Switch Mode

Chapter – 109

တော်ဝင်မြို့တော်

အခန်း (၁၀၉)
တော်ဝင်မြို့တော်

“အခု ဘုရင်က ရုတ်တရက် သေနိုင်လောက်တဲ့ အဖျားရောဂါ စွဲကပ်နေပြီ။ ငါထင်တယ် သူ သုံးလေးရက်ထက် ပိုမခံနိုင်တော့ဘူး။ အခုအခြေအနေအရ ဆိုလျှင် တော်ဝင်မြို့တော်က ဂျန်ကလန်နဲ့ ရှေးဟောင်း ကလန်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ”

ရဲကလန် ရဲတိုက်တွင် အစည်းအဝေး ကျင်းပနေသည်။

“ပထမမင်းသားရဲ့ စရိုက်နဲ့ဆို သူနန်းတက်တာနဲ့ ငါတို့အင်အားကြီး ကလန်တွေနဲ့ ဒုတိယမင်းသား အတွက် အလွန်အန္တရာယ်များနေပြီ။ ပထမမင်းသား ပြီးတော့ ဂျန်ကလန်က ငါတို့ကို ဆက်တည်ရှိခွင့် ပြုမှာ မဟုတ်ဘူး”

ဂျီကလန်ခေါင်းဆောင် မျက်နှာမှာ အလွန်လေးနက်နေသည်။

ရဲချန်ဖန်နှင့် ပြဿနာ ဖြစ်ပွားခဲ့သည့် လူများအကြောင်း တွေးမိလျှင် ဂျီကလန်ခေါင်းဆောင်က ကူညီရာမဲ့ ဖြစ်နေသလို ခံစားနေရသည်။

“ချန်ဖန်ကို ဒုက္ခပေးချင်တဲ့လူက ယုံရှန်ရှင်း ဆိုတဲ့လူပဲ။ သူက မဟာကောင်းကင် မီးဂိုဏ်းက ယင်ယန်ခန်းမ အကြီးအကဲရဲ့မြေးပဲ။ နောက်ဆုံးတစ်ခေါက်က ချန်ဖန်ကို သတ်ဖို့ ရှန်းတုကလန်ကို အမိန့်ထုတ်ခဲ့တာလည်း သူပဲ”

“အဲဒီကောင်က ချန်ဖန်ကို သတ်ဖို့ဆိုပြီး ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင်ကို တော်ဝင်မြို့တော်မှာ စောင့်ကြပ်ခိုင်းထားတယ်။ ရဲချန်ဖန် ပေါ်လာတာနဲ့ အဲဒီတန်ခိုးရှင်က သတ်မှာပဲ”

ခန်းမထောင့်နေရာတွင် ထိုင်နေသော ဂျီချင်ရွှယ်က စိုးရိမ်စွာနှင့် ပြောလိုက်သည်။

ထိုအချိန်တွင် သူမနှင့် ပိုင်ရှီအာတို့ကို အဖြူရောင် တောင်တန်းထဲတွင် ကယ်တင်ခဲ့သော သူသည် သူမ နေ့ရောညပါ လွမ်းဆွတ်နေရသည့် ဆရာချန်ဖြစ်ပြီး ဆရာချန်က ရဲချန်ဖန်ပင် ဖြစ်ကြောင်း သူမ သိရှိပြီး ဖြစ်သည်။ ရဲချန်ဖန်သည် သူမတို့ ကလန်အတွက် ဆောင်ရွက်ပေးခဲ့မှုများနှင့် သူမကို အကြိမ်ကြိမ် ကယ်တင် ကူညီမှုများကို တွေးမိတိုင်း နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာ မချိတင်ကဲ ဖြစ်နေမိသည်။

“ဘာ…”

ရဲချန်ဖန်သည် မဟာကောင်းကင် မီးဂိုဏ်း ယင်ယန်ခန်းမ အကြီးအကဲ၏မြေးနှင့် ပြဿနာ တက်ခဲ့ပြီး ကောင်းကင် သားရဲဘုရင် တန်ခိုးရှင်ကပါ ရဲချန်ဖန်ကို သတ်ရန် စောင့်နေသည်ကို ကြားလိုက် ရသောအခါ ခန်းမထဲရှိ လူတိုင်း၏ မျက်နှာမှာ အလွန်ပျက်သွားကြသည်။ အထူးသဖြင့် ရဲချင်ဟွမ်းပင်။

“တကယ်ပဲ ငါတို့ မိသားစုတွေကို မျိုးဖြတ် သတ်ချင်နေတာလား”

ရဲကလန် ခေါင်းဆောင် ရဲချင်ဟွမ်းက စိတ်ဓာတ်ကျစွာ ပြောလိုက်မိသည်။

“အကြီးအကဲရဲ ငါတို့အတွက် ဒီတော်ဝင်မြို့တော်မှာ ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူး။ ငါတို့ ဒီတော်ဝင် မြို့တော်က ဒီထက်စောပြီး ထွက်ခွာကျရင် မကောင်းဘူးလား။ ပြီးမှ အခြေချဖို့ နေရာ ထပ်ရှာကြတာပေါ့”

ဂျီကလန်ခေါင်းဆောင်က ပြောလိုက်သည်။

“ဟင်း… ငါတို့မှာ ရွေးချယ်စရာဆိုလို့ ဒီနည်းလမ်းပဲ ရှိတော့တာပဲ”

ရဲကလန် ခေါင်းဆောင်က ပြောလိုက်သည်။ ပထမမင်းသား ဘုရင်ဖြစ်သည်နှင့် သူတို့ကို စောင့်ကြိုနေသည်မှာ သတ်ဖြတ်သုတ်သင် ခံရခြင်းပင်။

“ကဲ… အားလုံးပြောကြည့် မင်းတို့က ဘယ်ကိုသွားချင်လို့လဲ”

ရဲကလန် ခေါင်းဆောင်နှင့် ဂျီကလန် ခေါင်းဆောင်တို့ တော်ဝင်မြို့တော်မှ ထွက်ခွာရန် ဆုံးဖြတ်နေချိန် အစည်းအဝေး ခန်းမထဲတွင် မောက်မာ ထောင်လွှားလှသည့် အသံက ထွက်ပေါ် လာလေသည်။ ထိုအသံ ပိုင်ရှင်က ဂျန်ကလန် ခေါင်းဆောင် ဂျန်ကျုံရှင်းပင်။ သူက တော်ဝင် မြို့စောင့်တပ်ကို ဦးဆောင်လာကာ ရဲကလန် ရဲတိုက်ကို ပိတ်ဆို့ ဝိုင်းရံထားခြင်း ဖြစ်သည်။

“ဂျန်ကျုံရှင်း ဒါမင်းဘာလုပ်နေတာလဲ”

ရဲကလန်ခေါင်းဆောင် မျက်နှာက အလွန်မည်းသွားပြီး ခက်ထန်လှသည့် မျက်နှာနှင့် ဂျန်ကျုံရှင်းကို မေးလိုက်သည်။ ဂျန်ကျုံရှင်းနှင့် အတူပါလာသော တော်ဝင်မြို့စောင့် တပ်သား တစ်ရာကျော်က သူတို့ကို လက်နက်များဖြင့် ချိန်ရွယ်ထားသည်ကို မြင်တွေ့လိုက်ရသည်။

“ဘာအတွက်လဲ ဟုတ်လား။ မင်းတို့က ဇီကျင်နိုင်ငံကို သစ္စာဖောက်ပုန်ကန်ဖို့ ပူးပေါင်း ကြံစည်လို့ပဲ။ ပထမမင်းသား အမိန့်အရ ငါမင်းတို့လို သစ္စာဖောက်ကောင်တွေကို လာဖမ်းရတာပဲ”

“မင်းတို့ ဘာရပ်လုပ် နေကြတာလဲ။ အဲဒီခွေးသခိုးလို ကောင်တွေကို မြန်မြန်သွားဖမ်းကြလေ။ ပြီးတော့ သူတို့ကို ကောင်းကင်ထောင်မှာ ဖမ်းထည့်ပြီး ပထမမင်းသား အမိန့်ကို စောင့်နေကြချေ”

“ဂျန်ကျုံရှင်း မင်း ငါတို့ကို မစွပ်စွဲနဲ့။ ငါတို့က ဘယ်တုံးက ဇီကျင်နိုင်ငံကို သစ္စာဖောက် ဖူးလို့လဲ”

ဂျီကလန် ခေါင်းဆောင်က ဒေါသတကြီး မေးလိုက်သည်။ သူ့ကိုယ်မှ အစွမ်းထက်သော အော်ရာက ထွက်ပေါ်လာသည်။ သူတို့သာ ဖမ်းဆီးခံရပြီး ကောင်းကင်ထောင်တွင် ချုပ်နှောင်ခံရပါက သူတို့ အဲဒီကနေ အသက်ရှင် လွတ်မြောက်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

“ဘယ်လိုလဲ ဂျီကလန်ခေါင်းဆောင်။ ခင်ဗျားက ပုန်ကန်ချင်တာလား။ မင်းတို့ ကောင်းကောင်း မွန်မွန် နာခံရင် ကောင်းမယ်။ ခုခံတဲ့လူမှန်သမျှ သတ်တာခံရမယ်”

ဂျန်ကျုံရှင်းက အလွန်မာရေကျောရေ ပြောလိုက်လေသည်။

“ဂျီဟရောင် ငါတို့တူတူ တိုက်ရအောင်။ ဒါမှ ငါတို့လွတ်မြောက်ဖို့ လမ်းရှိမှာ”

ရဲကလန် ခေါင်းဆောင်က သူ့သိုလှောင်အိတ်ထဲမှ အစိမ်းရောင် လှံရှည်ကို ထုတ်ယူပြီး ပိတ်ဆို့မှုမှ ဖောက်ထွက်ကာ လွတ်မြောက်အောင် ကြိုးစားရန် ပြင်ဆင်လိုက်သည်။

“ကြည့်ရတာ ငါ မင်းတို့ကို သင်ခန်းစာ မပေးရင် မင်းတို့က အလျှော့ပေးမှာ မဟုတ်ဘူး။ အစ်ကိုရှန်းတု ရဲကလန် ခေါင်းဆောင်နဲ့ တခြားလူတွေကိစ္စ အစ်ကိုလက်ထဲ အပ်လိုက်ပြီနော်”

“အမ်…”

ဂျန်ကျုံရှင်း နောက်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူကြီးက ခေါင်းညိတ်ပြ လိုက်သည်။ သူက ဖြည်းညင်းစွာ တစ်လှမ်းချင်း လျှောက်လာရာ သူ့ကိုယ်မှာ ပြင်းထန်လှသော အော်ရာက ထွက်ပေါ်နေသည်။

“အပြာရောင် ဝိညာဉ်စွမ်းအင်။ မြေကမ္ဘာ သားရဲစစ်သူကြီး တန်ခိုးရှင်ပဲ…”

ရဲကလန်နှင့် ဂျီကလန်တို့သည် ဇီကျင်နိုင်ငံ၏ အင်အားအကြီးဆုံး ကလန်များ ဖြစ်သော်လည်း သူတို့၏ အမွေအနှစ် ချို့တဲ့မှုကြောင့် သူတို့ကလန်များတွင် မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့် တန်ခိုးရှင် တစ်ယောက်မှ မရှိချေ။ အနက်ရောင် ပုဂ္ဂိုလ်၏ အစွမ်းကို သိသွားပြီး သူတို့ စိတ်ဓာတ် အလွန်ကျသွားလေသည်။

“မင်းတို့ လက်နက်ချမှာလား။ ငါတို့ သတ်တာ ခံချင်လား”

အနက်ရောင် ဝတ်စုံနှင့်လူထံမှ ရက်စက်သည့် အမူအရာများ ထွက်ပေါ်လာပြီး သူက ရဲနှင့် ဂျီကလန် မိသားစုမှ ခေါင်းဆောင်များကို ဝေ့ကြည့်လိုက်သည်။

သူတို့က အနက်ရောင် ဝတ်စုံနှင့်လူ၏ ရက်စက် ကြမ်းကြုတ်သည့် မျက်ဝန်းကို မြင်လိုက် ချိန်တွင် ဂျီကလန် ခေါင်းဆောင်က သူ့ကို အစာငတ်နေသည့် သားရဲကြီးက စိုက်ကြည့်နေသလို ခံစား လိုက်ရသည်။ သူတို့ ကျောရိုးမ တစ်လျှောက် အေးစိမ့်ပြီး ခုခံလိုစိတ်မှာ နည်းသထက် နည်းလာလေ သည်။
“မင်းတို့ ဘာရပ်လုပ် နေကြတာလဲ။ သူတို့ကို ကြိုးတုပ်ပြီး ခေါ်သွားကြစမ်း”
ဂျန်ကျုံရှင်းက အနက်ရောင် ဝတ်စုံနှင့်လူကို ရဲနှင့် ဂျီကလန်က ကြောက်ရွံ့၍ ရပ်ကြည့် နေကြသည်ကို မြင်သောအခါ သူ့မျက်နှာတွင် အေးစက်စက် အပြုံးက ထွက်ပေါ်လာပြီး စစ်သားများကို အမိန့်ပေးလိုက် လေသည်။

“ခဏနေဦး။ သူတို့နှစ်ယောက်ကိုတော့ ထားခဲ့လိုက်”

မြို့စောင့် တပ်သားများက အစည်းအဝေး ခန်းမထဲဝင်ပြီး ဝိညာဉ်စွမ်းအင်များ ထုတ်သုံး မရစေရန် ချုပ်နှောင်နေခိုက် ဂျန်ကျုံရှင်း အကြည့်က ချောမောလှပသည့် ဂျီချင်ရွှယ်နှင့် ပိုင်ရှီအာတို့ထံ ရောက်သွားကာ ယုတ်မာသည့် အကြံဖြင့် ပြောလိုက်လေသည်။

ဂျန်ကျုံရှင်းက သူမတို့နှစ်ယောက်ကို ချန်ထားရန် စစ်သားများကို အမိန့်ပေးသံ ကြားလိုက် သောအခါ သူမတို့မျက်နှာက အလွန်ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သူမတို့၏ လှပသော မျက်လုံး များထဲတွင် ကြောက်ရွံ့မှုများကို အတိုင်းသား မြင်နေရလေသည်။

“ဂျန်ကျုံရှင်း မင်းဘာလုပ်နေတာလဲ။ မင်း ငါ့မြေးကို ထိခိုက်အောင်လုပ်ရင် ငါသေရင်တောင် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဂျီကလန် အကြီးအကဲက မျက်လုံးများ အလွန်နီရဲကာ ဒေါသထွက်နေသည်။ သူက ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

ပိုင်ကလန် အကြီးအကဲလည်း အားရှိသလောက် ရုန်းကန်နေကာ ဝါးစားမတတ် ဒေါသ ထွက်နေသည့် မျက်လုံးများနှင့် ဂျန်ကျုံရှင်းကို ကြည့်နေသည်။

“ဟွန်း… ငါက မင်းတို့ကို ကြောက်မယ် ထင်နေလား”

ဂျန်ကျုံရှင်းက နှာခေါင်းရှုံ့ကာ အထင်သေးသည့်ပုံဖြင့် ပြောလိုက်သည်။

“ဂျန်ကျုံရှင်း ငါ ကောင်းကင်မီး ဂိုဏ်းခေါင်းဆောင် ချင်တောင်ပိုင်ရဲ့ နောက်ဆုံးတပည့်ပဲ။ ရှင် ကျွန်မကို ထိခိုက်အောင် လုပ်ရင် ဂိုဏ်းခေါင်းဆောင်က ငါ့အတွက် လက်စားချေလိမ့်မယ်”

ဂျီချင်ရွှယ်က နှုတ်ခမ်းလေးကို ပြတ်ထွက်မတတ် ကိုက်ကာ ပြောလိုက်လေသည်။ သူက ကောင်းကင်မီး ဂိုဏ်းခေါင်းဆောင်၏ နာမည်အရှိန်အဝါကို သုံးကာ ဂျန်ကျုံရှင်းကို အရမ်းကာရော မလုပ်ရဲစေရန် ကြိုးစားလိုက်သည်။

“ဒါဆို ငါလည်းပဲ ပြောရဦးမယ်။ ငါ မင်းကိုပြောပြဖို့ ဝန်မလေးဘူး။ မင်းတို့ကို စိတ်ဝင်စားတဲ့ လူက ငါမဟုတ်ဘူး။ ယင်ယန်ခန်းမရဲ့ သခင်လေးယုံပဲ။ သူ့မှာ ကောင်းကင် သားရဲဘုရင် စတုတ္ထ အဆင့် တန်ခိုးရှင် အကူအညီရှိတယ်။ သူက ချင်တောင်ပိုင်လို လူမျိုးကို ဂရုတောင်မစိုက်ဘူး။ မင်းတို့ ကသာ သခင်လေးယုံကို ဂရုတစိုက် ပြုစုမယ်ဆိုရင် သူက သနားပြီး မင်းတို့ကို အသက်ချမ်းသာ ပေးရင်ပေးမှာပေါ့ကွာ။ ဟား…”

“ဂျန်ကျုံရှင်း မင်းလူယုတ်မာ… မင်းအသေဆိုးနဲ့ သေရမယ်”

ယင်ယန်ခန်းမ၏ တန်ခိုးထွားပုံကို သိထားသော ဂျီကလန်ခေါင်းဆောင်က သူ့သမီးသာ ယုံရှန်ရှင်း လက်ထဲရောက်ပါက သေတာထက်ဆိုးတာ ခံစားရမည်ကို သိနေလေသည်။

“ခွေးကောင် မင်းက ဒီအချိန်ရောက်တာတောင် ငါ့ကို ပြန်ပြောရဲတယ်”

ဂျန်ကျုံရှင်းက ဒေါသတကြီး သူ့ကို ရန်တွေ့နေသည့် ဂျန်ကလန်နှင့် ခပ်ဝေးဝေးတွင် ရပ်နေရာမှ ရှေ့တိုးလာပြီး ဝိညာဉ်စွမ်းအင် အပြည့်ပါသော လက်သီးဖြင့် ဂျီကလန် ခေါင်းဆောင်၏ ရင်ဘတ်ကို ထိုးလိုက်ရာ လေထဲလွင့်စဉ်သွားပြီး မြေပင်နှင့် ပြင်းထန်စွာ ဆောင့်မိလေသည်။

“နောက်ဆိုရင် ရဲကလန်၊ ဂျီကလန်နဲ့ ဝမ်ကလန်ပါ ဒီဇီကျင်နိုင်ငံမှာ မရှိစေရဘူး။ ငါတို့ ဂျန်ကလန်ပဲ ရှိစေရမယ်”

ဂျန်ကျုံရှင်းက မောက်မာစွာနှင့် ဂျန်ကလန်ခေါင်းဆောင် မျက်နှာပေါ် ဖိနပ်ဖြင့်နင်းကာ ပြောလိုက်လေသည်။

ဒီအချိန်တွင် သူ့ဆန္ဒများ ပြည့်ဝလာပြီဖြစ်သည်

Comment

Leave a Reply

Options

not work with dark mode
Reset