Switch Mode

Chapter – 98

နတ်မိမယ်လော

အခန်း (၉၈)
နတ်မိမယ်လော

“သားရဲသခင် ဆဋ္ဌမအဆင့်ရဲ့ အဆင့်ကုန် ရောက်သွားပြီ”

ရဲချန်ဖန်က နှင်းဂူတစ်ခုထဲတွင် ထိပ်ပြောင်၏ ဝိညာဉ်သားရဲ စွမ်းအင်ကို သူနဲ့ ပေါင်းစပ်လိုက်ပြီးသောအခါ သူ၏အစွမ်းမှာ သားရဲသခင် ဆဋ္ဌမအဆင့်အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။

ယုံရှန်ရှင်းနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသောကြောင့် သူ့အဆင့်ကို အတင်းမြှင့်တင်ခဲ့ရာ သူ့အခြေခံမှာ အနည်းငယ် မတည်မငြိမ် ဖြစ်သွားနိုင်သည်။ သို့သော် သူသည် မြေကမ္ဘာသားရဲ စစ်သူကြီး ပထမအဆင့် မရောက်မှာ စိုးရိမ်ခြင်းမရှိပေ။

သူ၏ တိုးတက်လာသော အစွမ်းနှင့်အတူ ထိပ်ပြောင်၏ သိုလှောင်အိတ်ထဲမှ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ငါးထောင်နီးပါးကို ရရှိလိုက်သည်။ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ငါးထောင်အပြင် တန်ဖိုးကြီးလှသော ကောင်းကင်နှင့် မြေကြီးဆေးမြက် တစ်ဒါဇင်ကျော်ကိုလည်း ရရှိထားသည်။ ထို့ကြောင့် သူစိတ်ချမ်းသာနေသည်။ သို့သော် သူ့ကို အဆွဲဆောင်နိုင်ဆုံး အရာမှာ‌ အေဖေးဓား ဖြစ်သည်။

“ဒီအေဖေးဓားက ကောင်းကင်ကြယ်သဲနှင့် အေးခဲသံနက်တို့ကို ပေါင်းစပ်ပြီး သွန်းလုပ်ထားတာပဲ။ အတွင်းပိုင်းမှာ ဘာမှော်အစီအရင်မှ ရေးမဆွဲထားဘူး”

ရဲချန်ဖန်သည် ဝိညာဉ်စွမ်းအင်ကို အေဖေးဓားထဲ ထည့်သွင်း စစ်ဆေးကြည့်ပြီးနောက် ဓားကို ဘာနှင့် ပြုလုပ်ထားသလဲ သူနားလည်သွားသည်။

“အင်း မှော်အစီအရင် မပါတာတောင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် အဆင့် ဖြစ်နေပြီ။ ငါသာ မှော်အစီအရင်ကို ရေးဆွဲလိုက်ရင် အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်ကို ရောက်သွားနိုင်တယ်”

သူသည် အေဖေးဓားကိုကြည့်လေ ပို၍ နှစ်သက်လေ ဖြစ်နေသည်။ ထို့နောက် အေဖေးဓားထဲသို့ မှော်အစီအရင် စတင် ရေးဆွဲတော့သည်။ စားချိန်၊ အိပ်ချိန်မှလွဲ၍ မှော်အစီအရင်ကို ရေးဆွဲနေရာ ခုနစ်ရက်ကြာပြီးနောက် သူ့တွင်ရှိသော တန်ဖိုးကြီးသည့် မှော်အစီအရင် ကုန်ကြမ်းများ ကုန်ဆုံးသွားပြီး ဓားထဲ၌ မှော်အစီအရင်တစ်ခု ပေါ်လာလေသည်။

မှော်အစီအရင်ကြောင့် ဓား၏အဆင့်အတန်းမှာ ပြောင်းလဲသွားပြီး အလေးချိန်မှာ နှစ်ဆမျှတိုးလာကာ ပေါင်သုံးထောင်ကျော် ဖြစ်လာသည်။ ၎င်းသည် အဆင့်မြင့် ဝိညာဉ်လက်နက်အဆင့်သို့ ရောက်ရှိသွားသည်။

“အောင်မြင်သွားပြီ …”

ဓားမှထွက်နေသော အော်ရာကြောင့် ရဲချန်ဖန်မျက်နှာတွင် ကျေနပ်ပျော်ရွှင်သော အပြုံးကို မြင်နေရသည်။ ထို့နောက် သူ နှင်းဂူထဲမှထွက်လာပြီး ဓားအစွမ်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

“ယား…”

ရဲချန်ဖန်လက်သည် လှုပ်ရှားသွားသည်နှင့် အလွန်အစွမ်းထက်သော ဓားအော်ရာက ဓားမှ ထွက်ပေါ်လာသည်။ ထို့နောက် အေးခဲလှသော လေထုကိုခွဲပြီး အဝေးတွင် ရှိနေသော နှင်းတောင်ကြီးကို ကွဲကြေသွားစေသည်။

“ဟုတ်တယ်။ ဒီဓားက ငါ့အတွက် အကောင်းဆုံးပဲ”

ဓားကို အသုံးပြုလိုက်ချိန်တွင် ဖော်ပြ၍ မရသော ကောင်းမွန်သော ခံစားချက်ကို ရရှိလိုက်လေသည်။ သူက ခန္ဓာကိုယ် စွမ်းအင်အပြင် ဝိညာဉ်စွမ်းအင်ကိုပါ အသုံးပြုသော လမ်းစဉ်ကို လျှောက်လှမ်းနေသူဖြစ်သည်။ သူ၏ ခန္ဓာကိုယ်စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးနိုင်ရန် အေဖေးဓားကို အသုံးပြုမည်ဖြစ် သည်။

သူ အေဖေးဓားကို သိုလှောင်အိတ်ထဲ သိမ်းဆည်းလိုက်ပြီး ကောင်းကင်တွင် ထွန်းလင်းနေသော နေမင်းကိုကြည့်ပြီး သူရောက်နေရာ အရပ်ကို ရှာဖွေလိုက်သည်။ ထို့နောက် ရေခဲဝိညာဉ်တောင်ထိပ်ကို ဆက်လက် ရှာဖွေရန် ထွက်လာခဲ့လေသည်။

သူ နှင်းတောင် အတွင်းပိုင်းကို ရောက်လာလေလေ ပို၍ အန္တရာယ်များလေ ဖြစ်သည်။ ရဲချန်ဖန်သည် အလွန်အစွမ်းထက်သော သားရဲများကို အချိန်နှင့်အမျှ ရင်ဆိုင် တိုက်ခိုက်နေရသည်။

သို့သော် သူ၏ အေဖေးဓားကြောင့် သူ့အစွမ်းမှာ ပို၍ ပြင်းထန်လာနေပြီး သူ့ကို ဝန်းရံတိုက်ခိုက်သော သားရဲများနှင့် အဆက်မပြတ် တိုက်ခိုက် လေ့ကျင့်ရမှုကြောင့် သူ့အခြေခံမှာ ပိုမိုခိုင်မာ လာလေသည်။ သူက မြေကမ္ဘာသားရဲ စစ်သူကြီး ပထမအဆင့် ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

“အင်း ဘယ်နားမှာ ရေခဲတောင်ထွတ်က ရှိနေတာလဲ”

ရဲချန်ဖန်က ကြီးမားလှသော ရေခဲတောင်ထိပ်ကြီး ပေါ်တွင် ရပ်နေပြီး မျက်စိတစ်ဆုံး ကျယ်ပြောလှသော မြင်ကွင်းကိုကြည့်ပြီး သက်ပြင်းသာ ချမိလိုက်သည်။

သူသည် အဆုံးအစမရှိသော နှင်းတောင်ထဲတွင် ရေခဲတောင်ထွတ်ကို ရှာဖွေနေသည်မှာ ရက်ပေါင်း နှစ်ဆယ်ကျော်မျှ ရှိနေပြီဖြစ်သည်။ သို့သော် သူက သဲလွန်စပင် မတွေ့ရသေးသဖြင့် စိတ်ပျက်စပြုလာသည်။

“ဟာ … ပြင်းထန်လှတဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုပါလား …”

သူက ဇွဲမလျှော့ဘဲ ရေခဲတောင်ထွတ်ကို ဆက်လက် ရှာဖွေနေစဉ် သူ၏ အစွမ်းထက်သော စိတ်အာရုံက ပြင်းထန်လှသော ဝိညာဉ်စွမ်းအင် လှုပ်ရှားသွားသည်ကို အာရုံခံမိလိုက်သည်။ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်က ချောင်ကျပြီး လူသူကင်းပြတ်လှသော နှင်းတောင်ကြားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက အနည်းငယ် တွေဝေနေပြီးနောက် သွားရောက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။

သူက ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ သူ့အော်ရာကို ဖုံးကွယ်လိုက်ပြီး နှင်းတောင်ကြားလေးဆီသို့ သတိထား ချဉ်းကပ်သွားသည်။ နှင်းတောင်ကြားထဲတွင် အဖြူရောင် မြေခွေးသားမွေးကို ဝတ်ဆင်ထားပြီး ဓားရှည်နှစ်လက်ကို အသုံးပြုကာ အမည်းရောင် သစ်ကိုင်းများကို ထုတ်လွှင့် တိုက်ခိုက်တတ်သည့် သစ်ပင်မိစ္ဆာနှင့် တိုက်ခိုက်နေသော မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။

“ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းမချောလေးလဲ …”

ထိုမိန်းမချောလေး မျက်နှာက သူ့ကို လုံးဝ ဖမ်းစားသွားလေသည်။ သူမ၏ ညှို့ယူနိုင်စွမ်းမှာ လူသားအားလုံးကို အရူးအမူး ဖြစ်သွားစေနိုင်သည်။ သူမ၏ မျက်လုံးများက ထူးခြားသော ညှို့ဓာတ် တစ်မျိုး ထွက်ပေါ်နေပြီး သူမကို ကြည့်လိုက်သည်နှင့် သူမအလိုကို လိုက်လျောချင်စိတ် ပေါ်လာမည်ဖြစ်သည်။ လှပနီထွေးသော နှုတ်ခမ်းမှာလည်း အကြည့်မလွှဲချင်စရာပင်။ နတ်သမီးလေး၏ မျက်လုံးများမှာလည်း မိုးသောက်ကြယ်ကဲ့သို့ ရွှန်းလဲ့တောက်ပ၍ မြင်သူတိုင်းက ကရုဏာသက် ချစ်ကျွမ်းဝင်သွားမည် ဖြစ်သည်။

သင်သာ အချိန်မီ မျက်လုံးမလွှဲမိပါက သူမ၏ နို့ရောင်ကဲ့သို ဖြူဖွေးရှင်းသန့်နေသော အသားအရေ၊ စင်ရော်တောင်ကဲ့သို့ ရှည်လျားလှပသည့် မျက်ခုံး၊ ရှည်လျားဖြောင့်စင်းသော ဆံသာ တို့ကိုကြည့်မိပြီး သူမကို အရူးအမူး စွဲလမ်းသွားပေလိမ့်မည်။ သူမ၏ ခန္ဓာကိုယ်မှာမူ မိန်းကလေးချင်းသည်ပင် အားကျမနာလိုဖြစ်ရအောင် အရိုက်အမို့ ကောက်ကြောင်းများဖြင့် အပိုအလို တစ်စက်မှမရှိအောင် ပြစ်မျိုးမှဲ့မတင် ဖြစ်ပေသည်။

နတ်မိမယ်လေးမှာ နတ်ဘုရားတို့ ထုဆစ်သည့် ပန်းပုအလားပင် ပြီးပြည့်စုံ လွန်းလှသည်။ သူမ၏ အလှကား ခေါင်းအစခြေအဆုံး တစ်စမှပင် အပြစ်ဆိုစရာမရှိပေ။ သူမ၏အလှကား လှပခြင်း၊ ကျက်သရေရှိခြင်း၊ ဆွဲဆောင်မှုရှိခြင်းများ ပြည့်စုံနေလေသည်။ သူမအား နတ်ပြည်မှ ဆင်းလာသည့် နတ်သမီးလို့ပြောလျှင်ပင် လွန်မည်မထင်ပေ။

သို့သော် သူမဆီမှ အန္တရာယ် အငွေ့အသက်များက ထွက်ပေါ်နေသည်။ လူသတ်ကောင်းကင် ဘုရင်နှင့် ယုံရှန်ရှင်းတို့ကဲ့သို့ပင် သူ့ကိုပို၍ သတိပေးနေလေသည်။

“ကြည့်ရတာ သူမက ကောင်းကင်သားရဲ ဘုရင်အဆင့်နဲ့တူတယ် …”

ရဲချန်ဖန် မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ထိုနတ်မိမယ်လေး အစွမ်းကြောင့် အံ့အားသင့် သွားလေသည်။

“ဒီကသူငယ်ချင်း ရှင်က ကျွန်မကိုကူညီပြီး ဒီမိစ္ဆာသစ်ပင်ကို တိုက်ခိုက်ပေးပါလား။ ရှင်နဲ့ ကျွန်မပေါင်းပြီး ဒီသစ်ပင်ကို သတ်နိုင်ရင် နှင်းကျောက်စိမ်း ဝိညာဉ်သစ်သီးကို ဝေစုပေးပါ့မယ်”

ရဲချန်ဖန်က အဝေးကပင် ပုန်းခိုကြည့်ရှုနေသော်လည်း ထိုနတ်မိမယ်လေး၏ ကြောက်မက်ဖွယ် စိတ်အာရုံက သူ၏တည်ရှိမှုကို သိရှိသွားပြီး လွန်စွာ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းမှုကို ပြုလုပ်လိုက်သည်။ ရဲချန်ဖန် နားထဲတွင်မူ နားထောင်သူ အပေါင်းက မငြင်းနိုင်အောင် ချိုသာသော အသံလေးက ထွက်ပေါ်လာလေသည်။

“နှင်းကျောက်စိမ်း ဝိညာဉ်သစ်သီးလား …”

နတ်ဦးနှောက်၏ မှတ်ဉာဏ်ထဲတွင် ရင့်မှည့်သော် နှင်းကျောက်စိမ်း ဝိညာဉ်သစ်သီး၏ တန်ဖိုး အကြောင်းပါရှိရာ ထိုသစ်သီးမျိုးသည် ဝိညာဉ်အဆင့်ထက် ကျော်လွန်နေသော ရတနာတစ်ပါး ဖြစ်သည်။ ရဲချန်ဖန်သာ ရရှိစားသုံးရပါက သူ့မြေကမ္ဘာဝိညာဉ် သားရဲ ပထမအဆင့်ကို အလွယ်တကူ ရောက်သွားနိုင်ပြီး အဆင့်တက်သည်နှင့် တစ်ပြိုင်နက် သူ့အဆင့်မှာ အခြေခိုင်မာနေမည် ဖြစ်သည်။

သို့သော် မိစ္ဆာသစ်ပင် သို့မဟုတ် ထိုနတ်သမီးလေးသည် သူ့ကို အလွန်ကြီးမားလှသော ခြိမ်းခြောက်မှုကို ပေးနိုင်စွမ်း ရှိနေသည်။ သူသာ ကူညီပြီးပါက ထိုနတ်သမီးလေးက သဘောတူညီချက်ကို ချိုးဖောက်ခြင်း လုပ်မလုပ်က သူလည်း မသိနိုင်ပေ။ သူမကသာ သူ့ကိုမပေးချင်၍ နှုတ်ပိတ်လိုက်ပါက သူသာ ဒုက္ခရောက် သွားနိုင်သည်။

ရဲချန်ဖန် သေချာစဉ်းစားပြီးနောက် သူက တွေဝေမနေဘဲ ခပ်ပြတ်ပြတ်ပင် အရိပ်မဲ့သိုင်း သုံးကာ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးတော့သည်။ ရဲချန်ဖန် ထွက်ပြေးသည်ကို မြင်လိုက်သောအခါ ထိုနတ်သမီးလေး၏ မိုးသောက်ကြယ်ကဲ့သို့ ရွှန်းလဲ့တောက်ပသော မျက်လုံးများထဲမှ ဒေါသအရိပ်အယောင်လေးကို မြင်လိုက်ရလေသည်။

သူမလက်ထဲမှ ဓားနှစ်လက် လှုပ်ရှားသွားပြီး မာကျောလှသော သစ်ပင် အမြစ်တစ်ခုကို ဖျက်ဆီးလိုက်ပြီးနောက် နှင်းကဲ့သို့ ဖွေးဆွတ်နေသည့် အမြီးသုံးချောင်းနှင့် ခရမ်းရောင်နက် မြေခွေးက သူမဆီမှ ထွက်ပေါ်လာပြီး ရဲချန်ဖန်ထံ ကြောက်မက်ဖွယ် စုပ်အားကို ပို့လွှတ်လိုက်သည်။

“အခြေအနေ မကောင်းဘူး …”

တစ်ကီလိုမီတာခန့် ဝေးကွာသော်လည်း ရဲချန်ဖန်က အမြီးသုံးချောင်း မြေခွေး၏ စုပ်ယူမှုကြောင့် ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး ဆွဲယူခံလိုက်ရသည်။

“ပေါင်ခုနစ်သောင်းကျော်စွမ်းအား”

ထိုအလွန်အရေးကြီးသည့် အချိန်တွင် သူ့ခန္ဓာကိုယ် စွမ်းအားကို အားကုန်သုံးပြီး ခြေထောက်များကို တောင့်ခံကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်လေသည်။ ထို့နောက် ရဲချန်ဖန်သည် သိုလှောင်အိတ်ထဲမှ အေဖေးဓားကို ထုတ်ယူလိုက်ပြီး ဓားအင်အားကို အသုံးပြုကာ ခုတ်ချလိုက်သည်။ ပြင်းထန်လှသော ဓားအလင်းက လေထုကိုဖြတ်သန်းကာ အမြီးသုံးချောင်း မြေခွေးမှာ ထုတ်လွှင့်နေသော စုပ်ယူအားကို ဖျက်ဆီးလိုက်လေသည်။

ထို့နောက် သူ့အရှိန်ကို အမြင့်ဆုံးထိ တင်ကာ နှင်းတောင်ကြားလေးထဲမှ ထွက်ပြေးသွားရာ အလျင်အမြန်ပင် နှင်းများကြား ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

“ဓားအင်အားလား … သူက သားရဲသခင်အဆင့်လေးပဲကို”

သူက ဓားအင်အားကို နားလည်ထားတာပဲ။ ရဲချန်ဖန်ဆီမှ အစွမ်းထက်လှသော ဓားအင်အားကို ခံစားမိပြီး သစ်ပင်မိစ္ဆာနှင့် တိုက်ခိုက်လျက်ရှိသော နတ်မိမယ်လေးမှာ အတော်လေး အံ့အားသင့် သွားလေသည်။

“ကောင်လေး မင်း ဒီနှင်းတောင်ထဲမှာ ငါနဲ့ထပ်မတွေ့ဖို့ ဆုတောင်းထား။ မဟုတ်ရင် နင် ကံကောင်းမှာ မဟုတ်ဘူး”

နတ်မိမယ်လေးသည် ဘယ်ယောက်ျားသားဆီကမှ ငြင်းပယ်ခြင်း မခံရဖူးသူဖြစ်ရာ ရဲချန်ဖန်၏ ငြင်းပယ်မှုကို ပထမဆုံးအကြိမ် ခံလိုက်ရ၍ ရဲချန်ဖန်ကို စိတ်ဝင်စား သွားလေသည်။ ထို့အပြင် သားရဲ သခင်အဆင့်နှင့် ဓားအင်အားကို နားလည်နေသည်မှာ ထူးခြားလွန်းနေသည်။

သူမကသာ မိစ္ဆာသစ်ပင်မှ သီးသော နှင်းကျောက်စိမ်း ဝိညာဉ်သစ်သီးသာ မလိုချင်လျှင် ရဲချန်ဖန် နောက်သို့ လိုက်ဖမ်းမိမှာ သေချာနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset