အခန်း (၁၀၆)
နှင်းတောင်မိစ္ဆာကို သတ်ဖြတ်ခြင်း
မနက်ခင်း စောစောတွင် နေခြည်နုနုက ကျဆင်းနေပြီး ရေခဲဂူလေးထဲ ကျရောက်လာသည်။ မှောင်မည်းနေသော ဂူလေးမှာ အနည်းငယ် လင်းထိန်လာသည်။ အစိမ်းရောင် သစ်ရွက်၏ ဆေးစွမ်းကြောင့် ရေခဲနတ်သမီးလေး၏ သွေးကြောများမှာ အလွန်လျင်မြန်စွာ ကောင်းမွန်လာပြီး ဒဏ်ရာများမှာ သက်သာ လာသည်။ အစိမ်းရောင် သစ်ရွက်မှာ ဝိညာဉ်အဆင့် ရတနာများနှင့် တန်ဖိုးချင်း နှိုင်းယှဉ်လို့ ရလောက်အောင် တန်ဖိုးကြီးလှသည်။ ထို့ကြောင့် သူမသည် အချိန်တိုအတွင်း ဤမျှ သက်သာလာခြင်းပေ။
“အင်း… မဟာသားရဲ ဘိုးဘေးတန်ခိုးရှင် အဆင့်ရဲ့ ခန္ဓာကိုယ်က အဲဒီလောက်တောင် ခံနိုင်ရည် မြင့်တာလား”
ရေခဲနတ်သမီးလေးကို စောင့်ရှောက်နေသော ရဲချန်ဖန်သည် သူမဒဏ်ရာများ တစ်ရက် မပြည့်သော အချိန်တိုအတွင်း သက်သာလာသည်ကို တွေ့လိုက်ရသည်။ သူမ မကြာခင်အချိန်တွင်း နဂိုစွမ်းအားများ ပြန်ရတော့မည် ဖြစ်သည်။
“ဟင်… ဘာသံလဲ”
ရဲချန်ဖန်က ရေခဲနတ်သမီးလေးကို စောင့်ရှောက်နေစဉ် သရဲတစ္ဆေကဲ့သို့ ချောက်ချားဖွယ် အော်ဟစ် ငိုကြွေးသံကို ကြားလိုက်သဖြင့် သတိထားပြီး လေ့လာလိုက်ရာ သူတို့ဆီ အလွန်လျင်မြန်စွာ ချဉ်းကပ်လာသော အရာတစ်ခုကို တွေ့လိုက်ရသည်။
“မကောင်းတော့ဘူး။ နှင်းတောင်မိစ္ဆာပဲ။ သူက ငါတို့ကို တကယ်ပဲ ရှာတွေ့သွားတာပဲ”
ရဲချန်ဖန်သည် နှင်းတောင်မိစ္ဆာကို ကြည့်ပြီး အမူအရာမှာ အလွန် လေးနက်နေသည်။ ရဲချန်ဖန်က မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်သွားပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်တို့ပါ ထပ်ပေါင်းလိုက်ပါက အလွန် အစွမ်းထက်လာမည် ဖြစ်သော်လည်း မဟာသားရဲ ဘိုးဘေး စတုတ္ထအဆင့် မဟုတ်တောင် တတိယအဆင့်လောက် အနည်းဆုံးရှိသည့် နှင်းတောင်မိစ္ဆာနှင့် တိုက်ခိုက်ပါက သူ မလွဲမသွေ သေဆုံးသွားပေလိမ့်မည်။ သူသည် ရေခဲဂူလေးထဲ ပြန်ဝင်ရန် လုပ်လိုက်စဉ် ရေခဲ နတ်သမီးလေးက နိုးထလာပြီး အလျင်အမြန် ထွက်လာရာ သူမတစ်ကိုယ်လုံးကို ထူးဆန်းသော အဖြူရောင် မြူနှင်းများ ဖုံးလွှမ်းနေသည်ကို အံ့ဖွယ် မြင်တွေ့လိုက်ရသည်။
“ငါ နှင်းတောင်မိစ္ဆာကို သတ်မှာ ကူညီပေးလို့ရမလား”
အဖြူရောင် အခိုးအငွေ့များက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမကိုယ်လုံးလေးတွင် သူမ၏ လှပလွန်းသော ကိုယ်ခန္ဓာနှင့် လိုက်ဖက်သည့် အဖြူရောင် စကပ်အရှည်ကို ဝတ်ဆင် ထားသည်ကို တွေ့လိုက်ရသည်။ သူမကို မြင်သူတိုင်းက နှာခေါင်းသွေးများ လျှံသွားနိုင်သည်။
“ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ”
“ငါက နှင်းတောင် မိစ္ဆာကိုယ်ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့အချိန် မင်းက ဆန်းကြယ် ရေခဲဝိညာဉ် အစွမ်းသုံးပြီး နှင်းတောင်မိစ္ဆာကိုယ်ကို အေးခဲအောင်လုပ်။ သူ့ကို ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ခွင့် မပေးနဲ့”
ရေခဲနတ်သမီးလေး၏ သြဇာပြည့်ဝသော အသံက ထွက်ပေါ်လာသည်။
“ရတယ်။ အဲဒါက လွယ်လွယ်လေးပဲ”
ရဲချန်ဖန် သဘောတူလိုက်သည်။
“ယား…”
နှင်းတောင်မိစ္ဆာက ဆန်းကြယ် ရေခဲဝိညာဉ်၏ အစောင့်အရှောက် ဖြစ်သောကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် တည်နေရာကို အာရုံခံနိုင်သောကြောင့် သူတို့ရှိရာကို လိုက်လာနိုင်ခြင်း ဖြစ်သည်။ နှင်းတောင် မိစ္ဆာက ရေခဲဂူလေးနား ချဉ်းကပ်လာစဉ် နှင်းတောင်မိစ္ဆာကို အလွန် အစွမ်းထက်သော အားတစ်ခုက လာရောက် ထိမှန်လေသည်။ မမျှော်လင့်ဘဲ နှင်းတောင်မိစ္ဆာ၏ ကိုယ်ကို ရေခဲ နတ်သမီးလေး၏ ဓားချက်က မိမိရရ ထိုးစိုက်မိ သွားရာ မိစ္ဆာအငွေ့အသက်များ အများအပြား ထွက်ပေါ်လာလေသည်။
“လူတွေ လူတွေ မင်းတို့ကို ငါသတ်ချင်တယ်…”
ရေခဲနတ်သမီး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရရှိသွားသဖြင့် နှင်းတောင်မိစ္ဆာ အလွန် ဒေါသထွက်နေသည်။ ထိုအချိန်တွင် ရေခဲနတ်သမီးလေးက အလွန်အားမာန် အပြည့်နှင့် ထွက်ပေါ် လာသည်။ နှင်းတောင် မိစ္ဆာကိုယ်မှ အလွန်အေးသော လေလှိုင်း ထွက်ပေါ်လာပြီး ရေခဲနတ်သမီးကို ထိုးနှက် တိုက်ခိုက်တော့သည်။
“ဝိညာဉ်သားရဲ ပုံသဏ္ဌာန်…”
အအေးလှိုင်းက နီးကပ်လာသည်နှင့် ချက်ချင်းပင် မျက်လုံးသုံးလုံး ဒေါင်းက ထွက်ပေါ်လာပြီး ရေခဲနတ်သမီးနှင့် ပေါင်းစပ်သွားကာ သူမကိုယ်လုံးလေးမှ ဒေါင်းကဲ့သို့ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး အစွမ်းများက တစ်ရှိန်ထိုး တိုးတက်လာသည်။
“ကျိုးပဲ့စမ်း…”
ဓားအလင်းတန်းက အအေးလှိုင်းကို ဖျက်ဆီးလိုက်ပြီး နှင်းတောင်မိစ္ဆာကို ထိမှန်သွားသည်။ သူမသည် ဝိညာဉ်သားရဲ ပုံသဏ္ဌာန် ပြောင်းလိုက်ပြီးနောက် အစွမ်းများက အထွတ်အထိပ် ရောက်သွားရာ ဓားအလင်းများက ဓားပင်လယ်ကဲ့သို့ပင် နေရာတိုင်းတွင် ပြည့်နှက်နေပြီး ဓားချက်တိုင်းမှာ နှင်းတောင်မိစ္ဆာကို ထိမှန်နေလေသည်။ များပြားလှသည့် ဓားအင်အားပါဝင်သည့် ဓားချက်များက လှိုင်းလုံးများသဖွယ် နှင်းတောင်မိစ္ဆာကို ထိမှန်နေရာ နှင်းတောင်မိစ္ဆာကိုယ်မှာ ဒဏ်ရာများ ရလာနေသည်။
“တကယ် လျှို့ဝှက်နက်နဲတဲ့ ဓားချက်တွေပဲ။ ကောင်းကင် သားရဲဘုရင်တောင် တစ်ချက်မှ ခုခံနိုင်မှာ မဟုတ်ဘူး”
ဘေးတွင်ရပ်နေသော ရဲချန်ဖန်သည် ရေခဲနတ်သမီးလေး၏ ဓားချက်များကို ကြည့်ပြီး အားကျနေမိသည်။ ဒဏ်ရာများ ပြင်းထန်လာသည်နှင့်အမျှ နှင်းတောင်မိစ္ဆာကိုယ်မှ ပြင်းထန်လှသည့် စုပ်ယူမှုက ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အအေးဓာတ် မှန်သမျှကို စုပ်ယူနေသည်။ အအေးဓာတ် မှန်သမျှက နှင်းတောင်မိစ္ဆာ ဒဏ်ရာများကို ကုသကာ အစွမ်းများကို တိုးလာစေနိုင်သည်။
“သူ့ကို အအေးဓာတ် မစုပ်ယူနိုင်အောင် သူ့ကိုအေးခဲပစ်လိုက်”
နှင်းတောင်မိစ္ဆာကိုယ်မှာ အလွန် လျင်မြန်သောနှုန်းဖြင့် ဒဏ်ရာများ သက်သာလာသည်ကို တွေ့လိုက်ရ၍ ရေခဲနတ်သမီးလေးက ရဲချန်ဖန်ကို အော်ဟစ် သတိပေးလိုက်သည်။
“ကောင်းပြီ အဲဒါ ကျွန်တော့်တာဝန်ထားလိုက်”
ရဲချန်ဖန်က တိုက်ပွဲစက်ကွင်းနား ချဉ်းကပ်သွားပြီး ဆန်းကြယ် ရေခဲဝိညာဉ် အစွမ်းကိုသုံးကာ အဆုံးမရှိသော အအေးများ ထုတ်လွှင့်ကာ နှင်းတောင်မိစ္ဆာကို အေးခဲစေလိုက်သည်။
“ကျွီ… ကျိ”
ရဲချန်ဖန်၏ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ အေးခဲမှုကြောင့် နှင်းတောင်မိစ္ဆာက ချက်ချင်းပင် အေးခဲသွားလေသည်။ နှင်းတောင်မိစ္ဆာက ချက်ချင်းပင် ရေခဲများကို ချိုးဖျက်လိုက်သော်လည်း ရေခဲ နတ်သမီးလေး၏ အဆုံးမဲ့ဓားချက်များက သူ့ကို အဆက်မပြတ် လာထိမှန်နေရာ သူ့ကိုယ်မှာ ပိုပို၍ ထိခိုက်လာလေသည်။
တစ်ချက်တွင် ဓားအလင်းတန်းက နှင်းတောင်မိစ္ဆာ ညာလက်ကို ထိမှန်သွားရာ ညာလက်မှာ မြေပြင်ပေါ် ပြုတ်ကျလာပြီး နှင်းတောင်မိစ္ဆာ၏ အစွမ်းမှာ ချက်ချင်းကျဆင်း သွားလေသည်။ တဖြည်းဖြည်းနှင့် နှင်းတောင်မိစ္ဆာမှာ ပြန်၍ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
“အဆုံးမဲ့ဓားသိုင်း…”
နှင်းတောင်မိစ္ဆာက ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်ကို ရေခဲနတ်သမီးလေးက တွေ့လိုက် သောအခါ လေထဲ ခုန်တက်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ထုတ်လွှင့်လျက် အဆုံးမဲ့ ဓားသိုင်းကို အသုံးပြုလိုက်သည်။ ခုခံ၍ မရနိုင်လောက်သော ဓားအလင်းက လေထဲတွင် ထွက်ပေါ် လာပြီး နှင်းတောင်မိစ္ဆာ၏ ဝဲဘက်ပခုံးကို ထိမှန်သွားရာ ပခုံးတစ်ခုလုံး ကျိုးကြေသွားသည်။
“အေးခဲစမ်း…”
လက်နှစ်ဖက်လုံး ဖြတ်ခံလိုက်ရ၍ ရူးသွပ်မတတ် ဖြစ်နေသော နှင်းတောင်မိစ္ဆာသည် ရသလောက် အအေးများကို စုပ်ယူကာ ကုသရန် ကြိုးစားနေသည်။ ရဲချန်ဖန်က ဘေးမှကြည့်ကာ အဆက်မပြတ်ပင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြု၍ နှင်းတောင်မိစ္ဆာ ကုသခွင့် မရစေရန် နှင်းတောင် မိစ္ဆာကိုယ်ကို အေးခဲအောင် လုပ်နေလေသည်။
“နှင်းနဂါး လည်ပတ်ခြင်း…”
အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ နှင်းတောင်မိစ္ဆာသည် သူ့ကိုယ်သူ အအေးဓာတ်များနှင့် ပြည့်နေသည့် လေပွေလှိုင်းတစ်ခုကို ဖန်တီးကာ လွတ်မြောက်ရန် ကြိုးစားတော့သည်။
“မင်းက ဘယ်ကိုပြေးမှာလဲ”
“အဆုံးမဲ့ ဓားသိုင်း…”
ရေခဲနတ်သမီးက နှင်းတောင်မိစ္ဆာ ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့လိုက်သောအခါ တစ်ကိုယ်လုံး အလင်းတန်းကဲ့သို့ ပြောင်းလဲသွားပြီး နှင်းတောင်မိစ္ဆာနောက် လိုက်လံ တိုက်ခိုက် တော့သည်။
မဟာဓားတာအိုကို ထပ်မံ အသုံးပြုလိုက်ရာ အလွန်ပြင်းထန်သော ဓားအလင်းသည် လေပွေ လှိုင်းကို ပျက်စီးသွားစေပြီး နှင်းတောင်မိစ္ဆာကို နှစ်ပိုင်းပြတ်သွားစေသည်။ ထို့နောက် သလင်းကျောက် ကဲ့သို့ ကြည်လင်နေပြီး အလွန်အစွမ်းထက်သော ဝိညာဉ်မိစ္ဆာ၏ အမြုတေ ထွက်ပေါ်လာသည်။
“ဝိညာဉ်မိစ္ဆာ အမြုတေပဲ။ နှင်းတောင်မိစ္ဆာမှာ တကယ်ပဲ ဝိညာဉ်မိစ္ဆာ အမြုတေရှိနေတာပဲ”
ရဲချန်ဖန်လည်း အစွမ်းထက်သော ကောင်းကင်သားရဲများတွင် စွမ်းအင်များ ပြည့်ဝနေသော အမြုတေ ဖြစ်ပေါ်လာလေ့ ရှိသည်ကို သိရှိထားသည်။ သာမန် တန်ခိုးရှင်များက ဝိညာဉ်မိစ္ဆာ အမြုတေကို ဝိညာဉ်များကို စုပ်ယူ ပေါင်းစပ်ရာတွင် အဓိကကျသည့် ပစ္စည်းအဖြစ် အသုံးပြုကြသည်။
လေထဲတွင် မျောနေသည့် ဝိညာဉ်မိစ္ဆာ အမြုတေက ပတ်ဝန်းကျင်ရှိ အအေးများကို စုပ်ယူနေရာ ရေခဲ နတ်သမီးလေးက သူမ၏ လှပသေးသွယ်သော လက်ကလေးများကို လှုပ်ရှားလိုက်ရာ ဝိညာဉ်မိစ္ဆာ အမြုတေက သူမလက်ထဲတွင် ပေါ်လာလေသည်။ သူမသည် ချက်ချင်းပင် မှော်အစီအရင်များ အသုံးပြုကာ ဝိညာဉ်မိစ္ဆာ အမြုတေကို သိမ်းဆည်းလိုက်သည်။
“ဒီမှော်အစီအရင် အဆောင်ကို သုံးပြီး ငါ့ကို ကာကွယ် စောင့်ရှောက်ပေး”
ရေခဲနတ်သမီးလေးမှာ အသက်လုတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲခဲ့ရသဖြင့် သူမ၏ အစွမ်းများကို လှုံ့ဆော်ပေးသလိုဖြစ်ပြီး အဆင့်တက်ရန် အခွင့်အရေး ရှိနေသည်ကို ခံစားလိုက်ရသဖြင့် ထိုရခဲလှသော ဉာဏ်အလင်းကို လက်မလွှတ်လိုသဖြင့် ရဲချန်ဖန်ကို အကူအညီ တောင်းလိုက်လေသည်။ သူမသာ ယခုကဲ့သို့ ဉာဏ်အလင်း ခံစားမှုကို လက်လွှတ်ခံလိုက်ရပါက တစ်သက်လုံး နောင်တ ရနေတော့မည် ဖြစ်သည်။
“မှော်အစီအရင် အဆောင်…”
သူမက မှော်အစီအရင် အဆောင်တစ်ခုကို ရဲချန်ဖန်အား ပေးလိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ရေခဲဂူလေးထဲ ဝင်ရောက်သွားသည်။ ထို့နောက် သူမက ဝိညာဉ်မိစ္ဆာ အမြုတေကို စတင် စုပ်ယူကာ မဟာသားရဲဘုရင် ပထမအဆင့်ကို တက်လှမ်းရန် စတင်ကြိုးပမ်းတော့သည်