အခန်း (၁၀၈)
တိမ်ခွင်းလက်ဝါး
“ဟူး… တော်သေးတယ်။ ဒီချီးထုတ်မ နောက်ဆုံးတော့ ကြောက်သွားပြီ”
ရဲချန်ဖန်က ရွှယ်နီရှန် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သက်ပြင်း ချလိုက်မိသည်။ ဒဏ်ရာ ရသွားသော်လည်း သူမသည် ကောင်းကင်သားရဲ ဘုရင်အဆင့် ဖြစ်သည်။ တကယ် အချိန်ကြာလာပါက သူသည် ရွှယ်နီရှန် တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
“ဘုန်း…”
ရဲချန်ဖန် စိတ်သက်သာရာ ရသွားစဉ် ဂူထဲမှ ကြောက်လန့်စရာ အော်ရာက ထွက်ပေါ်လာသည်။ အဖြူရောင် ဝတ်စုံလေးနှင့် အလွန် ချောမောလှပသည့် မိန်းမချောလေးက ဂူထဲမှ ထွက်ပေါ်လာသည်။ အရပ်မြင့်၍ ကောက်ကြောင်းများနှင့် အပိုအလိုမရှိ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးသည် ပို၍ လှပလာသလိုပင်။ သူမကို ကြည့်လိုက်သည်နှင့် ကျက်သရေရှိခြင်း၊ လှပသိမ်မွေ့ခြင်းတို့ကို မြင်တွေ့ ရပေမည်။
“အနီရောင် ဝိညာဉ်စွမ်းအင် မဟာသားရဲဘုရင် အဆင့်ပဲ”
ရေခဲနတ်သမီးလေး ကိုယ်မှ အနီရောင် ဝိညာဉ်စွမ်းအင် ထွက်နေသည်ကို ကြည့်ပြီး ရဲချန်ဖန်သည် သူမက မဟာသားရဲ ဘုရင်အဆင့် တက်လှမ်းသွားပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
“ဆရာမကြီး အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ”
ရဲချန်ဖန်က ပြုံးကာ ဂုဏ်ပြုစကား ပြောလိုက်သည်။
“ငါ့နာမည်က ရွှယ်ပေါင်ပဲ။ မင်းနာမည်က ဘယ်လိုခေါ်လဲ”
“ရဲချန်ဖန်ပါ”
“ရဲချန်ဖန် ဟုတ်လား။ ရဲ ဟုတ်လား။ ဒီမြောက်ပိုင်း ပင်လယ်တစ်ဝိုက်မှာ ရဲနဲ့စတဲ့ ရှေးဟောင်း ကလန် မရှိပါဘူး။ ကြည့်ရတာ သူက တခြားဒေသက ထင်တယ်”
ရေခဲနတ်သမီးလေးက တွေးနေမိသည်။
သူမ အမြင်အရဆိုလျှင် ရဲချန်ဖန်သည် ပါရမီအလွန်ရှိပြီး အစွမ်းထက်လှသည်။ ရဲချန်ဖန်သည် တန်ခိုးအဆင့် နိမ့်သေးသော်လည်း ဓားအင်အားကို နားလည်နေပြီး အလွန်ထူးခြား မြင့်မြတ်သော လူတန်းစားမှ လာသောလူ ဖြစ်မည်ဟု သူမက ထင်ထားသည်။ မဟုတ်ပါက မည်ကဲ့သို့ ဆန်းကြယ် ရေခဲဝိညာဉ်ကို ထိန်းချုပ်စုပ်ယူ ပေါင်းစပ်နိုင်မည်နည်း။ ထို့အပြင် အလွန်အစွမ်းထက်သော ဆေးလုံးနှင့် အစိမ်းရောင် သစ်ရွက်ကို ဘယ်လို ထုတ်ယူနိုင်မည်နည်း။
“မင်းက တခြားဒေသကြီးက လာတာလား”
သူမက တဖြည်းဖြည်း ရဲချန်ဖန် အကြောင်းကို စိတ်ဝင်စားလာသည်။
“မဟုတ်ပါဘူး။ ကျွန်တော်က ဇီကျင်နိုင်ငံက လာတာပါ။ ကျွန်တော်က ကောင်းကင်မီး ဂိုဏ်းသားပါ ခင်ဗျာ”
ရဲချန်ဖန်က ရွှယ်ပေါင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားချင်သည်။ ထိုမှသာ ရွှယ်ပေါင်က သူလိုအပ်လာလျှင် ကူညီပံ့ပိုးပေးပါက မဟာကောင်းကင် မီးဂိုဏ်းကိုပင် စိုးရိမ်နေစရာ မလိုတော့ပေ။
“ဇီကျင်နိုင်ငံ။ မဟာကောင်းကင် မီးဂိုဏ်း ဟုတ်လား…”
ရဲချန်ဖန် ဘယ်သူလဲ သူမသိသွားသည်နှင့် သူမက ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူမက ရဲချန်ဖန်သည် လူသားတိုင်းပြည်လေးမှ မထင်မရှား ဂိုဏ်းသေးသေးလေး တစ်ခု၏ ဂိုဏ်းဝင် ဖြစ်ကြောင်း ဘယ်လိုမှ မထင်ထားပေ။
“တကယ်တော့ ကျွန်တော်က ဒီနေရာကို တစ်စုံတစ်ယောက်ရဲ့ ဖိအားတစ်ခုကြောင့် မဖြစ်မနေ ထွက်လာရတာပါ”
ရဲချန်ဖန်က သက်ပြင်းချလိုက်ကာ ဖြစ်သမျှ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
“ငါ ရွှယ်ပေါင်က သူတစ်ပါး အကြွေးတင်နေတာ မကြိုက်ဘူး။ မင်းက ဝိညာဉ်ရတနာ အဆင့်ရှိတဲ့ အစိမ်းရောင် သစ်ရွက်ကို အသုံးပြုပြီး ငါ့အသက်ကို ကယ်ခဲ့တယ်။ ပြီးတော့ မဟာသားရဲ ဘုရင်အဆင့် ရောက်အောင် ကူညီခဲ့တာဆိုတော့ မင်းကို ငါက အကြွေးကြီးတစ်ခု တင်နေသလိုပဲ။
“ဒီလိုလုပ် ငါ မင်းကို အဆင့်မြင့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းနှစ်ခု သင်ပေးမယ်။ ပြီးတော့ မင်းနောက်လိုက်ပြီး မဟာကောင်းကင် မီးဂိုဏ်းက ပြဿနာတွေကို ဖြေရှင်းပေးမယ်”
“ကျေးဇူးတင်ပါတယ်။ အစ်မတော် ရွှယ်ပေါင်”
ရဲချန်ဖန်က မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းတန်ဖိုး ဘယ်လောက်တန်ဖိုးကြီးလဲ နားလည်သည်။ မဟာကောင်းကင် မီးဂိုဏ်း တစ်ခုလုံးတွင်ပင် အဆင့်မြင့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းမရှိပေ။
“ဒီသိုင်းကို ပျက်သုဉ်းခြင်း ဓားသိုင်းလို့ ခေါ်တယ်။ ငါ လွန်ခဲ့တဲ့ ဆယ်နှစ်က အန္တရာယ် အလွန်များတဲ့ ရှေးဟောင်း နယ်မြေတစ်ခုက ရခဲ့တာပဲ။ ဒီဓားသိုင်းက အကွက်က သုံးကွက်ရှိတယ်။ လွင့်မျောတိမ်၊ လေအရိပ်နဲ့ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းဆိုတဲ့ အကွက်သုံးကွက် ခွဲထားတယ်။ သေချာကြည့်ပြီး မှတ်သားထား”
သူမက ပြောရင်း ဓားကိုထုတ်ကာ ကစားပြလိုက်သည်။
“လွင့်မျောတိမ်…”
ရေခဲနတ်သမီးလေးက လေနှင့်အတူ မျောလွင့်နေသည့်ဟန် လှုပ်ရှားနေပြီး ဓားကွက်က တိမ်တိုက်လိုပင် သဘာဝအတိုင်း စီးမျောနေသည်။
“လေအရိပ်…”
ရေခဲနတ်သမီး၏ ညာလက်က ဓားကိုခုတ်ချလိုက်ရာ အရိပ်များစွာ ထွက်ပေါ်လာပြီး လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ကာ အရိပ်များစွာ ထွက်ပေါ်နေသည်။ ထို့နောက် လေမုန်တိုင်းလို ဓားချက်များက ရေခဲတုံးကြီးများကို ခွဲဖြတ်သွားသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းဆိုတဲ့ အကွက်ကို သတိထားကြည့် ဒီအကွက်က ဒီဓားသိုင်းရဲ့ အသက်ပဲ။ ပြီးတော့ အပြင်းထန်ဆုံး၊ အရက်စက်ဆုံး အကွက်ပဲ”
ရေခဲနတ်သမီးလေးက သတိပေးပြီး ဓားကွက်များကို အလျင်အမြန် လှုပ်ရှားနေသည်။ ဤအကွက်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အလွန် လျင်မြန်လှပြီး ဓားဖြတ်သန်းရာ တစ်လျှောက် လေထဲတွင် အဖြူရောင် အလင်းတန်းများ ကျန်ရစ်နေသည်။
သို့သော် ရဲချန်ဖန်၏ နတ်ဦးနှောက်က ရေခဲနတ်သမီးလေး၏ လှုပ်ရှားမှုများကို မှတ်သား ထားလိုက်နိုင်သည်။ ရဲချန်ဖန်အတွက် ဤအကွက်မျိုးသည် အဆုံးစွန်သော မြန်နှုန်းကို ရောက်ရှိနေပြီ ဖြစ်သည်။
“ကောင်းပြီ… ဒါက ဒီသိုင်းလေ့ကျင့်နည်းပဲ။ မြန်မြန်လေး မှတ်ထားလိုက်။ မင်းမှတ်ထား ရမှာက ငါ့ခွင့်ပြုချက် မရှိဘဲ ဒီဓားသိုင်းကို တခြားလူ မသင်ပေးရဘူး”
သူမသည် ဓားသိုင်းကို တစ်ခါ ကစားပြပြီးနောက် ရွှေအိုရောင် စာအုပ်လေး တစ်အုပ်ကို သူမ၏ သိုလှောင်အိတ်ထဲမှ ထုတ်ပြီး ရဲချန်ဖန်ကို ပေးလိုက်သည်။
ရဲချန်ဖန်က စာအုပ်ကို ချက်ချင်းပင် ဖွင့်ကြည့်ကာ နတ်ဦးနှောက် အသုံးပြု၍ မှတ်သား လိုက်သည်။ ငါးမိနစ်ခန့် ကြာသောအခါ ရဲချန်ဖန်သည် စာအုပ်ကို ပိတ်လိုက်ပြီး ရေခဲနတ်သမီးလေးကို ပြန်ပေးလိုက်သည်။
“မင်း အားလုံးကို မှတ်မိပြီလား”
သူမက ရဲချန်ဖန် စာအုပ်ကို တစ်ခေါက်မျှပင် တဖျပ်ဖျပ် လှန်ဖတ်လိုက် သည်ကိုသာ မြင်လိုက်ပြီး ရဲချန်ဖန်က မှတ်မိသွားပြီဟု ပြောနေသောအခါ သူမက အလွန်အံ့သြသွားသည်။
“အာ… အကုန်လုံးကိုတော့ မှတ်မိပါတယ်”
ရဲချန်ဖန် ပြန်ဖြေသံကို ကြားလိုက်သောအခါ ရေခဲနတ်သမီးလေးက တုန်လှုပ်သွားမိသည်။ ရဲချန်ဖန်တွင် တစ်ခါကြည့်ရုံနှင့် မှတ်မိသည့် မှတ်ဉာဏ်မျိုး ရှိမည်ဟု မထင်ထားမိပေ။ သူမကသာ ရဲချန်ဖန် သူမ၏ သန့်ရှင်းသော ကိုယ်ခန္ဓာကိုသာ မမြင်ထားခဲ့လျှင် သူမ ရဲချန်ဖန်ကို သူမဂိုဏ်းထဲ ဝင်အောင် ကြိုးစားမိမည်ဖြစ်သည်။ ယခုတော့ ရဲချန်ဖန်ကို မြင်လျှင် သူမအနည်းငယ် စနိုးစနောင့် ရှက်သလို ဖြစ်နေမိလေသည်။
“မင်း ဒီသိုင်းကိုမှတ်မိရင် ငါ ဒုတိယဝိညာဉ်သိုင်းကို သင်ပေးမယ်။ တိမ်ခွင်း လက်ဝါးသိုင်းပဲ။ ငါဒီသိုင်းကို အနောက်မြောက် ဝိညာဉ်ဘုံကို လှည့်ပတ်သွားနေတုန်းက ရရှိခဲ့တာပဲ။ ဒီဝိညာဉ်သိုင်းနဲ့ ခန္ဓာကိုယ် စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးလို့ ရနိုင်တယ်။ ပြောရမယ်ဆိုရင် ခန္ဓာကိုယ် စွမ်းအား မြင့်လေ ဒီသိုင်းက အစွမ်းထက်လေပဲ။ ဒီသိုင်းက အဆင့်ကိုးဆင့် ရှိတယ်။ အဆင့်တစ်ဆင့် မြင့်လာတိုင်း မင်းအစွမ်း တစ်ဆနီးပါး တိုးလာလိမ့်မယ်။ မင်းသာ အဆင့်ကိုး အဆင့်ထိ ရောက်သွား မယ်ဆိုရင် လက်ဝါးအစွမ်းက ကိုးဆနီးပါး တိုးလာလိမ့်မယ်”
သူမလက်ဖဝါးမှ အစွမ်းထက်သော အားတစ်ခုက ထွက်ပေါ်လာသည်။ ကြီးမားလှသည့် လက်ဖဝါးအရိပ် ကိုးခု ထွက်ပေါ်လာပြီး မီတာ ထောင်ပေါင်းများစွာ မြင့်သော ရေခဲတောင်ကြီးကို ထိမှန်သွားသည်။
“ဘုန်း…”
ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ကောင်ကင်ကပြိုကျပြီး မြေကြီးက ကွဲအက်ပေါက်ကွဲ ထွက်တော့မည့် အတိုင်းပင်။ မီတာ ထောင်ပေါင်းများစွာ မြင့်သော ရေခဲတောင်ကြီးက ချက်ချင်းပင် အငွေ့ပြန် ပျောက်ကွယ်သွားသည်။ ပြင်းထန်လှသည့်အားက နှင်းတောင် တစ်ခုလုံးကိုပင် တုန်လှုပ် သွားစေသလိုပင်။ ပြင်းထန်သည့် ငလျင်များကလည်း လှုပ်ခတ်နေသည်။
“အစွမ်းထက်လှချည်လား… ဒီတိမ်ခွင်းလက်ဝါးက အရမ်းအစွမ်းထက်တာပဲ။ အင်း… အဆင့်မြင့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းလို့ ခေါ်ထိုက်ပါတယ်”
ရဲချန်ဖန်သည် တိမ်ခွင်းလက်ဝါးသိုင်းကို ကြည့်ပြီး အလွန်ဝမ်းသာနေသည်။ သူသာ တတ်ကျွမ်းသွားပါက သူ့ခန္ဓာကိုယ် စွမ်းအားများကို အမြင့်ဆုံး အသုံးချနိုင်လို့ ရတော့မည်ဖြစ်သည်။
“ဒါက တိမ်ခွင်း လက်ဝါးသိုင်း လေ့ကျင့်နည်းပဲ။ မင်းမြန်မြန်မှတ်ထားလိုက်”
ရေခဲနတ်သမီးလေးက တိမ်ခွင်း လက်ဝါးသိုင်း လေ့ကျင့်နည်း စာအုပ် ထုတ်ပေးလိုက်သည်။ တိမ်ခွင်း လက်ဝါးသိုင်းက ပျက်သုဉ်းခြင်း ဓားသိုင်းထက် ပို၍ လေ့ကျင့်ရခက်ခဲပြီး ပို၍လည်း ရှုပ်ထွေးသည်။ သို့သော် နတ်ဦးနှောက်ကို ပိုင်ဆိုင်ထားသော ရဲချန်ဖန်အတွက် တစ်ခါဖတ်ရုံမျှဖြင့် လုံလောက်ပြီ ဖြစ်သည်။
“အို… ကောင်းပြီ။ ဒါက ငါဓားသိုင်းကို လေ့ကျင့်တုန်းက မှတ်စုပဲ။ ဒါကိုလည်း မင်းကိုပေးမယ်”
ရဲချန်ဖန်က တိမ်ခွင်းလက်ဝါးသိုင်းကို မှတ်သားပြီးသည်နှင့် ရေခဲနတ်သမီးလေးက သူမ ဓားသိုင်း ကျင့်တုန်းက အတွေ့အကြုံများကို မှတ်ထားသည့် လက်ရေး မှတ်စုလေးကို ထုတ်ပေး လိုက်သည်။ ရဲချန်ဖန် အလွန် ပျော်ရွှင်သွားသည်။
“ကောင်းပြီ။ ငါတို့ ကောင်းကင်မီးဂိုဏ်းကို သွားကြရအောင်”
ရေခဲနတ်သမီးလေးက ပြောပြီးသည်နှင့် သူမ နောက်ကျောမှ အနီရောင် ဝိညာဉ်စွမ်းအင်များနှင့် ဖွဲ့စည်းထားသည့် အလွန်တောက်ပသော တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
“ဝိညာဉ်တောင်ပံတွေ… အစွမ်းအထက်ဆုံး သားရဲဘုရင်အဆင့် တန်ခိုးရှင်တွေသာ အသုံးပြု နိုင်တဲ့ ဝိညာဉ်တောင်ပံတွေ”
ရဲချန်ဖန် မျက်လုံးတွင် ဝိညာဉ်တောင်ပံများကို ကြည့်ပြီး အားကျမှုများ ဖြစ်ပေါ်နေသည်။ ဝိညာဉ် တောင်ပံများနှင့် လူတစ်ဦးသည် ကိုးရက်ဆက်တိုက် မရပ်မနား ပျံသန်းနိုင်စွမ်းရှိသည်။
“သွားကြရအောင်…”
ရေခဲနတ်သမီးလေးဆီမ ဝိညာဉ်စွမ်းအင် အမျှင်တန်းလေး ထွက်လာကာ ရဲချန်ဖန်ကို ရစ်ပတ် သွားသည်။ သူမ အတောင်ပံ ခတ်လိုက်သည်နှင့် လေမုန်တိုင်းပင် ဖြစ်ပေါ်လာသည်။ ထို့နောက် ရဲချန်ဖန် နှင့်အတူ ကောင်းကင်မီးဂိုဏ်း ရှိရာဘက်သို့ ဦးတည်လိုက်လေသည်။
ရဲချန်ဖန်တို့ ဇီကျင်နိုင်ငံဘက်သို့ ပျံသန်းနေစဉ် ဇီကျင်နိုင်ငံတွင်မူ မင်းသားနှစ်ယောက်၏ ထီးနန်းလု တိုက်ပွဲကြောင့် အလွန်ဖရိုဖရဲဖြစ်ကာ ပဋိပက္ခများ ဖြစ်ပေါ်နေလေသည်