စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄။ ဓားသိုင်း နှင့် ဓားမော့သိုင်း။
Zero to Hero in the Martial Arts Library
Author: Flammable Wood
” ရဲရဲရင့်ရင့်နဲ့ ရှေ့ဆက်ဖို့”
ချင်ယွိယန်က ရေရွတ်ပြောလိုက်၏။ သူမ၏ မျက်လုံးထဲရှိ ဇဝေဇဝါဖြစ်မှုများက နောက်ဆုံးတွင် လေးနက်တည်ကြည်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။ သူမက သက်ပြင်းတစ်ချက်ချကာ ကြောင်ကို အောက်သို့ ချပေးလိုက်၏။
” မစ္စတာ ယဲ့။ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက် အခု အဖြေရှိသွားပြီ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် စာဆက်ဖတ်နေစဥ် ချင်ယွိယန်က လှည့်ထွက်သွားတော့၏။ မျက်တောင်တစ်ခပ်အတွင်း နောက်ထပ်နှစ်ရက်တာ ကုန်လွန်သွားသည်။ ထိုနှစ်ရက်အတွင်း ကျန်းဟိုင်တစ်မြို့လုံး ရေပန်းအစားဆုံး ဆွေးနွေးမှု ခေါင်းစဥ်မှာ ဟန်နိုင်ငံ၏ ဓားသိုင်း ပါရမီရှင် ဖျောင်ကျန့်ရှန်က ကျန်းဟိုင်မြို့ ချင် မိသားစု၏ သမီး ချင်ယွိယန်ကို စိန်ခေါ်သည့်အကြောင်းပင် ဖြစ်သည်။
ဖျောင်ကျန့်ရှန် မည်မျှအစွမ်းထက်ကြောင်း လူတိုင်းသိပေ၏။ သူတို့သည် ဟန်နိုင်ငံ၏ လူများကို မုန်းတီးသည့်တိုင် ဖျောင်ကျန့်ရှန်က သူ့အတွက် နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ကိုယ်ပိုင် အရည်အချင်းဖြင့် ကျင်း စီရင်စု၏ ဓား သိုင်းပညာရှင်များ အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိသည်။
ချင်ယွိယန်၏ ခွန်အားကမူ လူတိုင်းအတွက် အကဲဖြတ်ရ ခက်ခဲနေသည်။
ချင် မိသားစုသည် ကျန်းဟိုင်မြို့ထဲတွင် အစွမ်းထက်ဆုံး မိသားစုဖြစ်ပြီး မြို့၏ ထိပ်သီး သိုင်းပညာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သော ချင်ရှန်းလုံ၏ နောက်ခံရှိနေလေသည်။ ချင်ယွိယန်၏ ဓားသိုင်းစွမ်းရည်က မဆိုးရွာတာ သေချာပေ၏။
သို့သော် ပြဿနာက ကျင်း စီရင်စုတစ်ခုလုံးနှင့် ယှဥ်လိုက်လျှင် ကျန်းဟိုင်မြို့က သိုင်းပညာနှင့် ပတ်သက်ပြီး ပြိုင်ဆိုင်မှု များများစားစား မရှိခဲ့ချေ။
ကျင်းစီရင်စု၏ ပါရမီရှင်များအားလုံးက ရှုံးနိမ့်ခဲ့၏။ ချင်ယွိယန် တိုက်ခိုက်နိုင်မည်လော။
နောက်ဆုံးတွင် ဆက်တိုက် နာမည်ကျော်ကြားလာပြီးသည့် သုံးရက်မြောက်နေ့တွင် ကျန်းဟိုင် သိုင်းကျောင်းတော်၏ သိုင်းခန်းမဆောင်သည် လူအားလုံး၏ အာရုံစိုက်ရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
တိုက်ပွဲကို ကြိုဆိုတော့၏။ ခန်းမအပြင်ဘက်ရှိ စောင့်ဆိုင်းသည့်အခန်းထဲတွင် ချင်ရှန်းလုံက သူ ဂုဏ်အယူရဆုံးဖြစ်သည့် မြေးမလေးကို တည်တံ့စွာ စိုက်ကြည့်လိုက်၏။
” ယွိယန်။ စိတ်အေးအေးထားပြီး အကောင်းဆုံး ကြိုးစား။ မင်းရဲ့ တိုက်ပွဲတိုင်းက အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်လို့ ရခဲ့ပြီးပြီ”
ချင်ရှန်းလုံက အရူးတစ်ယောက် မဟုတ်ပေ။ သူ၏ မြေးမလေးက ဖျောင်ကျန့်ရှန်အတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိထားပေ၏။
ချင် မိသားစု၏ ဓားသိုင်းသည် ကျင်း စီရင်စုအတွင်းရှိ ကြီးမြတ်သော မိသားစုများ၏ ဓားကျင့်စဥ်များထက် သာလွန်နိုင်မှာ မဟုတ်သကဲ့သို့ ဖြစ်သည်။ သို့သော် သူမ အချိန်ကြာကြာ တောင့်ခံထားနိုင်လေ ချင် မိသားစု၏ ဓားကျင့်စဥ်နှင့် သူမ၏ ကိုယ်ပိုင်ပါရမီကို ပိုသရုပ်ဖော်နိုင်လေ ဖြစ်သည်။
ချင်ယွိယန်က သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်များဖြင့် ပြောလိုက်သည်။
” အဘိုး။ အဘိုးရဲ့ သင်ပြပေးမှုအောက်မှာ နှစ်ဆယ့်တစ်နှစ်လောက် နေခဲ့ရတာ။ ဒီနှစ်တွေအတွင်း အဘိုးရဲ့ စကားတိုင်းကို နားထောင်ခဲ့ပြီး ချင် မိသားစုရဲ့ ဘိုးဘေး သင်ကြားခြင်း နည်းစနစ်ကို တစ်ခါမှ မဆန့်ကျင်ရဲခဲ့ဘူး”
” ဒါပေမဲ့ ဒီနေ့တိုက်ပွဲကတော့ စီရင်စု ကိုးခုရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေပြီ။ သမီးရဲ့ အနာဂတ် သိုင်းလမ်းကြောင်းနဲ့လည်း သက်ဆိုင်နေတယ်။ ဒီတစ်ခေါက် သမီး ဘာပဲလုပ်လုပ် သမီးကို နားလည်ပြီး ထောက်ပံ့ပေးမယ်လို့ မျှော်လင့်တယ်”
ချင်ရှန်းလုံက မှင်တက်သွားလေ၏။ သူက ချင်ယွိယန်ကို စိတ်ရှုပ်ထွေးသည့်အကြည့်ဖြင့် ဇဝေဇဝါ ကြည့်လိုက်၏။
” ယွိယန်။ သမီး ဆိုလိုတာက”
ချင်ယွိယန်က သူမအဘိုးကို ဖြတ်ကျော်လျက် သိုင်းခန်းမဆောင်ဆီ သွားလိုက်၏။
” ဒီပွဲကို သမီး နိုင်ချင်တယ်”
ချင်ရှန်းလုံ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး ရုတ်တရက် မျက်ခုံးကြုတ်သွားတော့သည်။
သူ့မှာ အဖျားရှိနေတာလား။ ဒါမှမဟုတ် တစ်ခုခုလား။
ခေါင်းခါပြီးနောက် သူမနောက်သို့ လိုက်သွား၏။
ခန်းမဆောင်ထဲတွင် ဖျောင်ကျန့်ရှန်က မနက်အစောတည်းက စင်ပေါ်တွင် ရပ်နေပြီဖြစ်သည်။
စင်နီးတွင် မိန်းကလေးများက ” ဖျောင်ကျန့်ရှန်။ ရှင့်ကို ကျွန်မ ချစ်တယ်။” ဟူသော စကားလုံးများကို အော်ဟစ်နေကြပြီး ယောကျ်ားလေးအများစု၏ မျက်နှာကို ဒေါသကြောင့် ပြာနှမ်းသွားစေသည်။
ဖျောင်ကျန့်ရှန်၏ ရုပ်ရည်သွင်ပြင်က မဆိုးပဲ မိန်းကလေးပေါင်းများစွာကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သို့သော် ဖျောင်ကျန့်ရှန်က လက်နောက်ပစ်ပြီး မျက်လုံးကို မှိတ်ထားသည်မှာ ပတ်၀န်းကျင်က ဆူညံသံများသည် သူ့အား ဘာမှမလုပ်နိုင်သကဲ့သို့ပင်။
အသံတစ်သံ ပေါ်လာတော့မှ သူ၏ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်တော့သည်။
” ချင်ယွိယန်။ ဒီကို ရောက်လာပြီ”
မိန်းကလေးများနှင့် တိုက်ခိုက်သည့်အလား ယောကျ်ားလေးများကလည်း စတင် အားပေးတော့သည်။
” စီနီယာ ချင်။ ဝေါ် အိုက် နိ ( မင်းကို ချစ်တယ် )”
” ချင်။ အဲဒီကောင်ကို အနိုင်ယူလိုက်”
ဖျောင်ကျန့်ရှန်က မျက်လုံးဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ အံ့သြစိတ် တစ်စွန်းတစ်စ ပေါ်လာသော်ငြား တည်ငြိမ်မှု အမြန်ရသွားသည်။
စစ်မှန်သည့် သိုင်းပညာရှင်များမှာ သိုင်းပညာရပ်များမှအပ ကျန်သည့်အရာများကို စိတ်၀င်စားလွန်းခြင်း မရှိပေ။
ချင်ယွိယန်က သေမျိုးလောကကို ကျော်လွန်ပြီး အမှန်တကယ် လှပလျှင်တောင် သူ၏ ကိုယ်ပိုင်ခွန်အားတိုးတက်အောင် ကျင့်ကြံခြင်းထက် ပို၍ အကျိုးမရှိပေ။
ချင်ရှန်းလုံက စင်ပေါ်သို့ လျှောက်သွားပြီး ပါမောက္ခ တုချန်းဖုန်း ဘေး၌ ထိုင်ချလိုက်၏။
” ဘယ်လိုလဲ။ ယွိယန်။ အဆင်ပြေလား”
ချင်ရှန်းလုံက သက်ပြင်းချလိုက်၏။
” ငါ လည်း မသေချာဘူး။ သူ ဒီနေ့ နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရတယ်”
” ထူးဆန်းတာလား”
တုချန်းဖုန်းက ကွင်းထဲရှိ ချင်ယွိယန်ကို ကြည့်လိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရ၏။
” ဒီကလေးရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားနေတယ်”
” ငါ မသေချာဘူး။ သူက ဖျောင်ကျန့်ရှန်ကို နိုင်ချင်တယ်လို့ ပြောသွားတယ်။ တစ်ခုခုကြောင့် စိတ်ခွန်အား တက်လာတယ်လို့ ထင်လား”
တုချန်းဖုန်း၏ မျက်၀န်းတို့က ကျုံ့သွားလေ၏။
” ဒီကလေးက အကွက်တချို့ရှိတာ ဖြစ်နိုင်တယ်”
ပြိုင်ကွင်းထဲရှိ တိုက်ပွဲက မကြာမီ စတင်တော့သည်။ ဟန်နိုင်ငံ၏ အဖွဲ့ခွဲမှုးက ပြောလေ၏။
” ဒီပွဲမှာ နှစ်ဖက်စလုံးက ကျင့်ကြံဆင့်ကို ပဥ္စမအဆင့်ထိ ဖိနှိပ်ထားရမယ်။ သုံးရမဲ့ လက်နက်က သံမဏိ ဓားအိမ်နဲ့ သံမဏိ ဓားပဲ ဖြစ်ရမယ်။ စည်းမျဥ်းကို ချိုးဖောက်ရင် ရှုံးနိမ့်သူအဖြစ် အလိုအလျောက် ကြေညာခံရမယ်။ သေသွားခဲ့ရင် နောက်ဆက်တွဲကို ကျူးလွန်သူက ရင်ဆိုင်ရမယ်။ ငြင်းစရာ မရှိရင် ပြိုင်ပွဲကို အခု စလို့ ရပြီ”
လက်နောက်ပစ်ထားသော ဖျောင်ကျန့်ရှန်၏ လက်များက ဖြေးဖြေးချင်း အောက်ချလာ၏။ ၀န်ထမ်းက နှစ်ဖက်လုံးကို သံမဏိ ဓားတစ်လက်ဆီ ပေး၏။
ဖျောင်ကျန့်ရှန်၏ ညာလက်က ဓားကို လက်လှမ်းတော့မည့်အချိန်တွင် ချင်ယွိယန်က ရုတ်တရက် ပြောတော့သည်။
” ခဏလေး”
အားလုံးက မျက်မှောင်အနည်ငယ် ကြုတ်သွား၏။ ဘာဖြစ်နေမှန်း နားမလည်ကြချေ။ ဖျောင်ကျန့်ရှန်ကလည်း ရပ်တန့်သွားသည်။ ခဏအကြာတွင် ချင်ယွိယန်က ထပ်ပြောတော့၏။
” ဒီပြိုင်ပွဲက ဓားသိုင်း ယှဥ်ပြိုင်ပွဲပဲဆိုရင် ကျွန်မက ပြိုင်ဘက် မဟုတ်ဘူး။ ဒီလို တိုက်ခိုက်မှုက အဓိပ္ပာယ်မဲ့တယ်။ ဒီတော့ ကျွန်မ ရှုံးနိမ့်ကြောင်း ၀န်ခံတယ်”
ထိုစကားကို ကြားသည့်အခါ ချင်ရှန်းလုံ အပါအ၀င် လူအုပ်ကြီးက အုတ်အော်သောင်းတင်း ဖြစ်သွားတော့သည်။
” သူ ရူးသွားပြီလား။ သူ ဘာလုပ်နေတာလဲ”
တုချန်းဖုန်းက တစ်ခုခု မူမမှန်တာကို သတိထားပြီး သူ့ကို လှမ်းထိန်းထားလိုက်၏။
” လောင်ချင်။ မလောနဲ့။ စောင့်ကြည့်ရအောင်”
ပြီးနောက် လူတိုင်း ဆွေးနွေးနေကြစဥ် ချင်ယွိယန်က ကြေညာလိုက်လေ၏။
” ဒါပေမဲ့ ကျွန်မ ရှင့်ကို နောက်ထပ် သိုင်းတစ်မျိုး သုံးပြီး စိန်ခေါ်ချင်တယ်”
ဖျောင်ကျန့်ရှန်က အနည်းငယ် စိတ်၀င်စားသွားသည်။
” ဓားမော့သိုင်း”
ထိုတစ်ခွန်းတည်းဖြင့် သူမက ဆူညံပွက်လော ရိုက်သွားစေပြန်၏။
” ချင် မိသားစုက ဓား သုံးတာ မလား။ သူမက ဘာလို့ ဓားမော့သုံးချင်ရတာလဲ”
” သူ ဘာတွေ လုပ်နေတာလဲ”
ချင်ရှန်းလုံသည် စားပွဲကို ရိုက်ပြီး ချက်ချင်း ထရပ်လိုက်လေ၏။ မတိုင်မီက ချင်ယွိယန် အရှုံးကို ၀န်ခံချိန်တွင်ပင် သူ ယခုလောက် ဒေါသမထွက်ခဲ့ပေ။
” ဒီကောင်မလေး ချင်မိသားစုကို အရှက်ခွဲဖို့ စီစဥ်နေတာလား။ သူက ဓားမော့ကျင့်စဥ်ကို တကယ်ကျင့်ခဲ့တယ်ပေါ့”
သို့သော် တုချန်းဖုန်းက သူ့ကို ခိုင်မြဲစွာ ထိန်းထားသေးစဲ ဖြစ်သည်။
” လောင်ချင်။ စောင့်ကြည့်ရအောင်”
ပြိုင်ကွင်းထဲမှ အဖွဲ့ခွဲမှုးက ချက်ချင်း ငြင်းဆန်တော့သည်။
” မရဘူး။ ငါတို့က စီရင်စု ကိုးခုရဲ့ ဓားသိုင်းပညာရှင်တွေကို စိန်ခေါ်ဖို့ ရောက်လာတာ။ ဓားမော့သိုင်း သုံးတာကို လက်မခံဘူး”
သူတို့က အရူးများ မဟုတ်ကြပေ။ ဆိုရလျင် စီရင်စု ကိုးခုက ကျယ်ပြောပြီး သိုင်းပညာမျိုးစုံမှ မရေမတွက်နိုင်သည့် ပါရမီရှင်များ ရှိသည်။ ဓားသိုင်းပညာရှင်များဖြင့်သာ ယှဥ်ပြိုင်ခြင်းအားဖြင့် စီရင်စု ကိုးခုအတွင်းရှိ ယှဥ်ပြိုင်သူ အရေအတွက်ကို အတော်လျော့ချနိင်မှာပဲ ဖြစ်သည်။ မဟုတ်လျင် ဓားမော့၊ ဓားတို၊ သေနတ်၊ လက်သီး သုံးသည့်သူများ ရောက်လာခဲ့လျှင် ဖျောင်ကျန့်ရှန်၏ အောင်မြင်သည့်နှုန်း လျော့ကျသွားမှာပဲ ဖြစ်သည်။
သို့သော် ဖျောင်ကျန့်ရှန်က ချင်ယွိယန်ကို စိတ်၀င်တစား ကြည့်နေတော့သည်။
” ချင် မိသားစုက ဓားသိုင်းပဲ ကျင့်ကြံကြတာ။ မင်းက ဓားမော့သိုင်းကို ခိုးပြီး သင်ယူထားတာလား”
ချင်ယွိယန်က ခေါင်းညိတ်လိုက်လေ၏။
” ဒါဆိုရင် မင်း သင်ယူနေတာ ဘယ်လောက်ကြာနေပြီလဲ”
” နှစ်လ မပြည့်သေးဘူး”
လူတိုင်းက ထပ်မံ ဆူညံသွားပြန်၏။
” ဒီကောင်မလေးက တကယ် ရူးနေတာပဲ”
” စီနီယာ ချင်က ဘာလုပ်နေတာလဲ။ သူက ငတုံးလား။ ဆယ်နှစ် အနှစ်နှစ်ဆယ်လောက် ကျင်ကြံခဲ့တဲ့ ဓားသိုင်းကို မသုံးပဲနဲ့ လေ့ကျင့်တာ ၂လလောက်ပဲ ရှိသေးတဲ့ ဓားမော့သိုင်းကို သုံးတယ်”
လူအုပ်ကြီး၏ သံသယဖြစ်သံကြားထဲတွင် ဖျောင်ကျန့်ရှန်က ချင်ယွိယန်ကို စိုက်ကြည့်လိုက်၏။ သူမ မျက်၀န်းထဲမှ ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို မြင်တွေ့ရသည်အခါ နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်၏။
” ကောင်းပြီ။ တိုက်ခိုက်ကြရအောင်”
အပိုင်း ၂၄ ပြီး၏။