Switch Mode

Chapter – 95

ပြီးပြည့်စုံသောဓားချက်

အခန်း (၉၅)
ပြီးပြည့်စုံသောဓားချက်

“မရတော့ဘူး။ ဒီရဲချန်ဖန်က အစွမ်း အရမ်းထက်တယ်။ ငါတို့ သူ့ကို မတားဆီးနိုင်တော့ဘူး။ ဒုတိယသခင်ကြီးကို ဆက်သွယ်ပြီး ဆရာနှစ်ယောက်ကို လာကူဖို့ အကူအညီ တောင်းမှရမယ်”

သူတို့က အရေအတွက် များသော်လည်း ရဲချန်ဖန်မှာ အလွန် အစွမ်းထက်နေလေသည်။ ဓားအင်အားက သူတို့တိုက်ခိုက်မှုများကို ဖျက်ဆီးပြီး သူတို့အသက်များကို အဆက်မပြတ် နုတ်ယူနေလေသည်။

“သေကုန်ပြီ”

ရှန်းတုကလန်က လူများပိတ်ဆို့မှုမှာ ပေါက်ထွက်နေသော်လည်း ရဲချန်ဖန်က ထွက်မသွားပေ။ သူ့ခန္ဓာကိုယ်က အဆက်မပြတ် လှုပ်ရှားနေပြီး သူ့ဓားချက်များက နေရာအနှံ့ ရောက်ရှိနေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရှန်းတုကလန် တန်ခိုးရှင်လေးဦး သေဆုံးသွားသည်။ ရဲချန်ဖန်သည် ရှန်းတုကလန်မှ လူများကို အဆက်မပြတ် သတ်ဖြတ်နေစဉ် ရှန်းတုကလန်သားများက ကြောက်ရွံ့လာပြီး ခဲမှန်သော စာသူငယ်လို နောက်သို့ ဆုတ်နေကြလေသည်။

တစ်ကိုယ်လုံးမှာ မည်းနက်နေပြီး မျက်လုံးများမှ ဓားကဲ့သို့ စူးရှသော အလင်းရောင်ထွက်နေသော ငါးမီတာကျော် ရှည်သော ငှက်ကြီးက သူ၏ကြီးမားလှသော တောင်ပံများကို ဖြန့်ကျက်ပြီး အလျင်အမြန် ပျံသန်းလာနေသည်။

ငှက်ကြီး၏ကျောပေါ်တွင် ဝတ်စုံနက်နှင့် အလွန်အေးစက်သော အမူအရာရှိပြီး အလွန်နီမြန်းသော အရောင်ထွက်နေသော တုတ်တံကို ကိုင်ဆောင်ထားသော အသက်လတ်ပိုင်း ယောက်ျားကြီးသည် ပြင်းထန်လှသော အော်ရာများ ထုတ်လွှင့်လျက် လိုက်ပါလာသည်။

“ကျောက်စိမ်းနက်လာနေပြီ”

အနက်ရောင် သိမ်းငှက်ကြီးကို ကြည့်ပြီး ရဲချန်ဖန်မှာ အံ့ဩသွားသည်။ သူလက်ရှိ အလိုအပ်ဆုံးမှာ ကျောက်စိမ်းနက်ကဲ့သို့ လေပေါ်တွင် အချိန်အကြာကြီး ပျံသန်းခရီးသွားနိုင်သော သားရဲဖြစ်သည်။

“ရဲချန်ဖန် မင်းက ငါတို့ရှန်းတုကလန်က လူတွေကို သတ်ရဲတယ် ဟုတ်လား။ ငါမင်းကို သတ်မယ်”
လူအယောက် နှစ်ဆယ်နီးပါး သွေးအိုင်ထဲတွင် လဲကျသေဆုံး နေသည်ကို တွေ့လိုက်သောအခါ ရှန်းတုကလန်၏ ဒုတိယ သခင်ကြီးသည် ဒေါသတကြီးနှင့် ကျောက်စိမ်းနက်ပေါ်မှ ခုန်ဆင်းလာပြီး သွေးနီရောင်တုတ်ဖြင့် ရဲချန်ဖန်ကို ထိုးစိုက်လိုက်သည်။

“မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့် …”

ရှန်းတုကလန်က ဒုတိယသခင်ကြီး၏ စွမ်းအားကို ခံစားမိပြီး ရဲချန်ဖန်က နည်းနည်း အလုပ်ရှုပ်တော့မည်ဟု ခံစားလိုက်မိသည်။ သူက ကျောက်စိမ်းနက်ကို ရယူရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သူ ရှန်းတုကလန်၏ ဒုတိယသခင်ကြီးကို သတ်နိုင်မှသာ ကျောက်စိမ်းနက်ကို ရယူရန် အခွင့်အရေးရှိပေလိမ့်မည်။

“ဓားအင်အား …”

ရဲချန်ဖန်က ဓားအင်အားကို ရုတ်တရက် အသုံးပြုလိုက်သည်။ ဓားအင်အားက ဓားကျိုးထဲ အနည်းငယ် ဝင်ရောက်သွားပြီး ဓားကျိုးဆီမှ ပြင်းထန် ထက်မြိလှသော ဓားရောင်က ထွက်ပေါ်လာလေသည်။ တုတ်တံတိုက်ကွက်ကို ဓားကျိုးဖြင့် ခုခံလိုက်ရာ ရဲချန်ဖန်ကိုယ်မှာ တုန်ခါသွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရလေသည်။ သူ့ခြေရာများသည် မြေပေါ်တွင် ကျန်ရစ်နေလေသည်။

ရှန်းတုကလန်၏ ဒုတိယသခင်ကြီးလည်း ဓားအင်အား၏ တုံ့ပြန်မှုကို ခံစားလိုက်ရပြီး သူတုတ်တံ ကိုင်ထားသော လက်မှာ တုန်ခါနေသည်။ လက်မှာ ထုံကျင်သွားပြီး သွေးများက ပြင်းထန်စွာ ခုန်နေလေသည်။

“သူတိုက်ခိုက်တာ ဘာလို့ အဲဒီလောက် အစွမ်းထက် နေရတာလဲ”

သူ့လက်ပင် ထုံကျင်သွားသဖြင့် ရှန်းတုကလန်၏ ဒုတိယသခင်ကြီးသည် သူ့နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်သွားမိသည်။ သူ လက်မခံနိုင် ဖြစ်နေမိသည်။ ရဲချန်ဖန်မှာ သားရဲသခင် ဆဋ္ဌမအဆင့်သာ ရှိနေသေးရာ သူလိုလူမျိုးနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်မှာ မဖြစ်သင့်ပေ။

“ဓားအင်အား …”

ရဲချန်ဖန်ဆီမှ ကြောက်မက်ဖွယ် ဓားအင်အားက ထပ်မံထွက်ပေါ်လာလေသည်။

“ဟား …”

လေထုကို ဓားအင်အားက ဖောက်ခွဲလာပြီး ရှန်းတုကလန် ဒုတိယသခင်ကြီး၏ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

ရှန်းတုကလန်၏ ဒုတိယသခင်ကြီး မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး ကြီးမားလှသော ဝိညာဉ်သားရဲကင်း မီးတောက်ကြီးက ပေါ်ထွက်လာသည်။ ထို့နောက် သူ့တိုက်ခိုက်မှုကို အစွမ်းကုန် တိုးမြှင့်ပေးလိုက်ပြီး အစွမ်းအထက်ဆုံးအားဖြင့် ပြန်လည် တိုက်ခိုက် လိုက်လေသည်။

ရှန်းတုကလန်၏ ဒုတိယသခင်ကြီး၏ တုတ်တံအရှိန်မှာ ပြင်းထန်လွန်းရာ လေထုပင် အက်ကွဲနေပြီး ရဲချန်ဖန်၏ ဓားအင်အား ဓားချက်ကို ထိမှန်သွားလေသည်။

ပြင်းထန်သော တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက် တွေ့မိသွားချိန်တွင် ကြီးမားလှသော ပေါက်ကွဲမှု လှိုင်းများ ဖြစ်ပေါ်လာလေသည်။ ကြီးမားလှသော ပေါက်ကွဲမှုကြောင့် မြေပြင်မှာ တုန်ခါနေပြီး နယ်စပ် နံရံကြီး၌ အက်ရာများ ဖြစ်ပေါ်လာနေသည်။

“အရမ်း အစွမ်းထက်တာပဲ။ သူတို့နှစ်ယောက်က အရမ်းအစွမ်းထက်တာပဲ။ ထိုးဖောက်လို့မရနိုင်တဲ့ နယ်စပ် ကျောက်နံရံကြီးတောင် အက်သွားပြီ”

“ဟုတ်တယ် သူဘယ်ကလာလဲ ငါမသိဘူး။ သူက ရှန်းတုကလန်၏ ဒုတိယသခင်ကြီးနဲ့တောင် လက်ရည်တူ တိုက်နိုင်တယ်”

“အရိပ်မဲ့သိုင်း …”

အကြမ်းတိုက်ခြင်းက သူ့အတွက် အရေးမသာ ဖြစ်နေရာ ရဲချန်ဖန်သည် ဗျူဟာပြောင်းလိုက်ပြီး သူ့ခြေထောက်ကို အလင်းလို လှုပ်ရှားလိုက်ပြီး သူ့အရိပ်များက ရှန်းတုကလန်၏ ဒုတိယသခင်ကြီးနား ချဉ်းကပ် တိုက်ခိုက်လိုက်သည်။
ရှန်းတုကလန်၏ ဒုတိယသခင်ကြီးကို ဒဏ်ရာရသွားစေရန် ရဲချန်ဖန်က အားများကို အစွမ်းကုန် ထုတ်သုံးလာပြန်သည်။ သူ၏ ဓားအင်အားက ဓားကျိုးနှင့် ပေါင်းစပ်လိုက်သဖြင့် ပို၍ အစွမ်းထက်လာနေပြီး ရှန်းတုကလန်၏ ဒုတိယသခင်ကြီး ကိုယ်ပေါ်တွင် ဓားဒဏ်ရာကြီး ဖြစ်ပေါ်လာကာ သွေးများ ထွက်လာသည်။

“ဝိညာဉ်သားရဲ …”

ကြောက်မက်ဖွယ် ဓားအင်အားကြောင့် ရှန်းတုကလန်၏ ဒုတိယသခင်ကြီးက ဝိညာဉ်သားရဲကို ထိန်းချုပ်ပြီး ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲလိုက်ကာ ရဲချန်ဖန်၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ထို့နောက် ရှန်းတုကလန်၏ ဒုတိယသခင်ကြီးက တုတ်တံကို ရိုက်ထုတ်လိုက်ရာ တုတ်အရိပ်က ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည့် ဟန်ဖြင့် ရဲချန်ဖန်ဆီ ဝင်ရောက်လာသည်။

“ပေါင်ခုနစ်သောင်းကျော်စွမ်းအား …”

ရှန်းတုကလန်၏ ဒုတိယသခင်ကြီး၏ တိုက်ခိုက်မှုကို ရဲချန်ဖန်က သူ့ခန္ဓာကိုယ် စွမ်းအားကို အစွမ်းကုန်ထုတ်ပြီး ဓားကျိုးဖြင့် ခုခံလိုက်လေသည်။

“ဒီကောင်လေးက လူရောဟုတ်ရဲ့လား။ ဘာလို့ သူ့မှာ ဒီလောက်ကြီးမားတဲ့ အစွမ်းရှိနေတာလဲ”

ရှန်းတုကလန်၏ ဒုတိယသခင်ကြီးသည် သူ၏တိုက်ခိုက်မှုကို ခုခံလိုက်နိုင်သဖြင့် အလွန်အံ့ဩ နေလေသည်။ ရဲချန်ဖန်၏ အစွမ်းအစကြီးမှုကို မြင်ရလေ သူသည် ရဲချန်ဖန်ကို သတ်ချင်လာလေ ဖြစ်သည်။ ရဲချန်ဖန်ကို ယနေ့ မသတ်နိုင်ပါက နောက်တွင် သူတို့ကလန် ပျက်စီးသွားမည်ကို ယုံကြည်လာလေသည်။

“သေစမ်းကွာ …”

ရှန်းတုကလန်၏ ဒုတိယသခင်ကြီးက သူ၏တစ်ကိုယ်လုံးမှ ဝိညာဉ်စွမ်းအင်များကို တုတ်တံထဲတွင် ဖြည့်သွင်းလိုက်ပြီး ရဲချန်ဖန်၏ ရင်ဘတ်ကို ထိုးလိုက်သည်။

ရှန်းတုကလန် ဒုတိယသခင်ကြီး၏ တုတ်တံမှာ သူ့ရင်ဘတ်ထဲ ဝင်လာသော်လည်း ရဲချန်ဖန် မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ နာကျင်ပုံလည်းမပြ၊ သွေးများလည်း စီးထွက်ခြင်းမရှိပေ။

“အခြေအနေမကောင်းဘူး။ ဒါက အရိပ်တွေပဲ”

ရှန်းတုကလန်၏ ဒုတိယသခင်ကြီး သတိထားမိ လိုက်ချိန်တွင် သူ့နောက်ကျော၌ အန္တရာယ်က ရောက်ရှိလာပြီ ဖြစ်သည်။ သူက ချက်ချင်းပင် နောက်လှည့်ပြီး ရဲချန်ဖန် ဆုတ်သွားစေရန် တုတ်ချက်များကို ရိုက်ထုတ်ရန် ကြိုးစားလိုက်သည်။

“ပြီးသွားပြီ”

ရှန်းတုကလန်၏ ဒုတိယသခင်ကြီး တုတ်ချက်မှာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ရဲချန်ဖန်က မရှောင်တိမ်းတော့ဘဲ ဓားဖြင့် တိုက်ခိုက်လိုက်သည်။ ဤဓားချက်မှာ ရဲချန်ဖန်၏ အစွမ်း အထက်ဆုံး အကွက်ဖြစ်ပြီး ဓားအင်အား၊ ခန္ဓာကိုယ်စွမ်းအား၊ သွေးဥမှ ဝိညာဉ်စွမ်းအင်များပါ ဖြည့်သွင်းထားခြင်း ဖြစ်သည်။ ဓားချက်မှာ ထွက်သွားပြီး ဓားနှင့်လူက တစ်သားတည်း ဖြစ်သွားသည်ဟု ထင်ရလေသည်။

ဓားက လူဖြစ်သွားပြီး၊ လူက ဓားဖြစ်သွားလေရာ ဓားချက်မှာ လုံးဝ ပြီးပြည့်စုံသွားသည်။

ဓားအလင်းက ကောင်းကင်ကို ဖြတ်သန်းပြီး ဝိညာဉ်သားရဲကို ဖြတ်ပိုင်းသွားကာ ရှန်းတုကလန် ဒုတိယသခင်ကြီး၏ကိုယ်ကို ထိမှန်သွားလေရာ ရှန်းတုကလန်၏ ဒုတိယသခင်ကြီးသည် နှစ်ပိုင်း ပြတ်သွားပြီး တစ်ခါတည်း သေဆုံးသွားလေသည်။ ရဲချန်ဖန်က ရှန်းတုကလန်၏ ဒုတိယသခင်ကြီး တုတ်ချက်ကို မရှောင်တိမ်းဘဲ တိုက်ခိုက် လိုက်သောကြောင့် တုတ်တံမှာ သူ့ဝမ်းဗိုက်ကို ထိမှန်သွားပြီး သွေးများစွာ ကျဆင်းလာသည်။

အချိန်က အလွန် အရေးကြီးနေသဖြင့် ရဲချန်ဖန် ဒဏ်ရာကို ဂရုမစိုက်နိုင်ဘဲ သူ့ခြေထောက်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး မြေပေါ်မှ ခုန်လိုက်ကာ ကျောက်စိမ်းနက်ကျောပေါ်သို့ တက်လိုက်လေသည်။

“သွားစမ်း …”

ရဲချန်ဖန်က အစွမ်းထက်သော ဓားအင်အားကို ထုတ်လွှင့်ပြီး ကျောက်စိမ်းနက်ကို ဖုံးလွှမ်းထားရာ ကျောက်စိမ်းနက်မှာ ရဲချန်ဖန်အမိန့်ကို မလွန်ဆန်ဝံ့ဘဲ လေထဲသို့ ပျံတက်လိုက်ပြီး ကောင်းကင်ထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset