စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅။ စီရင်စု ကိုးခုက မပြောင်းလဲသေးဘူး။
Zero to Hero in the Martial Arts Library
Author: Flammable Wood
ဖျောင်ကျန့်ရှန်က စိန်ခေါ်မှုကို လက်ခံလိုက်သည်။ ဓားရေး မဟုတ်သည့် စိန်ခေါ်မှုကို လက်ခံသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
သူ သိချင်စိတ်ဖြစ်နေသောကြောင့် သို့မဟုတ် ချင်ယွိယန်၏ မျက်ဝန်းထဲမှ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ကို သူ စိတ်ဝင်စားသွားသောကြောင့် ဖြစ်ဟန်တူသည်။ ထိုတိုက်ပွဲကို သဘောတူနိုင်သည်ဟု ခံစားမိသည်။ အဖွဲ့ခွဲမှုး ကျင်းက အေးစက်နေသော အမူအရာဖြင့် ပြောလိုက်လေ၏။
” ဖျောင်ကျန့်ရှန် မရှုပ်နဲ့။ ဒါက ဓားသိုင်း မဟုတ်ရင် မင်းအတွက် ပိုစွန့်စားရာကျမှာပဲ။ မင်း ရှုံးနိမ့်သွားခဲ့ရင် စီရင်စု ကိုးခုထဲမှာ အစွန်းအထင်း မရှိတဲ့ တိုက်ပွဲကို စွန်းထင်းသွားလိမ့်မယ်”
ဖျောင်ကျန့်ရှန်က ဆုံးဖြတ်ချက် ပြတ်သားသည့် အကြည့်ဖြင့် ပြောလိုက်၏။
” စစ်မှန်တဲ့ ဓားသိုင်းပညာရှင်တစ်ယောက်က ယှဉ်ပြိုင်မှုကို မကြောက်ဘူး။ ဘယ်လို သိုင်း အမျိုးအစားကိုမှလည်း မကြောက်ဘူး။ ကျုပ်ရဲ့ သိုင်းက ဓားသိုင်းချင်းပဲ ယှဉ်တိုက်နိုင်တယ်ဆိုရင် ရယ်စရာကောင်းလွန်းမနေဘူးလား”
” မင်း ရှုံးသွားရင် တာဝန်အပြည့်အ၀ ယူရမယ်”
” ကျုပ် သိတယ်”
ဖျောင်ကျန့်ရှန်က သံမဏိဓားကို ကိုင်ပြီးနောက် တိုက်ပွဲစတင်ရန် တရားဝင်အချက်ပြလိုက်၏။
” ကျေးဇူးတင်ပါတယ်”
ချင်ယွိယန်က ကျေးဇူးတင်ပြီးနောက် ချက်ချင်းပင် ဓားမော့ကို ပြောင်းလဲလိုက်တော့၏။
ချင်ရှန်းလုံက ထိုအရာကို မြင်သောအခါ မုတ်ဆိတ်များ တုန်ခါနေသည်အထိ ဒေါသထွက်နေပြီး သူမကို စိုက်ကြည့်နေတော့သည်။
” ဒီမုန်းစရာကောင်းတဲ့ ကောင်မလေးက ငါ့နောက်ကွယ်မှာ ဓားမော့သိုင်းကို ခိုးကျင့်နေတာပဲ။ ချင် မိသားစုကနေ ခွဲထွက်ချင်နေတာလား။ သူ ပြီးသွားတာနဲ့ ငါ သူ့ရဲ့ မျိုးရိုးနာမည်ကိုပြောင်းပေးရမယ်”
တုချန်းဖုန်းသည် ရယ်ရမည်လား ငိုရမည်လား မသိတော့ပဲ နှစ်သိပ့်လိုက်လေ၏။
” လောင်ချင်။ မင်း စဉ်းစားတဲ့ နည်းလမ်း ပြောင်းလဲရလိမ့်မယ်။ ချင် ဓားသိုင်းက ဒီလောကထဲမှာ အစွမ်းထက်ဆုံး ဓားသိုင်း မဟုတ်ဘူး။ ဓားကလည်း ဒီလောကထဲမှာ အသန်မာဆုံး သိုင်းအမျိုးအစား မဟုတ်ဘူးလေ။ ဒီကလေးမှာ ပိုကောင်းတဲ့ လမ်းကြောင်းရှိမယ်ဆိုရင် ဒါက ပိုကောင်းဖို့ ဖြစ်လာတာ မဟုတ်ဘူးလား”
” ငါ့ဖင်ကြီးကိုပဲ ကောင်းနေ။ သူက ငါ့ရဲ့ လမ်းညွန်မှုနဲ့ပဲ ဓားသိုင်းကိုပဲ ကျင့်ကြံခဲ့တာ။ သူ့ဘာသာ သူ သ်ယူခဲ့တဲ့ ဓားမော့သိုင်းနဲ့ ဘာများ လုပ်နိုင်မှာလဲ”
” စောင့်ကြည့်ကြတာပေါ့”
စင်ပေါ်တွင် သူတို့နှစ်ယောက်လုံးက သူတို့၏ ကျင့်ကြံဆင့်ကို အဆင့် ငါးအထိ ဖိနှိပ့်ထားလိုက်ကြသည်။ ထိုနည်းဖြင့် သူတို့က သိုင်း ခန်းမကို ဖျက်ဆီးရာ မရောက်တော့သကဲ့သို့ ပရိတ်သတ်များကိုလည်း မထိခိုက်စေတော့ပေ။
လူအားလုံးက မှတ်တမ်းတင်ရန် သူတို့၏ ဖုန်းများကို ထုတ်ကာ ဖိုရမ်ပေါ်တွင် တင်ရန် စောင့်ဆိုင်းနေကြ၏။ နှစ်ယောက်သားက မျက်နှာချင်းဆိုင်လိုက် ကြသည်။ ခန်းမကြီးတစ်ခုလုံးက တိတ်ဆိတ်လွန်းနေကာ အပ်ကျသံပင် ကြားရလောက်အောင်ပေ၏။
တင်းမာမှုတို့ကလည်း တိုးလာပေတော့သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ လေးစက္ကန့်။
နောက်ဆုံးတွင် ချင်ယွိယန်က လှုပ်ရှားလာခဲ့သည်။ သူမတွင် ယဲ့ရှောင်ကဲ့သို့ ကိုယ်တိုင် ကျင့်ကြံနိုင်သော အံ့ဖွယ် ဝိညာဉ် မရှိသောကြောင့် ယဲ့ရှောင်၏ ဓားမော့ဆန္ဒကို အပြည့်အ၀ နားလည်နိုင်ခြင်း မရှိသေးပေ။ သူမက ဓားဆန္ဒကို နားလည်နိုင်ရန် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ် အတန်ကြာသွားသည်လည်း ဖြစ်နိုင်သည်။
သို့သော် ယဲ့ရှောင်၏ ဓားမော့ဆန္ဒက သူမအား ဓားမော့ကျင့်စဉ် အစကို အောင်မြင်စွာ ခြေချခွင့် ပေးခွင့်ပေးခဲ့ပြီး မဟာ ဓားမော့သိုင်း၏ အစကိုလည်း အမှန်တကယ် သိမြင်ခွင့် ပေးခဲ့သည်။
ထို့ကြောင့် သူမ၏ ကျင့်ကြံမှုက ရက်အနည်းငယ်အတွင်း ဟို့ထျန်း ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်သည်။
သူမသည် ဓားသိုင်းကိုသာ သုံးပြီး ကျင့်ကြံခဲ့လျင် ဟို့ထျန်း ဆဋ္ဌမအဆင့်သို့ ရောက်ရန် နှစ်ဝက်ကျော် အချိန် လိုအပ်လောက်၏။ သူမသည် တိုက်ပွဲအတွက် ယုံကြည်ချက် ရှိနေသည်။ သူမ၏ ညာဘက်လက်ကို ပြောင်းပြီးနောက် ခန္ဓာကိုယ်ကို အနည်းငယ် ကွေးလိုက်တော့၏။
ချင်းယွိယန်၏ လက်က ဓားမော့၏ ဓားရိုးဆီသို့ ရောက်သွားတော့သည်။
ထိုလှုပ်ရှားမှုကို မြင်သည့်အခါ ချင်ရှန်းလုံကို နှစ်သိမ့်နေသည့် တုချန်းဖုန်းက ရုတ်တရက် ထရပ်ပြီး ချင်ယွိယန်ကို လေးနက်တည်ကြည်သည့် အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ချင်ရှန်းလုံက ထိတ်လန့်သွားတော့သည်။
” လောင်တု။ ဘာဖြစ်လို့လဲ”
တုချန်းဖုန်းက သူ့ကို လျစ်လျူရှုထားပြီး ချင်ယွိယန်ကိုသာ စိုက်ကြည့်နေတော့၏။
သိုင်းပညာရှင်များကြားထဲ၌ အပြုအမူတစ်ချက်က အရာအားလုံးကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။ ချင်ယွိယန်၏ ဓားမော့ကိုင်ဆွဲသည့် ကိုယ်နေဟန်ထားက သူ့ကို စိတ်ကူးယဉ်ဆန်သော မြင်ကွင်း တစ်စွန်းတစ်စကို ပေးခဲ့သည်။
နောက်တစ်စက္ကန့်တွင် ချင်ယွိယန်က လှုပ်ရှားပြီး ဖြစ်နေသည်။ ခြေတစ်လှမ်းဖြင့် သူမ၏ ခန္ဓာကိုယ်က တိမ်ဆိုင်ပမာ ပေါ့ပါးလျက် လျပ်စီးလုံးအဖြစ် အသွင်ပြောင်းလဲသွားကာဖျောင်ကျန့်ရှန် ဘေးသို့ ရောက်သွားလေတော့သည်။
ဖျောင်ကျန့်ရှန်၏ မျက်နှာထက်တွင် မျက်တောင်တစ်ခပ်အတွင်း တည်ကြည်လေးနက်မှုများ ဖြစ်ပေါ်သွားတော့၏။
သံမဏိ ဓားကို ဆွဲထုတ်လိုက်ပြီးနောက် သူ၏ ဓားသိုင်းကို ချက်ချင်း ထုတ်ဖော်လိုက်တော့၏။
” ထန်။ ထန်။ ထန်”
စက္ကန့်ပိုင်းအတွင်း ဓားနှစ်လက်က ထိပ်တိုက်တွေ့ဆုံသွားကြပြီး မီးပွင့်များက ပြိုင်ကွင်း၏ နေရာအနှံ့ လွင့်စင်သွားကြတော့သည်။
” ကောင်းလိုက်တဲ့ ဓားမော့သိုင်း”
” ဘုရားသခင်”
တုချန်းဖုန်းက သူမကို မချီးကျူးပဲ မနေနိုင်တော့ချေ။ ချင်ရှန်းလုံကမူ အံ့သြဆွံ့အနေမိသည်။ ဆဲတောင် ဆဲရေးမိသွား၏။
” လခွမ်း။ ငါ့ရဲ့ မြေးက ဘယ်အချိန်ကစပြီး ဒီလောက်အစွမ်းထက်သွားတာလဲ”
ထိုဓားမော့သိုင်းကို ကြည့်ပြီး သူက ဓားသိုင်းကျင့်ကြံသူဖြစ်လျှင်တောင် တစချက်ကြည့်ရုံဖြင့် သူ့မြေးမလေး၏ ဓားမော့ကျင့်စဉ်က ထူးကဲကြောင်း ပြောနိုင်သည်။
” လောင်တု။ ဒါ။ ဒါက”
တုချန်းဖုန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ့်အယောင်များ ပေါ်လာတော့၏။
” လောင်ချင်။ ဒီတစ်ခေါက် မင်းရဲ့ ချင်မိသားစုက ဖီးနစ်တစ်ကောင် ရတော့မယ်”
ချင်ရှန်းလုံးက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ပြိုင်ကွင်းထဲသို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေ၏။ တုချန်းဖုန်းသည့် ကျင်းသို့ သိုင်းကျောင်းတော်တွင်တောင် အသန်မာဆုံး သိုင်းပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက ဓားမော့သိုင်းကို အထူးပြုလေ့လာနေတာပဲ ဖြစ်သည်။ သူက ထိုသို့ပြောသောကြောင့် ယွိယန်က ။
ပြိုင်ကွင်းထဲတွင် ချင်ယွိယန်နှင့် ဖျောင်ကျန့်ရှန်က သွေးပူလေ့ကျင့်ခန်းအနေဖြင့် စတင်တာ မဟုတ်ပဲ ပူပြင်းသည့် အခြေအနေထဲ တိုက်ရိုက်ဝင်ရောက်သွားသည်။ နှစ်ယောက်သားက ကျယ်ဝန်းသည့် ပြိုင်ကွင်းထဲတွင် ဆက်တိုက် တိုက်ခိုက်နေပြီး ပုံရိပ်ယောင်များသာ ချန်ထားရစ်ခဲ့သည်။ ဓားမော့နှင့် ဓားတို့ ထိတွေ့မိတိုင်း မီးပွင့်များ ထွက်လာသော်ငြား အဆုံးတွင် သူတို့က ပွတ်ကာသီကာဖြင့် မီးပွင့်များသာ ဖန်တီးလိုက်နိုင်၏။
တစ်မိနစ်အတွင်း သူတို့က အကြိမ်ရေ သုံးရာကျော် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ဓားသံနှင့် ဓားမော့သံကို အဆုံးမရှိ ကြားနိုင်၏။ နောက်ဆုံး၌ သူတို့နှစ်ဦးလုံးက ခွန်အားအပြည့် စုစည်းလိုက်ပြီး တိုက်ခိုက်ကြပြန်၏။ မထင်ထားပဲ ပြင်းထန်သော လေက ဝေ့တိုက်လာပြီး လှိုင်းများက နေရာအနှံ့ ပြန့်လွှင့်သွားကာ နှစ်ယောက်လုံးကို ခြေလှမ်းအနည်းငယ် ဆုတ်စေတော့၏။ သူတို့၏ လက်နက်များကို ကိုင်ထားလျက် ပင့်သက်ရှိုက်မိလိုက်ကြ၏။
သိုင်းခန်းမသည် စက္ကန့်ပိုင်းခန့် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အားပေးသံများဖြင့် ပြည့်နှက်သွားတော့၏။
” အံ့သြဖို့ ကောင်းလိုက်တာ”
” သိပ်စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ”
” ပဥ္စမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားနဲ့ သူ အခုလို တိုက်ခိုက်နိုင်တာ။ အံ့သြဖို့ကောင်းလိုက်တာ။ သူက ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”
” ဒါထက် ပိုသေးတယ်။ သူတို့က လေပြင်းတွေတောင်မှ ဖြစ်ပေါ်စေသေးတာ။ အမှန်တကယ်ကို ပေါက်ကွဲတာပဲဟေ့”
” ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး စီနီယာချင်က ငါ့တစ်ဘ၀လုံးစာအတွက် စံပြပဲ”
နှစ်ယောက်သားက ပင့်သက်ရှိုက်လိုက်ပြီး သူတို့၏ အသက်ရှုနှုန်းက ဖြည်းဖြည်းချင်း တည်ငြိမ်သွားတော့၏။
ဖျောင်ကျန့်ရှန်က ခပ်မတ်မတ် ရပ်နေပြီး သူ၏ မျက်လုံးထဲ၌ လေးစားရိပ်သည့် အရိပ်အယောင် ပေါ်လာတော့သည်။
ဆရာ ပြောတာ မှန်၏။ စီရင်စု ကိုးခုကို နိုင်ငံများစွာက ကုန်လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း ဖိနှိပ်ထားခဲ့သည့်တိုင် စီရင်စု ကိုးခုက စီရင်ခု ကိုးခုသာ ဖြစ်နေသေး၏။ ထူးချွန်ထက်မြက်ပြီး မြင့်မားသည့် စိတ်၀ိညာဥ်တို့ ရှိသည့် ပါရမီရှင်များက ပေါ်လာလေ၏။
“မင်းက ဓားမော့သိုင်းကို သုံးနေတာဆိုပေမဲ့ စီရင်စု ကိုးခုထဲမှာ မင်းနဲ့ တိုက်ပွဲ၀င်ခွန်အားချင်း အဆင့်တူတဲ့သူတွေတောင် မင်းကို ကျော်တက်နိုင်တဲ့ သူ ရှိမှာ မဟုတ်ဘူးလို့ ပြောရဲတယ်။ မင်းက ငါ ဖျောင်ကျန့်ရှန် အလေးထား ဆက်ဆံဖို့ ထိုက်တန်တယ်”
” ကျွန်မ ထပ်မတောင်းဆိုတော့ပါဘူး”
ချင်ယွိယန်၏ အကြည့်တို့က ဆုံးဖြတ်ချက် ပြတ်သားနေလေ၏။ ယဲ့ရှောင်ပြောခဲ့သည့်အတိုင်း ဓားသိုင်းဖြစ်စေ ဓားမော့သိုင်းဖြစ်စေ သူတို့က ရှေ့ဆက်သွားကြတာပဲ ဖြစ်သည်။ နှစ်ယောက်စလုံးက သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ၀ိညာဥ်စွမ်းအားများကို ထပ်မံစုစည်းလိုက်ရာ လျင်မြန်စွာပင် ပေါင်းစု သိပ်သည်းသွားတော့သည်။ နောက်တစ်ကြိမ် သူတို့ တိုက်ကွက် ဖလှယ်သည်နှင့် အနိုင်အရှုံး ပေါ်တော့မည်မှန်း လူတိုင်း သိလိုက်ကြ၏။
အချိန်များက စက္ကန့်နှင့်အမျှ တဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး နှလုံးခုန်နှုန်းများကလည်း တထိတ်ထိတ် ခုန်လာကြသည်။
ဒုတ်။ ဒုတ်။ ဒုတ်။
နှလုံးခုန်သံတိုင်းက အချိန်စီးဆင်းမှုကို ကိုယ်စားပြုနေသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးက ထပ်မံတိုက်ခိုက်ကြသည်။ ယခုတစ်ခေါက်တွင် ထပ်မံတိုက်ခိုက်လိုက်သူက ဖျောင်ကျန့်ရှန်ဖြစ်၏။
ပါမောက္ခ တု၏ မျက်၀န်းတို့က လှုပ်ရှားသွားသည်။
” ဓားပညာရှိလျိုချန်စွင်းရဲ့ ကျော်ကြားတဲ့ ကိုယ်နေဟန်ထား။ လွှမ်းမိုးခြင်း ဓားတစ်လက်ပဲ။ ဒီအကွက်ကို သင်ယူပြီးသား ဖြစ်နေလိမ့်မယ်လို့ ငါ မထ်ထားဘူး။ ကျင်း စီရင်စုထဲမှာ သူ ဒီအကွက်ကို မသုံးခဲ့ဘူး။ ဒါကြောင့် သူ ဒီမှာ သုံးလိမ့်မယ်လို့ ငါ မထင်မိတာပဲ”
ချင်ရှန်းလုံကလည်း ဖျောင်ကျန့်ရှန်၏ သိုင်းကွက် ထူးကဲတာကို မြင်နိုင်သည်။
” လောင်တု။ ယွိယန်က ဒီအကွက်ကို ခံနိုင်ရည် ရှိပါ့မလား”
ပါမောက္ခ တုက သူ့ရှေ့ရှိ စားပွဲထောင့်စွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သစ်သားစများကိုတောင် ချေနေပြီ ဖြစ်သည်။
” ငါ မသိဘူး။ ဒါပေမဲ့ သူ နိုင်သွားခဲ့ရင် အခုချိန်ကစပြီး သူ့ရဲ့ နာမည်က စီရင်စု ကိုးခုကို သေချာပေါက် တုန်လှုပ်စေနိုင်မှာပဲ။ မနိုင်ရင်တောင် ဖျောင်ကျန့်ရှန်ကို ဒီအဆင့်ထိ ရောက်အောင် ဖိအားပေးနိုင်တာက တော်နေပြီ”
ချင်ရှန်းလုံ၏ နှလုံးခုန်နှုန်းက မြန်လာတော့၏။ သူ၏ မြေးမလေးကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေပြီး မျက်တောင်ပင် ခပ်ရဲတော့ချေ။ သူက စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကို လွဲချော်သွားမှာ စိုးရိမ်နေ၏။
” လုပ်လိုက်တော့ သမီး”
အပိုင်း ( ၂၅ ) အတွဲ ( ၁ ) ပြီး၏။
( ဘာသာပြန်သူ၏ မှတ်ချက်။ လောင် = သူဌေး။ ဟုန်ဆဲ့လမ်မန့် = ဆောင်ကြာမြိုင်။ ဆေဘာ = ဓားမော့ )