Switch Mode

Chapter – 112

သုတ်သင်ခြင်း

အခန်း (၁၁၂)
သုတ်သင်ခြင်း

“အဘိုး သခင်လေးယုံက ဂျီချင်ရွှယ်နဲ့ ပိုင်ရှီအာတို့ကို ရိုးပြီး ဆက်မသုံးတော့ရင် ကျွန်တော်လည်း သူတို့ကို ချစ်ချင်လို့ ကျွန်တော့်ကို ပေးလို့ရမလား”

ဂျီချင်ရွှယ်နဲ့ ပိုင်ရှီအာတို့သည် အလွန် ချောမောလှပသဖြင့် ဂျန်ရိဂျွန်က သူမတို့၏ အလှအား မျက်လုံးထဲမှ ဖျောက်ဖျက်မရ ဖြစ်နေသည်။ ထို့ကြောင့် ယုံရှန်ရှင်း ခဏတာ စိတ်ဝင်စားပြီး ရိုးအီသွားစေရန် မျှော်လင့်နေသည်။

“ရိဂျွန် အဲဒါ နောက်မှ ပြောကြတာပေါ့”

ဂျန်ကျုံရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သူ့အကြည့်က ပြတင်းပေါက်အပြင် အဝေးတစ်နေရာ ရောက်နေပြီး လှုပ်ရှားခြင်း အလျဉ်းမရှိပေ။

“မကောင်းတော့ဘူး။ အရမ်းကို အင်အားကြီးမားတဲ့ ရန်သူက လာတိုက်နေပြီ”

“ရိဂျွန် သခင်လေးယုံ ဆီသွားပြီး အမြန် အကူအညီ တောင်းချေ”

အစောင့်များ၏ အော်ဟစ်သံ ကြားသည်နှင့် ဂျန်ကျုံရှင်းမျက်နှာ တည်ငြိမ်သွားပြီး ဂျန်ရိဂျွန်ကို အမိန့်ပေးလိုက်သည်။

“ဘယ်သူလာလာ မင်းတို့ကို ဒီနေ့ကယ်နိုင်မဲ့လူ မရှိဘူး”

အလွန် ခိုင်ခန့်သောတံခါးက အစွမ်းထက်သော စွမ်းအားတစ်ခုကြောင့် တစ်စစီဖြစ်သွားပြီး အလွန် ခက်ထန် မာကျောသော မျက်နှာနှင့် လက်ကိုနောက်ပစ်လျက် ရဲချန်ဖန်သည် တစ်လှမ်းချင်း လျှောက်ဝင် လာလေသည်။

“ရဲချန်ဖန် မင်းလား။ မင်းက ပြန်လာရဲတယ်ပေါ့”

ဝင်လာသော လူကို ကြည့်ပြီး ဂျန်ရိဂျွန် သက်ပြင်းချမိသွားပြီး ရက်စက်ယုတ်မာသည့် အပြုံးက ပေါ်လာ လေသည်။

“ငါပြန်လာတာ မင်းတို့ကို သတ်မလို့ပဲ”

ရဲချန်ဖန်သည် ဂျန်ရိဂျွန်နှင့် ကျန်ဂျန်ကလန်မှ လူများကို လူသတ်စိတ်ဖြင့် ကြည့်လိုက်လေသည်။

“ဟား… ရဲချန်ဖန် မင်းက အခုအထိ အခြေအနေကို နားမလည်သေးဘူးလား။ ငါ မင်းကို ပြောဖို့ ဝန်မလေးပါဘူး။ ငါတို့ ဂျန်ကလန် ရဲတိုက်ကနေ မင်းအတောင်ပံပါရင်တောင် မထွက်နိုင် စေရဘူး”

“ယုံရှန်ရှင်း ကြောင့်လား။ မင်းက ယုံရှန်ရှင်း အကြောင်း ပြောနေတာဆိုတော့ သနားစရာပဲ။ သူက ခုလေးတင် သေသွားပြီ။ မင်းကို ငရဲပြည်မှာ အရင်စောင့်နှင့်နေပြီ”

ရဲချန်ဖန် လှောင်ပြောင် လိုက်လေသည်။ စကားပြောရင်း ရဲချန်ဖန်က ရှေ့ဆက်တိုးလိုက်ရာ ချက်ချင်း ဆိုသလိုပင် ဂျန်ရိဂျွန် ရှေ့တွင် ပေါ်လာလေသည်။

“ရိဂျွန် အမြန်ရှောင်…”

ရဲချန်ဖန်ကိုယ်မှ ပြင်းထန်သော အစွမ်းက ထွက်ပေါ်လာသဖြင့် ဂျန်ကျုံရှင်းမျက်နှာ အလွန် ပျက်သွားပြီး အလျင်အမြန် သတိပေးလိုက်သည်။ သို့သော် ရဲချန်ဖန်သည် အလွန် လျင်မြန်လှသဖြင့် ဂျန်ရိဂျွန်မှာ လှုပ်ရှားချိန်ပင် မရလိုက်ပဲ လက်ဝှေ့သဲအိတ်ကဲ့သို့ပင် ပေါင်ငါးသောင်းကျော် အားဖြင့် ထိုးခံ လိုက်ရလေသည်။

ဂျန်ရိဂျွန်က လေထဲလွင့်စဉ်ကာ တစ်ချက်တည်းနှင့် သေဆုံးသွားလေသည်။ သွေးများက လေထဲလွင့်စဉ် ကျလာသည်။ အလွန်ကြောက်မက်ဖွယ် မြင်ကွင်းပင်။

“မင်း… မင်း ငါ့မြေးကို တကယ်သတ်ရဲတယ်”

သူ့မျှော်လင့်ချက် ဖြစ်သော အချစ်ဆုံးမြေး အသတ်ခံလိုက်ရသဖြင့် အရူးတစ်ပိုင်းလို ဖြစ်သွားကာ မျက်လုံးများ နီရဲပြီး အလွန်ပြင်းထန်သော အော်ရာက ဂျန်ကျုံရှင်းဆီမှ ပေါ်လာလေသည်။

“ငါက သူ့တင်မကဘူး ခင်ဗျားကိုပါ သတ်မှာ။ ပြီးတော့ ခင်ဗျားရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဂျန်ကလန် ကိုရောပဲ။ ငါ မင်းကို ပြောချင်တာက တချို့လူတွေကို မင်း ရန်ရှာလို့မရဘူး”

ရဲချန်ဖန်က ဂျန်ကျုံရှင်း အရူးမီးဝိုင်း ဒေါသတကြီး တိုက်ခိုက်နေသော်လည်း ဂရုမစိုက်ဘဲ ဂျန်ကျုံရှင်းဆီပင် ချဉ်းကပ်သွားသည်။ ဂျန်ကျုံရှင်း၏ ပြင်းထန်သော အော်ရာမှာ ချက်ချင်းပင် ပျက်ပြယ်သွားသည်။ ထို့အပြင် ဂျန်ကျုံရှင်းမှာ အသက်ပင် ဝအောင်ရှူလို့ မရတော့ချေ။

“မင်း… မင်း မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်သွားတာလား”

ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအားကို ခံစားမိပြီး ဂျန်ကျုံရှင်းသည် သူနှင့် ရဲချန်ဖန်အကြား စွမ်းအား အလွန် ကွာခြားနေကြောင်း ချက်ချင်း နားလည်လိုက်သည်။

သို့သော် ဂျန်ကျုံရှင်းက နောက်မဆုတ်ပေ။ သူက သူ့မြေး သေဆုံးသွားသဖြင့် အသည်းကွဲ မတတ် နာကျင် နေသောကြောင့် သူ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်ဓားရှည်ကို ထုတ်ကာ ရဲချန်ဖန်ကို တရကြမ်း တိုက်ခိုက်တော့သည်။ ထို့အပြင် သူနောက်ဆုတ် ချင်လျှင်ပင် ရဲချန်ဖန်က သူ့ကို အလွတ်ပေးမည် မဟုတ်ပါ။

“ရွှေဓားလား”

ဂျန်ကျုံရှင်း အစွမ်းများမှာ ရွှေဓားနှင့်အတူ ထွက်ပေါ်နေပြီး ရွှေရောင်အလင်းများက လွင့်ပျံနေလေသည်။ ရွှေဓားမျက်နှာပြင်တွင် ပိတုန်းများက အလိုအလျောက် လာရောက် ဝဲပျံနေပြီး ဓားအစွမ်းမှာ ပို၍ တိုးလာလေသည်။

ရဲချန်ဖန်၏ ဓားသည် သူ့ကို လာထိမှန်တော့မည်ကို မြင်လိုက်သောအခါ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ရွှေဓားကို လက်သီးနှင့် ထိုးလိုက်လေသည်။ လက်သီးကို သူ့အစွမ်းများ အပြည့် ထည့်သွင်း အသုံးပြု လိုက်သဖြင့် ရွှေဓားသည် ပုပ်သိုးနေသည့် သစ်သီးတစ်လုံးအလား ပြုတ်ပြဲ ထွက်သွားပြီး ရဲချန်ဖန်၏ လက်သီးသည် ဂျန်ကျုံရှင်း ရင်ဘတ်ကို ဆက်လက် ထိမှန်သွားသည်။ တစ်ချိန်တည်းမှာပင် ရဲချန်ဖန်သည် ဂျန်ကျုံရှင်း ဘေးတွင် ပေါ်လာပြီး ရဲချန်ဖန်လက်က ဂျန်ကျုံရှင်း ခေါင်းကို ဖိနှိပ်လိုက်လေသည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ ဂျန်ကျုံရှင်း၏ ဝိညာဉ်သားရဲ ပိတုန်းကို စုပ်ယူလိုက်လေသည်။

ထို့နောက် ရဲချန်ဖန်သည် ဂျန်ကျုံရှင်း၏ သိုလှောင်အိတ်နှင့် အခြားအဖိုးတန် ပစ္စည်းများကို သိုလှောင်အိတ်ထဲ သိမ်းဆည်းလိုက်ပြီး လှုပ်ရှားလိုက်ရာ ထိုအခန်းထဲမှ ပျောက်ကွယ် သွားသည်။ ထို့နောက် တိတ်ဆိတ်သော ညတွင် ဂျန်ကလန်မှ တန်ခိုးရှင်များကို လိုက်လံသုတ်သင် ရှင်းလင်းတော့သည်။

“ဟင်… ရဲထန်မင်က ဘာလို့ ဒီမှာရောက်နေရတာလဲ”

ရဲချန်ဖန်က ဂျန်ကလန် တန်ခိုရှင်များကို တိတ်တဆိတ် လိုက်လံ သတ်ဖြတ်နေရင်း လူသူ ကင်းပြတ်သည့် ခြံတစ်ခုထဲတွင် ရဲထန်မင် ရှိနေသည်ကိုတွေ့လိုက်ရသည်။

“ကြည့်ရတာ… ငါ့အဖေသေဆုံးတာ သူနဲ့ ပတ်သက်နေရမယ်”

ရဲချန်ဖန်က ရဲထန်မင်ကို ရဲမိသားစု၏ သစ္စာဖောက်ဟု သံသယ ရှိနေခဲ့သည်။

“မဟုတ်ရင် အဖေက နေရင်းထိုင်ရင်း အဆိပ်မိစရာ အကြောင်းကိုမရှိဘူး”

“ဘုန်း…”

ခြံတံခါးက ကျိုးပဲ့သွားပြီး အတွေးကမ္ဘာထဲတွင် ပျော်ရွှင် ကျေနပ်နေသော ရဲထန်မင်မှာ ထိတ်လန့်တကြား လန့်နိုးလာသည်။

“ရဲ… ရဲချန်ဖန်…”

ရဲထန်မင်သည် လူသတ်စိတ် အပြည့်နှင့် ရဲချန်ဖန်ကို မြင်လိုက်သောအခါ အလွန် တုန်လှုပ်သွားပြီး ကုလားထိုင်ပေါ်မှ ထရပ်လိုက်သည်။

“ခင်ဗျား ကျွန်တော့် အဖေကို အဆိပ်ခတ်ခဲ့တာလား”

ပြင်းထန်လှသော ဝိညာဉ်စိတ်အာရုံက ရဲထန်မင် စိတ်အာရုံထဲ ဝင်ရောက်သွားရာ ရဲထန်မင် အသိ လက်လွတ် ဖြစ်သွားလေသည်။ ရဲထန်မင်သည် သားရဲသခင် ဒုတိယအဆင့်ပဲရှိရာ ရဲချန်ဖန်၏ အစွမ်းထက်သော စိတ်အာရုံကြောင့် မေးသမျှကို မကွယ်မဝှက်ဘဲ ဖြေတော့သည်။

“ဟုတ်ပါတယ်”

ရဲဟွမ်ရှင်းသည် သူ့အတွက် အလွန်အရေးကြီးသောလူ ဖြစ်သည်။ သူ့မွေးစား အဖေကသာ သူ့ကို ကောက်ယူ မမွေးခဲ့ပါက သူသေဆုံးနေပြီး ဖြစ်ပေလိမ့်မည်။ သူ့အဖေ သေဆုံးရခြင်း အကြောင်းစုံကို သိလိုက်ရသဖြင့် ရဲချန်ဖန်၏ ပြင်းထန်လှသည့် လူသတ်စိတ်က ရဲထန်မင် ကိုယ်ထဲ ဝင်ရောက်သွားရာ ရဲထန်မင်မှာ ကြောက်လန့်တကြား ဒူးထောက် လဲကျသွားလေသည်။

“မဟုတ်ဘူး ချန်ဖန် မင်း ငါပြောတာ ယုံမှရမယ်။ အဲဒါ ဂျန်ကလန်က လုပ်တာ။ သူတို့က ငါ့ကို အကျပ်ကိုင်လို့ ငါလုပ်ခဲ့ရတာ။ ငါ မလုပ်ချင်ခဲ့ဘူး”

အသိစိတ် ပြန်ဝင်လာသော ရဲထန်မင် ဖြေရှင်းချက်များ ထုတ်ကာ တစ်ကိုယ်လုံးက တုန်ယင်နေသည်။

“အခုမှ ကြောက်နေတယ် ဟုတ်လား။ မင်း ငါ့အဖေကို သတ်တုန်းက အဲဒီလို ဖြစ်လာမယ်လို့ မထင်မိဘူးလား”

ရဲချန်ဖန် မျက်လုံးထဲမှ ဓားအလင်းတန်း ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးမှာ ဓားတစ်စင်း အလား ဖြစ်လာပြီး ရဲထန်မင်ကို ထိမှန်သွားရာ သွေးများ ပန်းထွက်လျက် မြေပေါ်လဲကျ သေဆုံးသွား လေသည်။

“အဖေ အဖေ့ကို ထိခိုက်အောင် လုပ်တဲ့ လူမှန်သမျှကို ငရဲကို ပို့ပေးမယ်။ သူတို့ကို ငရဲပြည်ပို့ပြီး အဖေ့ကို ပူဇော်ပါမယ်”

ရဲချန်ဖန်က သေဆုံးနေသော ရဲထန်မင်ကို ကြည့်ပြီး သူ့မျက်လုံးများ အလွန်နီရဲ နေလေသည်။

ဂျန်ကလန်သည် တစ်ညတည်းမှာပင် သွေးချောင်းစီးကာ ဇီကျင်နိုင်ငံမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အပြစ်ကင်းသော မိန်းမသားများနှင့် ကလေးများမှလွဲ၍ ကျန်ဂျန်ကလန် တန်ခိုးရှင်အားလုံး သတ်ဖြတ် သုတ်သင်ခြင်း ခံလိုက်လေသည်။ ထိုလွတ်မြောက်ခွင့်ရသူ အကုန်လုံးကို မှတ်ဉာဏ်များကို ရေခဲနတ်သမီးလေးက ဖျောက်ဖျက်ပစ်လိုက်သည်

Comment

Leave a Reply

Options

not work with dark mode
Reset