။
***
စာစဉ် (၇)
အခန်း (၁ဝဝ)
မှော်အစီအရင်ကန့်သတ်နယ်မြေ
“ငါမင်းကို နောက်ဆုံးတစ်ခါ ထပ်မေးမယ်။ မင်းက ဒီလျှို့ဝှက်ချက်ကို ပြောပြမှာလား”
ရွှယ်နီရှန်က ရဲချန်ဖန်နှင့် သုံးမီတာအကွာထိ လျှောက်လာပြီး ရဲချန်ဖန်၏ ခန့်ညားချောမောသော မျက်နှာကိုကြည့်ပြီး အောင့်သိုးသိုး လေသံနှင့် မေးလိုက်လေသည်။ သူမ၏ သူ့ကို မြှူဆွယ် ချော့မြှူသည့်ပုံမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ခင်ဗျားလို မိန်းမချောလေးက ဘာလို့ အကြမ်းပတမ်း လုပ်ချင်ရတာလဲ။ ကျွန်တော် တကယ်ကို နားမလည်တော့ဘူး”
ရဲချန်ဖန်က ပြန်ပြောလိုက်စဉ် သူ၏ နတ်ဦးနှောက် မှတစ်ဆင့် ဝိညာဉ်စွမ်းအင်များ မှော်အစီအရင်ထဲ ဝင်ရောက်သွားပြီး မှော်အစီအရင်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။
“မင်းက အကောင်းအဆိုး နားမလည်မှတော့ ငါမင်းကို အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့”
ရွှယ်နီရှန်၏ မျက်နှာတွင် စိတ်ရှည်သည်းခံမှုမှာ ပျောက်ဆုံးသွားပြီး သူမသည် ရဲချန်ဖန်ကို ဖမ်းဆီးပြီး ရေခဲဝိညာဉ်တောင်ထွတ် လျှို့ဝှက်ချက်ကို စစ်မေးရန် ကြိုးစားလိုက်သည်။
“ဘွန်း …”
ပြင်းထန်သော အော်ရာက ရွှယ်နီရှန်ဆီမှ ထွက်ပေါ်လာပြီး တောင်တစ်လုံးအလား ရဲချန်ဖန်ကို ဖိနှိပ်လိုက်လေသည်။
“ငါစွန့်စားရမှာပဲလေ”
ရွှယ်နီရှန်၏ ဖိအားကြောင့် ရဲချန်ဖန်က ဒူးများပင် မခိုင်တော့ဘဲ မြေပေါ်လဲကျမတတ်ပင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ရဲချန်ဖန်က အံကြိတ်ကာ သူ့ခြေအောက်ရှိ တိုက်ခိုက်ရေး မှော်အစီအရင်ကို အသက်ဝင် ဖောက်ခွဲလိုက်သည်။ ကောင်းကင်နှင့်မြေကြီးမှ စွမ်းအားတစ်ခုက ပါးလွှာသော နှင်းရေခဲ အလွှာအောက်မှ ထွက်ပေါ်လာသည်။ မှော်အစီအရင်သည် ရဲချန်ဖန် နတ်ဦးနှောက်၏ ထိန်းချုပ်မှုအောက်၌ ကြီးမားအစွမ်းထက် လှသော နဂါးကြီး နိုးထလာသည့်နှယ် ရွှယ်နီရှန်ကို ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။ ရွှယ်နီရှန် အမူအရာမှာ ပြောင်းလဲသွားလေသည်။
“မကောင်းတော့ဘူး …”
ရွှယ်နီရှန်က ရဲချန်ဖန်သည် သူ့ခြေထောက်အောက်တွင် ရှိနေသော သဘာဝအတိုင်း ဖြစ်ပေါ်နေ သည့် မှော်အစီအရင်ကို ထိန်းချုပ်နိုင်ပြီး သူမကိုပင် တိုက်ခိုက်နိုင်မည်ဟုမှ မတွေးမိချေ။ ထို့ကြောင့် သူမသည် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိပေ။ သူမ အသည်းအသန် ခုခံကာကွယ် လိုက်ရသည်။
“အရိပ်မဲ့သိုင်း …”
ရွှယ်နီရှန်သည် မှော်အစီအရင် တိုက်ခိုက်မှုကို ခုခံကာကွယ်နေစဉ် ရဲချန်ဖန်က အရိပ်မဲ့သိုင်း သုံးကာ သူ့အတွက် အလွန် အရေးကြီးသော ပန်းပွင့်ကိုးခု နှင်းကြာပွင့်ကို ခူးယူလိုက်ပြီး ရေခဲဝိညာဉ်တောင်ထွတ်ဆီ ပြေးဝင်သွားသည်။
“ယုတ်မာကောက်ကျစ်လိုက်တဲ့ ကောင်စုတ်။ ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ရွှယ်နီရှန်က ရဲချန်ဖန် အဲဒီလောက် အစွမ်းထက်ပြီး အန္တရာယ်များမည်ဟု မထင်ထားမိပေ။
ရဲချန်ဖန် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရွှယ်နီရှန်က ဒေါသများ ထိန်းမရအောင် ထွက်လာပြီး အော်ဟစ်ကြုံးဝါး လိုက်သည်။ သို့သော် ရဲချန်ဖန် အသက်ဝင် ဖောက်ခွဲလိုက်သည့် တိုက်ခိုက်ရေး မှော်အစီအရင်မှာ အလွန် အစွမ်းထက်သဖြင့် သူမအစွမ်းဖြင့် ခုခံရန် အလွန် ခက်ခဲနေလေသည်။
“အွန့် …”
သူမ၏ ပန်းဆီရောင် နှုတ်ခမ်းလေးမှ သွေးများ အန်ထုတ် လိုက်လေသည်။ သူမသည် ဓားနှစ်လက်ကို ကိုင်ကာ ခုခံနေသော်လည်း ဒဏ်ရာများ ရရှိသွားပြီး တစ်ကိုယ်လုံးမှာလည်း ကြိုးမဲ့စွန်ကဲ့သို့ မီတာတစ်ရာကျော် လွင့်စဉ်ပြီး လဲကျသွားလေသည်။
“တိုက်ခိုက်ရေး မှော်အစီအရင်က သူမကို သတ်ပစ်နိုင်လား မသိဘူး”
ရဲချန်ဖန်သည် ရွှယ်နီရှန်လက်မှ အောင်မြင်စွာ လွတ်မြောက်လာပြီးနောက် မြေပုံအညွှန်းအတိုင်း ရေခဲတောင်ထွတ်ကို တက်သွားလေသည်။
နတ်ဦးနှောက်၏ ခန့်မှန်းမှုနှင့် ရဲချန်ဖန်သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှသည့် သဘာဝ မှော်အစီအရင်များကို အောင်မြင်စွာ ရှောင်ရှားနိုင်ပြီး တောင်ထွတ်ပေါ် တဖြည်းဖြည်း တက်သွားလေ သည်။
“မှော်အစီအရင်တွေ များလိုက်တဲ့ မှော်အစီအရင်တွေ …”
ရဲချန်ဖန်သည် နှစ်နာရီကျော်ကြာ ရေခဲတောင်ထွတ်ပေါ် တက်ပြီး ရေခဲဝိညာဉ်စမ်းရေကို ရှာဖွေနေသော်လည်း ရေခဲဝိညာဉ်စမ်းရေကို ရှာမတွေ့ဘဲ မှော်အစီအရင်များကိုသာ ကြုံတွေ့နေရလေသည်။ သို့သော် ယခု တွေ့ကြုံနေရသော မှော်အစီအရင်များသည် သဘာဝအလျေှာက် ဖြစ်ပေါ်နေသော မှော်အစီအရင်များ မဟုတ်ဘဲ လူသားတို့ ဖန်တီးထားသည်ကို သိလိုက်ရသည်။ သိသာနေသည်မှာ ဤနေရာကို တစ်ဦးဦး အရင်ရောက်ရှိဖူးပြီး ရေခဲဝိညာဉ်စမ်းရေကို ရှာဖွေလို့ မရစေရန် ကန့်သတ်နယ်မြေ အဖြစ် မှော်အစီအရင်ဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
“အဲဒီထဲမှာ ရေခဲဝိညာဉ်စမ်းရေ ရှိနေတာလား”
သူသည် များပြားလှသော မှော်အစီအရင်များကိုကြည့်ရင်း မျက်မှောင်ကြုတ်ပြီး တီးတိုး ရေရွတ်လိုက်သည်။ သူ ဆက်လက် ဝင်ရောက်ရန် တွေဝေနေမိသည်။ သူတုံ့ဆိုင်းနေစဉ် အလွန် ကြောက်မက်ဖွယ် အော်ရာက ထွက်ပေါ်လာပြီး သူ့ကို ဖိနှိပ်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် သဘာဝ မှော်အစီအရင်ကြောင့် ဒဏ်ရာရသွားသော ရွှယ်နီရှန်၏ အမြီးသုံးချောင်း မြေခွေး ပေါ်လာလေသည်။
“ငါမင်းကို အစက အထင်သေးမိတာ။ ငါ့ကိုတောင် သဘာဝ မှော်အစီအရင်နဲ့ ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မထင်မိဘူး။ ဒီတစ်ခါတော့ မင်း ဘယ်ကိုထွက်ပြေးမလဲ”
အလွန်ချောမောပြီး ဆွဲဆောင်မှု ရှိနေသော ရွှယ်နီရှန်က အဖြူရောင် မြေခွေးသားမွေး အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ဖြူရော်ရော် ဖြစ်နေလေသည်။ ရဲချန်ဖန်ကို အေးစက်စွာ ကြည့်လိုက်ပြီး သွားများပင်ကြိတ်ကာ ပြောလိုက်သည်။
“ငါ့ကို ဖမ်းချင်တယ် ဟုတ်လား။ နောက်ဘဝထိ ကြိုးစားတောင် မရဘူး”
ရဲချန်ဖန်လည်း အံများပင်ကြိတ်ကာ ရူးသွပ်ဖွယ် အလုပ်ကို လုပ်လိုက်လေသည်။ သူသည် အလွန် အန္တရာယ်များသော မှော်အစီအရင်များနှင့် ကန့်သတ်ထားသည့် နယ်မြေထဲကို ရွှယ်နီရှန် တုံ့ပြန်နိုင်ခြင်း မရှိမီ ဝင်ရောက် ပျောက်ကွယ်သွားသည်။
“မှော်အစီအရင် ဒီတစ်ခါလည်း ဒီမှော်အစီအရင်ပဲလား …”
ရွှယ်နီရှန်က အလွန် အစွမ်းထက် လှသော်လည်း မှော်အစီအရင်ကိုမူ သိပ်မသိပေ။ သူမက ခုနလေးတင်မှ မှော်အစီအရင် တိုက်ခိုက်မှုကို ခံထားရသဖြင့် သူမ မကျွမ်းကျင်သော မှော်အစီအရင်ထဲ ထိုးဖောက် ဝင်ရောက်ပြီး ရဲချန်ဖန်နောက်ကို လိုက်မဖမ်းရဲချေ။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ မှော်အစီအရင်များနှင့် ကန့်သတ်နယ်မြေလဲ …”
ရဲချန်ဖန် မှော်အစီအရင်ထဲ ဝင်လိုက်သည်နှင့် သူ့ကို ချက်ချင်းပင် မှော်အစီအရင်များက တိုက်ခိုက်တော့သည်။ သူ၏ ကောင်းကင် ခန္ဓာကိုယ်ပင် မခံနိုင်ဘဲ ဒဏ်ရာများ ဖြစ်ပေါ်လာနေသည်။
“နတ်ဦးနှောက် မှော်အစီအရင်ကို ဖျက်ဆီးစမ်း”
ရဲချန်ဖန်က နှင်းမုန်တိုင်း၏ ကြောက်မက်ဖွယ် အအေးဒဏ်၊ မှော်အစီအရင်ကြောင့်ရသည့် ဒဏ်ရာများကို တောင့်ခံကာ နတ်ဦးနှောက်ကို အသုံးပြု၍ မှော်အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားနေသည်။ ရဲချန်ဖန်၏ နတ်ဦးနှောက်မှာ မှော်အစီအရင်ထဲကို ထိုးဖောက်သွားပြီး မှော်အစီအရင်ကို ချိုးဖျက်လိုက်ရာ အက်ကွဲရာ အပေါက်များနှင့် ရေခဲရေလှိုင်းများ ထွက်ပေါ်နေသော နေရာလေးတစ်ခု ဖြစ်ပေါ် လာသည်။ အပေါက်များ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသည့် လူသတ်စိတ် ထွက်ပေါ်နေသည့် ရွှယ်နီရှန်က ဝင်ရောက်လာလေသည်။
“ကောင်လေး မင်းကို ငါအမှုန့်ကြိတ်ပစ်မယ်”
ရွှယ်နီရှန်က အစွမ်းထက်လှသော ဝိညာဉ်စွမ်းအား ထုတ်လွှင့်ပြီး လူသတ်စိတ်ဖြင့် ရဲချန်ဖန်နား တိုးကပ်လာလေသည်။
“ငါ့ကို သတ်ချင်တာလား … ဆုတောင်းလေ”
ရဲချန်ဖန်က ချဉ်းကပ်လာသော ရွှယ်နီရှန်ကိုကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။ စကားဆုံးသည်နှင့် ရဲချန်ဖန်သည် ရေခဲရေလှိုင်းများ ထွက်ပေါ်နေသော နေရာလေး နောက်တွင် ရပ်လိုက်ပြီး ရွှယ်နီရှန်ကို ပိတ်ဆို့လိုက်သည်။
“ဘယ်ကိုပြေးမလို့လဲ”
ရွှယ်နီရှန်က ကြမ်းတမ်း ရင့်သီးစွာ အော်ဟစ်လိုက်ပြီး ပြင်းထန်လှသည့် ဖျက်ဆီးမှု ပါဝင်သည့် ဓားနှစ်လက်က ထွက်ပေါ်လာကာ ရေလှိုင်းများ ထွက်နေသည့် နေရာကို တိုက်ခိုက်လိုက်သည်။
“အို … သူလွတ်သွားပြန်ပြီလား …”
ရေလှိုင်းများ ကျိုးပဲ့သွားသည်နှင့် ရွှယ်နီရှန်က ရဲချန်ဖန် ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။ သူမကို အလွန်စိတ်တိုသွားစေပြီး ဒေါသများ ပေါက်ကွဲသွားသည်။
“တော်သေးတယ် ကံကောင်းလို့ သီသီလေးလွတ်လာတာ”
ထိုအလွန်ရေးကြီးနေသည့် အချိန်တွင် နတ်ဦးနှောက်က မှော်အစီအရင်ကို ချိုးဖျက်ပြီး ရဲချန်ဖန်ကို အပြင်ထွက်နိုင်အောင် လုပ်ဆောင် ပေးလိုက်နိုင်ခြင်း ဖြစ်သည်။ သူက စိတ်သက်သာစွာ သက်ပြင်း ချမိလိုက်သည်။
ရဲချန်ဖန်က ထိုထူးဆန်းလှသည့် မှော်အစီအရင်ထဲမှ ထွက်လိုက်ပြီးနောက် ကျယ်ပြောလှသော ကောင်းကင်ပြင်ကို တွေ့လိုက်ရသည်။ ကောင်းကင်တွင် တောက်ပနေသော ကြယ်ပျံများကို တွေ့နေရ သည်။
“ကောင်းလိုက်တဲ့နည်းလမ်း။ ဒီမှော်အစီအရင်ကို ရေးဆွဲထားတဲ့လူက သူ့ရဲ့ သီးခြားဘုံလေးထဲမှာ အပြင်လောကနဲ့ ကွဲထွက်နေတဲ့ ကောင်းကင်ပြင်ကြီးပါ ထည့်သွင်း ရေးဆွဲထားတာပဲ။ ဒီလူရဲ့ မှော်အစီအရင်ပညာက အံ့ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်နေပြီပဲ”
ကောင်းကင်ပြင် အောက်တွင် ရဲချန်ဖန်က လက်လွတ်စပယ် မလှုပ်ရှားပေ။ သူသည် အဲဒီနေရာတွင်ပင် ရပ်နေလိုက်ပြီး နတ်ဦးနှောက် အသုံးပြုကာ မှော်အစီအရင်ကို စတင် ချိုးဖျက်တော့သည်။ ဤမိုးကောင်းကင် မှော်အစီအရင်သည် သူခုနက ချိုးဖျက်ခဲ့သော ထူးဆန်းသည့် မှော်အစီအရင်ထက် ဆယ်ဆလောက် ပို၍ ထူးခြားဆန်းကြယ်လေသည်။ ရဲချန်ဖန်က အဆက်မပြတ် နတ်ဦးနှောက်ဖြင့် မှော်အစီအရင်ကို ချိုးဖျက်နေလေသည်။
ရဲချန်ဖန်အတွက် ကံကောင်းသည်မှာ ရွှယ်နီရှန်က မှော်အစီအရင်ကို နားမလည်ခြင်းပင်။ သူမက ထူးဆန်းသော မှော်အစီအရင်ထဲတွင် ပိတ်မိနေသည်။ ထို့ကြောင့် သူမကိုတွေး၍ စိုးရိမ်စရာ မလိုပေ။
သုံးနာရီခန့် ကြာသောအခါ ကောင်းကင်ပြင် အောက်တွင် မလှုပ်မယှက် ထိုင်နေသော ရဲချန်ဖန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အလွန်ထူးဆန်းသော ကောင်းကင် မှော်အစီအရင်က သူ့စိတ်ထဲ ပေါ်လာလေသည်။
“ကျိုးပျက်စမ်း …”
ရဲချန်ဖန် အော်သံနှင့်အတူ အဆုံးမရှိသော သူ့ဝိညာဉ်စွမ်းအင်များက မှော်အစီအရင်ကို တိုက်ခိုက်လိုက်ရာ မှော်အစီအရင် ကျိုးပဲ့သွားပြီး အနက်ရောင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
“ယား …”
တွင်းနက်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရဲချန်ဖန် လှုပ်ရှားသွားပြီး တွင်းနက်ကြီးထဲ ခုန်ဝင်လိုက်ရာ ကောင်းကင်ပြင်အောက်မှ ပျောက်ကွယ် သွားလေသည်။