။
*****
စာစဉ် (၇)
အခန်း (၁၀၄)
ရေခဲတောင်မိစ္ဆာ
“မင်း… မင်း ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူ ပေါင်းစပ်လိုက်တယ်…”
ရေခဲနတ်သမီးက အဆင့်များ တစ်ဟုန်ထိုး တက်သွားသည့် ရဲချန်ဖန်ကို သူမ၏ မျက်လုံးရွဲ ကြီးများနှင့် ကြည့်ကာ မေးလိုက်လေသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ပိုင်ဆိုင်နိုင်ရန် သူမသည် လအတန်ကြာပင် ရေခဲထဲတွင် အေးခဲခံခဲ့ရပြီးနောက် သူမ၏ ကြိုးစားမှု အားလုံးမှာ သူတစ်ပါးအတွက် ဖြစ်သွားမည်ဟု မထင်ထားချေ။ ထို့အပြင် ထိုကြိုစားမှုကို ရရှိသွားသူ၏ အစွမ်းနှင့်အဆင့်မှာ အလွန်ပင် နိမ့်ကျနေသေးသည်။
“ဟုတ်… ဟုတ်ပါတယ် ခင်ဗျာ။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ကျွန်တော် စုပ်ယူ ပေါင်းစပ် လိုက်ပြီးပြီ”
ရဲချန်ဖန် အလွန်ချောမော လှပသော ရေခဲနတ်သမီးကို မငေးဘဲ မနေနိုင်ဘဲ ငေးနေမိသည်။ ထို့နောက် သူက ကပျာကယာနှင့် လေးလေးစားစား ဖြေလိုက်သည်။ သူတို့သည် ယခုလေးတင် တစ်ဖက်တည်းမှ တိုက်ခိုက်ခဲ့ကြသော်လည်း ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ တန်ဖိုးသည် အဖိုးဖြတ်မရ နိုင်အောင်ပင် ကြီးမားလှရာ ရေခဲနတ်သမီးက သူ့ကို လုပ်ကြံလာမည်ကို သတိထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ရေခဲနတ်သမီးက သူ့ကိုယ်ထဲတွင်ရှိသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အတင်းအဓ္ဓမ လုယူနိုင်စွမ်း ရှိလေသည်။
“ငါ ဒီဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ရအောင် ဘယ်လောက် အပင်ပန်းခံ ထားရသလဲ သိလား”
ရေခဲနတ်သမီးက ရဲချန်ဖန်ကို ကြည့်ပြီး တီးတိုးလေး ရေရွတ်လိုက်သည်။
“ကျွန်တော် သိပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ဆရာမကြီးနဲ့ပြိုင်ပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို မလိုချင်ပါဘူး ခင်ဗျာ။ ဒါပေမဲ့ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုယ်တိုင်က ကျွန်တော့် ကိုယ်ထဲ ဝင်လာပြီး ကျွန်တော်နဲ့ ပေါင်းစပ်သွားတော့ ကျွန်တော်ပိုင်ဆိုင်တာ ဖြစ်သွားရပါတယ် ဆရာမကြီးခင်ဗျာ”
ရဲချန်ဖန်က အဓိပ္ပာယ်ပေါက်အောင် လှည့်ပတ်ပြောလိုက်သည်။ သူက လိုချင်၍မဟုတ်ဘဲ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက သူနဲ့ပေါင်းစပ်ချင်သလို ပုံဖြစ်အောင် ပြောလိုက်လေသည်။ ကျင့်ကြံသူ အများစုက အကြောင်းအကျိုးနှင့် အခွင့်အလမ်းကို ဦးစားပေးလေ့ ရှိသောကြောင့် သူက ရည်ရွယ်ချက်ရှိရှိပင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက သူနဲ့ပေါင်းစပ်ရန် ကံပါလာပြီး ရေခဲ နတ်သမီးက အတင်းအဓ္ဓမ မလုပ်ရန် လှည့်ပတ် သတိပေးလိုက်ခြင်း ဖြစ်သည်။
ကျင့်ကြံသူများက ကာမာကို ကြောက်ကြသဖြင့် လူအရေးကိစ္စများကို တတ်နိုင်သလောက် ရှောင်ကျဉ်ကြသည်။ မသက်သာသည့် ကိစ္စများမှလွဲ၍ ကျင့်ကြံသူတို့သည် လူဘောင် ကိစ္စများ ဝင်မစွက်ကြခြင်း ဖြစ်သည်။
“အင်း… ဒီဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ငါနဲ့ပေါင်းစပ်ဖို့ ကံမပါဘူးလား”
သူမက မဟာသားရဲ ဘိုးဘေးတန်ခိုးရှင် အဆင့်တွင် ရပ်တန့်နေသည်မှာ နှစ်အတန်ကြာ နေပြီဖြစ်ပြီး အမြွှာညီနောင် တိုက်ကြီး၏ ပြိုင်စံရှား တန်ခိုးရှင်အဆင့်ကို မတက်ရောက်နိုင်ပဲ ဖြစ်နေခဲ့သည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် သူမကို နောက်အဆင့် တက်လှမ်းစေရန် ကြီးမားသော အထောက်အပံ့ ပေးနိုင်သည်။ ထိုကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ရယူပိုင်ဆိုင် နိုင်ရန် သူမက အချိန်အတန်ကြာ အပင်ပန်းခံ ပြင်ဆင် လုပ်ကိုင်ခဲ့သည်။ သို့သော် သူမ၏ ကြိုးစားမှုက အလဟဿ ဖြစ်သွားပြီ ဖြစ်သည်။
သူမကသာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ရရှိလိုက်ပါက သူမ မကျော်ဖြတ်နိုင် ဖြစ်နေသော နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီး မဟာသားရဲ ဘုရင်အဆင့်ကို ရောက်ရှိနိုင်လိမ့်မည်ဟု ခံစားချက် ဖြစ်ပေါ်နေသည်။ ယခု ထိုအခွင့်အရေးကို လက်လွှတ် ဆုံးရှုံးလိုက်ရသဖြင့် လက်မခံနိုင် ဖြစ်နေမိသည်။
“ဂါးယား… ဝူး…”
ရေခဲ နတ်သမီးလေးက စိတ်ဓာတ်ကျနေပြီး ရဲချန်ဖန်က ဤနေရာမှ အမြန်ဆုံးထွက်ရန် နည်းလမ်း စဉ်းစားနေခိုက်တွင် အလွန် ကျယ်လောင်သော၊ အသည်းများပင် အေးခဲသွားနိုင်သော အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
“အခြေအနေ မကောင်းဘူး။ အဲဒါ နှင်းတောင်မိစ္ဆာပဲ။ ငါတို့တော့ ဒုက္ခရောက်ပြီ”
ထိုအော်ဟစ်သံ ကြားလိုက်သည်နှင့် ရေခဲနတ်သမီးလေး၏ ချောမောလှသော မျက်နှာတွင် စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လာလေသည်။ သူမအစွမ်းသာ နဂိုအတိုင်း ဖြစ်နေပါက နှင်းတောင်မိစ္ဆာကို ကြောက်လန့် နေမည် မဟုတ်ပေ။ ယခုတော့ သူမသည် အလွန်အင်အား နည်းနေပြီး သူမ၏အစွမ်း ဆယ်ရာခိုင်နှုန်း လောက်သာ အသုံးပြုနိုင်တော့သဖြင့် နှင်းတောင်မိစ္ဆာ၏ ပြိုင်ဘက်မဟုတ်ပေ။
“ဘာလဲ အဲဒီနှင်းတောင်မိစ္ဆာက”
ရဲချန်ဖန်က ရေခဲနတ်သမီး မျက်နှာအမူအရာ ပျက်သွားသဖြင့် အလျင်အမြန် မေးလိုက်မိသည်။
“နှင်းတောင်မိစ္ဆာက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေရဲ့ အစောင့်အရှောက်ပဲ။ နှင်းတောင်မိစ္ဆာက မဟာသားရဲ ဘိုးဘေး တတိယအဆင့် တန်ခိုးရှင်အစွမ်း ရှိတယ်။ အဲဒီအကောင်ကို သတ်ဖို့ အရမ်းခက်တယ်။ လွန်ခဲ့တဲ့ လအတန်ကြာက ငါနည်းလမ်းမျိုးစုံ သုံးပြီး မှော်အစီအရင်ထဲမှာ နှင်းတောင်မိစ္ဆာကို လှောင်ပိတ်ထားတာ။ အခု ဘာဖြစ်လို့လဲ မသိဘူး။ နှင်းတောင်မိစ္ဆာက မှော်အစီအရင်ကို ချိုးဖောက်ပြီး ထွက်လာနိုင်တာ။ လက်ရှိ ငါ့အစွမ်းနဲ့ဆို နှင်းတောင်မိစ္ဆာကို မယှဉ်နိုင်ဘူး။ မင်းကလည်း သူ့ပြိုင်ဘက် မဟုတ်ဘူး”
ရေခဲနတ်သမီးအသံက အလွန်စိတ်ဓာတ် ကျနေပုံပင်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခုခံကာကွယ်ရမှာပဲ။ ဆရာမကြီးနဲ့ကျွန်တော် ပေါင်းတိုက်ရင် ဘာပဲဖြစ်ဖြစ် လွတ်မြောက်ဖို့ အခွင့်အရေး ရှိဦးမှာပါ”
ရဲချန်ဖန်က အသက်ဝအောင်ရှူပြီး ပြောလိုက်လေသည်။
“ကောင်းပြီ”
ရေခဲနတ်သမီးလေးက သဘောတူလိုက်လေသည်။ သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။
“ဒါက ဆရာမကြီး အတွက်ပါ”
ရဲချန်ဖန်က တန်ဖိုးကြီးလှသည့် ဝိညာဉ်စွမ်းအင် ပြန်ဖြည့်သည့် ဝိညာဉ်ပြန်ခေါ် ဆေးလုံးကို ရေခဲနတ်သမီးလေးကို ကမ်းပေးလိုက်သည်။
“ဝိညာဉ်ပြန်ခေါ် ဆေးလုံးလား… မင်းမှာ ဝိညာဉ်ပြန်ခေါ် ဆေးလုံးတောင် ရှိနေတာပဲ”
ရေခဲနတ်သမီးက ဝိညာဉ်ပြန်ခေါ် ဆေးလုံးကိုကြည့်ပြီး ရဲချန်ဖန်က သာမန်လူ မဟုတ်ကြောင်း သိလိုက်လေသည်။ ထိုကဲ့သို့ ဝိညာဉ်ပြန်ခေါ် ဆေးလုံးများသည် ဝယ်ယူရန် အလွန်ခက်ခဲပြီး သူမတွင်ပင် နှစ်လုံးခန့်သာရှိပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် အစောပိုင်း တိုက်ခိုက်မှု များအတွင်း အသုံးပြုပြီး ကုန်ဆုံးသွားပြီ ဖြစ်သည်။
သူမက ချက်ချင်းပင် ဝိညာဉ်ပြန်ခေါ် ဆေးလုံးကို သောက်သုံးလိုက်ပြီး သူမ အလွန်အကျွံ အသုံးပြုထားသော ဝိညာဉ်စွမ်းအင်များကို ပြန်ဖြည့်တင်းလိုက်သည်။
“ငါတို့ သွားရအောင်”
သူမ ဝိညာဉ်စွမ်းအင်များ အလျင်အမြန် ပြန်ပြည့်လာပြီးနောက် စိတ်အနည်းငယ် အေးသွားသည်။ သူတို့နှစ်ယောက် ရေခဲကန်အောက်မှ ရေမျက်နှာပြင်ပေါ်သို့ အလျင်အမြန် ကူးခတ် သွားကြသည်။ ရေကန် မျက်နှာပြင်နှင့် နီးကပ်လာစဉ် တစ်ကိုယ်လုံးက နှင်းများနှင့် ဖွဲ့စည်းထားပြီး အောက်ပိုင်းတွင် ခြေထောက်မရှိဘဲ မျက်နှာသွင်ပြင်မှာ မထင်ရှားသည့် ဦးချိုနှစ်ချောင်းနှင့် ရေခဲတုံးကြီး ထွက်ပေါ်လာသည်။ သူတို့နှင့် နီးကပ်လာစဉ် အလွန်ပြင်းထန်သော အော်ရာကို သူတို့ ခံစားမိလိုက်သည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”
နှင်းတောင်မိစ္ဆာ သူတို့နှင့် နီးကပ်လာစဉ် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကို ထိန်းချုပ်လျက် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ အစွမ်းကို ထုတ်လွှင့်လိုက်ရာ သူတို့ရှေ့ ရေပြင်မှာ အေးခဲသွားပြီး နှင်းတောင်မိစ္ဆာကိုပင် အေးခဲသွားစေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရေခဲနတ်သမီးလေး ရင်နာသွား မိသည်။ ရဲချန်ဖန်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူပေါင်းစပ် ထားသည်မှာ မကြာသေးသော်လည်း ထိုစမ်းရေ၏ အစွမ်းများကို ထုတ်သုံးနိုင်နေပြီ ဖြစ်သည်။ အမှန်ဆို ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် သူမ ပိုင်ဆိုင်ခွင့်ရရန် အပတ်တကုတ် ကြိုးစားထားသည့် ရတနာ မဟုတ်ပါလော။
သို့သော် ယခုအချိန်ကား တခြားအတွေးများ တွေးနေရမည့် အချိန်မဟုတ်ပေ။ သူမ အတွေးများကို ဖယ်ရှားပြီး ဓားကိုထုတ်ကာ နှင်းတောင်မိစ္ဆာကို တိုက်ခိုက်လိုက်လေသည်။
“မိုက်ရိုင်းတဲ့လူတွေ မင်းတို့သေစမ်း…”
သူ့ရင်ဘတ်တွင် ဓားဒဏ်ရာ ပေါ်လာသည်ကိုကြည့်ပြီး နှင်းတောင်မိစ္ဆာက အလွန် ဒေါသ ထွက်သွားရာ ပြင်းထန်လှသည့် လူသတ်စိတ်နှင့်အတူ အအေးတန်း အလင်းတစ်ခု ထွက်ပေါ်လာပြီး ရဲချန်ဖန်ဆီ တိုးဝင်လာသည်။
“ကျိုးပျက်စမ်း….”
အအေးအလင်းတန်းက လျှပ်စီးကဲ့သို့ပင် ဝင်လာသဖြင့် ရေခဲနတ်သမီးလေးက အံကြိတ် လိုက်ပြီး အလင်းတန်းဆီ အမြန်ဆုံးသွားကာ ဓားဖြင့် ချေဖျက်လိုက်လေသည်။
“အွန့်…”
အအေးအလင်းတန်း တိုက်ခိုက်မှုက ပျက်ပြယ် သွားသော်လည်း ရေခဲနတ်သမီးလေး၏ ဒဏ်ရာမှာ ပို၍ ဆိုးရွားသွားလေသည်။ သူမပါးစပ်မှ သွေးများ စီးကျလာရာ ရေများပင် အနီရောင် အဖြစ် ပြောင်းလဲသွား လေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”
ရဲချန်ဖန် အစွမ်းမှာ အလွန်တိုးတက် လာသော်လည်း နှင်းတောင်မိစ္ဆာက အလွန်အစွမ်းထက် နေသည်ဖြစ်ရာ သူက ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ရဲပေ။ သူက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အဆက်မပြတ် အသုံးပြုပြီး နှင်းတောင်မိစ္ဆာ အေးခဲသွားစေရန် ကြိုးစားနေသည်။
“သွားရအောင်…”
နှင်းတောင်မိစ္ဆာ အေးခဲသွားသည်နှင့် ရဲချန်ဖန်နှင့် ရေခဲနတ်သမီးလေးတို့သည် မြားနှစ်စင်း အလား အလျင်အမြန် ထွက်ပြေးကြရာ ရေခဲကန်ရေပြင်နှင့် နီးကပ်လာလေသည်။
“ကောက်ကျစ် ယုတ်မာတဲ့ လူသားတွေ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုထားခဲ့စမ်း….”
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေဖြင့် အေးခဲခံရမှုကြောင့် နှင်းတောင်မိစ္ဆာက လုံးဝ ဒေါသပေါက်ကွဲ သွားပြီဖြစ်ရာ အလွန်ပြင်းထန်သောအား ပေါက်ကွဲထွက်လာပြီး ရေခဲများကို ချိုးဖြတ်ကာ သူတို့နောက် လိုက်ဖမ်းတော့သည်။
“အထွတ်အထိပ်ဓား…..”
နှင်းတောင်မိစ္ဆာ နီးကပ်လာသည်နှင့် ရဲချန်ဖန်က သူအစွမ်းအထက်ဆုံး အကွက်ကို ထုတ်သုံး လိုက်ရာ ရေကိုဖြတ်သန်းပြီး နှင်းတောင်မိစ္ဆာကို ထိမှန်သွားသည်။
“ကျိ… ကျီ…”
နှင်းတောင်မိစ္ဆာ ရင်ဘတ်ပေါ်တွင် ဒုတိယမြောက် ဓားရာကြီးက ဖြစ်ပေါ်လာပြီး သူတို့ကို လိုက်သည့်အရှိန်မှာ အနည်းငယ် နှေးသွားလေသည်။
“ပြင်းလိုက်တဲ့ အစွမ်းပဲ…”
ရေခဲနတ်သမီးလေးက ရဲချန်ဖန် တိုက်ခိုက်မှုကို အံ့သြသွားရသည်။ ရဲချန်ဖန် အစွမ်းက မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်လောက် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်မှုတွင် ဓားသမားတိုင်း မျှော်လင့် တောင့်တရသော ဓားအင်အားလည်း ပါဝင်နေလေသည်။
“မိုင်တစ်ရာ အေးခဲမှု…”
ရဲချန်ဖန်တို့နှစ်ယောက် ရေပြင်ပေါ်သို့ လွတ်မြောက်တော့မည်ကို ကြည့်ပြီး နှင်းတောင်မိစ္ဆာက အဆုံးအစမဲ့သော အအေးများကို ထုတ်လွှင့်လိုက်ရာ ချက်ချင်းပင် ကန်ရေပြင်ကို ထိုးဖောက်ပြီး ရဲချန်ဖန်တို့ကို အေးခဲမတတ် ဖြစ်သွားစေသည်။
တစ်ဆက်တည်းမှာပင် နှင်းတောင်မိစ္ဆာက ရေခဲပြင်ကို ဖောက်ထွက်ပြီး ရဲချန်ဖန်တို့နား အလျင်အမြန်ပင် ချဉ်းကပ်လာကာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ပြန်ယူပြီး သူတို့ကို အသေသတ်ရန် အဆင့်သင့် ဖြစ်နေသည်။ သေမင်းက သူတို့နှစ်ယောက်ကို စောင့်ကြိုနေပြီ ဖြစ်သည်။