အခန်း (၁၁၁)
မင်းတို့ သေဖို့ပြင်ထားကြ
“ဒီအချိန်ရောက်နေပြီ။ မင်းတို့ကို ကယ်နိုင်တဲ့လူလည်း မရှိတော့ဘူး။ ငါက ဒီမှာဘုရင်ပဲ သိလား”
ဖြူဖပ်ဖြူရော် ဖြစ်နေသော မိန်းမလှလေးနှစ်ယောက်ကို ကြည့်ပြီး သူက ပိုပျော်ရွှင်လာနေကာ စနောက်နေသည်။
ဂျီချင်ရွှယ် ကိုယ်လုံးလေးကို ဖက်ကာ သူမ၏ စကပ်အရှည်ကို ဖြဲရန် လုပ်လိုက်ချိန်တွင် ပြင်းထန် လှသည့် လူသတ်စိတ်က တင်းကျပ်စွာ ပိတ်ထားသော တံခါးကိုဖြတ်သန်းပြီး သူ့ထံ ဝင်ရောက် လာလေသည်။ အလွန် ဒေါသမာန ကြီးလှသော သေမင်းက သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး ကျောရိုးတစ်လျှောက် အေးစိမ့်ကာ ဆံပင်များပင် ထောင်တက်သွားသည်။
“ဘယ်သူလဲ”
ပြင်းထန်လှသော လူသတ်စိတ်ကြောင့် ယုံရှန်ရှင်း အိပ်ရာထဲမှ ထရပ်လိုက်ပြီး ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်ကာ တံခါးကို သတိဖြင့် ဘယ်သူ ထွက်လာမလဲ စောင့်ကြည့်နေသည်။
“ကောင်းတယ် သိပ်ကောင်းတယ်။ မင်းက ဒီမှာအသင့်သေဖို့ စောင့်နေမှတော့ ငရဲပြည်ကို သွားတော့”
နှာခေါင်းရှုံ့သံ နှင့်အတူ အလွန် အစွမ်းထက်သော အော်ရာထွက်နေသော ရဲချန်ဖန်က ထွက်ပေါ် လာလေသည်။
“ငါဘယ်သူလဲ သိပြီလား…”
ပိတ်ထားသော တံခါးက ပေါက်ကွဲ ထွက်သွားပြီး အဖြူရောင်ဝတ်စုံနှင့် ခန့်ညား ချောမောသော ရဲချန်ဖန်က ပြင်းထန်သော လူသတ်စိတ်နှင့်အတူ ထွက်ပေါ်လာသည်။
“ရဲချန်ဖန်… မင်းလား… မင်းက ဒီကိုလာရဲတဲ့ သတ္တိ ရှိတယ်ဟုတ်လား…”
ရဲချန်ဖန်က အချိန်တစ်လကျော်သာ ကြာမြင့်သေးသော်လည်း မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်သွားသည်ကို ယုံရှန်ရှင်း သတိပြုမိလိုက်သည်။ သို့သော် ကောင်းကင် သားရဲဘုရင် စတုတ္ထ အဆင့် တန်ခိုးရှင်၏ ကာကွယ် စောင့်ရှောက်မှုရှိသဖြင့် သူက ရဲချန်ဖန်ကို စိတ်ထဲ မထည့်သေးပေ။
“ချန်ဖန် ရှင်သွားတော့။ ကျွန်မတို့ကို ဂရုမစိုက်နဲ့။ သူ့အနားမှာ ကောင်းကင် သားရဲဘုရင် အဆင့် တန်ခိုးရှင် အစောင့်ရှောက်ရှိတယ်”
စိတ်ဓာတ် အလွန်ကျနေသော ဂျီချင်ရွှယ်တို့ နှစ်ယောက်က အပြင်ထွက် လေ့ကျင့်နေသော ရဲချန်ဖန်ကို ဤအချိန်တွင် ပေါ်လာ၍ စိုးရိမ်တကြီးဖြင့် အော်ဟစ် သတိပေးလိုက်ကြသည်။ သူတို့က ရဲချန်ဖန် ယုံရှန်ရှင်း လက်ထဲရောက်ကာ မရှုမလှ ခံရမည်ကို တွေးပူနေကြလေသည်။
“သွားလို့ရမယ် ထင်နေလား။ မင်းက ဒီကိုလာရဲမှတော့ သေရွာသွားတော့ကွာ”
ယုံရှန်ရှင်းက နှာခေါင်းရှုံ့လိုက်ပြီး အစွမ်းထက်လှသော အော်ရာက ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ဖိနှိပ် လိုက်လေသည်။ ပြင်းထန်လှသည့် ယုံရှန်ရှင်း၏ အော်ရာနှင့် ရင်ဆိုင်အတွေ့တွင် ရဲချန်ဖန်၏ ကိုယ်ခန္ဓာ စွမ်းအားက ထွက်ပေါ်လာသည်။ သူသည် ကြယ်တာရာလိုပင် ဖိနှိပ်မှုကို တွန်းလှန်လိုက်ပြီး ပြန်၍ပင် ယုံရှန်ရှင်းကို ဖိနှိပ်လိုက်သည်။
“ဟင်… ကောင်းလိုက်တဲ့ ကိုယ်ခန္ဓာစွမ်းအား…”
ရဲချန်ဖန်၏ ကိုယ်ခန္ဓာစွမ်းအားမှ ထွက်ပေါ်လာသော ဖိနှိပ်မှုကြောင့် ယုံရှန်ရှင်း မျက်နှာပျက် သွားသည်။ သူသည် မကောင်းတာ တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။
“ခွေးကောင် သေစမ်း…”
ယုံရှန်ရှင်းက အော်ဟစ် မာန်သွင်းလိုက်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက်ကို ကိုင်ဆွဲကာ ရဲချန်ဖန် ရင်ဘတ်ဆီသို့ တိုက်ခိုက်လိုက်သည်။
ရဲချန်ဖန်ကို လက်နက်က ထိမှန်ခါနီးတွင် ရုတ်တရက် ရဲချန်ဖန် ရှေ့တွင် လူတစ်ယောက် ပေါ်လာလေသည်။ အလွန်လှပ ကျက်သရေရှိသော ရေခဲနတ်သမီးလေးက ရဲချန်ဖန် ရှေ့တွင် ပေါ်လာပြီး လှံရှည်ကို လက်ညှိုးနှင့် တောက်လိုက်သည်။
“ကျီကျိ…”
ယုံရှန်ရှင်း လက်ထဲတွင် ကိုင်ထားသော ဝိညာဉ်လက်နက်သည် ရေခဲနတ်သမီး၏ လက်ညိုး တောက်ချက်ကို မခံနိုင်ဘဲ အက်ကွဲသံ ထွက်ပေါ်လာပြီး ကျိုးကြေ ပျက်စီးသွားလေသည်။ ထို့နောက် ထိုတုံ့ပြန်အားကို ယုံရှန်ရှင်း မခံနိုင်ဘဲ တစ်ကိုယ်လုံး တုန်ခါသွားသည်။
“ဘာလဲ…”
ယုံရှန်ရှင်းသည် သူ့လက်ထဲတွင် ရှိနေသော ကျိုးကြေနေသည့် ဝိညာဉ်လှံရှည်ကို မျက်လုံး အပြူးသားနှင့် ကြည့်ပြီး အလွန်ထိတ်လန့် တုန်လှုပ်သွားသည်။
“အစ်မတော် ရွှယ်ပေါင် အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ”
ရဲချန်ဖန်က အလွန်အေးစက်၍ နတ်ပြည်မှ အလည်အပတ် ရောက်လာသည်ဟု ထင်ရသော ရေခဲ နတ်သမီးလေးကို ကြည့်ကာ မေးလိုက်သည်။
“ဒီနေရာတစ်ခုလုံးကို ပိတ်ဆို့တဲ့ မှော်အစီအရင် ငါရေးဆွဲပြီးပြီ။ ဘယ်သူမှ ထွက်ပြေး လွတ်မြောက်ဖို့ မစဉ်းစားနဲ့”
ရေခဲနတ်သမီးက အလွန်ခက်ထန် မာကျောသည့် အကြည့်ဖြင့် ယုံရှန်ရှင်းကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ သူမ အမုန်းဆုံး လူမျိုးမှာ မိန်းကလေးများကို အနိုင့်ကျင့် ဖျက်ဆီးသူ ဖြစ်သည်။ ယုံရှန်ရှင်းကို သူမ သတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ဒီက ဆရာမကြီးခင်ဗျာ… ကျွန်တော်က မဟာ ကောင်းကင်မီးဂိုဏ်း ယင်ယန်ခန်းမ အကြီးအကဲရဲ့ မြေးပါခင်ဗျာ။ မဟာကောင်းကင်မီးဂိုဏ်း မျက်နှာထောက်ပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင် ပါတယ်”
ရေခဲနတ်သမီးဆီမှ ထွက်ပေါ်နေသော လူသတ်စိတ်နှင့် ကြောက်မက်ဖွယ် အစွမ်းကြီးလှသည့် အော်ရာကြောင့် ယုံရှန်ရှင်း ထိတ်လန့်ကာ သူ့နောက်ခံ အင်အားကို ပြောလိုက်ပြီး တောင်းပန် လိုက်သည်။
“မင်းကို ချမ်းသာပေးရမယ် ဟုတ်လား။ မင်းလို လူယုတ်မာကို အကြိမ်တစ်ထောင် လောက်ကို သတ်ပစ်သင့်တယ်”
ရေခဲနတ်သမီးက လူသတ်စိတ်နှင့် ပြောလိုက်လေသည်။
“ဆရာမကြီးက တကယ်ပဲ ကျွန်တော်တို့ မဟာ ကောင်းကင်မီးဂိုဏ်းနဲ့ ရန်သူ လုပ်ချင်တာလား”
ရေခဲနတ်သမီးဆီမှ လူသတ်စိတ်က တဖြည်းဖြည်းနှင့် ပို၍ပြင်းထန်လာရာ ယုံရှန်ရှင်းမှာ အလွန်ထိတ်လန့်ပြီး မဟာ ကောင်းကင်မီးဂိုဏ်း နာမည်သုံးကာ ခြိမ်းခြောက်လိုက်သည်။
“ဟေး… တတိယအဆင့်ပဲရှိတဲ့ ဂိုဏ်းသေးသေးလေး နာမည်နဲ့ ငါ့ကို လာခြောက်ရဲတယ်။ ငါ မင်းတို့ဂိုဏ်းက ဟောင်လင်းရှေ့မှာ မင်းကိုသတ်ရင်တောင် သူက ဘာမှပြောရဲမှာ မဟုတ်ဘူး”
ရေခဲနတ်သမီးလေးက မဟာ ကောင်းကင်မီးဂိုဏ်းကို ဂရုမစိုက်ပုံနှင့် ပြောလိုက်လေသည်။
“ဆရာမကြီးက ဘယ်သူလဲခင်ဗျာ”
ယုံရှန်ရှင်းက ရေခဲနတ်သမီးလေးက မဟာကောင်းကင်မီးဂိုဏ်း၏ မဟာအကြီးအကဲကို နာမည်တပ်ခေါ် လိုက်သောအခါ သူ၏ အမူအရာက အလွန် ပျက်သွားလေသည်။ သူသည် မယုံနိုင် ဖြစ်နေသည်။ ရဲချန်ဖန်ကဲ့သို့ ဘာမှနောက်ခံအင်အား မရှိသောလူက မည်ကဲ့သို့ နတ်ဘုရားနီးပါး အစွမ်းထက်သောသူနှင့် သိကျွမ်း နေရသနည်း။
“ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး။ ငရဲပြည်ကို ကောင်းကောင်းသွားတော့”
ရေခဲနတ်သမီးက စိတ်မရှည်တော့ပေ။ သူမ၏ အနီရောင် ဝိညာဉ်စွမ်းအင်က ထွက်ပေါ် လာသည်။
“အနီရောင် ဝိညာဉ်စွမ်းအင်… မဟာ သားရဲဘုရင် တန်ခိုးရှင်လား…”
ရေခဲနတ်သမီးဆီမှ အနီရောင် ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာသည်ကို ကြည့်ပြီး ယုံရှန်ရှင်း မျက်လုံးများက ပြူးကျယ်နေလေသည်။ ယုံရှန်ရှင်းသည် မယုံနိုင်ဖြစ်နေကာ စိတ်ဓာတ်ကျသွားသည်။ သူ ဒူးထောက် တောင်းပန်ရန် ကြိုးစားလိုက်စဉ် အနီရောင် ဝိညာဉ်စွမ်းအင်က ရေခဲနတ်သမီးလေး ဆီမှ လှပစွာ ထွက်လာပြီး ယုံရှန်ရှင်း ခေါင်းကို ထိမှန်သွားသည်။ ထို့နောက် အသက်ကိုနုတ်ယူကာ ဝိညာဉ်ကို ဖျက်ဆီး လိုက်လေသည်။
“အစ်မတော် ရွှယ်ပေါင်။ အစ်မတော်က သူတို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံပေးနိုင်မလား မသိဘူး”
ရဲချန်ဖန်ကို မျက်ရည်တွဲလွဲဖြင့် ကြောက်လန့်နေသော ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ဘက်ကို ကြည့်ကာ ပြောလိုက်သည်။
“တပည့်အဖြစ် လက်ခံရမယ် ဟုတ်လား။ ငါ့တပည့်ဖြစ်ဖို့ မလွယ်ဘူး”
ရေခဲနတ်သမီးလေးက ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့က တန်ခိုးအဆင့် အလွန်နိမ့်ပြီး ပါရမီမှာ သာမန်ပင် ဖြစ်ကြောင်း တွေ့လိုက်လေသည်။
“အစ်မတော် ကျွန်တော် ဆန္ဒနှစ်ခု ဖြည့်ဆည်းပေးမယ် ပြောထားတာ အဲဒီကတိနှစ်ခုကို သူတို့ နှစ်ယောက်ကို တပည့်အဖြစ် လက်ခံပေးတာနဲ့ ဖြည့်ဆည်း ပေးစေချင်ပါတယ်”
“ဘာ… မင်းက အဲဒီကတိနှစ်ခုနဲ့ လဲလှယ်ချင်လို့။ အေးလေ မင်းက အဲဒီလို ဆိုမှတော့ သူတို့ကို ငါ့တပည့်အဖြစ် လက်ခံပြီး ဂိုဏ်းမှာ အပြင်စည်း တပည့်အဖြစ် သွင်းပေးပြီး ခေါ်သွားရမှာပေါ့”
ရေခဲနတ်သမီးက ချိုသာစွာပြုံးကာ ကျီစားသည့်ပုံဖြင့် ပြောလိုက်သည်။ ဂျီချင်ရွှယ်တို့ နှစ်ယောက်နှင့် ရဲချန်ဖန်တို့သည် အလွန်ထူးခြားသည့် ဆက်ဆံရေးရှိပြီး မခွဲနိုင် မခွာနိုင်ဖြစ်မည့် ဆက်ဆံရေးဟု သူမက ထင်သွားမိသည်။ သို့မဟုတ်ပါက သူမလို အမြွှာညီနောင် တိုက်ကြီး၏ အစွမ်းအထက်ဆုံး မဟာသားရဲဘုရင် တန်ခိုးရှင် တစ်ယောက်ဆီမှ လိုရာဆန္ဒနှစ်ခု တောင်းဆိုခွင့် ရှိသည်ကို မည့်ကဲ့သို့သော လူက လဲလှယ်မည်နည်း။
“အစ်မတော် ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ရဲချန်ဖန်က အလွန် ပျော်ရွှင်သွားသည်။ သူမက ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ကို ပြုစုပျိုးထောင် ပေးတော့မည်ကို သိလိုက်သောအခါ ရဲချန်ဖန် စိတ်အေးသွားလေသည်။
“ချန်ဖန် ကျွန်မ ရှင်နဲ့မခွဲချင်ဘူး”
ဂျီချင်ရွှယ်က သူမ၏နှင်းဆီရောင် နှုတ်ခမ်းလေးကို ကိုက်ပြီး ရှက်နေဟန်နှင့် ပြောလိုက်သည်။ သူမ နှလုံးသားကို ရဲချန်ဖန်က ပိုင်စိုးသွားပြီဖြစ်ပြီး သူမအသည်းနှလုံး၊ ဝိညာဉ်အားလုံးကို ရဲချန်ဖန်က တံဆိပ်နှိပ်ပြီး အပိုင်သိမ်း စိုးမိုးသွားပြီ ဖြစ်သည်။ အနာဂါတ်တွင် ရဲချန်ဖန် တစ်ယောက်သာ သူ့အနာဂါတ်ဖြစ်သည်။
ပိုင်ရှီအာက ဘာမှ ဝင်မပြောသော်လည်း သူမ မျက်ဝန်းများကတော့ အဓိပ္ပာယ်များစွာ ပြောနေ သယောင်ပင်။ သူမလည်း ဂျီချင်ရွှယ်လို သဘောထား ရှိလေသည်။
“ယုံရှန်ရှင်းက သေသွားပြီ။ မဟာ ကောင်းကင်မီးဂိုဏ်းက ဒီကိစ္စကို လွယ်လွယ်နဲ့ ပြီးလိုက်မှာ မဟုတ်ဘူး။ မင်းတို့ အန္တရာယ်တစ်ခုခု မကြုံချင်ဘူးဆိုရင် မင်းတို့က အစ်မတော် ရွှယ်ပေါင်နဲ့ လိုက်သွားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် နောက်တစ်ကြိမ် ငါလည်း မင်းတို့ကို မကယ်နိုင်မှာ စိုးရိမ်ရတယ်”
ရဲချန်ဖန်က ဂျီချင်ရွှယ်တို့၏ တောင်းပန် တိုးလျှိုးနေသော မျက်ဝန်းများကို ရှောင်ဖယ်ကာ ခေါင်းခါပြီး တီးတိုး ပြောလိုက်သည်။
“ချန်ဖန် ရှင် ကျွန်မတို့ကို လာတွေ့မှာလား”
ရဲချန်ဖန်က သံယောဇဉ် တစ်စက်မှ မရှိသောအသံကို ကြားလိုက်သောအခါ ဂျီချင်ရွှယ်က အလွန်ရင်နာ သွားသည်။ ရဲချန်ဖန်သည် သူမအတွက် မည့်သည့် ခံစားချက်မှ မရှိနေကြောင်း ခံစားမိ လိုက်သည်။ သူမ၏ လုပ်ရပ်ကြောင့် ရဲချန်ဖန်က သူမကို စိတ်ဆိုးနေတုန်းပဲလား။ သူမကို ခွင့်လွှတ်နိုင်ပါ့မလား။ သူမ စိတ်ပူသွားသည်။
“ငါအားရင် လာတွေ့ပါမယ်”
ရဲချန်ဖန်က ပြောလိုက်လေသည်။
“အာ… ရဲကလန် အကြီးအကဲရယ် မင်းအဘိုးက ဘာဖြစ်သွားသေးလဲ” ပြီးတော့ ဒီတော်ဝင်မြို့မှာ ဘာတွေဖြစ်နေတာလဲ”
ရဲချန်ဖန်က စကားလွှဲလိုက်သည်။
“ထီးနန်းလုပွဲကြောင့် ပထမမင်းသားက သူ့ရန်သူတော်တွေကို သုတ်သင် ရှင်းလင်းနေတာ။ အဘိုးနဲ့ ကျန်လူတွေ အားလုံးကို ကောင်းကင်ထောင်ထဲမှာ ဖမ်းထည့်ထားတယ်”
ဂျီချင်ရွှယ်က ရဲချန်ဖန်ကို အခြေအနေကို ရှင်းပြလိုက်သည်။
“ပထမမင်းသားနဲ့ ဂျန်ကျုံရှင်းက အားလုံးကို သတ်ချင်နေတာပဲ။ သွားကြရအောင် အဲဒီလူတွေကို သွားရှင်းမယ်။ တချို့လူတွေကို သူတို့ ပြဿနာ သွားရှာလို့ မရဘူးဆိုတာ သူတို့ သိစေရမယ်”
ရဲချန်ဖန် မျက်လုံးမှ ဒေါသရောင်များ ထွက်လာသည်။
ထိုနောက် ယုံရှန်ရှင်း သေဆုံးသည့်ကိစ္စနှင့် ဂျန်ကျုံရှင်း၏ အကြံအစည်များကို ဖျက်ဆီးရန် ဂျန်ကလန်ကို လက်စဖျောက် သုတ်သင် ရှင်းလင်းပစ်ရန် စတင် ပြင်ဆင်တော့သည်