Switch Mode

Chapter – 105

အဆုံးမဲ့ဓား

*****

စာစဉ် (၇)
အခန်း (၁၀၅)
အဆုံးမဲ့ဓား

ခန္ဓာကိုယ်တစ်ခုလုံး ကြောက်မက်ဖွယ်ရာ အအေးလှိုင်းကြောင့် အေးခဲသွား၍ ရေခဲ နတ်သမီးလေးက စိုးရိမ်သွားပြီး ဝိညာဉ်ပြန်ခေါ် ဆေးလုံး၏ ဆေးစွမ်းကို အသုံးချကာ သူမ၏ အစွမ်း အထက်ဆုံး အကွက်ကို ဒဏ်ဖြစ်ခံကာ ထပ်မံ အသုံးပြု လိုက်ရလေသည်။ ဓားအလင်းက ရေခဲများကို ထိုးခွဲသွားပြီး အရာအားလုံး ပျက်စီးတော့မည့် အတိုင်းပင်။ ထို့နောက် နှင်းတောင်မိစ္ဆာကို ထိမှန်သွားလေသည်။

“ယား…”

ကောင်းကင်နှင့် မြေကြီးစွမ်းအားပင် မခုခံနိုင်အောင် ပြင်းထန်လှသည့် ထိုဓားချက်ကို နှင်းတောင် မိစ္ဆာက အားကုန်စုစည်း၍ ခုခံလိုက်လေသည်။ အလွန် စွမ်းအားထက်သော အားနှစ်ခု တွေ့ဆုံသွားချိန်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြီး နှင်းများက အဆက်မပြတ် လေထဲအငွေ့ပြန် ပျောက်ကွယ် သွားလေသည်။

“အွန့်…”

သူမသည် အဆုံးမဲ့ဓားသိုင်းကို ဒဏ်ရာရနေသည့်ကြားမှ ထပ်မံ အသုံးပြုလိုက်ရ၍ ဒဏ်ရာများမှာ ပိုမိုဆိုးရွား လာလေသည်။ ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုနှင့် ထိမှန်သွားရာ ဆက်၍ တောင့်မခံ နိုင်တော့ပဲ တစ်ကိုယ်လုံးရှိ သွေးကြောများက အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သွေးများ စီးကျကာ သေလုမြောပါး အခြေအနေကို ခံစားလိုက်ရသည်။ သူမသာ ခုနက ဝိညာဉ်ပြန်ခေါ် ဆေးလုံး မသောက်သုံး ထားပါက သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

“ပေါင်တစ်သိန်း နှစ်သောင်းအား ကျိုးပျက်စမ်း…”

ရေခဲနတ်သမီး ဒဏ်ရာရရှိသွားချိန် ရဲချန်ဖန်ကလည်း အစွမ်းကုန် တိုက်ခိုက်လိုက်ရာ ရေခဲ အတားအဆီးများ ပျက်ဆီးသွားပြီး ရေခဲနတ်သမီးလေးကို ပွေ့ဖက်လျက် ရေခဲကန်အပြင်ကို ထွက်လိုက် လေသည်။ သူတို့သာ ဤနေရာမှ ထွက်ခွာနိုင်ပါက အပြင်တွင် ရှိနေသော မှော်အစီအရင်ကို အသုံးပြု၍ နှင်းတောင်မိစ္ဆာကို တားဆီးလို့ ရပေမည်။

“လူလိမ် လူယုတ်မာတွေ မင်းတို့ ပြေးမလွတ်ပါဘူးကွာ”

နှင်းတောင်မိစ္ဆာလည်း ရေခဲကန်ထဲမှ ထွက်လာချိန်တွင် ရဲချန်ဖန်က ရေခဲနတ်သမီးကို ပွေ့ဖက်လျက် ဂူထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်ကို တွေ့လိုက်သောအခါ ဒေါသတကြီး အော်ဟစ်ကာ ရဲချန်ဖန် တို့ကို ဆက်ဖမ်းဆီးရန် အပြင်းအထန် လိုက်လေတော့သည်။

“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”

ဂူအပြင်ရောက်သည်နှင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ထိန်းချုပ်ကာ ရေခဲဂူတစ်ခုလုံး အေးခဲပြီး နှင်းတောင်မိစ္ဆာ အရှိန်တုံ့ဆိုင်းစေရန် လုပ်လိုက်လေသည်။ နာရီဝက်ခန့် ကြာသောအခါ ရဲချန်ဖန်သည် ဒဏ်ရာ ပြင်းထန်စွာ ရနေသော ရေခဲနတ်သမီးလေးကို သယ်ဆောင်လျက် မှော်အစီအရင် အနား ရောက်လာလေသည်။

“အရှေ့မြောက်ဘက်ကိုသွား။ အဲဒီမှာ ကောင်းကင် မှော်အစီအရင် ရှိတယ်။ အဲဒီကဆိုရင် ငါတို့တစ်ခါတည်း ဒီကနေ ထွက်လို့ရတယ်”

သူမက တွန့်ဆုတ်နေသံနှင့် သတိပေးလိုက်သည်။ အစက သူမသည် ရဲချန်ဖန် ပွေ့ဖက်တာ ခံထားရသဖြင့် မေ့မြောကာ သတိပြန်ရလာသောအခါ ဖြစ်ပျက်သမျှကို မသိချင်ယောင်ဆောင်ရန် တွေးထားခြင်း ဖြစ်သည်။ အခုကတော့ သူမက မမေ့မြောဘဲ ရဲချန်ဖန် ပွေ့ဖက်ခြင်း ခံထားရသဖြင့် အရှက်သည်းပြီး မျက်နှာမှာ အလွန် နီရဲနေသည်။

သို့သော် သူမတို့ အသက်အန္တရာယ်နှင့် ရင်ဆိုင် နေရသဖြင့် အရှက်ကို ဘေးဖယ်ကာ ရဲချန်ဖန်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။ သေချာသည်မှာ ရဲချန်ဖန် ချိုးဖောက်ထွက်ခဲ့သည့် ကောင်းကင် မှော်အစီအရင်မှာ ရေခဲနတ်သမီးလေး ရေးဆွဲထားခြင်းပေ။

“ကောင်းတာပေါ့…”

ရဲချန်ဖန်က ခေါင်းညိတ်လိုက်ပြီး သူမကို ပွေ့ဖက်လျက် အနေအထား အတိုင်းပင် သူမ လမ်းညွှန်သည့်ဘက် ဦးတည်လိုက်လေသည်။

“မှော်အစီအရင်… ဒီတစ်ခါလည်း မှော်အစီအရင်ပဲ”

လူသတ်စိတ် ပြည့်နှက်နေသည့် နှင်းတောင်မိစ္ဆာက မှော်အစီအရင်ကို တွေ့သောအခါ ရူးသွပ်မတတ် ဒေါသထွက်လာလေသည်။

မှော်အစီအရင်နား ရောက်သည်နှင့် ရေခဲနတ်သမီးက အားတင်းထရပ်ကာ မှော်အစီအရင်ကို အနည်းငယ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူတို့ မှော်အစီအရင်ထဲမှ ထွက်လိုက်ရာ ရေခဲဝိညာဉ် တောင်ထွတ်၏ တစ်နေရာတွင် ပေါ်လာလေသည်။

“ဟူး… နောက်ဆုံးတော့ ဒီထဲကလွတ်လာပြီ”

ရေခဲတောင်ထွတ်ပေါ် ပြန်ရောက်သည်နှင့် ရဲချန်ဖန်က ဝိညာဉ်စိတ်အာရုံ ထုတ်လွှင့်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ အတန်ကြာ ရှာဖွေလိုက်သော်လည်း ရွှယ်နီရှန်ကို ရှာမတွေ့မှပင် သူသက်ပြင်း ချလိုက်နိုင်သည်။

“ဆက်သွားရအောင်။ ကျွန်တော် ဆရာမကြီးကို ဒဏ်ရာကုသဖို့ စိတ်ချရတဲ့နေရာ ခေါ်သွားပေးမယ်”

ရဲချန်ဖန်က ရေခဲနတ်သမီးလေး၏ ဒဏ်ရာများ ဆိုးသထက် ဆိုးလာသည်ကို ခံစားသိရှိလိုက်ပြီး လုံခြုံ စိတ်ချနိုင်လောက်သော ရေခဲဂူလေး တစ်ခုကို ရေခဲတောင်ထွတ် အနီးတွင် တွေ့လိုက်လေသည်။

“အဆင်ပြေရဲ့လား ခင်ဗျာ”

ရဲချန်ဖန်က သားရေ အခင်းလေးတစ်ခုကို သိုလှောင်အိတ်ထဲမှ အမြန်ထုတ်ကာ ခင်းပြီး ရေခဲ နတ်သမီးလေးကို ညင်သာစွာ ချပြီးနောက် စိုးရိမ်စွာ မေးလိုက်သည်။

ရဲချန်ဖန်က နတ်ဦးနှောက် အသေးလေးကို ရေခဲနတ်သမီးလေးထဲ ထည့်ကာ သူမ၏ အသိစိတ်ကို ထိန်းချုပ်လိုက်ရန် အကြံပေါ်လာသော်လည်း သူမက သူ့အပေါ် ကြင်နာစွာ ဆက်ဆံပြီး အသက်လုတိုက်ပွဲ အတူတကွ ဆင်နွှဲခဲ့သည်ကို စဉ်းစားမိသောအခါ ထိုအကြံကို လက်လျှော့ လိုက်သည်။ သူမကြောင့်သာ မဟုတ်ပါက သူလည်းပဲ သေဆုံးရပေလိမ့်မည်။

“အေးတယ်။ ငါ အရမ်းကိုအေးတာပဲ”

ရေခဲနတ်သမီးလေးက သွေးကြောမတွေ ပျက်စီးပြီး ဒဏ်ရာကလည်း အလွန် ပြင်းထန်လှ သဖြင့် အေးခဲလှသည့် အချမ်းကို မခံနိုင်ဖြစ်နေသည်။ သူမသည် တဆတ်ဆတ် တုန်ယင်နေပြီး အအေးဓာတ်ကြောင့် အသိစိတ်ပင် လွတ်မတတ် ဖြစ်နေပြီဖြစ်သည်။ သူမ၏ စိုရွှဲနေသော အဝတ်များ သည်လည်း ရေခဲများပင် ကပ်နေပြီး သူမကို အချမ်းဒဏ် ပိုခံစားနေရ စေသည်။ သူမသည် ရေခဲရုပ်လို ဖြစ်လာနေသည်။

“အဲဒါ ကျွန်တော်လည်း လုပ်ပေးလို့မရဘူး”

အခြေအနေမှာ အရေးပေါ် အခြေအနေဖြစ်နေရာ သူအရမ်း အရာရာကို အလေးထားနေလို့ မဖြစ်တော့ပေ။ သူမ၏ ရေခဲဖြစ်နေသော အဝတ်များကို ဆွဲဖြဲလိုက်သည်။ သူ့ရှေ့တွင် လှပတပ်မက်ဖွယ် မြင်ကွင်းကြောင့် သူတစ်ချက်မျှ မှင်သက်သွားမိသည်။ သူမ၏ အရှိုက်အမို့ ကောက်ကြောင်းများနှင့် အလွန် ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးမှ အနံ့လေးတစ်မျိုး ထွက်နေပြီး မျက်စိလွှဲရက်စရာ မရှိပေ။

သူ့အာခေါင်များ ခြောက်ကပ်ကာ နှလုံးခုန်နှုန်းပင် မြန်လာလေသည်။ သူသည် ကိုယ့်စိတ်ကို ထိန်းနိုင်သောသူ ဖြစ်သည်။ ထို့ကြောင့် အလျင်အမြန်ပင် အလွန်ထူသော အဝတ်စနှစ်ခုကို ထုတ်ယူပြီး သူမကိုပတ်ကာ နွေးထွေးလာစေရန် ဖက်ထားလိုက်သည်။ ဆယ့်ငါးမိနှစ်ခန့် ကြာသောအခါ သူမ ခန္ဓာကိုယ်လေးမှ အနွေးဓာတ် အနည်းငယ် ထွက်ပေါ်လာသဖြင့် ရဲချန်ဖန် စိတ်အနည်းငယ် အေးသွားသည်။ သူမ၏ သွယ်လျပျော့ပျောင်းသော လက်လေးကိုထုတ်ကာ သွေးခုန်နှုန်း စစ်ဆေး ကြည့်လိုက်သည်။

“ဒဏ်ရာက တော်တော်ဆိုးတာပဲ”

ရဲချန်ဖန်က သူမ၏ သွေးကြောများစွာ ပျက်စီးပြီး သွေးများစွာ ကုန်ခန်းသွားသည်ကို တွေ့လိုက် ရသည်။ အခြေအနေက အလွန်ဆိုးနေပြီ ဖြစ်သည်။ သူမသာ ကုသမှု အချိန်မီ မခံယူပါက သူမ အခြေအနေမှာ ပိုဆိုးလာမည် ဖြစ်သည်။

“ဟေး… ခင်ဗျားက ကျွန်တော့်ကို ကယ်ခဲ့မှတော့ ကျွန်တော်က တစ်ခေါက်ပြန်ကယ် လိုက်ပါမယ်။ ဒါဆို ကျွန်တော်တို့ ကျေပြီနော်”

သူ အနည်းငယ် တွေဝေနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏ သိုလှောင် အိတ်ထဲမှ သစ်ရွက်တစ်ခု ထုတ်ယူလိုက်ရာ ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသည့် အစိမ်းရောင် သစ်ရွက်တစ်ခု ထွက်ပေါ် လာသည်။

ဤအစိမ်းရောင် သစ်ရွက်မှာ ရဲချန်ဖန် လူသတ်ကောင်းကင် ဘုရင်၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့သော ဝိညာဉ်အစွမ်းနှင့် ပြည့်နှက်နေသော ရတနာဖြစ်သည်။ သူက ကောင်းကင်ခန္ဓာ ကျင့်စဉ်က စတုတ္ထအဆင့် ရောက်သွားဖြစ်ပြီ ဖြစ်သောကြောင့် ဤအစိမ်းရောင် သစ်ရွက်သည် သိပ်အရေးမကြီး တော့ပေ။ သူက အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဂူလေးထဲတွင် မီးပုံလေး တစ်ခု အမြန်ဖိုလိုက်ပြီး အစိမ်းရောင် သစ်ရွက်နှင့် အခြားဆေးများ ပေါင်းစပ် ကျိုချက်လိုက်ပြီး ရေခဲ နတ်သမီးလေးကို တိုက်ကျွေးလိုက်သည်။

“သွေးကြောတွေကို ပြန်ကုသတာ အနည်းငယ်တော့ နာကျင်မှု ခံစားရလိမ့်မယ်။ ခင်ဗျား အသက်ရှင်မယ်လို့ မျှော်လင့်ပါတယ်”

အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ရေခဲနတ်သမီးလေးဆီမှ အော်ရာအနည်းငယ် ပြန်ထွက်ပေါ် လာသည်။ သူမ၏ မျက်ခုံးများက တွန့်ကွေးလာနေသည်။ ရဲချန်ဖန် သိလိုက်သည်။ ဆေးစွမ်းစပြကာ သူမ၏ ဒဏ်ရာများကို ကုသနေသည်။ သို့သော် ဆေးစွမ်းပြနေချိန်တွင် ခံနိုင်ရည် ရှိမရှိကတော့ သူမ အပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။ ထို့နောက် သူမကို စောင့်ရှောက်နေပြီး ကျောက်စိမ်းနက် အသားများကို ထုတ်ကာ စားသောက်ရန် ချက်ပြုတ်လိုက်သည်။

တစ်နာရီခန့် ကြာသောအခါ မေ့မြောနေသော နတ်သမီးလေးက သတိရလာသည်။ သူမ ကိုယ်ပေါ်တွင် သူမ၏ မူလအဝတ်အစားများ မဟုတ်တော့ဘဲ အဝတ်ကြီးတစ်ခု ပတ်ထားကြောင်း သိသွား သောအခါ သူမမျက်နှာ အေးစက်သွားပြီး အလွန်ပြင်းထန်လှသော လူသတ်စိတ် ထွက်ပေါ် လာသည်။

သို့သော် ချက်ချင်းပင် သူမ၏ လူသတ်စိတ်ကို အံ့သြတုန်လှုပ်မှုက ဖုံးလွှမ်းသွားသည်။ အဘယ်ကြောင့် ဆိုသော် ပြင်းထန်စွာ ဒဏ်ရာရထားသော သူမသွေးကြောများသည် အလိုအလျောက် ကုသနေပြီး သူမဒဏ်ရာက တဖြည်းဖြည်း သက်သာ လာနေသောကြောင့် ဖြစ်သည်။

“ဆရာမကြီး နိုးလာပြီလားခင်ဗျာ။ ဒဏ်ရာက သက်သာလား”

ရဲချန်ဖန်က ရေခဲနတ်သမီးလေး နိုးထလာသည် တွေ့သောအခါ စိုးရိမ်စွာ မေးလိုက်သည်။

“ငါ့အဝတ်တွေကို မင်းချွတ်လိုက်တာလား”

ရေခဲနတ်သမီးက ဝေခွဲရခက်သော မျက်လုံးများနှင့် ရဲချန်ဖန်ကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။

သူမသည် ဘဝတစ်လျှောက်လုံး သူမကို သူမ အလွန်သန့်စင်အောင် စောင့်ထိန်းလာသူ ဖြစ်သည်။ သူမ မည်သည့် ယောက်ျားသားနှင့် ဆက်ဆံခြင်း မရှိသလို ဖိုမကိစ္စများကို အတွေ့အကြုံ မရှိသူလေးဖြစ်သည်။ သူမ မေ့မြောနေစဉ် သူမ၏ခန္ဓာကိုယ်မှာ ရဲချန်ဖန်ကြည့်ရှုခြင်း ခံရမည်ကို တွေးလိုက်သောအခါ အလွန်ဒေါသထွက် လာလေသည်။

“အဲဒီအချိန်မှာ အရမ်း အလျင်လိုနေလို့ပါ။ ကျွန်တော်သာ ဆရာမကြီးရဲ့ အဝတ်တွေမချွတ်ရင် အေးခဲပြီး သေသွားနိုင်တယ်။ အဲဒီလိုဆို ကျွန်တော် အရမ်းစိတ်မကောင်း ဖြစ်ရမှာပါ။ ကျွန်တော်သာ မကောင်းတာ တစ်ခုခု လုပ်ချင်ရင် ဆရာမကြီးကို မကယ်ခဲ့ပါဘူး။ အခု ကိုယ်ထဲမှာ ဆေးစွမ်းက သွေးကြောတွေကို ကုသနေတာ ဆရာမကြီး သတိထားမိမှာပေါ့”

“မင်း ဘာဆေးမျိုး ငါ့ကိုတိုက်ခဲ့တာလဲ”

ရေခဲနတ်သမီးလေးက ရဲချန်ဖန်၏ ရိုးသား၍ သူမကို အခွင့်အရေးယူပုံ မရသော မျက်လုံးများကို ကြည့်ပြီး ဒေါသများ လျော့ပါးသွားသည်။

“အသက်ဆက် ဆေးရွက်ပါ”

“ဘာ အသက်ဆက်ဆေးရွတ် ဟုတ်လား…။ မင်းမှာ အဲဒီလိုဆေးရွက် ရှိတယ်”

ရေခဲနတ်သမီးက အလွန်အံ့သြသွားမိသည်။ ထိုဆေးရွက်သည် သူမလိုလူမျိုးပင် ပိုင်ဆိုင်ရရန် လုံးဝ မလွယ်ကူပေ။ ရဲချန်ဖန်က သူမကို ကုသပေးရန် ဤကဲ့သို့ ဆေးမျိုးကို တိုက်ကျွေးခဲ့သည်။ ထို့ကြောင့် သူမ ခံစားချက်များက ပို၍ ရှုပ်ထွေးသွားသည်။

“အာ… အရမ်းကြီး တွေးမနေပါနဲ့။ မြန်မြန်လေး ဒဏ်ရာကို ဆက်ကုပါခင်ဗျာ။ ပြီးတော့ ဒီစိတ်ပျက်စရာ နေရာက ထွက်ကြရအောင်”

ရဲချန်ဖန်က ရေခဲနတ်သမီးလေး၏ ဒေါသကင်းစင်လာသည့် မျက်လုံး ဝိုင်းစက်စက်လေးကို ကြည့်ပြီး တိတ်တိတ်လေး သက်ပြင်းချမိ လိုက်သည်။ သူသည် ကယ်သာကယ်ခဲ့ ရသော်လည်း ထိတ်လန့် နေမိသည်။

ထိုကဲ့သို့ နတ်မိမယ် တန်ခိုးရှင်မျိုးသည် သူမတို့၏ကိုယ်ကို ကျောက်စိမ်းကဲ့သို့ သန့်စင်အောင် တန်ဖိုးထား နေထိုင်လေ့ရှိသည်။ သူမကသာ သူမ၏ကိုယ်ကို အပြင်လူက မြင်တွေ့ခဲ့သည်ကို မနှစ်သက်ပဲ သို့မဟုတ် ထိုကဲ့သို့ အခြေအနေ ဖြစ်ခဲ့သည်ကို လူမသိစေရန် နှုတ်ပိတ်ချင်လျှင် သူလည်း ဘာမှတတ်နိုင်မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်”

ရေခဲနတ်သမီးလေးက အလွန်တိုးသော အသံလေးဖြင့် ပြောလိုက်လေသည်။ ထို့နောက် ဝိညာဉ် ကျင့်စဉ်များကျင့်၍ ဒဏ်ရာကို ကုသနေလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset