အခန်း (၉၆)
အမြင်ကတ်ပုဒ်မ
“ဟူး … နောက်ဆုံးတော့ နှင်းတောင်ကို ရောက်ပြီ”
ကျောက်စိမ်းနက်က ဓားအင်အားနှင့် ဖိနှိပ်ခံထားရကာ အလွန်ကြောက်လန့်ပြီး နေ့ရော၊ ညပါ မရပ်မနား အစွမ်းကုန် ပျံသန်းခဲ့သဖြင့် နှင်းတောင်ကို ရဲချန်ဖန် ငါးရက်အတွင်း ရောက်သွားလေသည်။
မြင်မြင်သမျှမှာ နှင်းများနှင့် ဖုံးလွှမ်းနေပြီး သူသည် မြေပုံအညွှန်းနှင့် ပတ်ဝန်းကျင်ကို တိုက်ပြီး သူဘယ်ရောက်နေသည်ကို ရှာဖွေနေလေသည်။ နှင်းတောင်မှာ မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး ရဲချန်ဖန်တွင် ရှိနေသော မြေပုံမှာ နှင်းတောင် တစ်ခုလုံး၏ မြေပုံမဟုတ်ဘဲ နှင်းတောင်၏ အစိတ်အပိုင်းလေး ဖြစ်သော ရေခဲဝိညာဉ် တောင်ထွတ် တစ်ခုသာ ပါဝင်လေသည်။ အေးခဲဝိညာဉ်စမ်းရေသည် သူရယူပိုင်ဆိုင်ရမည့် အရာဖြစ်သည်။ သို့သော် နှင်းတောင်သည် အလွန်ကြီးမား ကျယ်ပြန့်လွန်းပြီး အစအဆုံး မရှိသကဲ့သို့ပင်။ သူသည် အေးခဲဝိညာဉ်စမ်းရေကို ရှာဖွေရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
“အင်း တတ်နိုင်သမျှ သွားရှာကြည့်ရမှာပဲ”
ရဲချန်ဖန်လက်က ကျောက်စိမ်းနက် ခေါင်းပေါ်တင်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်ရန် အမိန့်ပေး လိုက်လေသည်။ ရဲချန်ဖန်သည် မြေပေါ်သို့ ခုန်ဆင်းလိုက်သည်နှင့် ကျောက်စိမ်းနက်က တောင်ပံများ အပြင်းအထန် ခတ်ကာ ရဲချန်ဖန်လက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ဓားအလင်းရောင်က လင်းလက်သွားပြီး ကျောက်စိမ်းနက်ခေါင်းကို ထိမှန်သွားရာ တစ်ချက်တည်းနှင့် သေဆုံးသွားလေသည်။ ကျောက်စိမ်းနက် သေဆုံးသွားသည်နှင့် ချက်ချင်းပင် ကျောက်စိမ်းနက်၏ ကိုယ်ကို အစိတ်စိတ် ပိုင်းဖြတ်လိုက်ပြီး အသားများကို သိုလှောင်အိတ်ထဲ ရိက္ခာအဖြစ် သိုလှောင် ထားလိုက်သည်။ ထို့နောက် အဆုံးမဲ့နှင်းတောင်ထဲ စတင် ဝင်ရောက် လိုက်လေသည်။
“ငါဘယ်နားမှာ ရေခဲဝိညာဉ်တောင်ထွတ်ကို လိုက်ရှာရမလဲ”
ရဲချန်ဖန်သည် တစ်နာရီကျော်ခန့်မျှ လျှောက်သွားလိုက်သော်လည်း မြင်ကွင်းမှာ ပြောင်းလဲခြင်း မရှိဘဲ နေရာအနှံ့ နှင်းများဖြင့် ပြည့်နှက်နေလေသည်။ မြေပုံတွင် ဖော်ပြထားသည့် ရေခဲဝိညာဉ်တောင်ထွတ်ကို လိုက်ရှာရန် အလွန်ပင် ခက်ခဲလှသည်။
အေးခဲဝိညာဉ်စမ်းရေက သူ့အတွက် အလွန် အရေးကြီးလှသည်။ သူသာ ရှာတွေ့နိုင်ပါက ကောင်းကင်ကျင့်စဉ်ကို နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည် ဖြစ်သည်။ သူက အခြေခံသည် အလွန်ခိုင်မာသွားမည်ဖြစ်ပြီး မြေကမ္ဘာသားရဲစစ်သူကြီး ပထမအဆင့်ပင် ရောက်ရှိသွားနိုင်သည်။
“အင်း မှောင်တောင် မှောင်လာနေပြီ။ ဒီညအတွက် နားခိုဖို့ နေရာတစ်နေရာ ရှာမှပဲ”
နှင်းတောင်ထဲတွင် နာရီပေါင်းများစွာ လမ်းလျှောက်နေပြီးနောက် တဖြည်းဖြည်း ညအချိန် ရောက်လာလေသည်။ နှင်းတောင်၏ အဆင့်နိမ့် သားရဲများ၏ အသံကို စတင်ကြားနေရပြီး ရဲချန်ဖန်သည် သူနားခိုရန် နေရာကို အလျင်အမြန် ရှာဖွေလိုက်သည်။
နှင်းများ ထူထပ်စွာ ဖုံးလွှမ်းနေသော တောအုပ်လေးထဲကို ရဲချန်ဖန် ဝင်လိုက်စဉ် တောအုပ်ထဲတွင် မီးပုံလေး ဖိုထားသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ညအမှောင်ထဲတွင် ထိန်လင်းနေသည့် အလင်းမှာ တောက်ပနေသဖြင့် အဝေးကပင် မြင်နေရသည်။
“အင်း ဒီမှာ လူတွေရှိနေတာပဲ”
ရဲချန်ဖန်သည် အဝေးတွင် ရှိနေသော မီးပုံလေးကိုကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် မီးပုံလေးရှိရာဆီ လျှောက်သွားလိုက်သည်။
မီးပုံနားကို တဖြည်းဖြည်း ချဉ်းကပ်သွားစဉ် မီးပုံဘေးတွင် ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး နှစ်ယောက် ထိုင်နေသည်ကို မီးအလင်းရောင်အောက်၌ တွေ့လိုက်ရလေသည်။ သူတို့ အဝတ်အစားများကို ကြည့်ပြီး သူတို့သည် ချမ်းသာသော ကလန်မှ မွေးဖွားလာသည်ကို ပြောနိုင်လေသည်။
“ဘယ်သူလဲ”
တိုးညင်းသော လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် တိရစ္ဆာန်အရေခွံဖြင့် လုပ်ထားသည့် ဝတ်စုံဝတ်ထားပြီး ရှည်လျားသော မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်း အမျိုးသားက သူ့လက်ထဲတွင်ရှိသော လက်နက်ကို သတိနှင့် ကိုင်မြှောက်လိုက်ကာ ပြင်းထန်သော အော်ရာကို ထုတ်လွှင့်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
လူလတ်ပိုင်း အမျိုးသား၏ အော်ဟစ်သံကြောင့် သူ့ဘေးတွင် ရှိနေသော မိန်းမချောလေး နှစ်ယောက်က ချက်ချင်းပင် သတိဝင်လာပြီး သူတို့လက်နက်များကို ထုတ်ယူလိုက်လေသည်။
“ခင်ဗျားတို့သုံးယောက် ကျွန်တော့်ကို အပြစ်မမြင်ပါနဲ့။ ကျွန်တော်က ဒီနားကို ဖြတ်သွားနေတုန်း မီးပုံကိုတွေ့လို့ ရောက်လာတာပါ”
ရဲချန်ဖန်က ဖြည်းညင်းစွာ လျှောက်သွားပြီး အပြုံးနှင့် ပြောလိုက်လေသည်။ ငယ်ရွယ်ပြီး သားရဲသခင် ဆဋ္ဌမအဆင့်သာ ရှိသေးသော ရဲချန်ဖန်ကိုကြည့်ပြီး သူတို့သုံးယောက်မှာ စိတ်အနည်းငယ် အေးသွားပုံ ပေါ်သည်။
“မင်းက သားရဲသခင် ဆဋ္ဌမအဆင့်နဲ့ နှင်းတောင်ထဲမှာ ညအချိန် လျှောက်သွားရဲတယ် ဟုတ်လား … မင်း သေချင်နေတယ်လို့တော့ ငါမထင်ဘူး”
အဖြူရောင်မြေခွေး၏ သားမွေးကို ဝတ်ဆင်ထားသော မိန်းမချောလေးက ရဲချန်ဖန်ကို အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။ သူတို့၏ အထိမ်းအမှတ် ဆွဲပြားကို လည်ပင်းတွင် ဝတ်ဆင်ထားပြီး တည်ငြိမ်ဟန်ရှိသော အမျိုးသားက မီးရောင်အောက်တွင် အလွန်ခန့်ညားနေသည်။ မိန်းမချောလေး နှစ်ယောက်မှာမူ မရယ်မပြုံးနှင့် ရုပ်သေကြီးများဖြင့် ရဲချန်ဖန်ကို ကြည့်နေကြလေသည်။
“ယွမ် အဲလိုမပြောရဘူးလေ။ ကျွန်မညီမက စိတ်ထဲရှိတာ ပြောတတ်လို့ပါ ဗွေမယူပါနဲ့”
အနက်ရောင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်နှင့် မျက်နှာထားမှာ ချိုသာသော နောက်ထပ် မိန်းမချောလေးက တောင်းပန်သံလေးနှင့် ပြောလိုက်လေသည်။
“ရပါတယ် …”
“ညီလေး ပုံမှန်အတိုင်းတောင် ဒီနှင်းတောင်က အန္တရာယ်များတယ်။ ခုညီလေးက တစ်ယောက်တည်း ဝင်လာတာ အရမ်းကို အန္တရာယ်များတယ်ကွ”
အမျိုးသားက ရဲချန်ဖန်ကို ဂရုတစိုက်ကြည့်ပြီးနောက် တီးတိုးလေး ရေရွတ်လိုက်သည်။
“ကျွန်တော်က နှင်းတောင်ရဲ့ လျှို့ဝှက်မြေပုံ ရထားလို ကျွန်တော့်ကံကို လာစမ်းသပ်တာပါ။ ဒီနှင်းတောင်က ဒီလောက်ကြီးမယ်လို့ မထင်မိဘူး”
ရဲချန်ဖန်က မြေပုံအညွှန်းကို သူတို့ကိုပြလိုက်ပြီး သူတို့ဘယ်သူလဲဆိုတာ သိအောင် စမ်းသပ် ကြည့်လိုက်သည်။ သူ နှင်းတောင်၏ တည်နေရာ အသေးစိတ် မြေပုံများ ရမလားဟု တိတ်တခိုး မျှော်လင့်နေသည်။
“လျှို့ဝှက်မြေပုံ ဟုတ်လား”
သူတို့သည် အစွမ်းသိပ်မထက်သော်လည်း နှင်းတောင်အနီး တစ်ဝိုက်မှ ကလန်များ ဖြစ်ကြသဖြင့် နှင်းတောင်၏ ဒဏ္ဍာရီ တော်တော်များများကို ကြားဖူးကြလေသည်။ တကယ်ပင် နှင်းတောင်တွင် ရတနာနှင့် ပတ်သက်သော ဒဏ္ဍာရီများက တော်တော်များများကို ရှိနေပေသည်။
ယွမ်အာဟုခေါ်သော မိန်းမချောလေးက ရဲချန်ဖန်၏ လျှို့ဝှက်မြေပုံကို စိတ်ဝင်စားပြီး ရဲချန်ဖန်နား တိုးကပ်လာက မြေပုံကို လုယူကြည့်ရှု လိုက်လေသည်။
“ယွမ်အာကို အားလုံးက ငယ်ငယ်တည်းက အလိုလိုက်ထားတော့ သူက နည်းနည်း စိတ်ဆတ်တယ်။ ညီလေး သူ့ကို စိတ်ထဲ မထားပါနဲ့”
အမျိုးသားက လုံးဝပင် တစ်ဖက်သားကို ဂရုမစိုက်ပဲ လုပ်တတ်သည့် ယွမ်အာကိုကြည့်ပြီးနောက် ရဲချန်ဖန်ကို တောင်းပန်လိုက်သည်။
“ရပါတယ်”
ရဲချန်ဖန် အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
“ညီလေး မင်း အလျင်မလိုဘူးဆိုရင် ဒီမှာလာပြီး ထိုင်နားပါဦး။ ညဆို နှင်းတောင်က အရမ်း အန္တရာယ်များတယ်။ ပြီးတော့ မင်းက တစ်ယောက်တည်းရယ်”
အမျိုးသားက ရဲရင့်သောဟန်နှင့် ပြောလိုက်လေသည်။
“ဒါဆိုလည်း အားမနာတော့ဘူးဗျာ”
ရဲချန်ဖန်က အသေးအဖွဲလေးများကို တေးမှတ်ထားတတ်သူ မဟုတ်ပေ။ သူက ရတနာမြေပုံရှိ တောင်ထွတ်ကို ထိုလူသုံးယောက်က သိသလားဟု သိချင်နေလေသည်။ ထို့ကြောင့် သူ မီးပုံဘေးသို့ လျှောက်လာပြီး ထိုင်ချလိုက်လေသည်။
“ငါ့နာမည်က ရှဖန်။ မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့်ပဲ။ သူတို့က ငါ့ညီမတွေ။ သူက ရှယွမ်။ သူက ရှလင်းပဲ။ သူတို့က မြေကမ္ဘာသားရဲစစ်သူကြီး ပထမအဆင့်ကို ရောက်နေကြပြီ”
အမျိုးသားက သူတို့ကို မိတ်ဆက် ပေးလိုက်လေသည်။
“ဖန်ချန် မင်းက တစ်ကိုယ်ရေကျင့်ကြံသူလား”
“ဖန်ချန် မင်းဟာက ဒီဟာ ရတနာမြေပုံဆိုတာ သေချာရဲ့လား”
ရှယွမ်က မြေပုံထဲတွင် ထူးခြားသော အမှတ်အသားများ မပါဝင်သည်ကို တွေ့လိုက်သောအခါ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ကျွန်တော့်ကို ဒီမြေပုံအညွှန်း ရောင်းလိုက်တဲ့ သူကတော့ ဒီမြေပုံက တကယ် နှင်းတောင်ရဲ့ လျှို့ဝှက်မြေပုံလို့ ပြောတယ်”
ရဲချန်ဖန်က ခေါင်းညိတ်လိုက်လေသည်။
“ဝယ်လာတာလား”
ရှယွမ်က ရဲချန်ဖန်ကို အထင်သေးဟန်ဖြင့် မေးလိုက်သည်။ သူမက အကြမ်းဖျင်းအားဖြင့် ရဲချန်ဖန်လက်ထဲမှ မြေပုံသည် အတုဖြစ်သည်ဟု ပြောနိုင်လေသည်။
“အစ်ကိုကြီး ရေခဲဝိညာဉ်တောင်ထိပ်ကို ကြားဖူးလား မသိဘူး”
ရဲချန်ဖန်က ရှယွမ်ကို လျစ်လျူရှုလိုက်ပြီး မေးမြန်းလိုက်သည်။
“ဟင့်အင်း။ ငါတို့ ရေခဲဝိညာဉ်တောင်ထိပ်ကို မကြားဖူးဘူး။ ဒီနှင်းတောင်က အရမ်းကို ကြီးမား ကျယ်ပြန့်လွန်းတယ်။ နှင်းတောင်ရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ ရေခဲဝိညာဉ်တောင်ထိပ် ရှိရင်လည်း ရှိနိုင်တယ်”
ရှဖန်က ခေါင်းခါလိုက်သည်။
“ဘယ်နားမှာရှိနေတာလဲ ရေခဲဝိညာဉ်တောင်ထိပ်က”
ရေခဲဝိညာဉ်တောင်ထိပ်ကို ရှဖန်တို့ မကြားဖူးကြောင်း သိလိုက်သောအခါ ရဲချန်ဖန် စိတ်ပျက် လက်ပျက် ဖြစ်သွားမိသည်။
“ချန်ဖန် မနက်ဖြန် မနက်ကျရင် ငါတို့က နှင်းတောင် အတွင်းပိုင်းကို ဆက်သွားကြမှာ။ မင်း လက်မလျှော့သေးရင် ငါတို့နဲ့ လိုက်လာလို့ ရတယ်။ တစ်ဦးကိုတစ်ဦး စောင့်ရှောက် ပေးနိုင်တာပေါ့ကွာ”
ရှဖန်က ရင်းနှီးဖော်ရွေစွာ ဖိတ်ခေါ်လိုက်သည်။
“အစ်ကိုကြီး ဘာလို့ သူ့ကိုခေါ်မှာလဲ။ သူအန္တရာယ်ကြုံရင် ညီမတို့က ကူညီနေရမှာလား”
ရှယွမ်က မကျေမနပ်နှင့် ပြောလိုက်လေသည်။ သူက သူမတို့နှင့်အတူ ရဲချန်ဖန် လိုက်လာမည်ကို မကြိုက်ပေ။
“စိတ်ချပါ ကျွန်တော် မနက်ဖြန်မနက်ကျရင် ထွက်သွားပါ့မယ်”
ရှဖန်တို့က ရေခဲဝိညာဉ်တောင်ထိပ်ကို ကြားဖူးခြင်းမရှိ၍ ရဲချန်ဖန်က သူတို့နဲ့အတူ ခရီးအတူ ဆက်သွားရန် အစီအစဉ်မရှိပေ။
“အစ်ကိုတို့သုံးယောက် ကျွန်တော် နည်းနည်း ပင်ပန်းနေပြီ။ ကျွန်တော် သွားအနားယူတော့မယ်”
ထို့နောက် ရဲချန်ဖန်က နှင်းများဖုံးနေသည့် ရှေးဟောင်း သစ်ပင်ကြီးအောက် သွားထိုင်ကာ အနား ယူနေလေသည်။
“ဟင်း ဒီကောင်က ဘယ်လောက်တော်နေလို့ ကြီးကျယ်နေရတာလဲ မသိဘူး…”
ရှယွမ်က ရဲချန်ဖန်ကို သူတို့နောက် မလိုက်လာစေချင်သော်လည်း ရဲချန်ဖန်က သူတို့ကို လိုက်ခွင့်ရရန် မတောင်းဆိုဘဲ ရှဖန်၏ တောင်းဆိုချက်ကို ငြင်းပယ် လိုက်သောအခါ သူမက မသက်မသာ ခံစားလိုက်ရသည်။ သူမသည် ရဲချန်ဖန်ကိုကြည့်လေ ပို၍ ကြည့်မရလေ ဖြစ်လာနေသည်။
ညအချိန်က တဖြည်းဖြည်း ကုန်လွန်ကာ မိုးသောက်ယံသို့ ရောက်လာသည်။ ရုတ်တရက် နှင်းများ ဖုံးလွှမ်းနေသော ရဲချန်ဖန် မျက်လုံးများက ပွင့်လာသည်။ သူ၏ အစွမ်းထက်သော စိတ်အာရုံက သူတို့နား မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့် တစ်ယောက် ချဉ်းကပ် လာနေသည်ကို အာရုံခံမိလိုက်သည်။ သူတို့နှင့် အလွန်နီးကပ်နေပြီဖြစ်သည်