***
စာစဉ် (၇)
အခန်း (၁၀၁)
ရေခဲဝိညာဉ် စမ်းရေနှင့် အေးခဲနေသော မိန်းမပျိုလေး
“ဟူး… ဒီကြောက်စရာ ကောင်းတဲ့ နေရာက လွတ်လာပြီ…”
မှော်အစီအရင်၏ အဝေးကို ထွက်လာပြီးနောက် ရဲချန်ဖန်သည် သူ့ရေခဲဝိညာဉ် တောင်ထွတ် ပေါ်သို့ ပြန်ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူနှင့် မနီးမဝေးတွင် ရေခဲများနှင့် ပြည့်နှက်နေသော ရေခဲလိုဏ်ဂူ တစ်ခုကို တွေ့လိုက်ရလေသည်။ သူက ရေခဲလိုဏ်ဂူနား သွားကြည့်လိုက်သည်။
“ကျိုးပဲ့စမ်း…..”
ရဲချန်ဖန်က မာန်သွင်းကာ အေဖေးဓားနှင့် ရေခဲလိုဏ်ဂူရှိ ရေခဲများကို ထိုးခွဲလိုက်သည်။ သူ၏ ပြင်းထန်သော အင်အားကြောင့် ရေခဲများ ကွဲထွက်သွားကာ လိုဏ်ဂူမှာ ပွင့်သွားပြီး အထဲသို့ ဝင်ကြည့်လိုက်လေသည်။
“အရမ်းအေးတာပဲ…”
ရေခဲ လိုဏ်ဂူထဲတွင် အအေးဓာတ်မှာ အလွန်မြင့်မားနေပြီး သူ့ကိုယ်ပေါ်တွင်ပင် ပါးလွှာသော ရေခဲပြင်လေး ဖြစ်ပေါ်လာသည်။ အအေးဓာတ်ကို ဝိညာဉ်စွမ်းအားသုံး၍ အငွေ့ပြန် စေလိုက်သည်။
“ဒီမှော်အစီအရင်တွေ ရေးဆွဲခဲ့တဲ့လူက ဒီနေရာကနေ ထွက်သွားပြီလို့ မျှော်လင့်တာပဲ။ မဟုတ်ရင်တော့…”
ရဲချန်ဖန်သည် နောက်သို့ ပြန်မဆုတ်တော့ဘဲ သတိထားကာ ဂူထဲ ဆက်ဝင်လိုက်သည်။
“အလင်းရောင်လား………”
လမ်းလျှောက်နေရင်း ရဲချန်ဖန်သည် သူ့ရှေ့တွင် အပြာရောင်ဖျော့ဖျော့ အလင်းတန်းကို တွေ့ရှိလိုက် လေသည်။ မကြာမီပင် သူက အလွန် မည်းမှောင်နေသော လိုဏ်ဂူထဲ ရောက်နေပြီး ဘူးသီးပုံ နှင်းတောင်လေးကို တွေ့လိုက်ရသည်။ နှင်းတောင်လေးပေါ်တွင် ခုနက တွေ့ခဲ့သော မှုန်ဝါးဝါး အပြာရောင် အလင်းတန်းက ထွက်ပေါ်နေပြီး နှင်းတောင်တစ်ခုလုံးကို အလင်းပေးနေ သကဲ့သို့ပင်။
နှင်းတောင်နားတွင် ရပ်ပြီး အကဲခတ်လိုက်စဉ်တွင် နှင်းတောင်၏ အလယ်ဗဟိုမှာ နှစ်မီတာခန့် ကျယ်ဝန်းပြီး အဖြူရောင် ရေခဲကန်လေး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ရေကန်လေးထဲတွင် နဂါးငွေ့တန်း ကဲ့သို့ပင် အလွန်ဖြူဖွေး သန့်စင်သော အရည်က လွင့်မျောနေသည်။
“ရေခဲဝိညာဉ် စမ်းရေ…”
ရေခဲကန် ငယ်လေးထဲရှိ ရေခဲဝိညာဉ် စမ်းရေကို ကြည့်ပြီး ရဲချန်ဖန်က အလွန် နေလို့ထိုင်လို့ ကောင်းပြီး သက်သောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ စမ်းရေထဲတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်က သူ့သွေးကြောများမှ တစ်ဆင့် စီးဝင်လာပြီး တစ်ကိုယ်လုံး အလွန်ကောင်းမွန်သော ခံစားချက်ကို ရရှိလိုက်သည်။
“တကယ်ကိုပဲ ဒီရေခဲဝိညာဉ် စမ်းရေမှာ မှော်အစွမ်းလို ကိုယ်ခန္ဓာကို သန်မာစေတဲ့ အစွမ်းရှိနေ တာပဲ။ ဒီရေခဲကန်ထဲက ရေခဲဝိညာဉ် စမ်းရေနဲ့ဆိုရင် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် အဆင့်လေးထိကို ကျင့်ကြံလို့ ရနိုင်တယ်”
ရဲချန်ဖန်က ရေခဲကန်လေးပေါ်တွင် ထိုင်လိုက်ပြီး သူ့အခြေအနေကို ပြုပြင်လိုက်ကာ အပေါ်ပိုင်း အင်္ကျီကို ချွတ်လိုက်ပြီး အလွန် အေးခဲလှသော ရေခဲကန်လေးထဲသို့ ဆင်းလိုက်လေသည်။ ထို့နောက် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်ကို လှည့်ပတ်လျက် ရေခဲဝိညာဉ် စမ်းရေကို စတင် စုပ်ယူ တော့သည်။
ရေခဲဝိညာဉ် စမ်းရေသည် ချွေးပေါက်များ မှတစ်ဆင့် သူ့ကိုယ်ထဲ စီးဝင်လာနေစဉ် ကိုယ်တွင်း အင်္ဂါများမှာ ပိုမို သန်မာလာနေသည်။ သူ၏ အော်ရာများက ပို၍ အစွမ်းထက် လာနေပြီး တစ်ကိုယ်လုံးတွင် ဝိညာဉ် စွမ်းအင်များ တဖြည်းဖြည်း ပြည့်လျှံလာသည်။
“အင်း… ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်က ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူနေပါလား…”
ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် လှည့်ပတ်၍ ရေခဲဝိညာဉ် စမ်းရေကို သဲကြီးမဲကြီး စုပ်ယူပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့် ရောက်ရန် ကျင့်ကြံနေစဉ် ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်သည် သူ့ကိုယ်ထဲရှိ ရေခဲဝိညာဉ် စမ်းရေကို သူပင် မသိလိုက်ဘဲ စုပ်ယူနေသည်ကို တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့် သွားလေသည်။
“ကြည့်ရတာ ဒီရေခဲဝိညာဉ် စမ်းရေက ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်ကို အသက်သွင်း လိုက်နိုင်တာလား”
ဒီရှာဖွေ တွေ့မှုကြောင့် ရဲချန်ဖန်က အလွန် ထူးဆန်းသလို ခံစားနေရသည်။ အကယ်၍သာ ရေခဲဝိညာဉ် စမ်းရေကို ကမ္ဘာဦးစွမ်းအင် ရွှေရောင် သစ်ပင်ကသာ စုပ်ယူနိုင်လျှင် သူ့အတွက် အလွန်အကျိုးများ ပေလိမ့်မည်။
“စုပ်ယူစမ်း…”
ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်သည် သူ့ကိုယ်ထဲ ဝင်လာသည့် ရေခဲဝိညာဉ် စမ်းရေကို စုပ်ယူမှုနှုန်းမှာ မြန်သထက် မြန်လာပြီး ရဲချန်ဖန်၏ စုပ်ယူနှုန်းမှာလည်း မြင့်တက်လာလေသည်။ ရေခဲဝိညာဉ် စမ်းရေ အများအပြားက သူ့ခန္ဓာကိုယ်တွင်း အင်္ဂါများနှင့် ကမ္ဘာဦးစွမ်းအင် ရွှေရောင် သစ်ပင်ထဲ ခွဲပြီး ဝင်ရောက် သွားလေသည်။
တဖြည်းဖြည်းနှင့် ရဲချန်ဖန်ကိုယ်ဆီမှ စုပ်ယူနေသော ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး ရေခဲကန်ထဲရှိ ရေခဲဝိညာဉ် စမ်းရေမှာ အလွန်လျင်မြန်စွာ လှုပ်ခါ နေလေသည်။
ရေခဲဝိညာဉ်စမ်းရေ အများအပြားကို စုပ်ယူပြီးနောက် ရဲချန်ဖန် ကိုယ်ထဲတွင် အစွမ်းများ ပြည့်နှက်နေသည်။ သူက မြေကမ္ဘာ သားရဲအဆင့် ရောက်ရန် ကျင့်ကြံနေစဉ် မမျှော်လင့်သော အဖြစ်အပျက် ဖြစ်လာလေသည်။ အလွန် အေးစက်နေသော ပစ်ခတ်မှုတစ်ခုက ရေခဲကန်အောက်မှ ထွက်ပေါ် လာလေသည်။ ပျံသန်းနေသော မြားတစ်စင်းကဲ့သို့ပင် စမ်းရေ လေလှိုင်းတစ်ခုသည် ရေခဲကန်ထဲတွင် လွင့်မျောနေသော ရဲချန်ဖန်ဆီ ဝင်လာသည်။
အသည်းများ ခိုက်အောင် အလွန် အေးစက်လှသော လေလှိုင်း တိုက်ခိုက်မှုကြောင့် ရဲချန်ဖန်၏ ထက်မြက်သော စိတ်အာရုံမှ သတိပြုမိ လိုက်သည်နှင့် အစွမ်းထက်လှသော ဓားအင်အားသည် ထွက်ပေါ် လာပြီး ရုတ်တရက် တိုက်ခိုက်မှုကို ခုခံလိုက်သည်။
“ဝုန်း…”
ဓားအင်အားနှင့် ထိခိုက်သွားချိန်တွင် အေးခဲလေလှိုင်းကြောင့် ဓားအင်အားအစွမ်းမှာ ထွက်ပေါ် မလာဘဲ အေးခဲသွားလေသည်။
“အခြေအနေ မကောင်းဘူး…”
ရဲချန်ဖန်သည် ထိုလေလှိုင်းက ဤမျှ အစွမ်းထက်နေမည်ဟု မထင်ထားချေ။ သူ၏ ဓားအင်အားမှာ အလွယ်တကူ အေးခဲသွားပြီး သူ့နှလုံးသားပါ တုန်လှုပ်သွားသည်။ သူက အေးခဲလေလှိုင်း တိုက်ခိုက်မှုကို အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
“အဲဒါက ဘာကြီးလဲ”
ရေခဲကန် အောက်ခြေမှ မမြင်ရသော အန္တရာယ်ကို ခံစားမိလိုက်ပြီး ရဲချန်ဖန်သည် ဝိညာဉ် စွမ်းအင်ကို ထုတ်လွှင့်လိုက်ရာ ရေခဲကန် အောက်ခြေတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော တစ်မီတာကျော်ခန့် ကြီးမားသော ရေခဲတုံးကြီးကို တွေ့လိုက်သည်။ ရေခဲတုံးထဲတွင် အဖြူရောင် ဝတ်စုံနှင့် မျက်လုံးများမှာ ပိတ်နေပြီး အသက်ရှူခြင်း မရှိတော့သော မိန်းမပျိုလေး တစ်ယောက် အေးခဲနေသည်ကို တွေ့လိုက်ရသည်။
“မိန်းကလေး တစ်ယောက်လား။ ရေကန်အောက်ခြေမှာ ဘယ်လိုလုပ် အေးခဲနေရတာလဲ”
ရဲချန်ဖန်က အံအားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်မိသည်။ သူက တစ်ခုခုက ပို၍ထူးဆန်း နေသည်ဟု ခံစားနေမိသည်။
သူက အံ့သြနေစဉ် အေးခဲနေသော မိန်းမပျိုလေး ဘေးတွင် လူတစ်ယောက်၏ ဦးခေါင်းကဲ့သို့ ရေစက်လေး တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုဦးခေါင်းမှ ပါးစပ်ဟလိုက်သည်နှင့် မြားကဲ့သို့ အလွန် အေးစက်နေသော လေလှိုင်းက ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို တိုက်ခိုက်လိုက်လေသည်။ ဤအကြိမ်တွင် ရဲချန်ဖန်က ရေခဲကန်အောက်မှ လေလှိုင်း တိုက်ခိုက်မှုတစ်ခုကို ကြိုတင် သတိထား မိလိုက်ပြီး ရှောင်တိမ်း လိုက်နိုင်သည်။
အကြိမ် အတော်တော်များများ ရဲချန်ဖန်မှာ ရှောင်တိမ်း လိုက်ပြီးနောက် လူခေါင်းကဲ့သို့သော ရေစက်လေးက လူသတ်စိတ်များ ပြည့်နှက်လျက် အသံများ မြည်ဟည်းလာပြီး ရုတ်တရက်ပင် ရဲချန်ဖန်နား ချဉ်းကပ် လာလေသည်။ သူသည် ရဲချန်ဖန်ကို ရေခဲကန်မှ ထွက်ခွာရန် ခြိမ်းခြောက်နေသည်။
“ဒါ ဒဏ္ဍာရီတွေထဲက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေလား။ ဒါ တကယ်ကို ရှိနေတာပဲ”
ရဲချန်ဖန်သည် အသိဉာဏ် ရှိနေသည့် ရေစက်လေးကို ကြည့်ပြီး သူ့မျက်နှာတွင် အံ့အားသင့်မှုကို အထင်းသား မြင်နေရသည်။ ရဲချန်ဖန်မှာ ရေစက်လေး၏ ဦးခေါင်းက မြေပုံထဲတွင် မှတ်တမ်း တင်ထားသည့်ပုံ ဖြစ်သည်ဟု ကောက်ချက်ချ မိလိုက်သည်။
ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တွေ့လိုက်သဖြင့် ရဲချန်ဖန် ချက်ချင်း နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသော ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက သူမျှော်လင့်သည့် ပို၍ အစွမ်းထက် နေသည်။ သူ့အသက် အန္တရာယ်ကိုပင် ခြိမ်းခြောက်စွမ်း ရှိနေသည်။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၏ လူသတ်စိတ်မှာ ပိုပို၍ ပြင်းထန်လာသည်။
“မျက်လုံးသုံးလုံး ဒေါင်း….”
ရဲချန်ဖန်က ထွက်ခွာရန် လုပ်လိုက်ချိန်တွင် မမျှော်လင့်ဘဲ ငါးမီတာကျော်မြင့်ပြီး အလွန် တောက်ပသော ငှက်မွေးများရှိသည့် မျက်လုံးသုံးလုံးနှင့် ဒေါင်းငှက်သည် ရွှေရောင် အလင်းတန်းများ နှင့်အတူ ကန်အောက်ခြေမှ ထွက်ပေါ်လာလေသည်။ ထို့နောက် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက် လိုက်သည်။
ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအင်မှာ ဒေါင်းမွေးများမှ ထွက်ပေါ်နေပြီး မိုးရွာသွန်းနေသလို ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်နေသည်။
“အဝါရောင် ဝိညာဉ်စွမ်းအင် …. ။ ဒီမိန်းမပျိုလေးက မသေသေးဘူးပဲ။ ပြီးတော့ သူမက မဟာသားရဲ ဘိုးဘေးအဆင့်ကို ရောက်နေပြီ”
မျက်လုံးသုံးလုံး ဒေါင်းဆီမှ ရွှေအလင်းတန်းများ ထွက်ပေါ်လာသည်ကို ကြည့်ပြီး ရဲချန်ဖန် ရင်ဘတ်ထဲတွင် အလွန် တုန်လှုပ်သွားသည်။ နတ်ဦးနှောက်ကြောင့် ရဲချန်ဖန်တွင် အလွန်ထူးခြားသော ဝိညာဉ်စွမ်းအင် ရှိနေသည်။
သားရဲစစ်သည် အဆင့်တွင် အဖြူရောင် ဝိညာဉ်စွမ်းအင်၊ သားရဲသခင် အဆင့်တွင် အစိမ်းရောင် ဝိညာဉ်စွမ်းအင်၊ မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်တွင် အပြာရောင် ဝိညာဉ်စွမ်းအင်၊ သားရဲဘုရင် အဆင့်တွင် ခရမ်းရောင် ဝိညာဉ်စွမ်းအင်နှင့် မဟာသားရဲ ဘိုးဘေး အဆင့်သည် အဝါရောင် ဝိညာဉ်စွမ်းအင် ရှိသည်ဟူ၍ အမြွှာညီနောင် တိုက်ကြီးတွင် အဆင့်ဆင့် ခွဲခြား သတ်မှတ်ထားသည်။
အမြွှာညီနောင် တိုက်ကြီး၏ လွှမ်းမိုး အုပ်ချုပ်သည့် ပြိုင်ဘက်ကင်း မဟာသားရဲ ဘုရင်အဆင့်တွင်မူ အနီရောင် ဝိညာဉ်စွမ်းအင် ရှိနေလေသည်။
“ဒီရေခဲကန် အောက်ခြေမှာ မယုံနိုင်စရာ အစွမ်းထက်လှတဲ့ မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင် ရှိနေတာ မယုံလောက်စရာပဲ”
ရဲချန်ဖန်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် တိုက်ခိုက်နေသည့် မျက်လုံးသုံးလုံး ဒေါင်းကို ကြည့်ပြီး ကြောက်ရွံ့ ထိတ်လန့်နေသည်။ သူသည် တွေဝေ မနေတော့ဘဲ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ခဏနေဦး။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်ဖို့ မင်းက ငါ့ကို ကူညီပေးနိုင်မလား”
ထိုအခိုက်အတန့်လေးတွင် အလွန်သြဇာရှိသော မိန်းကလေးအသံကို ရဲချန်ဖန် ကြားလိုက် ရသည်။
“ဆရာမကြီးခင်ဗျာ ကျွန်တော်က အဲဒီလို အစွမ်းမရှိပါဘူး။ မကူညီနိုင်မှာ ကြောက်ပါတယ်”
ရဲချန်ဖန်က ထိုအသံသည် ရေခဲထဲတွင် အေးခဲနေသော မိန်းမပျိုလေးအသံ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် သူက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
“မင်းသိလား ခုနက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ ထွက်လာတုန်း ကတည်းက မင်းသေပြီး နေလောက်ပြီ။ ငါသာ သူ့ကို မထိန်းထားဘူးဆိုရင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက မင်းကို ချက်ချင်း သတ်လိမ့်မယ်”
ရေခဲထဲတွင် အေးခဲနေသော မိန်းမပျိုလေးက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဆရာမကြီးခင်ဗျား ကျွန်တော့်အစွမ်းနဲ့ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်ရင် ကျွန်တော် တစ်ချက်တည်းနဲ့ အသတ်ခံရလိမ့်မယ်”
“မင်းက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို တိုက်ခိုက်စရာ မလိုဘူး။ မင်းက သူအာရုံ ပြောင်းအောင် လုပ်ရုံပဲ။ ကျန်တာ ငါ့တာဝန်ထားလိုက်”
“ဒါက…”
“မင်းသိဖို့က ဒါဟာ မင်းအတွက် အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ မင်းသာ ငါနဲ့ မပူးပေါင်းဘူးဆိုရင် မင်းသေလိမ့်မယ်”
ရေခဲထဲတွင် အေးခဲနေသော မိန်းမပျိုလေး နဂိုက သူမ၏ အဆုံးသတ်ကို ရောက်နေပြီး ဖြစ်သည်။ ရဲချန်ဖန် ရောက်ရှိ လာသောကြောင့် လွတ်မြောက်ရန် မျှော်လင့်ချက် ရှိလာလေသည်။
“ဒါဆိုလည်း ကျွန်တော် ဆရာမကြီးဘက်ကို ပုံအောလိုက်ပါ့မယ်”
ရဲချန်ဖန် စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သူသည် အသက် အန္တရာယ်ကို ရင်းပြီး ရေခဲထဲတွင် အေးခဲနေသော မိန်းမပျိုလေးကို ကူညီကာ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
ရဲချန်ဖန် စိတ်ကူးက အလွန် အန္တရာယ် များသော်လည်း သူ့တွင်လည်း ရွေးချယ်စရာ မရှိပေ။ အကယ်၍ ထိုမိန်းမပျိုလေးသာ ရှိမနေပါက ရဲချန်ဖန် အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရမှာ သေချာ နေသည်။
“ကောင်းတယ်။ ငါတို့ အတူတူ တိုက်ခိုက်ကြတာပေါ့”
ရဲချန်ဖန်စကားကြောင့် ထိုမိန်းမပျိုလေးက ပိုပြတ်သားလာပြီး ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်း၍ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အပြင်းအထန် တိုက်ခိုက်တော့သည်