အခန်း (၉၇)
မင်းပြိုင်ဘက်က ငါပဲ
“ရှဖန် ငါမင်းဖြစ်နေမယ်လို့ မထင်မိဘူး။ ကောင်းလိုက်တာကွာ။ ဒီတစ်ခါ မင်းဘာရလာတာလဲ မသိဘူး။ ဘယ်လိုဆေးတွေ ရလာခဲ့လဲ”
ငါးစက္ကန့်လောက် အတွင်းမှာပင် အလွန်ကြီးမားသော ခန္ဓာကိုယ်နှင့် တိရစ္ဆာန် အရေခွံအင်္ကျီဝတ်ထားပြီး ထိပ်ပြောင်နေသော လူတစ်ယောက်သည် သူတို့ရှေ့ ရောက်လာကာ မိုက်ရိုင်းစွာ ပြောလိုက်လေသည်။
“အနက်ရောင် ချောက်ကမ်းပါး …”
သူတို့ရှေ့တွင် ရှိနေသော ထိပ်ပြောင်နှင့် လူကြီးကိုကြည့်ပြီး ရှဖန် မျက်နှာပျက် သွားလေသည်။ အထူးသဖြင့် ရှယွမ်နှင့် ရှလင်းတို့က မျက်နှာ အလွန်ပျက်သွားပြီး သူတို့ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုကို အတိုင်းသား မြင်နေရကာ ကိုယ်လုံးလေးများသည် ကြောက်ရွံ့မှုကြောင့် တုန်ခါနေလေသည်။
သူတို့သုံးယောက်သည် အပြောကျယ်လှသော နှင်းတောင်ထဲ ကံဆိုးစွာဖြင့် အသက်ဘေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု မထင်ထားချေ။
“မင်းတို့ရဲ့ သိုလှောင်အိတ် ငါ့ကိုပေးစမ်း။ ငါစိတ်ကောင်း ဝင်ရင်တော့ မင်းတို့ အသက်ရှင်ခွင့် ရချင်ရမှာပေါ့ကွာ”
အနက်ရောင် ချောက်ကမ်းပါးမှ လူသည် ရှယွမ်နှင့် ရှလင်းတို့၏ မူးယစ်မက်မောဖွယ် ကိုယ်လုံးလေးများကို ကြည့်နေပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။
“အနက်ရောင် ချောက်ကမ်းပါး သိပ်မလွန်လာနဲ့ …”
အနက်ရောင် ချောက်ကမ်းပါး အစွမ်းက သူတို့ထက် သာလွန်နေသော်လည်း သူတို့ကသာ အလျှော့ပေး လိုက်ပါက ပိုဆိုးလာမည် ဖြစ်ကြောင်း ရှဖန်က နားလည်ထားလေသည်။
“စိတ်ဆိုးနေတာလား။ ငါက မင်းရှေ့မှာ သူတို့လေးတွေရဲ့ အဝတ်တွေကို ဆွဲချွတ်ပြီး သူတို့လေးတွေနဲ့ ချစ်ပွဲဝင်လိုက်ရင် မင်းရူးသွားမလား။ ဟား …”
အနက်ရောင် ချောက်ကမ်းပါးက မိုက်ရိုင်းအားရစွာ ရယ်မောလိုက်လေသည်။
“ရှင်ပြဿနာရှာဖို့ မစဉ်းစားနဲ့။ ငါ့ကို ထိခိုက်အောင်လုပ်ရင် ငါ့အဖေက နင့်ကိုပြန်သတ်မှာ”
သူ့ကို တပ်မက်စွာ ကြည့်နေသည့် မျက်လုံးများကို ကြည့်ပြီး ရှယွမ်က အလွန် ကြောက်လန့်နေသည်။ သူမမျက်နှာပေါ်ရှိ မောက်မာမှုများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ အသံလှောင်အိမ်ထဲက ယုန်သူငယ်လိုပင် တုန်ယင်နေတော့သည်။
“ငါမင်းကို ချစ်လို့ဝရင် မင်းကို သတ်လိုက်မယ်။ အဲဒါဆိုရင် ငါက မင်းတို့ကို သတ်တာကို ဘယ်သူကသိမှာလဲ”
အနက်ရောင် ချောက်ကမ်းပါးမှ ထိပ်ပြောင်နှင့်လူ နှုတ်ခမ်းများ ကွေးနေအောင် ပြုံးနေပြီးနောက် အေးစက်စက် အပြုံးအဖြစ် ပြောင်းလဲသွားသည်။ သူက ရှဖန်တို့ သုံးယောက်ရဲ့ အသက်က သူ့လက်ထဲ ရှိနေသည့် အတိုင်းပင် မထီမဲ့မြင်ပြောဆိုနေသည်။
“စိတ်မပူပါနဲ့။ မင်းတို့မသေခင် ဘဝရဲ့ အလှပဆုံး အတွေ့အကြုံတွေ့ ခံစားသွားစေရမယ်။ နောက်ဘဝမှာတောင် မင်း အဲဒီအရသာကို မမေ့စေရဘူး။ မင်း လူမဖြစ်ချင်တော့ဘဲ သေချင်စိတ်ပဲ ရှိစေရမယ်”
အနက်ရောင် ချောက်ကမ်းပါးမှ ထိပ်ပြောင်က အားရပါးရ ရယ်မောလိုက်လေသည်။
“အဲဒါက ရယ်စရာလား”
အနက်ရောင် ချောက်ကမ်းပါးမှ လူထိပ်ပြောင်က လှုပ်ရှားတော့မည်ဟု ပြင်လိုက်စဉ်တွင် အသံတစ်ခုက သူ့နားထဲ ဝင်ရောက်လာလေသည်။ ရဲချန်ဖန်သည် သူ့ပေါ်တွင် တင်နေသော နှင်းများကို ခါလိုက်ပြီး ဖြည်းညင်းစွာဖြင့် ထိပ်ပြောင်လူထံ လျှောက်သွားလိုက်သည်။
“ဒီကောင်က အရင် သေချင်နေတာပဲ”
အနက်ရောင် ချောက်ကမ်းပါးမှ ထိပ်ပြောင်က အံ့အားသင့် သွားသည်။ သူသည် ရဲချန်ဖန် ရှိနေသည်ကိုပင် အာရုံမခံမိချေ။ သို့သော် ချက်ချင်းပင် ရဲချန်ဖန်၏ အစွမ်းကြောင့် အထင်သေးမှုက ဖြစ်ပေါ်လာပြီး သူ့မျက်လုံးထဲ မထည့်တော့ချေ။
“ချန်ဖန် ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ အမြန်ဆုံး ထွက်သွားတော့ …”
သဘောထား ပြည့်ဝမှန်ကန်သော ရှဖန်က ရဲချန်ဖန်ကို အလကား မသေစေချင်ပေ။ သူစကား ပြောလို့ မဆုံးသေးခင် သူ့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။
“ယား …”
အလင်းမြန်နှုန်းကဲ့သို့ အရိပ်များ ဖြစ်ပေါ်လာပြီး အလွန်ပြင်းထန်လှသော ဓားက ထိပ်ပြောင်၏ ရင်ဘတ်အား ထိမှန်သွားရာ သွေးများ ကျဆင်းလာပြီး မြေပေါ်တွင် အိုင်ထွန်း ပေကျံသွားလေသည်။
အကယ်၍သာ ထိပ်ပြောင်မှ အချိန်မီသာ ဝိညာဉ်သားရဲ ခုခံမှုနှင့် နောက်မဆုတ်နိုင်ခဲ့ပါက ဓားက သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားမည် ဖြစ်သည်။
“ထိပ်ပြောင်ရဲ့ မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့်က ရှန်းတုကလန်၏ ဒုတိယသခင်ကြီးထက် အများကြီး ပျော့ညံ့တာပဲ”
ရဲချန်ဖန်သည် သူ့ဓားက အနက်ရောင် ချောက်ကမ်းပါးမှလူအား ထိခိုက်သွားသည်ကို ကြည့်ပြီး ထိုသူ၏ အစွမ်းအား ခန့်မှန်း၍ ရသွားသည်။
“ဘာလဲ …”
ရှဖန်တို့ မောင်နှမသုံးယောက်သည် ရဲချန်ဖန်၏ ဓားအလင်းတန်းများကို ကြည့်ပြီး သူတို့ထံ လျှောက်လာနေသော ရဲချန်ဖန်ကို သရဲတစ္ဆေ မြင်ရသည့်ပုံနှယ် မျက်လုံးများ ပြူးကျယ်ကာ စကားမပြောနိုင်ဘဲ စိုက်ကြည့် နေကြလေသည်။
“ခွေးကောင် မင်းက ငါ့ကို ထိခိုက်အောင်လုပ်ရဲတယ် …”
အနက်ရောင် ချောက်ကမ်းပါးမှ ထိပ်ပြောင်သည် သူ့ကို ရဲချန်ဖန်မှ ထိခိုက်အောင် လုပ်နိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။ ထိပ်ပြောင်သည် သူ့ရဲ့ ဝိညာဉ်သားရဲ အနက်ရောင် သစ်ကြုတ်ကြီး (ကျားနက်)ကြီးကို ဆင့်ခေါ်လိုက်ပြီး ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲကာ ဒဏ်ရာရနေသော သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်လေသည်။
ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ပေါင်တစ်ထောင်ကျော် လေးသော ရွှေအိုရောင် အလင်းများ ထွက်နေသည့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် အေဖေးဓားသွားက ရှည်မျောမျောနှင့် ဓားကြီးကို ထုတ်ယူလိုက်လေသည်။
“အေဖေးဓား …”
ထိပ်ပြောင်လက်ထဲမှ လက်နက်ကိုကြည့်ပြီး ရဲချန်ဖန် မျက်လုံးအရောင် တောက်သွားလေသည်။
ရဲချန်ဖန်လို ဝိညာဉ်စွမ်းအင်ရော၊ ခန္ဓာကိုယ်စွမ်းအင် နှစ်ခုလုံး လေ့ကျင့်ထားသူသည် ထိပ်ပြောင် လက်ထဲကလို လေးလံသည့် ဓားများကို လက်ရှိအချိန်တွင် အလိုအပ်ဆုံးနှင့် အသင့်တော်ဆုံး လက်နက် ဖြစ်သည်။
“မင်းတို့က အခုထိ ဘာရပ်လုပ်နေတာလဲ။ အမြန်ဆုံး ထွက်သွားကြတော့”
အံ့အားသင့်၍ ရပ်ကြည့်နေသော ရှဖန်တို့ မောင်နှမသုံးယောက်ကို ထွက်သွားရန် သတိပေး လိုက်လေသည်။
“ငါတို့ မင်းကို ကူတိုက်ပေးမယ်”
ရှဖန်က အစွမ်းထက်သော အော်ရာများ ထွက်နေသော ဓားကိုထုတ်လိုက်ပြီး ထိပ်ပြောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
“သူ့ကို ငါတစ်ယောက်တည်းနဲ့ နိုင်တယ်။ မင်းတို့ ငါ့ကိုကူညီချင်ရင် မင်းတို့ ထွက်သွားကြတော့”
“ဒါဆိုလည်း ဂရုစိုက်ပါ”
ရှဖန်က ရဲချန်ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး အဆင်မပြေသလို ခံစားလိုက်မိသည်။ သူသည် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်နေသည့် ရှယွမ်နှင့် ရှလင်းတို့ကို ခေါ်၍ ထွက်ခွာသွားလေသည်။
“မင်းတို့က ဘယ်ပြေးမလို့လဲ”
ထိပ်ပြောင်သည် ရှဖန်တို့ မောင်နှမသုံးယောက် ထွက်ပြေးတော့မည်ကို မြင်သောအခါ အေဖေးဓားကို ဝှေ့ယမ်းလိုက်ပြီး ထွက်မပြေးနိုင်အောင် တားဆီးရန် ကြိုးစားလိုက်သည်။
“မင်းပြိုင်ဘက်က ငါပဲ”
အနက်ရောင် ချောက်ကမ်းပါးမှလူမှာ လှုပ်ရှားလိုက်သည်နှင့် ရဲချန်ဖန်က ထိပ်ပြောင်ရှေ့တွင် ပေါ်လာပြီး ဓားကွက်များကို တရစပ် ထုတ်သုံးလိုက်ရာ ထိပ်ပြောင်က ပြန်ခုခံနေရပြီး ရှဖန်တို့ မောင်နှမ ထွက်ပြေးသည်ကို မတားဆီးနိုင်တော့ပေ။
“မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ထိပ်ပြောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ အေဖေးဓားဖြင့် ခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။
“ပေါင်ခုနစ်သောင်းကျော်စွမ်းအား”
ထိပ်ပြောင်မှ အပြင်းအထန် တိုက်ခိုက်လာသဖြင့် ရဲချန်ဖန်မှာ မရှောင်တိမ်းတော့ဘဲ သူ၏ ဓားကျိုးကို အသုံးပြု၍ သူ့ခန္ဓာကိုယ် စွမ်းအားကို အကုန်သုံးပြုကာ ပြန်တိုက်ခိုက် လိုက်လေသည်။
အစွမ်းထက်သော လက်နက်များက ထိပ်တိုက် တွေ့ဆုံသွားသဖြင့် အဆုံးမဲ့သော ပေါက်ကွဲလှိုင်းများ ထွက်လာသလိုပင် ရှေးဟောင်း သစ်ပင်ကြီးများသည် ပြိုလဲသွားပြီး နှင်းရေခဲတုံးကြီးများသည်လည်း အငွေ့ပျံသွားလေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဘာလို့ အဲဒီလောက် ခွန်အားကြီး နေရတာလဲ”
ပြင်းထန်လှသော တန်ပြန်အားကို အေဖေးဓားဆီမှ ခံစားလိုက်ရပြီး သူ့လက်များပင် ထုံကျင်သွားပြီး အေဖေးဓား မျက်နှာပြင်မှ ဝိညာဉ်အကာအကွယ်များပင် ကွဲပျက်သွားသည်။
ပြင်းထန်သော တန်ပြန်အားကြောင့် ရဲချန်ဖန်လည်း မသက်မသာ ဖြစ်သွားသည်။ သူသည် ထိပ်ပြောင်၏စွမ်းအားက ထိုမျှပြင်းထန်နေမည်ဟု မမျှော်လင့်ထားပေ။ ကြောက်မက်ဖွယ် အေဖေးဓားက သူ၏ဓားအင်အားကို ဖျက်ချေလိုက်ရုံ သာမကပဲ သူ့ကိုပဲ တုန်လှုပ်သွားအောင် လုပ်နိုင်လေသည်။ သူအနည်းငယ် တည်သွားလေသည်။
“အရိပ်မဲ့သဏ္ဌာန်ပြောင်း …”
ထိပ်ပြောင်ဆီမှ ကြောက်မက်ဖွယ် စွမ်းအားကို ကြုံလိုက်ပြီး သူတိုက်ခိုက်သည့် နည်းလမ်းကို ပြောင်းလိုက်လေသည်။ သူသည် အရိပ်မဲ့သိုင်းကို သုံးပြီး သူ့မြန်နှုန်းကို အမြင့်ဆုံး အဆင့်သို့ တင်လိုက်ပြီး အသာစီး ယူလိုက်လေသည်။
အရိပ်များက နေရာအနှံ့တွင် ရောက်ရှိနေပြီး ထိပ်ပြောင်ကို မမျှော်လင့်နိုင်သည့် နေရာပေါင်းစုံမှ တိုက်ခိုက်နေသည်။ ထိပ်ပြောင်၏ အစွမ်းမှာလည်း အံ့ဩဖွယ်ရာ ထက်လှသော်လည်း ရဲချန်ဖန်၏ မြန်နှုန်းကြောင့် သူအရေးနိမ့် လာနေသည်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်သည် ဒဏ်ရာ ရထားသဖြင့် ထိပ်ပြောင်သည် တဖြည်းဖြည်း ခုခံကာကွယ်သည့် အနေအထား ဖြစ်နေရလေသည်။
“ဒီခွေးကောင်လေးက ဘာလို့ တိုက်ခိုက်ရတာ ဒီလောက်ခက်ရတာလဲ”
ထိပ်ပြောင်၏ ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာပေါ်တွင် အဆက်မပြတ် ဓားဒဏ်ရာများ ဖြစ်ပေါ်နေပြီး သူသာ အခု မထွက်ခွာနိုင်ပါက နောက်ထပ် အချိန်အနည်းငယ်၌ပင် သူ့အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်သည်ဟု ခံစားလာရသည်။
“ခွေးကောင်လေး ဒီနေ့ မင်းကို အသက်ချမ်းသာ ပေးလိုက်မယ်”
ထိပ်ပြောင်က နောက်သို့ ခုန်ဆုတ်လိုက်သည်။
“ငါကတော့ မင်းရဲ့အသက်ကို နုတ်ယူချင်နေပြီ”
ရဲချန်ဖန်က ထိပ်ပြောင် နောက်ဆုတ်၍ စကားပြောနေစဉ် သူ၏ သွေးဥထဲမှ ဝိညာဉ်စွမ်းအင်များကို ဓားအင်အားနှင့် ပေါင်းစပ်၍ ဓားကျိုးဖြင့် တိုက်ခိုက်လိုက်လေသည်။ ထိပ်ပြောင်နှင့်လူသည် သူနဲ့နီးကပ်နေသော ရဲချန်ဖန်၏ တိုက်ကွက်ကို မရှောင်တိမ်းနိုင်တော့ပေ။ သူသည် ရဲချန်ဖန်မှာ ဤမျှ အစွမ်းထက်သော အကွက် ကျန်နေမှန်း မထင်မှတ်ထားပေ။ လျှပ်တစ်ပြက် အတွင်းပင် ထိပ်ပြောင်ခန္ဓာကိုယ်ရှိ သားရဲချပ်ဝတ် တန်ဆာ၏ ကာကွယ်မှုက ကျိုးပြတ်သွားပြီး သွေးများစွာ ကျဆင်းလာသည်။
“ဝိညာဉ်စုပ်သိုင်း စုပ်ယူစမ်း”
ရဲချန်ဖန် ဓားက ထိပ်ပြောင်ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေပြီးနောက် ရဲချန်ဖန်သည် ချက်ချင်း ဆိုသလို ထိပ်ပြောင် ဘေးနားတွင် ပေါ်လာကာ ထိပ်ပြောင်ခေါင်းကို ဆွဲဖမ်းလိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို အသုံးပြုလိုက်ရာ ထိပ်ပြောင်၏ ဝိညာဉ်သားရဲမှာ ပျောက်ကွယ် သွားလေသည်။ ထို့နောက် ထိပ်ပြောင်၏ အေဖေးဓားနှင့် သိုလှောင်အိတ်ကို သိမ်းယူလိုက်သည်။ ပြီးလျှင် ထိပ်ပြောင်၏ အလောင်းကို ဖျောက်ဖျက်လိုက်ပြီး ထိုနေရာမှ အလင်းတန်းလိုပင် ပျောက်ကွယ် သွားလေသည်