန်းနေသည်။ သူမသည် ပါရမီ အရည်အချင်း ရှိသူများကို တန်ဖိုးထားသူ ဖြစ်၏။
“ကျွန်တော့်မှာ အခွင့်အရေးရှိရင် မြူနှင်းတောင်ကို သေချာပေါက် လာခဲ့ပါ့မယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”
သူက မကြာခင် ဖွင့်လှစ်တော့မည့် လျှို့ဝှက်ဝိညာဉ်ဘုံကို သွားရန် စိတ်အား ထက်သန်နေသဖြင့် ရေခဲနတ်သမီး ဖိတ်ကြားမှုကို ငြင်းပယ်လိုက်လေသည်။
“ဒါဆိုလည်း မင်းဘာသာမင်း ဂရုစိုက်။ ခုတလော ဒီကောင်းကင် မီးဂိုဏ်းနား မလာရင် အကောင်းဆုံးပဲ။ မဟုတ်ရင် မဟာကောင်းကင် မီးဂိုဏ်းက မင်းကို သံသယဝင်လိမ့်မယ်။ ဒီဆွဲပြားက မင်းအတွက် လက်ဆောင်။ ဒီဆွဲပြားက မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်တယ်”
ရေခဲနတ်သမီးလေးက ရဲချန်ဖန်ကို အတင်းအကျပ် မပြောတော့ဘဲ တန်ဖိုးကြီးလှသည့် ဆွဲပြားလေးကို လက်ဆောင် ပေးလိုက်သည်။
“ချန်ဖန် ငါ တောင်းပန်ပါတယ်။ ငါ့ရဲ့ အသိဉာဏ် ကင်းမဲ့တဲ့ လုပ်ရပ်တွေကို ခွင့်လွှတ်ပေးပါ”
ဂျီချင်ရွှယ်က တွန့်ဆုတ်နေဟန်လေးဖြင့် ရဲချန်ဖန်ကို ကြည့်ကာ တောင်းပန်လိုက်သည်။ သူမက ရဲချန်ဖန်သည် သူမကို ခွင့်မလွှတ်နိုင်ဘဲ မုန်းတီးပြီး ပစ်ပစ်ခါခါ ဆက်ဆံခံရမည်ကို အလွန်စိုးရိမ်နေသည်။
“ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။ မင်းနဲ့ ရှီအာတို့ အစ်မတော် နောက်လိုက်ပြီး ကောင်းကောင်း လေ့ကျင့်ကြ။ ငါအားရင် မြူနှင်းတောင်လာပြီး မင်းတို့ကို တွေ့ပါ့မယ်”
ရဲချန်ဖန်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။
“ချန်ဖန် ကျွန်မနဲ့ ချင်ရွှယ်တို့ မြူနှင်းတောင်ကနေ ရှင့်ကိုစောင့်နေမယ်။ ရှင်သေချာပေါက် လာတွေ့ ရမယ်နော်”
ပိုင်ရှီအာက ရဲချန်ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။ သူမက သူမနှလုံးသားကို တစ်ပါးလူ မမြင်ရစေရန် ဖုံးကွယ်ဖို့ ကြိုးစားနေသည်။
“ငါ သေချာပေါက် လာတွေ့မယ်”
ရဲချန်ဖန်က ခေါင်းညိတ်ပြီး ကတိပေးလိုက်သည်။
“ကောင်းပြီလေ မနက်လည်း လင်းတော့မယ်။ ငါတို့ သွားရအောင်။ မင်း သေချာ ကြိုးစား လေ့ကျင့်ပါ။ မင်းရဲ့ လူနှစ်ယောက်အတွက် မင်းက သူတို့အထင်ကြီး ဂုဏ်ယူရအောင် လုပ်ပါ”
ထို့နောက် ရေခဲနတ်သမီးလေး နောက်တွင် အနီရောင်တောင်ပံများ ထွက်ပေါ်လာပြီး ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ကို ခေါ်ဆောင်ကာ ကောင်းကင်ပေါ်တွင် ပျံသန်း ပျောက်ကွယ် သွားလေသည်