အခန်း (၉၄)
ရှန်းတုဟန် သေဆုံးခြင်း
“ယုံရှန်ရှင်း နောက်ကျရင် မင်းကို ငါသတ်ပြမယ်”
လူအုပ်နှင့်အတူ ရော၍ စစ်ဆေးခံပြီးနောက် ခေါင်းငုံ့ပြီး ထူးခြားသော အဆောက်အဦများနှင့် ပြည့်နှက်နေသော ပိုင်လင်းမြို့ထဲ လျှောက်ဝင်လာခဲ့သည်။
ပိုင်လင်းမြို့ထဲ ပတ်ကာ ရဲချန်ဖန် နှင်းမြောက်နိုင်ငံတော် အပြင်ဘက်သို့ ထွက်ခွာရန် စီစဉ်စရာများ စီစဉ်နေလေသည်။ သူရရှိထားသော မြေပုံအညွှန်းအရ ဆိုလျှင် အေးခဲဝိညာဉ် စမ်းရေသည် နှင်းတောင်၏ အတွင်းပိုင်း တစ်နေရာတွင် ရှိနေသည်။ အေးခဲဝိညာဉ် စမ်းရေနှလုံးသားကို သူရရှိပြီး စုပ်ယူလိုက်ပါက ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် ကိုယ်အတွင်းပိုင်း အင်္ဂါများ သန်မာအောင် လေ့ကျင့်ခြင်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားမှာဖြစ်ပြီး အစွမ်းများ အလွန် တိုးတက်လာမည်ဖြစ်သည်။
သို့သော် နှင်းတောင်သည် ဇီကျင်နိုင်ငံနှင့် အလွန်ကွာဝေးလှသည်။ ထို့ကြောင့် သူသည် ခရီးထွက်ရန် ကြိုတင်ပြင်ဆင်မှုကို လိုအပ်သောကြောင့် ပိုင်လင်းမြို့ကို မဖြစ်မနေ ဝင်လာရခြင်း ဖြစ်သည်။ သူက ဝိညာဉ်သားရဲသွေးပါသည့် သွေးမြင်းကို ဝယ်ယူရန် ပိုက်ဆံ အမြောက်အမြား အသုံးပြုရမည်ဖြစ်သည်။
“အင်း ပိုင်လင်းမြို့က မြင်းရောင်းတဲ့ဆိုင် အားလုံးက ပိတ်ထားတယ်”
ရဲချန်ဖန်က တစ်မြို့လုံးပတ်၍ လိုအပ်သည်များကို ဝယ်ယူပြီး သွားသော်လည်း စီးစရာမြင်းအနေဖြင့် သွေးမြင်းမပြောနှင့် သာမာန်မြင်းများကိုပင် ဝယ်ယူရန် မဖြစ်နိုင်သလောက် ဖြစ်နေလေသည်။ ရှန်းတု ကလန်က မြင်းအရောင်းဆိုင်များကို ပိတ်ခိုင်းထားသောကြောင့်ဖြစ်သည်။
“ငါ့ကိုသတ်ဖို့အတွက် ယုံရှန်ရှင်းက ရှန်းတုကလန်ကိုတောင် အကူအညီ တောင်းထားတယ်။ မင်း တော်တော် ကြိုးစားထားတာပဲ”
ရဲချန်ဖန်သည် မြင်းအရောင်းဆိုင်များကို စောင့်ကြပ်လျက်ရှိသော ရှန်းတုကလန် တန်ခိုးရှင်များကို ကြည့်ပြီး စီးစရာမြင်းကို ဝယ်ယူရန် လက်လျှော့လိုက်သည်။ ထို့နောက် နယ်စပ်စစ်ဆေးရေးဂိတ်ဆီ လျှောက်လာခဲ့သည်။
“ဟင် ရှန်းတုဟန်က ဘာလို့ ဒီကိုရောက်နေတာလဲ”
ရဲချန်ဖန်သည် ပိုင်လင်းမြို့နယ်စပ် စစ်ဆေးရေးဂိတ်ဆီသို့ လျှောက်လာစဉ် သူ့ကိုရှုံးနိမ့်ပြီး ညာဘက် လက်ပြတ်သွားသည့် ရှန်းတုဟန်ကို တွေ့လိုက်သည်။ ရှန်းတုဟန်၏ မျက်နှာမှာ အလိုမကျဖြစ်နေပြီး လမ်းသွားလမ်းလာများကို ဝိညာဉ်စွမ်းအင်သုံးကာ စစ်ဆေးနေလေသည်။
“ဝိညာဉ်စွမ်းအင်ဖြင့် စူးစမ်းရှာဖွေခြင်း။ သူတို့က ဒီနည်းလမ်းသုံးပြီး ငါ့ကိုရှာမယ် မထင်ထားမိဘူး”
ရဲချန်ဖန်မှာ လူသတ်စိတ်ဖြင့် ရှန်းတုဟန်ကို ကြည့်လိုက်မိသဖြင့် အလျင်အမြန်ပင် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ သူ့အော်ရာများကို ဖုံးကွယ်လိုက်ပြီး ခေါင်းငုံ့ကာ ရှေ့ဆက် သွားလိုက်သည်။
“မင်း … ရပ်လိုက်စမ်း”
ရဲချန်ဖန် ရှေ့သို့ခြေနှစ်လမ်းပဲ လျှောက်လိုက်ရချိန်တွင် ရှန်းတုဟန်၏အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ ရှန်းတုဟန်သည် အရပ်မြင့်မြင့် အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် မိန်းမလှလေး၏ လက်မောင်းကို ဆွဲကိုင်ထားသည်ကို မြင်လိုက်ရလေသည်။
“မင်း မင်းဘာလုပ်နေတာလဲ။ ငါ့သမီးက ဘာအပြစ်ကျူးလွန်လို့ သူမကို ဖမ်းထားရတာလဲ”
ရှန်းတုဟန် မျက်လုံးကိုကြည့်ပြီး အစိမ်းရောင်အင်္ကျီနှင့် မိန်းမပျိုလေး၏ဖခင် လူချမ်းသာကုန်သည်ကြီးမှာ မျက်နှာပျက်သွားပြီး စိတ်ရှုပ်ထွေးသည့် အမူအရာနှင့် မေးလိုက်သည်။
“ငါဘာလုပ်လဲ ဟုတ်လား။ သူမကို ငါတို့ရှန်းတုကလန်က အလိုရှိနေတဲ့လူနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတယ်”
ရှန်းတုဟန်က နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ။ ငါ့သမီးက အခုမှ ပထမဆုံးတစ်ခါ ပိုင်လင်းမြို့ကို ရောက်ဖူးတာ။ ဘယ်လိုလုပ် မင်းတို့ ရှန်းတုကလန်က အလိုရှိနေတဲ့လူနဲ့ ပတ်သက်ရမှာလဲ မင်းလူမှားနေတာ ဖြစ်ရမယ်”
လူချမ်းသာကုန်သည်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“မှန်လားမှားလားဆိုတာ ငါသူ့ကို စစ်ဆေးပြီးတာနဲ့ သိမှာပဲ”
ရှန်းတုဟန်က ဂုဏ်ယူသည့်ဟန် ပြုံးလိုက်ပြီး သူမကို မျက်နှာချင်းဆိုင်တွင် ရှိနေသော အဆောက်အဦထဲ အတင်းအဓမ္မ ခေါ်သွားလေသည်။
“ငါတောင်းပန်ပါတယ်။ ငါ့သမီးကို လွှတ်ပေးပါ။ မင်းလွှတ်ပေးမယ်ဆိုရင် ငါ ပိုက်ဆံပေးပါ့ မယ်။ အများကြီးကို ပေးပါ့မယ်”
ထိုလူချမ်းသာ ကုန်သည်ကြီးမှာ သူ့သမီးကို ရှန်းတုဟန်က အိမ်ထဲ အတင်းခေါ်ဝင် သွားသည်ကို တွေ့သောအခါ ရှန်းတုဟန် ဘာလုပ်တော့မည်ကို ရိပ်မိသွားသည်။ ထို့ကြောင့် စီးပွားရေးသမားက ရှေ့သို့ အလျင်အမြန် တက်လာပြီး တောင်းဆိုလိုက်လေသည်။
ထိုစီးပွားရေးသမား၏ သက်တော်စောင့်များသည် ရှန်းတုကလန် တန်ခိုးရှင်များမှ ထွက်နေသော လူသတ်စိတ်ကြောင့် တစ်ယောက်မှ ဝင်ရောက် မကူညီရဲကြပေ။
“မင်း ငါ့ရှေ့က ထွက်သွားစမ်း။ ငါစိတ်တိုလာရင် မင်းကိုသတ်မိလိမ့်မယ်”
ရဲချန်ဖန်၏ လက်ဖြတ်ခြင်းကို ခံထားရ၍ ရှန်းတုဟန် စိတ်ဓာတ်များသည် အလွန် ရိုင်းစိုင်းခက်ထန် နေသည်။ သူက ထိုလူချမ်းသာကုန်သည်ကြီးကို မြေပေါ်သို့ ရိုက်ချလိုက်ပြီး ခြိမ်းခြောက် ပြောဆိုလိုက် သည်။
“အဖေ …”
အစိမ်းရောင်အင်္ကျီနှင့် မိန်းမချောလေးက နာကျင်စွာ အော်ဟစ်နေသည့် သူမ၏အဖေကို မြင်သောအခါ မျက်ရည်များ ထိန်းမရအောင် ကျဆင်းနေလေသည်။
“ရှင်က တိရစ္ဆာန်ကောင်။ ရှင်အသေဆိုးနဲ့ သေရလိမ့်မယ်”
မိန်းမချောလေးက ကျိန်ဆဲနေလေသည်။
“အော်စမ်း။ အော်စမ်း။ မင်း အသံ ဒီထက်ကျယ်အောင် ငါလုပ်ပြမယ်”
မိန်းမချောလေး၏ လှပသောမျက်နှာ၊ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ် ကောက်ကြောင်းများ၊ ရှည်လျား ဖြောင့်စင်းနေသော ပေါင်တံများကိုကြည့်ပြီး ရှန်းတုဟန် ရမ္မက်မီးများ တောက်လောင် လာလေသည်။ သူက သူ၏ ရမ္မက်မီးများကို သူမအပေါ် လောင်ကျွမ်းစေရန် မစောင့်နိုင်ဖြစ်လာနေသည်။
“အို ပန်းကောင်းလေးတော့ ပွင့်ကြွေရတော့မှာပါလား …”
“ဒီကောင်က ခွေးတိရစ္ဆာန်ကောင်။ ဒီနေ့တစ်ရက်တည်း သူဖျက်ဆီးလိုက်တဲ့ ကောင်မလေးက သုံးယောက်တောင် ရှိနေပြီ”
ဘေးတွင် ရပ်ကြည့်နေသော သူများက ဒေါသများ ထွက်နေကြသော်လည်း သူတို့သည် ရှန်းတုကလန် တန်ခိုးရှင်များကို ကြောက်ရွံ့နေသောကြောင့် ကျယ်လောင်စွာ မပြောရဲပေ။
“ရှန်းတုဟန် မင်း လူ့ပြည်မှာ အသက်ပိုရှည်လေ တခြားလူတွေ ဒုက္ခရောက်မှာပဲ”
မိန်းမချောလေးကို အိမ်ထဲသို့ အတင်းခေါ်ဆောင်သွားရန် လုပ်နေသည့် ရှန်းတုဟန် နားထဲတွင် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရလေသည်။
“ဘယ်သူလဲ”
ကျယ်လောင်သော အသံကြားလိုက်၍ ရှန်းတုဟန်မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့အကြည့်က အန္တရာယ်အငွေ့များ ထွက်နေသည့် လူငယ်လေးကို ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
ရှန်းတုဟန် မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သတိထားလိုက်သည်။
“မင်းက ငါ့ကိုလိုက်ရှာနေတာလေ။ ငါမင်းရှေ့မှာ ရပ်နေတော့ မင်းက ဘာလို့ ငါ့ကိုမသိတာလဲ”
ရုပ်ဖျက်ထားသော ရဲချန်ဖန် ခပ်ယောင်ယောင်လေး ပြုံးလိုက်ပြီး သူ့မျက်လုံးမှ စူးရှသော အလင်းများ ထွက်လာလေသည်။
“မင်းက ရဲချန်ဖန်ပဲ …”
ရှန်းတုဟန်က ရဲချန်ဖန်ကို ကြောက်လန့်တကြား ကြည့်မိလိုက်ပြီး သူ့ကိုယ်မှ ဝိညာဉ်သားရဲ ပုတ်သင်ကြီးကို အလျင်အမြန် ဆင့်ခေါ်လိုက်လေသည်။
“ဂုဏ်ယူပါတယ်။ မင်းမှန်တယ်”
ရဲချန်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး သူ့ကိုယ်က ရှေ့သို့ ခုန်ထွက်လိုက်ပြီး အရိပ်များကဲ့သို့ ပြောင်းလဲကာ ကြောက်ရွံ့ ထိတ်လန့်နေသော ရှန်းတုဟန်ရှေ့တွင် ပေါ်လာလေသည်။
ရုတ်တရက် ငွေရောင် အလင်းတန်းကို ရှန်းတုဟန် မြင်လိုက်ရပြီး သူ မတုံ့ပြန်နိုင်ခင်မှာပင် ဓားက သူ့ဘယ်လက်ကို ခုတ်ဖြတ်သွားပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ရှန်းတုဟန် ဘယ်လက်မောင်းမှာ မြေပေါ်သို့ ပြုတ်ကျသွားလေသည်။ သွေးများက ဒလဟော ကျဆင်းလာနေပြီး နာကျင်စွာ အော်ဟစ် ညည်းညူရင်း သေဆုံးသွားလေသည်။
“သေသွားပြီလား …”
ရဲချန်ဖန်လက်ထဲတွင် ဓားကျိုးကို ကိုင်ထားပြီး ရှန်းတုဟန်၏ ဦးခေါင်းကို ခုတ်ဖြတ် လိုက်လေသည်။
“ဒီကိစ္စ ကျွန်တော့်တာဝန် ထားလိုက်။ ခင်ဗျားတို့က ဒီကနေ အမြန်ဆုံး ထွက်ပြေးတော့”
ရဲချန်ဖန်က ရှန်းတုဟန် သေဆုံးစဉ် ပန်းထွက်လာသည့် သွေးများ ပေကျံနေသည့် မိန်းမချောလေးကို အော်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ငါတို့ သွားရအောင် …”
လူချမ်းသာကုန်သည်ကြီးသည် မြေပေါ်မှ အလျင်အမြန် ထရပ်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်ကာ သူ့သမီးလက်ကိုဆွဲပြီး ပိုင်လင်းမြို့မှ လွတ်မြောက်ရန် အလျင်အမြန် ထွက်သွားလေသည်။
“နံပါတ်သုံး သခင်လေးက သေသွားပြီ”
သွေးအိုင်ထဲတွင် ခေါင်းတခြား လူတခြား သေဆုံးနေသော ရှန်းတုဟန်ကို ကြည့်ပြီး ရှန်းတု ကလန်မှ တန်ခိုးရှင်များသည် ကြောက်လန့်သွားပြီး အိပ်မက် မက်နေသည်ဟု ခံစားနေကြရသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ။ သူ့ကို ဝိုင်းဖမ်းကြလေ”
သတိပြန်ဝင်လာသော ရှန်းတုကလန်၏ တန်ခိုးရှင်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ရှန်းတုကလန် တန်ခိုးရှင်ပေါင်း များစွာသည် ရဲချန်ဖန်ကို ထွက်မပြေးနိုင်အောင် ဝန်းရံထားလိုက်ကြသည်။
“မင်းတို့က သေချင်နေကြတယ်ဆိုတော့ ငါမင်းတို့ကို သတ်ပေးရမှာပေါ့”
ရဲချန်ဖန်က ဓားအင်အားကို အသုံးပြုလိုက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဓားအလင်းတန်းများနှင့် ပြည့်နှက်သွားလေသည်။
ရုတ်ခြည်းပင် နယ်စပ်စစ်ဆေးရေး ဂိတ်တစ်ခုလုံး၌ သွေးများ အလောင်းများ ပြန့်ကျဲသွားပြီး လူသားငရဲဘုံ အလား ပြောင်းလဲသွားလေသည်