စာစဉ် (၇)
အခန်း (၉၉)
ငါတို့ထပ်တွေ့ကြပြန်ပြီ
“အမြွှာညီနောင် တိုက်ကြီးမှာ အစွမ်းထက်တဲ့ တန်ခိုးရှင်တွေ အများကြီးပဲ။ ငါက သိပ်ကို အားနည်းနေသေးတာပဲ”
ခုနက အဖြစ်အပျက်ကို ပြန်တွေးမိပြီး ရဲချန်ဖန် ထိတ်လန့်နေမိသည်။ သူသာ ပြေးတာမမြန် ခဲ့ပါက ထိုကောင်းကင်သားရဲဘုရင် တန်ခိုးရှင် ဆွဲဆောင်မှု အလွန်ရှိသော အမျိုးသမီးလက်ထဲ ရောက် သွားပြီဖြစ်သည်။
“ဘာမှမဖြစ်ဘူး။ သူ့ထက် ရေခဲဝိညာဉ်တောင်ထွတ်က ပိုအရေးကြီးတယ်”
သူ့ကို ထိုဆွဲဆောင်မှု အလွန်ရှိသော အမျိုးသမီး သူ့ကိုလိုက်မီလာမည်ဟု သူမထင်ပေ။ ရဲချန်ဖန်သည် နှင်းတောင်များကို ဆက်တက်နေပြီး ရေခဲဝိညာဉ် တောင်ထွတ်ကို လိုက်ရှာနေလေသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ရဲချန်ဖန်က နှင်းတောင်ထဲတွင် ဆက်ရှာနေသည်မှာ လေးရက် မြောက်နေ့တွင် ဓားဖြင့်လှီးဖြတ်ထားသော ပုံသဏ္ဌာန်ရှိသည့် ထူးခြားပုံပေါက်နေသော တောင်တစ်လုံးကို တွေ့လိုက်လေသည်။
“တောင်ထွတ်သုံးခုရှိတာပဲ။ နောက်ဆုံးတော့ ရေခဲဝိညာဉ်တောင်ထွတ် မင်းကို ငါတွေ့ပြီ”
သူ ပတ်ဝန်းကျင်ကို သေချာစစ်ဆေးကြည့် လိုက်သောအခါ မြေပုံထဲတွင် ဖော်ပြထားသော ပတ်ဝန်းကျင်ပုံနှင့် တူနေသည်ကို တွေ့လိုက်ရ၍ ရဲချန်ဖန် စိတ်လှုပ်ရှား လာလေသည်။
အဆုံးအစမဲ့သော နှင်းတောင်ထဲတွင် တစ်လကျော် ရှာဖွေပြီးနောက် သူက ရေခဲဝိညာဉ်တောင် ထွတ်ကို ရှာတွေ့သွားပြီဖြစ်သည်။
“မှော်အစီအရင် အဆောင်လား … ဒီနှင်းတောင်က မြေပုံကို မှော်အစီအရင် အဆောင်နဲ့ ဖုံးကွယ် ထားလို့ပဲ။ သူ့ကိုလည်း သဘာဝအလျေှာက် မှော်အစီအရင်က ဖုံးကွယ်ထားတာပဲ”
ရေခဲဝိညာဉ် တောင်ထွတ်ပေါ်တွင် မှော်အစီအရင်တစ်ခု ရှိနေသည်ကို သူ့နတ်ဦးနှောက်က အာရုံခံ မိလိုက်သည်။ ရေခဲဝိညာဉ်တောင်ထွတ်ကို မှော်အစီအရင်နှင့် ဖုံးကွယ်ထားလေသည်။
ဤမှော်အစီအရင်မှာ ဖျက်ဆီးရန် သိပ်လည်းမခက် လွယ်လည်း မလွယ်ကူသော အစီအရင်မျိုး ဖြစ်သည်။ တစ်စုံတစ်ယောက်သည်သာ မှော်အစီအရင်ကို မတော်တဆ ထိမိသွားပါက မှော်အစီအရင်မှ တိုက်ခိုက်ပေလိမ့်မည်။ တစ်ယောက်ယောက်သည် မှော်အစီအရင်ထဲ ပိတ်မိနေပါက အသက်ပါ ဆုံးရှုံး သွားနိုင်သည်။
“နတ်ဦးနှောက် မင်းကိုပဲ အားကိုးရမှာပဲ”
ရဲချန်ဖန်က သက်ပြင်း ချလိုက်မိသည်။ ထို့နောက် မြေပုံအညွှန်းအတိုင်း လေထန်သောလမ်း အတိုင်း အန္တရာယ်များလှသော ရေခဲဝိညာဉ် တောင်ထွတ်ပေါ် တွားသွား တက်သွားပြီး ရေခဲဝိညာဉ်စမ်းရေကို စရှာတော့သည်။
“ပန်းပွင့်ကိုးခု နှင်းကြာပွင့်”
ရဲချန်ဖန်သည် နှင်းမုန်တိုင်းကို အန်တုလျက် ရေခဲဝိညာဉ် တောင်ထွတ်ကို တက်လာစဉ် လမ်းတစ်ဝက်၌ ပန်းပွင့်ကိုးခု နှင်းကြာပွင့်ကို တွေ့လိုက်ရသည်။ ပန်းပွင့်ကိုးခု နှင်းကြာပွင့်သည် နှင်းခဲများလိုပင် ဖွေးဆွတ်သန့်စင်လှပြီး ထူးခြားသောရနံ့ဖြင့် သင်းပျံ့မွှေးကြိုင် နေလေသည်။
ပန်းပွင့်ကိုးခု နှင်းကြာပွင့်တွင် ပါဝင်သော ဝိညာဉ်အစွမ်းက အလွန်သန့်စင်သည်။ သူသာ စုပ်ယူ လိုက်ပါက သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များ တစ်မုဟုတ်ချင်း ပြည့်လျှံသွားပြီး မြေကမ္ဘာသားရဲ ပထမအဆင့်သို့ အလွယ်တကူပင် ရောက်သွားနိုင်သည်။
“သေချာတယ် ဒီပန်းပွင့်ကိုးခု နှင်းကြာပွင့်မှာ အန္တရာယ်တွေရှိမှာပဲ”
တန်ဖိုးကြီးလှသည့် ပန်းပွင့်ကိုးခု နှင်းကြာပွင့်ကိုကြည့်ပြီး ရဲချန်ဖန်သည် လက်လွတ်စပယ် မလုပ်ရဲပေ။ သူ၏ အစွမ်းထက်သော စိတ်အာရုံကို ထုတ်လွှင့်လိုက်ပြီး ပန်းပွင့်ကိုးခု နှင်းကြာပွင့် အနီးတစ်ဝိုက်ကို အာရုံခံလိုက်သည်။ ရေခဲကြမ်းပြင်အောက်တွင် အန္တရာယ် အငွေ့အသက်ကို ရလိုက်လေသည်။
“တိုက်ခိုက်မှု မှော်အစီအရင်။ ပဉ္စမအဆင့် ဝိညာဉ်သားရဲ တစ်ကောင်လည်း ရှိနေတယ်”
ရဲချန်ဖန် လက်ရှိအစွမ်းနှင့် ပဉ္စမအဆင့် ဝိညာဉ်သားရဲနှင့် အစွမ်းချင်းတူသော မြေကမ္ဘာသားရဲ စစ်သူကြီး ပဉ္စမအဆင့်ကို မကြောက်သော်လည်း မှော်အစီအရင်ကိုတော့ သူကြောက်ရွံ့နေသည်။
သူသာ မတော်တဆ မှော်အစီအရင်၏ ထိခိုက်မှုခံရပါက သေဆုံးသွားမည်ကို သံသယရှိ စရာပင် မလိုပေ။ အတန်ကြာ တွေဝေနေပြီးနောက် ရဲချန်ဖန်သည် ပန်းပွင့်ကိုးခု နှင်းကြာပွင့်အတွက် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ သူက အေဖေးဓားကိုကိုင်ကာ သတိနှင့် ပန်းပွင့်ကိုးခု နှင်းကြာပွင့်ဆီ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
“ဂါး …”
ထိုအချိန်တွင် သားရဲ၏ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာပြီး ငါးမီတာကျော်မြင့်ပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော ရေခဲဝက်ဝံကြီးက အစွယ်တကားကားနှင့် ခုန်ထွက်လာသည်။ ၎င်းသည် ရဲချန်ဖန်ရှေ့တွင် ရပ်ကာ ဒေါသတကြီး ဟိန်းဟောက် လိုက်လေသည်။
“မင်းအတွက် စမ်းသပ်မှုတစ်ခုလို့ပဲ သဘောထား”
ကြီးမားလှသော ဝက်ဝံကြီးကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး ဓားသံတစ်ခုက သူ့ဆီမှာ ထွက်လာလေသည်။ သူ ထိုးခုတ်လိုက်စဉ် ဓားအင်အား အများအပြားကို အေဖေးဓားတွင် ထည့်သွင်း ထားလိုက်သည်။ ဝက်ဝံကြီးသည် အေဖေးဓားချက်ကို မရှောင်ဘဲ သူ့ဆီ ချဉ်းကပ်လာပြီး ဓားအား သူ့လက်သည်းများဖြင့် ကုတ်ဆွဲလိုက်လေသည်။
အေဖေးဓားသည် ဝက်ဝံကြီး၏ လက်သည်းများနှင့် ထိမှန်သွားရာ အလွန်မာကျောလှသော ဝက်ဝံကြီး၏ လက်သည်းများသည် ဓားအင်အားကြောင့် ပြတ်ထွက်သွားပြီး သွေးများ ကျဆင်းလာသည်။
“ယား…”
ဝက်ဝံကြီးသည် နာကျင်မှုကြောင့် အလွန်ဒေါသ ထွက်လာကာ အရူးအမူးပင် ရဲချန်ဖန်ကို တိုက်ခိုက်တော့သည်။
ခုနက ဓားချက်တွင် ရဲချန်ဖန်၏ အစွမ်းကို ရှစ်ဆယ်ရာခိုင်နှုန်းခန့် ထည့်သွင်း ထားသော်လည်း ဝက်ဝံကြီး၏ လက်သည်းများသာ ထိခိုက်သွားသဖြင့် ဝက်ဝံကြီး၏ ကြောက်မက်ဖွယ် အင်အားကို ရဲချန်ဖန် ခံစားမိလိုက်သည်။
သို့သော် ပန်းပွင့်ကိုးခု နှင်းကြာပွင့်က သူရမှဖြစ်မည့် ရတနာဖြစ်သည်။ ထို့ကြောင့် သူ့အစွမ်းကို အကုန်ထုတ်သုံးလိုက်ပြီး အေဖေးဓားနှင့် ဝက်ဝံကြီးနှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။ ဝက်ဝံကြီး၏ ကြောက်မက်ဖွယ် အင်အားကို ဖိနှိပ်ထားရန် အေဖေးဓားထဲရှိ မှော်အစီအရင် အသက်ဝင်စေရန် ဝိညာဉ် စွမ်းအင်များကို အဆက်မပြတ် ဖြည့်သွင်း နေလေသည်။ တဖြည်းဖြည်းနှင့် ဝက်ဝံကြီးမှာ အောက်စီး ရောက်လာပြီး ဒဏ်ရာများ စတင်ရရှိလာလေသည်။
“မောင်လေး မကြောက်နဲ့။ အစ်မတော် ဒီမှာရှိတယ်”
ရဲချန်ဖန်က ဝက်ဝံကြီးကို သတ်ဖြတ်နေစဉ်တွင် အလွန်ချိုသာသော အသံလွင်လွင်လေးကို ကြားလိုက်ရလေသည်။
တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ် ဓားအလင်းက ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်လာပြီး ကြီးမားလှသော ရေခဲဝက်ဝံကြီးကို နှစ်ပိုင်းဖြတ် လိုက်လေသည်။ ရေခဲဝက်ဝံကြီးကို ထိုမိန်းမချောလေးက သတ်လိုက်သည့် မြင်ကွင်းကို ကြည့်ပြီး ရဲချန်ဖန် တုန်လှုပ်သွားသည်။ ကြီးမား ကျယ်ပြန့်လှသော နှင်းတောင်ထဲတွင် သူ့ကို ထိုမိန်းမချောလေးက ရှာတွေ့သွားမည်ဟု ရဲချန်ဖန် မထင်ထားချေ။
“ငါတို့ ထပ်တွေ့ကြပြန်ပြီနော်။ ဘာလဲ ငါ့ကိုတွေ့တာ နင်က မပျော်ဘူးလား”
မိန်းမချောလေးက ရဲချန်ဖန်၏ မရွှင်မပျ ဖြစ်နေသော မျက်နှာကိုကြည့်ပြီး သူမ၏ ဆွဲဆောင်မှုရှိလှသည့် နှုတ်ခမ်းလေးများ ကွေးသွားပြီး အလွန်တိမ်မူးဖွယ် အပြုံးကို ပြုံး၍ ရေရွတ်လိုက်သည်။
“ဘယ်လိုလုပ် မပျော်ရမှာလဲ။ ကျွန်တော်က ဆရာမကြီးကို တွေ့လို့ အံ့ဩသွားလို့ပါ ခင်ဗျာ”
ရဲချန်ဖန်က ချက်ချင်း သူ့စိတ်ကို ထိန်းလိုက်ပြီး လွတ်မြောက်ရန် အကြံထုတ် လိုက်လေသည်။ သူက ထိုမိန်းမချောလေး ရုတ်တရက် ရောက်လာသည်မှာ သူ့အတွက် အဆိုးချည်း ဖြစ်လာမည်ကို သိနေလေသည်။
“ဘာဆရာမကြီးလဲ … ငါက အဲဒီလောက်တောင် အသက်ကြီးပုံ ပေါ်နေလို့လား။ ငါ့နာမည်က ရွှယ်နီရှန်ပါ။ ငါ့ကို အစ်မတော် နီရှန်လို့ခေါ်”
ထိုမိန်းမချောက သေနေသောသူပင် ပြန်ပြုံးလာနိုင်အောင် ဆွဲဆောင်မှုရှိလှသည့် အပြုံးပြုံးလိုက်ပြီး ရဲချန်ဖန်ဆီ တစ်လှမ်းချင်း လျှောက်လာသည်။
“အစ်မတော်နီရှန် ဒီကမောင်လေးက ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တော့ အစ်မတော်ရဲ့ ဆွဲဆောင်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ သိလိုက်တယ်။ ဒါကြောင့် အဲဒီလို မဖြစ်လာအောင် ကျွန်တော်တို့ အဝေးကပဲ စကားပြောကြရအောင်လေ”
ရဲချန်ဖန်က နောက်သို့ တရွေ့ရွေ့ ဆုတ်နေလေသည်။ သူဆုတ်နေသည့် နေရာမှာ ကြောက်မက်ဖွယ် အစွမ်းထက်လှသည့် မှော်အစီအရင် ရှိသည့် နေရာကိုပင်။
“ဟင်း ဟင်း ဟင်း။ ကောင်းပြီလေ။ မင်းက ငါမေးတဲ့ မေးခွန်းတချို့ကို ကောင်းကောင်းမွန်မွန်ဖြေရင် အစ်မတော်က စိတ်ကောင်းဝင်ပြီး မင်းကို ဆုပေးချင်ပေးမှာပေါ့”
ရွှယ်နီရှန် ရယ်မောလိုက်ရာ ချိုသာသော အသံလွင်လွင်လေး ထွက်ပေါ်လာသည်။ ထိုအသံကပင် ကြားရသူအပေါင်းကို ပြုစားနိုင်စွမ်း ရှိလေသည်။
“ဘာသိချင်တာလဲ မသိဘူး …”
ရဲချန်ဖန်သည် မိန်းမချောလေး သူ့အား ဆွဲဆောင်နေသည်ကို လျစ်လျူရှုလိုက်ပြီး သူ့နတ်ဦးနှောက်ကို ထိန်းချုပ်ကာ သူ့ခြေထောက် အောက်နားရှိ မှော်အစီအရင်ထဲကို ဝိညာဉ်စွမ်းအားများဖြင့် ထိုးဖောက် လိုက်လေသည်။
“အစ်မတော်ကို ပြောပြပါလား။ ဒီတောင်မှာ ဘာလျှို့ဝှက်ချက် ရှိတာလဲ”
ရွှယ်နီရှန်က အသံကို ညုတုတု အသံလေးနှင့် ပြောလိုက်ရာ ကြားလိုက်သည့် ယောက်ျားတိုင်းသည် သူမကိုငြင်းဆန်ရန် မဖြစ်နိုင်သလောက်ပင်။
“လျှို့ဝှက်ချက် ဟုတ်လား။ ဘာလျှို့ဝှက်ချက်လဲ။ ဒီတောင်ကြီးမှာ လျှို့ဝှက်ချက်ရှိတာ မဖြစ်နိုင် ဘူး”
“မောင်လေး အစ်မတော်ကို အရူးမလုပ်ပါနဲ့။ မင်းရဲ့ သားရဲသခင် ဆဋ္ဌမအဆင့်နဲ့ အဲဒီထဲကို ချိုးဖောက်ဝင်မယ်ဆိုတာ ပျော်စရာ ကောင်းပါ့မလား။ ပြီးတော့ ဒီတောင်ထဲမှာ သဘာဝအလျှောက် ဖြစ်ပေါ်နေတဲ့ မှော်အစီအရင် တချို့လည်း ရှိနေသေးတယ်။ အစ်မတော် ပျော်ရွှင်ရင် မင်းလည်း အကျိုးအမြတ်ရမှာပါ”
ရွှယ်နီရှန် မျက်ဝန်းလေးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ရဲချန်ဖန်ကို စိုက်ကြည့်လိုက် လေသည်။
“အစ်မတော် တကယ်ကို အထင်မှားနေပြီ။ ကျွန်တော်က ဒီကို မမျှော်လင့်ဘဲ မတော်တဆ ရောက်လာတာ။ ဒီတောင်ကြီးမှာ ဘာလျှို့ဝှက်ချက်ရှိလဲ ကျွန်တော် မသိပါဘူး”
ရဲချန်ဖန်က ရွှယ်နီရှန်၏ အတွေးမှာ ဤမျှကောင်းမွန်မည်ဟု မထင်ထားမိချေ။ သူသည် မသိဘူးဟုသာ တွင်တွင် ပြောလိုက်သည်။
“အစ်မတော်က အတင်းအကျပ် မလုပ်ချင်ဘူး။ မင်းက ဘာလို့ ငါ့ကို ဖိအားပေး နေရတာလဲကွာ”
ရဲချန်ဖန်က သူမမေးသမျှကို ငြင်းပယ်နေသဖြင့် သူစိတ်တိုစ ပြုလာပြီး သူမ၏ မျက်လုံးရွဲကြီးများထဲတွင် ကြည့်မိသူသည် ပူလောင်သောက ရောက်နိုင်သော အရောင်တစ်မျိုး ထွက်လာပြီး အစွမ်းထက်သောအော်ရာ ပေါ်လာကာ ရဲချန်ဖန်ဆီ ရှေ့တစ်လှမ်းတိုး၍ ဖိနှိပ်လိုက်လေသည်