အခန်း (၁၀၇)
ကစားကြမည်
နှင်းမုန်တိုင်းက ပိုမိုပြင်းထန် လာသော်လည်း ဂူပေါက်ဝနားတွင် ထိုင်နေသော ရဲချန်ဖန်က တစ်ဖဝါးမှ မခွာဘဲ ကျောက်တုံးကြီးကဲ့သို့ ထိုင်၍ ရေခဲနတ်သမီးလေးကို စောင့်ရှောက်နေသည်။
“ငါ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ ဓားအင်အားကို ဘယ်လို ပေါင်းစပ်ရမလဲ”
ရဲချန်ဖန်က သူ့အစွမ်း တိုးတက်လာစေရန် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် ဓားအင်အားကို ပေါင်းစပ်ရန် ကြိုးစားကြည့်နေသည်။ နတ်ဦးနှောက်၏ ဆင်ခြင် သုံးသပ်နိုင်စွမ်းနှင့်ပင် ပေါင်းစပ်ရန် လမ်းစကို ရှာမတွေ့သေးပေ။
“ထူးဆန်းလိုက်တာ။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ ဓားအင်အားက ဘာလို့ပေါင်းစပ်ဖို့ အဲဒီလောက် ခက်နေရတာလဲ”
ရဲချန်ဖန်က အဆက်မပြတ် ပေါင်းစပ်နေသော်လည်း အောင်မြင်ခြင်း မရှိပေ။ သူမှားနေသည်မှာ ဓားအင်အားက ဓားတာအိုကို အခြေခံပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေတွင် ရေတာအို ပါဝင် နေသည်ကို မသိရှိခြင်းပင်။ တာအိုသဘောတရားကား မဟာသားရဲ ဘုရင်အဆင့် တန်ခိုးရှင်များသာ နားလည် သဘောပေါက် နိုင်စွမ်းရှိသည်။ ထို့ကြောင့် သူပေါင်းစပ်ရန် ခက်ခဲနေခြင်းပေ။
ရဲချန်ဖန် ကံကောင်းသည်မှာ နတ်ဦးနှောက်က အလွန်အစွမ်းထက်ပြီး တာအိုသဘောတရား များစွာကို နားလည်နိုင်လေသည်။ တဖြည်းဖြည်းနှင့် ရဲချန်ဖန်သည် နတ်ဦးနှောက်၏ ခြုံယူ ဆင်ခြင်သုံးသပ် နိုင်စွမ်းကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ ဓားအင်အားကို အနည်းငယ် ပေါင်းစပ်လာနိုင်ပြီး သူ၏ ဓားအင်အားမှာ အလွန် အစွမ်းထက် လာလေသည်။
“ကောင်းလိုက်တာ… ဘယ်လောက်တောင် စွမ်းလိုက်လဲ။ သူမက အဆင့်တက်တော့မှာပေါ့”
ရဲချန်ဖန်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ ဓားအင်အားကို ပေါင်းစပ်ရန် အဆက်မပြတ် ကြိုးစားနေစဉ် ရုတ်တရက် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားနိုင်သော အစွမ်းက ထွက်ပေါ် လာသဖြင့် သူကျင့်ကြံခြင်းမှ နိုးထလာသည်။ တစ်ချိန်တည်းမှာပင် အရပ်လေးမျက်နှာက စွမ်းအင်များက ဂူလေးထဲသို့ ဝင်ရောက်သွားသည်။
“ရေခဲဝိညာဉ် တောင်ထွတ်မှာ နှင်းတောင်မိစ္ဆာလို အစွမ်းထက်တဲ့ သားရဲတွေ မရှိဘူးလို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင် မလွယ်ဘူး”
ရဲချန်ဖန်က ရေခဲနတ်သမီး နောက်အဆင့် တက်ချိန်တွင် ထိုမျှပြင်းထန်သော ထူးခြားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ဟု မထင်ထားပေ။
“ဟာ… မဟုတ်သေးဘူး။ သူမလားကွာ…”
ရဲချန်ဖန်က ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေရာ သူ မတွေ့ချင်ဆုံး သူတစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။
“မောင်လေး ငါတို့ထပ်တွေ့ကြပြန်ပြီ”
အဖြူရောင်ဝတ်စုံနှင့် အလွန်စွဲမက်ဖွယ် ကောင်းလှသည့် ရွှယ်နီရှန်သည် သူ့ဆီ တစ်လှမ်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရွှယ်နီရှန် အသံလေးက အလွန်ချိုလွင် သာယာလှသော်လည်း ရဲချန်ဖန်မှာ လူသတ်စိတ်ကို ခံစားနေရသည်။
“ခင်ဗျားက ကျွန်တော့်ကို သတ်ချင်တာလား”
ရဲချန်ဖန်က မှော်အစီအရင် အဆောင်၏ အစွမ်းသက်ရောက်သည့် နေရာနောက်သို့ ဆုတ်လိုက်ပြီး သတိနှင့် မေးလိုက်သည်။
“မင်းနဲ့ငါ ဒီလောက် တွေ့နေကြတာပဲ။ ငါက မောင်လေးကို ဘာလို့ သတ်ချင်ရမှာလဲ။ မင်းကသာ ငါ့ကို ဒီတောင်တန်းက ရလာတဲ့ ရတနာတွေ ပေးမယ်ဆိုရင် အစ်မတော် ပျော်ရွှင်မိမှာပဲ။ ငါ မင်းကို အသက်ရှင်ခွင့်တင် မကဘူး တခြားဟာတွေတောင် ပေးဦးမှာ… ဟင်းဟင်း”
ရွှယ်နီရှန်၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးများ ကွေးသွားပြီး လူသတ်စိတ်နှင့် ပြောလိုက်လေသည်။
“ခင်ဗျားက ကျွန်တော့်ထက် ပိုအဆင့်မြင့်ပေမဲ့ ဒီနေ့က အရင်ကလို မဟုတ်တော့ဘူး။ အခု ခင်ဗျားက ကျွန်တော့်ကို မသတ်နိုင်တော့ဘူး”
ရဲချန်ဖန်က ခပ်ရင့်ရင့်ပင် တုံ့ပြန်လိုက်ပြီး ရေခဲဂူနား အနည်းငယ် တိုးကပ်လိုက်သည်။
“ဟေး… ကောင်လေး မင်းက မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်သွားတာနဲ့ ပြိုင်ဘက်ကင်း ဖြစ်ပြီ ထင်နေတာလား။ အစ်မတော်က မင်းအသက်ကို နုတ်ယူချင်ရင် အသက်ရှူတာ လောက်တောင် မခက်ဘူး”
ရွှယ်နီရှန်က ရဲချန်ဖန်ကို ဂရုမစိုက်သော်လည်း ဂူထဲမှ ထွက်ပေါ်လာသော အော်ရာကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ဂူနားသို့ မကပ်ဝံ့ချေ။
“ဘာလဲ။ ခင်ဗျားက မလာရဲဘူးလား။ ငါပြောပြရမှာ ဝန်မလေးပါဘူး။ ဂူထဲမှာရှိနေတဲ့ ဆရာကြီးက မဟာသားရဲ ဘုရင်အဆင့်ကို တက်နေတဲ့လူပဲ။ ခင်ဗျားသေမှာ မကြောက်ရင် လုပ်လိုက် လေ။ ခင်ဗျား နှောင့်ယှက်လို့ ဆရာကြီး အဆင့်တက်တာ အနှောင့်အယှက် တစ်ခုခုဖြစ်ရင် ခင်ဗျားပဲ သေမလား။ ကျွန်တော်ပဲ သေမလား ကြည့်ကြတာပေါ့”
ရဲချန်ဖန်က စူပုပ်ပုပ်နှင့် ရွှယ်နီရှန်ကို ရန်စလိုက်သည်။
“မဟာသားရဲ ဘုရင်အဆင့်လား”
ရွှယ်နီရှန်က ရဲချန်ဖန်၏စကား ကြားလိုက်သောအခါ မျက်နှာပျက်သွားသည်။ ဤကဲ့သို့ မထင်မရှား နှင်းတောင်လို နေရာမျိုးတွင် မဟာသားရဲ သခင်အဆင့် တက်ရောက်ရန် ကြိုးစားနေသူနှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ရွှယ်နီရှန်က ကြောက်လန့်သွားသော်လည်း ရဲချန်ဖန်က သူမအတွက် အလွန်စိတ်ဝင်စားစရာ ကောင်းလွန်းနေသည်။ သူမက ရဲချန်ဖန် နှင်းတောင်တွင် ဘာလာလုပ်သလဲဆိုတာ အလွန် စိတ်ဝင်စား နေသည်။ ရက်အနည်းငယ်အတွင်း ဘာတွေကများ ရဲချန်ဖန်ကို မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်အောင် ပြုလုပ်ပေးလိုက် သနည်း။
“သေမြေကြီး ရှင်ရွှေထီးပဲ။ ငါက သူ့ရတနာလေးပဲ ယူတာဆိုရင် အထဲက ဆရာကြီးလည်း အပြစ်ပြောမှာ မဟုတ်ဘူး”
ရွှယ်နီရှန် ရင်ထဲတွင် လွန်ဆွဲနေပြီးနောက် အမြီးသုံးခုနှင့် မြေခွေး ထွက်ပေါ်လာပြီး အလွန် အားပြင်းသော ဆွဲအားဖြင့် ရဲချန်ဖန်ကို သူမဆီ ဆွဲစုပ်ယူလိုက်သည်။
“ခင်ဗျား… ခင်ဗျားက ဂူထဲကဆရာကြီး စိတ်ဆိုးမှာ မကြောက်ဘူးပဲ”
ရဲချန်ဖန်က ကျယ်လောင်စွာ အော်ဟစ်ပြောလိုက်သည်။ ရွှယ်နီရှန် အဲလောက် သတ္တိ ကောင်းလိမ့်မည်ဟု မထင်ထားမိချေ။ သူ့ကိုပင် ဤလိုနေရာမျိုးတွင် တိုက်ခိုက်ရဲပေသည်။
“မင်း ငါ့အတွက် စိတ်ပူပေးဖို့ မလိုဘူး။ ငါက မင်းဟာယူပြီးတာနဲ့ ထွက်သွားမှာ”
ရွှယ်နီရှန်ဆီမှ ပြင်းထန်သော အော်ရာက ထွက်ပေါ်လာပြီး သူမကိုယ်လုံးလေးက လှုပ်ရှား သွားပြီး ရဲချန်ဖန်နား ချဉ်းကပ်လာကာ ကျုံးသွင်းပြီး လျှို့ဝှက်ချက်ကို မေးရန် ကြံစည်ထားခြင်း ဖြစ်သည်။
“ဘယ်သူနိုင်မလဲ ကြည့်ကြတာပေါ့”
“မှော်အဆောင် ဖောက်ကွဲစမ်း…”
ရဲချန်ဖန်ကို ရွှယ်နီရှန်က ကုပ်ကနေ ကိုင်ဆွဲလိုက်သည်နှင့် ရဲချန်ဖန်သည် သူ့လက်ထဲတွင် ရှိနေသော မှော်အဆောင်ကို အသက်သွင်းလိုက်ရာ လက်ဝါးတစ်ခုက ထွက်ပေါ်လာပြီး ရွှယ်နီရှန်ကို တိုက်ခိုက် လိုက်လေသည်။
“ဘုန်း…”
မှော်အဆောင်မှ စွမ်းအားကား ကြီးမားသည့်တူကြီးဖြင့် ထုရိုက်လိုက်သည့်နှယ် ရွှယ်နီရှန်၏ ရင်ဘတ်ကို ထိမှန်လုနီးပါး ဖြစ်သွားသည်။
“မကောင်းဘူး……”
ရွှယ်နီရှန်က ရဲချန်ဖန်တွင် ဤကဲ့သို့ အစွမ်းထက်လှသည့် နိုင်ဖဲများ ရှိနေမည်ဟု မမျှော်လင့် ထားသဖြင့် သူမမျက်နှာ အနည်းငယ် ပျက်သွားပြီး ဝိညာဉ်သားရဲကို ချပ်ဝတ်တန်ဆာ အဖြစ် ပြောင်းလဲကာ ခုခံလိုက်သည်။
သို့သော် ရေခဲနတ်သမီး ရေးဆွဲထားသော မှော်အဆောင်က အလွန် အစွမ်းထက်လှသဖြင့် ရွှယ်နီရှန်၏ သားရဲ ချပ်ဝတ်တန်ဆာကို ထိမှန်ဖောက်ခွဲလိုက်ရာ ရွှယ်နီရှန် ကိုယ်လုံးလေးမှာ မီတာပေါင်းများစွာ လွင့်စဉ်သွားပြီး သွေးများထွက်လာသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် အေးခဲစမ်း…”
မှော်အဆောင် အသုံးပြုကာ ရွှယ်နီရှန်ကို ဒဏ်ရာရအောင် လုပ်ပြီးနောက် သူမကို ပြင်ဆင်ချိန် မပေးဘဲ ဆက်လိုက် တိုက်ခိုက်လိုက်ရာ ရဲချန်ဖန်က ရွှယ်နီရှန်ရှေ့တွင် ပေါ်လာပြီး သူမကို အေးခဲ သွားစေရန် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုလိုက်သည်။
“ဓားအင်အား…”
တစ်ချိန်တည်းမှာပင် ပြင်းထန်လှသည့် ဓားအင်အားက ရဲချန်ဖန်ဆီမှ ထွက်ပေါ်လာပြီး ပြင်းထန်သည့် ဓားအလင်းတန်း နှင့်အတူ ပေါင်တစ်သိန်း နှစ်သောင်းကျော် အစွမ်းဖြင့် နှင်းခဲထဲ လဲနေသော ရွှယ်နီရှန်ကို တိုက်ခိုက်လိုက်သည်။
“ဝုန်း…”
ရေခဲများ ကွဲအက် ကျိုးပဲ့သွားသည်။ ရွှယ်နီရှန် ဒဏ်ရာကို ရဲချန်ဖန်က ဆက်တိုက်ခိုက် လိုက်သဖြင့် ဒဏ်ရာမှာ ပိုပြင်းထန်ပြီး သွေးအများအပြားကို အန်ထုတ်လိုက်၍ နှင်းများပေါ်တွင် သွေးများနှင့် နီရဲနေသည်။
“မင်းက သေချင်နေတာကိုး…”
သူမကိုယ်တွင် ဒဏ်ရာများ ဆက်တိုက် ရရှိသွားသဖြင့် ဝိညာဉ်စွမ်းအင်က ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရရာ သူမ အလွန်စိတ်ဆိုး သွားလေသည်။ သူမသည် ပြင်းထန်သော ဒဏ်ရာကို လျစ်လျူရှုပြီး ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေးကို အတင်းဆင့်ခေါ်ကာ ရဲချန်ဖန်ကို ကိုက်လိုက်လေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် အေးခဲစမ်း”
ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေး တိုက်ခိုက်လာသဖြင့် ရဲချန်ဖန်သည် အဆုံးမရှိသော အအေးလှိုင်းများကို ထုတ်လိုက်ပြီး ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေး နောက်ဆုတ်စေရန် ကြိုးစား လိုက်သည်။
“ကျိုးပဲ့စမ်း…”
ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေးက ရေခဲများကို အတင်းချိုးဖဲ့နေချိန် ရဲချန်ဖန်၏ အေဖေးဓား ဆီမှ ဓားအင်အားနှင့်အတူ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေအစွမ်း ပေါင်းစပ်ထားသော ဓားအလင်းက ထွက်ပေါ်လာပြီး ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေးကို ထိမှန်သွားသည်။
“ဟားဟား ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနဲ့ ဓားအင်အားက နောက်ဆုံးတော့ ပေါင်းစပ်လို့ ရသွားပြီ”
ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေး၏ ကိုယ်ကိုကြည့်ပြီး ရဲချန်ဖန် စိတ်ဓာတ် တက်ကြွ လာလေသည်။ ရဲချန်ဖန် ဓားအစွမ်းသည် မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်ကပင် စိုးရိမ်ကြောင့်ကျ ရပေလိမ့်မည်။
“ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေး ပေါင်းစည်းစမ်း…”
ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေးကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်သဖြင့် ရွှယ်နီရှန်မှာ ရဲချန်ဖန်ကို ထိတ်လန့်သွားမိသည်။ ရွှယ်မီရှန်သည် ဝိညာဉ်သားရဲ အမြီးသုံးခုမြေခွေးနှင့် အသည်းအသန် ပေါင်းစည်းကာ ဒဏ်ရာများကို ထိန်းချုပ်လိုက်ပြီး သူမအစွမ်းထက်ဆုံး အကွက်များနှင့် ရဲချန်ဖန်ကို သတ်ရန် လုပ်လိုက်သည်။ ထိုအချိန်တွင် ရေခဲဂူထဲမှ ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။ အလွန် ပြင်းထန် အစွမ်းထက်လှသည့် အသံသည် ရဲချန်ဖန်ကိုပင် နာကျင်သွားစေပြီး သွေးများလည်း တုန်ခါသွားစေသည်။
“ကောင်လေး ဒီနေ့တော့ မင်းအသက်ကို ချမ်းသာခွင့် ပေးလိုက်မယ်။ မင်းနောက်ခါ ငါနဲ့တွေ့ရင်တော့ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
ရွှယ်နီရှန်သည် ဂူထဲမှ အသံ ထွက်ပေါ်လာသည်နှင့် နှင်းထဲ အလွန်လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားသည်