။
*****
စာစဉ် (၇)
အခန်း (၁၀၃)
နတ်ဦးနှောက်
“မုန်းစရာကောင်းလိုက်တာ………”
ရေခဲ နတ်သမီးလေးက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် ရဲချန်ဖန် ကိုယ်ခန္ဓာကို သိမ်းပိုက်ရန် ကြိုးစားလိမ့်မည်ဟု မထင်ထားမိချေ။
သူမကသာ ရက်ရက်စက်စက် ရဲချန်ဖန်ကိုယ်ထဲကို အတင်းချိုးဖောက်ပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို သတ်ဖြတ်ရန် ကြိုးစားပါက ရဲချန်ဖန်သည် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့်အတူ ရေခဲတုံးအဖြစ် ကျိုးကြေကာ သေဆုံးသွားဖို့ များသည်။ ထို့အပြင် ရဲချန်ဖန် ကျေးဇူးက သူမအပေါ်တွင် ရှိနေသည်။ ရဲချန်ဖန်သာ မရောက်လာခဲ့ပါက သူမ သေဆုံးသွားမှာ သေချာနေသည်။
သို့သော် ရဲချန်ဖန် ယခုသေဆုံးသွားပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန်၏ ကိုယ်ခန္ဓာကို ထိန်းချုပ်သွားနိုင်ပါက သူမ လက်ရှိ အခြေအနေဖြင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
“ငါဘာလုပ်သင့်လဲ။ သူ့ကို ဘယ်လို ကယ်ရင်ရမလဲ။ ရဲချန်ဖန်ကို ထိန်းချုပ်သွားနိုင်ရင် ဒုက္ခတော့ များတော့မှာပဲ”
ရေခဲ နတ်သမီးလေးက ရဲချန်ဖန်ကို ကြည့်ပြီး ကယ်တင်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားနေသည်။
“အရမ်းအေးတာပဲ။ ငါဒီမှာပဲ သေရတော့မှာလား”
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက အဲဒီလောက် ထူးခြားသောအစွမ်း ရှိလိမ့်မည်ဟု ရဲချန်ဖန် မထင်ထားချေ။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက သူ့ကိုယ်ထဲဝင် ကျူးကျော် လာပြီးနောက် တစ်ကိုယ်လုံးက ကျောက်သားအလား အေးခဲသွားသည်။ ရဲချန်ဖန် တစ်ကိုယ်လုံး အေးခဲသွားမလို ဖြစ်နေချိန်တွင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူပြီး အသက်ဝင်လာသည့် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ တည်ရှိမှုကို သတိပြုမိသွားပြီး အစိမ်းရောင် အမြစ်များကို ဖန်တီးလိုက်သည်။ အစိမ်းရောင် သစ်မြစ်များက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ရစ်ပတ် ချုပ်နှောင်နေလေသည်။
“ယား…”
ရုတ်တရက် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်၏ တိုက်ခိုက် ချုပ်နှောင်မှုကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် အန္တရာယ် အငွေ့အသက်များ ရလိုက်ပြီး ကြောက်မက်ဖွယ် အသည်းများ အေးလောက်သည့် အအေးဓာတ်ထုတ်ကာ အစိမ်းရောင် သစ်မြစ်များကို အေးခဲစေရန် ကြိုးစား လိုက်သည်။
“ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်လား…”
ရဲချန်ဖန် သေရေးရှင်ရေး အန္တရာယ် ရင်ဆိုင်နေရချိန်တွင် ကမ္ဘာဦးစွမ်းအင် ရွှေရောင် သစ်ပင်သည် ရဲချန်ဖန် အန္တရာယ်ရှိနေသည်ဟု သိရှိနေသည့်နှယ် သူ့ဟာသူထွက်လာပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်တော့သည်။
ရဲချန်ဖန်က ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ မည်သည့် စွမ်းအင်ကိုမဆို စုပ်ယူနိုင်စွမ်း ရှိသည်ဟု တွေးမိသွားသည်။ နောက်မှ စမ်းသပ်ကြည့်ရမည် ဖြစ်သည်။ ချက်ချင်းပင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ဟန့်တားထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။
“ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူလိုက်စမ်း”
ရဲချန်ဖန်က အေးခဲလှသည့် ဓာတ်ကို အန်တုပြီး တောင့်ခံနေစဉ် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ကိုယ်ထည်တစ်ခုလုံးကို အစိမ်းရောင် သစ်မြစ်များဖြင့် ရစ်ပတ် ချုပ်နှောင်ထားသော ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကသာ စုပ်ယူလိုက်နိုင်ပါက ရဲချန်ဖန်သည် ဤအန္တရာယ်မှ လွတ်ကင်း သွားရုံသာမက ထီအကြီးကြီး ပေါက်သလိုပင် ဖြစ်သွားပေမည်။
ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင် အစွမ်းများက တဖြည်းဖြည်း ပိုပြင်းထန်လာပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ခုခံမှုက တဖြည်းဖြည်း အားပျော့လာလေသည်။ အစိမ်းရောင် အမြစ်များက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ကိုယ်ထည်ထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တဖြည်းဖြည်း ဝါးမျိုနေသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် သူ့ကို အစိမ်းရောင် အမြစ်များက ဝါးမျို နေသောကြောင့် အလွန်ထိတ်လန့်နေပြီး အစိမ်းရောင် အမြစ်များ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ရဲချန်ဖန်ကိုယ်ထဲမှ ထွက်ခွာရန် ကြိုးစားနေသည်။
“ဟင်… ဘာဖြစ်တာလဲ”
ရေခဲနတ်သမီးက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ဖယ်ရှားရန် နည်းလမ်း စဉ်းစားနေစဉ် ရဲချန်ဖန်ကိုယ်ကို ဖုံးလွှမ်းနေသော ရေခဲများက ကွဲကြေသွားပြီး သက်ပြင်းချသံကို ကြားလိုက်ရ လေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ကိုယ်ထဲမှာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို နိုင်တဲ့ရတနာ ရှိနေတာများလား”
ရေခဲနတ်သမီး၏ မျက်လုံးများက အံ့သြမှုကြောင့် ဝိုင်းစက်နေသည်။ အဲဒီအတွေးကြောင့် အလွန်အံ့သြ နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမမှာပင် ထိုကဲ့သို့ ရတနာမရှိပေ။ ရဲချန်ဖန်လို ယခုမှ မြေကမ္ဘာ သားရဲပထမအဆင့် ရောက်သူ မထင်မရှား ကောင်လေးမှာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အနိုင်ယူနိုင်သော ရတနာ ရှိနေသောကြောင့် သူမ လက်ခံနိုင်ရန် ခက်ခဲနေမိသည်။
နာရီဝက်ခန့်ကြာသော် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ တစ်ခုလုံးကို ကမ္ဘာဦးစွမ်းအင် ရွှေရောင် သစ်ပင်က ဝါးမျိုလိုက်လေသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ခုခံအားမှာ အလွန် အားနည်းနေပြီး နောက်ဆုံးတွင် ရဲချန်ဖန် အသက်အန္တရာယ်မှ ကင်းလွတ်သွားပြီဟု ထင်ရသည်။
ထိုအချိန်တွင် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်၏ ရစ်ပတ်ဝါးမျိုခြင်း ခံနေရသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် ရုတ်တရက် အစိမ်းရောင် အမြစ်များကို ဖောက်ထွက်ပြီး ရဲချန်ဖန် ဦးနှောက်ထဲ ဝင်ရောက် လာလေသည်။ ထိုနောက် ရဲချန်ဖန်၏ အသိစိတ်အာရုံကို ဖျက်ပြီး ရဲချန်ဖန် ခန္ဓာကိုယ်ကို ထိန်းချုပ်ရယူဖို့ ကြိုးစားတော့သည်။
ရဲချန်ဖန် ခေါင်းထဲ ဝင်ရောက်သွားသော အချိန်မှသာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက နတ်ဦးနှောက် ရှိနေသည်ကို သိရှိလိုက်သည်။ သို့သော် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ စိတ်အာရုံ တိုက်စားမှုကို နတ်ဦးနှောက်က ခုခံရုံသာမကဘဲ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ အသိစိတ် အာရုံတစ်ခုလုံးကိုပင် စုပ်ယူ ဝါးမျို လိုက်လေသည်။
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန် ဤမျှလောက် ကောက်ကျစ် လည်ပတ်လိမ့်မည်ဟု မထင်ထားပေ။ ရဲချန်ဖန်၏ နတ်ဦးနှောက်ကော၊ ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကော နှစ်ခုလုံးက သူ့ကို ထိန်းချုပ်နိုင်သော အစွမ်းရှိနေသည်။ ဆယ်မိနှစ်ခန့် ကြာသောအခါ နတ်ဦးနှောက်သည် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ အသိစိတ်အာရုံ တစ်ခုလုံးကို ဝါးမျိုစုပ်ယူ ပြီးသွားလေသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ အသိစိတ်အာရုံ အစွမ်းက လူသား မဟာသားရဲ ဘိုးဘေးတန်ခိုးရှင် အဆင့်နှင့် ညီမျှလေသည်။ နတ်ဦးနှောက်သည် ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။ နတ်ဦးနှောက်ထဲရှိ ဆဲလ်များ တိုးပွားလာပြီး တဖြည်းဖြည်းချင်း ကွဲထွက်လာနေသည်။
“ဘာမှားသွားတာလဲ။ နတ်ဦးနှောက်က ဘာဖြစ်သွားတာလဲ”
ရဲချန်ဖန်က နတ်ဦးနှောက်၏ အပြောင်းအလဲများကို ခံစားမိရင်း စိတ်ထင့်သွားသည်။ နတ်ဦးနှောက်ထဲတွင် ဖြစ်ပျက်နေသည်များကို ဂရုစိုက်ပြီး အာရုံခံလိုက်သည်။ နာရီဝက်ခန့် ကြာသော အခါ နတ်ဦးနှောက်မှ ပုံစံတူ နတ်ဦးနှောက် အသေးလေးတစ်ခု ကွဲထွက်လာပြီး ကပ်ပါးကောင် လိုပင် နတ်ဦးနှောက်ဘေးတွင် တွယ်ကပ်နေသည်။ ထို့နောက် ရဲချန်ဖန် ဦးနှောက်ထဲကို သတင်း အချက်အလက်များ စီးဝင်လာလေသည်။
နတ်ဦးနှောက်က အသိစိတ်အာရုံ အားလုံးကို စုပ်ယူဝါးမျိုနိုင်စွမ်း ရှိသည့်အပြင် နတ်ဦးနှောက် အသေးလေးက တခြားလူ၏ အသိစိတ်အာရုံထဲကို ဝင်ရောက်ပြီး တစ်ဖက်လူ၏ စိတ်အာရုံကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။
“နတ်ဦးနှောက်က ဦးနှောက် အသေးလေးတစ်ခုကို ခွဲထုတ်ပေးလိုက်မယ်လို့ မထင်ထားမိဘူး”
ဦးနှောက်အသေးလေး၏ အစွမ်းကို နားလည်သွားသဖြင့် ရဲချန်ဖန် အလွန်အံ့သြနေမိသည်။ အနာဂါတ်တွင် သူ့ထက် အစွမ်းထက်သော သူများကို ထိန်းချုပ်ပြီးနောက် သူ့ကို သစ္စာဖောက်မည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။ ထို့ထက် ပို၍အရေးပါသည်မှာ ရဲချန်ဖန် နတ်ဦးနှောက်သည် စိတ်အာရုံ များကို အဆက်မပြတ် စုပ်ယူဝါးမျိုရင်း ဦးနှောက် အသေးလေးများ ထပ်မံ ခွဲထုတ်ပေးနိုင်ခြင်းပေ။ သူက နတ်ဦးနှောက်ဖြင့် သူ့ကို အလွန်သစ္စာရှိမည့် မဟာအင်အားတစ်ရပ်ကို ထူထောင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။
နတ်ဦးနှောက်ကြောင့် ရဲချန်ဖန် အံ့အားသင့်နေစဉ် အသိစိတ်အာရုံ မရှိသောကြောင့် ခုခံမှု မရှိတော့သော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်က လုံးဝဝါးမျို စုပ်ယူပြီး သွားလေသည်။
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူလိုက်ရသဖြင့် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်မှ အမြစ် အသေးလေးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအမြစ်လေးက ရဲချန်ဖန် နှလုံးသားထဲ အမြစ်တွယ် ဝင်ရောက်သွား လေသည်။ နှလုံးသည် လူတို့၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး သွေးများ စတင်စီးဆင်းရာ နေရာဖြစ်သဖြင့် လူ၏ အားနည်းချက် နေရာလည်း ဖြစ်သည်။
ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်က သူ့နှလုံးသားထဲတွင် အမြစ်တွယ်နေသဖြင့် ရဲချန်ဖန်ကို ပိုမို သန်မာလာစေပြီး သူ၏ ကျင့်ကြံခြင်းအခြေခံက မယုံနိုင်စရာ သန်စွမ်းလာသည်။ ကောင်းကင် သားရဲဘုရင်ပင်လျှင် သူ၏ တာအိုနှလုံးသားနှင့် ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးနိုင်ရန် အလွန် ခက်ခဲပေလိမ့်မည်။
ရဲချန်ဖန်သည် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကြောင့် ပြောင်းလဲနေမှုများကို ခံစားနေချိန်တွင် အလွန်သန့်စင်သော စွမ်းအင်များကို ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်မှ သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း ပေးလိုက်သဖြင့် တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်က ပြောင်းလဲနေသည်။
“ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်းအဆင့် ရှစ်ဆယ်ရာခိုင်နှုန်း၊ အင်း… ကိုးဆယ်ရာခိုင်နှုန်း…”
ဆယ့်ငါးမိနှစ်ခန့် ကြာသောအခါ ရဲချန်ဖန် ကိုယ်တွင်းအင်္ဂါများက အလုံးစုံပြောင်းလဲမှုများ ဖြစ်ပေါ် လာကာ သူ့ခန္ဓာကိုယ် စွမ်းအင်ကပင် ပေါင်ငါးသောင်းကျော်အထိ ရောက်ရှိသွားသည်။ ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်းအဆင့်ကို အမြင့်ဆုံးအဆင့်ထိ သူကျင့်ကြံ ပြီးသွားသောအခါ ရဲချန်ဖန်သည် သူတစ်ခါမှ မခံစားဖူးသော ပျော်ရွှင်ကျေနပ်မှုကို ခံစားလိုက်ရပြီး သူ့အဆင့်များ တစ်ရှိန်ထိုး တက်သွားလေသည်။
မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့် အထွတ်အထိပ်၊ မြေကမ္ဘာ သားရဲစစ်သူကြီး ဒုတိယအဆင့်၊ မြေကမ္ဘာ သားရဲစစ်သူကြီး ဒုတိယအဆင့် အထွတ်အထိပ်၊ မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် ရောက်မှသာ ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်မှ စွမ်းအင်ပို့လွှတ်မှု ရပ်တန့်သွားသည်။
ရဲချန်ဖန် အဆင့်များ တစ်ရှိန်ထိုး တိုးတက်လာသော်လည်း သူ၏ သွေးဥမှာ ယခုတိုင် အကောင် မပေါက်သေးဘဲ ရှိနေလေသည်။ ထို့ကြောင့် သူအနည်းငယ် စိတ်ဓာတ်ကျသွားသည်။
“ဟင်… ဆယ့်ငါးမိနှစ်လောက်နဲ့ အဆင့်တွေ တစ်ရှိန်တိုးတက်ပြီး မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့်ကို ရောက်သွားပါလား…။ ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ။ သူက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူပြီး အလွန်ထူးခြားတဲ့ အကျိုးကျေးဇူး ရသွားတာပဲ…”
ရဲချန်ဖန်၏ အဆင့်များတက်ပြီး အစွမ်းများ တိုးလာနေသည်ကို ဘေးတွင်ရှိနေသော ရေခဲနတ်သမီးက ခံစားသိရှိနေပြီး အလွန် ထူးခြားနေသည်ဟု ခံစားနေရသည်။ သူမက အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သဖြင့် အလွန်ထူးခြားသော ဗဟုသုတရှိသော်လည်း ရဲချန်ဖန်ကဲ့သို့ အဆက်မပြတ် အဆင့်တက်ရောက်သည့် ဖြစ်စဉ်မျိုးကို မမြင်ဖူး မကြားဖူးပေ။
ရဲချန်ဖန်ကိုယ်ပေါ်မှ ရေခဲများအားလုံး ကျိုးပဲ့သွားပြီး ရဲချန်ဖန် ထွက်ပေါ်လာသည်။ ရဲချန်ဖန် အစွမ်းများက အစွမ်းကုန် တိုးတက်လာသဖြင့် သူ့အစွမ်းအားလုံး ဖော်ထုတ်လိုက်ရာ ပေါင်တစ်သိန်း နှစ်သောင်းကျော်အထိ ရောက်ရှိသွားပေမည်။ ထိုအစွမ်းဖြင့် ရေခဲများကြားက ထိုးခွဲထွက်လာခြင်း ဖြစ်သည်