။
*****
စာစဉ် (၇)
အခန်း (၁၀၂)
အသက်လုတိုက်ပွဲ
“ဓားအင်အား…….”
မျက်လုံးသုံးလုံး ဒေါင်းက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် တိုက်ခိုက်ချိန်တွင် ရဲချန်ဖန်သည် ခန္ဓာကိုယ် စွမ်းအားကို အမြင့်ဆုံးထုတ်ကာ အေဖေးဓားကို ကိုင်ပြီး ဓားအင်အားနှင့် ပေါင်းစပ်ကာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။
ရဲချန်ဖန်က ဝင်ရောက် ကူညီလိုက်သောကြောင့် မျက်လုံးသုံးလုံး ဒေါင်းသည် ဖိအားများ လျော့သွားပြီး ဝိညာဉ်စွမ်းအင် အရောင်မှာ ပိုမိုထွက်လာကာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ခုခံမှုကို ချိုးဖောက်ပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ ကိုယ်ထည်ကို ထိမှန်သွားလေသည်။
“ယား…”
ဝိညာဉ် ကိုယ်ထည်ကို ထိမှန်သွားသဖြင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် ဒေါသထွက်ကာ ရဲချန်ဖန်ကို အရူးအမူး စတင် တိုက်ခိုက်တော့သည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန်ဘက် လှည့်ပြီး အော်လိုက်ရာ မြားကဲ့သို့ လေလှိုင်း တိုက်ခိုက်မှုများက ရဲချန်ဖန်ဆီ ဝင်ရောက်လာလေသည်။
အလွန်အေးသော လေလှိုင်းမြားများက ဖြတ်သန်းလာရာ တစ်လျှောက်တွင် ရေခဲများ ဖြစ်ပေါ် စေသည်။ အလွန် ပြင်းထန်လှသော အအေးဓာတ်ကြောင့် ရဲချန်ဖန် အသားများပါ နာကျင်လာပြီး သူ အလျင်အမြန်ပင် အေဖေးဓားနှင့် ခုခံကာကွယ် လိုက်ရသည်။
အဆက်မပြတ်ပင် စွမ်းအင်သုံး၍ ရေခဲလှိုင်း မြားများကို ချေဖျက်နေရ၍ ရေကန် ပတ်ဝန်းကျင်တွင် အအေးငွေ့များ ပြည့်နှက်နေပြီး ရဲချန်ဖန် ခန္ဓာကိုယ်မှာလည်း စတင် အေးခဲလာလေသည်။ ငါးစက္ကန့်မျှ ကြာသောအခါ ရဲချန်ဖန် ပတ်ဝန်းကျင်တွင် ရေခဲများ ပြည့်နှက်လာနေပြီး သူ့ကိုယ်ပေါ်တွင် ရေခဲချပ်များ ဖြစ်ပေါ်လာကာ အေးခဲသွားသည်။
ရဲချန်ဖန်၏ တစ်ကိုယ်လုံးက အေးခဲသွားသောကြောင့် သူ့ခန္ဓာကိုယ် စွမ်းအားကို အကုန် ထုတ်သုံးပြီး ရေခဲများကို ဖောက်ခွဲပစ်လိုက်ရာ ရေခဲများ စတင်ပေါက်ကွဲလာသည်။ သူ၏ အစွမ်းထက်သော အင်အားက ရေခဲများကို အဆက်မပြတ် ဖောက်ခွဲနေလေသည်။
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အာရုံလွှဲစေရန် ကူညီနေသော ရဲချန်ဖန်သည် ရေခဲတုံးကြီး အလား ပြောင်းလဲသွားသော်လည်း အသက်အန္တရာယ် ရှိပုံမပေါ်ဘဲ ဆက်လက် ခုခံနိုင်ပုံကိုကြည့်ပြီး ရေခဲ နတ်သမီးလေးမှာ အလွန်အံ့သြ သွားလေသည်။
ရဲချန်ဖန်ကို တိုက်ခိုက်သော အေးခဲလှိုင်းမှာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ တစ်ရာခိုင်နှုန်း ခန့်သာရှိသော အအေးဓာတ် ဖြစ်သော်လည်း သာမန်သားရဲသခင် မပြောနှင့် မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်များပင် ခုခံနိုင်သောအရာ မဟုတ်ပေ။
“ဝုန်း…”
ရေခဲများကို အဆက်မပြတ် ဖောက်ခွဲရင်း ကောင်းကင် ခန္ဓာကိုယ်စွမ်းအား တိုးတက်အောင် လေ့ကျင့်နေသော ရဲချန်ဖန်သည် အစွမ်းများ တစ်ရှိန်ထိုး တိုးတက်လာနေသည်။ ဆယ်စက္ကန့်ခန့် ကြာသောအခါ ရေခဲများ ကြားတွင် အစွမ်းထက်သော အော်ရာတစ်ခု ထွက်ပေါ်လာပြီး ရဲချန်ဖန်မှာ မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်ကို ရောက်ရှိသွားလေသည်။
အလွန်တရာ အေးခဲပြီး မာကျောလှသော ရေခဲများမှာ ချက်ချင်းပင် ကျိုးကြေကုန်လေသည်။
“အဆင့်တက်သွားတာလား… သူတကယ် အဆင့်တက်သွားတာပဲ”
“ကြည့်ရတာ သူက ငါ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အနိုင်ယူတာကို ကူညီပေးနိုင်မှာပဲ”
ရဲချန်ဖန် အဆင့်တက်သွားသည်ကို ကြည့်ပြီး ရေခဲနတ်သမီးက အံများ ကြိတ်လိုက်ပြီး မန္တန်တစ်ခုကို ရေရွတ်လိုက်သည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးပင် ပြောင်းလဲသွားအောင် အစွမ်းထက်သော စွမ်းအင်တစ်ခုက သူမဆီမှ ထွက်ပေါ်လာလေသည်။
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက အထူးဒုက္ခခံ ကြိုးစားကာ သူမကို ရေခဲကျောက်ရုပ် ဖြစ်အောင် အေးခဲထားခြင်းမှ သူမသည် မျက်လုံးသုံးလုံး ဒေါင်း၏ အကူအညီ၊ ရဲချန်ဖန် အကူအညီဖြင့် ရေခဲထဲမှ ခွဲထွက်လာနိုင်ပြီ ဖြစ်သည်။
“ဘယ်လောက်လှလိုက်တဲ့ မိန်းမချောလေးလဲ…”
ရဲချန်ဖန်က ရေခဲနတ်သမီး၏ မူလသွင်ပြင်ကို မြင်လိုက်ရသောအခါ ရေခဲနတ်သမီး၏ အလှကြောင့် အံ့သြမှင်သက်ကာ ငေးကြည့်နေမိသည်။ သူမ၏အလှကား ရွှယ်နီရှန်အောက် တစ်စက်မှ မကျပေ။ သူမ၏ အမူအရာသည် ရွှယ်နီရှန်ထက် ပို၍နူးညံ့ သိမ်မွေ့ပြီး ပို၍ချောမော နေသေးသည်။ သူမလည်တိုင် ကျော့ကျော့ အောက်မှ ယုန်နှစ်ကောင်သည် အလွန် သက်ဝင်လှုပ်ရှားပြီး ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်နှင့် မိန်းမဆန်လွန်းပြီး လှပနေရာ မြင်သူတိုင်းက အသက်ရှူ မှားလောက်သည်။
သူမကို မြင်လိုက်သောကြောင့် ရဲချန်ဖန် တခြား ကမ္ဘာတစ်ခုကို ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထို့အပြင် ရေများ စိုရွှဲနေသောကြောင့် အဝတ်များမှာ အသားနှင့် ကပ်နေပြီး ခန္ဓာကိုယ်အလှကို အတိုင်းသား ရှုမငြီးဖွယ် မြင်တွေ့နေရသည်။
သူမသည် ယောက်ျားသား တစ်ယောက်ရှေ့တွင် ထိုပုံ ဖြစ်နေသောကြောင့် ရှက်သွေးများ ဖြန်းတက်သွားရာ ဖြူဝင်းနေသော မျက်နှာ နုနုလေးမှာ ပန်းဆီရောင် လွှမ်းသွားပြီး နှုတ်ခမ်း ရဲရဲလေးများက အနည်းငယ် တုန်ယင်နေသည်။
“မင်းက ငါ့ကို လာမကူဘဲနဲ့ ဘာရပ်ကြည့်နေတာလဲ။ မြန်မြန်လာကူဦး။ မင်းသာ သူ့ကို အာရုံ မပြောင်းနိုင်ရင် မင်းနဲ့ငါနဲ့ ဒီနေရာမှာ သေရလိမ့်မယ်”
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မိန်းကလေးလဲ။ ရဲချန်ဖန် မျက်လုံးများက သူမ ခန္ဓာကိုယ်ပေါ် ရောက်နေသည်ကို သတိထားမိပြီး ရဲချန်ဖန်ကို ဒေါသဖြင့် အမိန့်ပေးလိုက်လေသည်။
“ဟုတ်ကဲ့ပါ ခင်ဗျာ….”
ရဲချန်ဖန်က သူမ ဒေါသထွက်နေသည်ကို သိလိုက်သောအခါ ထပ်မံ မကြည့်ရဲတော့ပေ။ အေဖေးဓားကို ကိုင်ကာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေအနား သတိနှင့် ချဉ်းကပ်သွားသည်။
“ဝိညာဉ်သားရဲ ပုံသဏ္ဌာန်…”
ရေခဲ နတ်သမီးလေးက အော်ဟစ် မာန်သွင်းလိုက်ရာ ရွှေရောင် အလင်းတန်းများနှင့်အတူ မျက်လုံးသုံးလုံး ဒေါင်းက ထွက်ပေါ်လာပြီး သူမအစွမ်းမှာ ပို၍ တိုးလာလေသည်။ တစ်ချိန်တည်းမှာပင် သူမကိုယ်မှ ဓားအလင်းတန်းနှင့်အတူ ကြောက်မက်ဖွယ် ကောင်းလှသည့် ဓားအင်အား ထွက်ပေါ်လာသည်။ ထို့နောက် စကြဝဠာ တစ်ခုလုံးမှာ သူမ၏အမိန့်ကို မလွန်ဆန်ဝံ့သည့်အလား ပတ်ဝန်းကျင် တစ်ခုလုံး သူမ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိ သွားလေသည်။
“ဒါ… ဒါက ဒဏ္ဍာရီလာ ဝိညာဉ်သားရဲ ပုံသဏ္ဌာန်ပဲ”
ရဲချန်ဖန်က ရေခဲနတ်သမီး၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲသွားသည်ကို ကြည့်ပြီး အံ့သြ ထိတ်လန့်စွာ အော်မိလိုက်သည်။ ဝိညာဉ်သားရဲ ပုံသဏ္ဌာန်သည် မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်၏ ထူးခြား ဆန်းကြယ်သော အမှတ်အသားဖြစ်သည်။ မဟာသားရဲ ဘိုးဘေးအဆင့် ရောက်သွားသည်နှင့် ကျင့်ကြံ သူတိုင်းသည် သူတို့၏ သားရဲနှင့် ကိုယ်ခန္ဓာသည် အပြည့်အဝ ပေါင်းစပ် သွားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် အစွမ်းက အံ့ဖွယ် တိုးတက်လာမည် ဖြစ်သည်။ ရေခဲနတ်သမီးက အစွမ်းများ မချန်ဘဲ အသည်းအသန် တိုက်ခိုက်နေသည်ကို တွေ့လိုက်သောအခါ ရဲချန်ဖန်သည် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေအနား အလျင်အမြန် တိုးကပ်သွားသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရေခဲနတ်သမီးကို အာရုံစိုက် တိုက်ခိုက်နေချိန်တွင် ရဲချန်ဖန်က ဘေးမှဝင်၍ ဓားအင်အားဖြင့် အဆက်မပြတ် ဝင်တိုက်ခိုက်လိုက်သည်။
မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့် ရောက်သွားသောကြောင့် ရဲချန်ဖန် အစွမ်းများက အဆမတန် တိုးတက်လာလေသည်။ ထို့အပြင် သူက ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်ခင်တွင် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူ ပေါင်းစပ်လိုက် နိုင်သဖြင့် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် တတိယ အဆင့်ကို ခုနစ်ဆယ် ရာခိုင်နှုန်းခန့် အောင်မြင်သွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ် စွမ်းအားသက်သက်ပင် ပေါင်သုံးသောင်း ငါးထောင်ကျော် ရောက်ရှိ သွားပြီဖြစ်ပြီး အေဖေးဓားထဲရှိ မှော်အစီအရင်ကြောင့် သူ့အစွမ်းများကို ပို၍ တိုးလာနေစေသည်။
ရဲချန်ဖန်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေမှာ ထိခိုက်ဒဏ်ရာ ရရှိသွားစေသည်။
“အဆုံးမဲ့ဓားသိုင်း။ ကောင်းကင်ဖျက်ဆီး ဖြိုဖျက်စမ်း”
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် သူ့ကို ဘေးမှ အာရုံထွေးပြားအောင် လုပ်ရုံမက ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်သဖြင့် ရဲချန်ဖန်ကို သတ်ရန် ကြိုးစားလိုက်သည်။ ထိုအခွင့်အရေး မျိုးကို စောင့်နေသော ရေခဲနတ်သမီးက လက်လွတ်မခံဘဲ မိမိရရအသုံးချကာ သူမ၏ အစွမ်း အထက်ဆုံး တိုက်ကွက်ကို ထုတ်ဖော် လိုက်လေသည်။
မိုးကောင်ကင်ပင် ကွဲထွက်သွားသည့် အလား နေနှင့်လအစွမ်းများ ပါဝင်နေသည့် ထိုဓားအလင်းက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်လိုက်သည်။ ဓားအလင်း ဖြတ်သန်းရာ တစ်လျှောက်တွင် အာကာသ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ပြင်းထန်လှသော ဓားအလင်းက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုယ်ကို ထိုးဖောက် ဝင်ရောက် သွားလေသည်။ ထိုမြင်ကွင်းကြောင့် ရဲချန်ဖန်မှာ ကြောက်လန့် သွားမိသည်။
“ဓားအင်အား… သူမက ဒီလ ကြောက်မက်ဖွယ် ကောင်းလှတဲ့ ဓားအင်အား အစွမ်းကို ပိုင်ဆိုင် ထားတာပဲ”
ရဲချန်ဖန် ကိုယ်တိုင်လည်း ဓားအင်အားကို နားလည်ထားသော်လည်း ရေခဲနတ်သမီး အဆင့်နှင့် သူ့အဆင့်မှာ ကွာခြားလှပြီး အစွမ်းမှာ နှိုင်းယှဉ်လို့ မရပေ။
အဆုံးမဲ့ ဓားသိုင်းသုံး၍ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ထိခိုက် ဒဏ်ရာရအောင် လုပ်လိုက် နိုင်သော်လည်း သူမမှာ အလွန် အင်အားနည်းနေပြီ ဖြစ်သည်။ သူမမျက်နှာ နုနုလေးတွင် သွေးရောင်ပင် မရှိတော့ပေ။ သူမသည် အစွမ်းအထက်ဆုံး အကွက်သုံးရန် ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ထုတ်သုံး လိုက်ရသဖြင့် ဝိညာဉ်စွမ်းအင်များ ကုန်ခန်းလုနီးပါး ဖြစ်သွားကာ အားနည်းနေခြင်း ဖြစ်သည်။ အသိဉာဏ် ရှိသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ကြောက်လန့်သွားပြီး ရဲချန်ဖန်ကို တိုက်ခိုက်ခြင်းမှ ရပ်တန့်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
“ကောင်းကင်ဖျက်ဆီး လက်ဝါး…”
ရေခဲနတ်သမီးက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေမှ ထွက်ပြေးရန် ကြိုးစားချင်နေသည်ကို မြင်သောအခါ သူမ ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း အံများကြိတ်ပြီး အစွမ်းထက်လှသော လက်ဝါးကို ရိုက်ထုတ်လိုက်သည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို လက်ဝါးက ထိမှန်သွားပြီး ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုယ်က ကွဲပျက်သွားသွားသည်။ ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းများက ရေလှိုင်းများအလား ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။
“အထွတ်အထိပ်ဓား…”
ရဲချန်ဖန်သည် ရေခဲနတ်သမီးကြောင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ပြင်းထန်သော ဒဏ်ရာ ရသွားသည်ကို မြင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် စွမ်းအားကို တိုးမြှင့်ပြီး ဝိညာဉ်စွမ်းအင်၊ ဓားအင်အားတို့ကို အမြင့်ဆုံး ပေါင်းစပ်ပြီး အေဖေးဓားနှင့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်လိုက်သည်။
“အား…”
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက ရဲချန်ဖန်၏ အစွမ်းအထက်ဆုံး ဓားချက်ကြောင့် သူ၏ကိုယ်မှာ နှစ်ပိုင်းပြတ် သွားလေသည်။
“အခြေအနေ မကောင်းဘူး။ မြန်မြန်ရှောင်…”
ရဲချန်ဖန်ကြောင့် နှစ်ပိုင်းပြတ်သွားသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုကြည့်ပြီး ရေခဲနတ်သမီး မျက်နှာပျက်သွားပြီး ချက်ချင်းပင် သတိပေးလိုက်သည်။
ရဲချန်ဖန်ကြောင့် နှစ်ပိုင်းပြတ်သွားသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် ရဲချန်ဖန် မတုံ့ပြန် နိုင်မီမှာပင် အလင်းတန်း နှစ်ခုအဖြစ် ရဲချန်ဖန်ကိုယ်ထဲ ဝင်ရောက် သွားလေသည်။ ရဲချန်ဖန် ခန္ဓာကိုယ်သည် ချက်ချင်းအေးခဲကာ ရေခဲကျောက်ရုပ် ဖြစ်သွားပြီး သူ သေသွားမလား ရှင်နိုင်မလားကိုပင် မပြောနိုင်တော့ပေ