အခန်း (၉၃)
ဝရမ်း
ညအချိန်တွင် လရောင်ပင် အေးစက်မှုန်မှိုင်းနေသည်ဟု ထင်နေရပြီး လရောင်က ကောင်းကင်မီးဂိုဏ်း တစ်ခုလုံးတွင် ဖြာကျနေလေသည်။ ကောင်းကင်မီးဂိုဏ်း တစ်ခုလုံးကို တိတ်ဆိတ်ခြင်းက ကြီးစိုးလျက် ရှိနေသည်။
ညအချိန်တွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခုက ပေါ်လာပြီး အမှောင်ထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
“ရှန်ရှင်း မင်းထင်သလိုပဲ ရဲချန်ဖန်က ကောင်းကင်မီးဂိုဏ်းက တိတ်တိတ်လေး ထွက်သွားပြီ”
အနီရောင် ဝတ်ထားသော ယုမင်တောင် မျက်လုံးထဲ ကြည့်လိုက်ပါက ကြက်သီးများပင် ထလောက်အောင် အေးစက်မှုများက ပြည့်နှက်နေပြီး သူသည် ယုံရှန်ရှင်းကို တီးတိုးပြောလိုက်သည်။
“ဦးလေးမင်တောင် ကျွန်တော် သူထွက်ပြေးတာ လက်မခံနိုင်ဘူး။ ကျွန်တော် သူ့အသက်ကို လိုချင်တယ်”
ယုံရှန်ရှင်း မျက်လုံးထဲတွင် လူသတ်စိတ်များ ပြည့်နှက်နေပြီး အံများပင်ကြိတ်ကာ ပြောလိုက် သည်။
“မင်းစိတ်မပူနဲ့။ သူက မင်းစိတ်ဆိုးအောင် လုပ်ခဲ့မှတော့ ငါက သူ့ကို မနက်ဖြန် နေထွက်တာနဲ့ မမြင်စေရဘူး။ ဒါပေမဲ့ မင်း ချင်တောင်ပိုင်ကို လျှော့မတွက်နဲ့။ ငါတို့ကို သူမြင်သွားလို့ မဖြစ်ဘူး”
“ငှက်နက် ဆက်ပြီး ရဲချန်ဖန်ကို ခြေရာခံထားလိုက်။ ငါသူရောက်နေတဲ့ နေရာအတိအကျကို သိချင်တယ်”
ယုမင်တောင်က ငှက်နက်၏ အနက်ရောင် အမွေးများကို ပွတ်သပ်ပြီး ပြန်လွှတ်လိုက်သည်။
“သွားရအောင် ရှန်ရှင်း ငါတို့ ခရမ်းရောင် တောင်တန်းအပြင်က သွားစောင့်နေရအောင်။ ရဲချန်ဖန် ခရမ်းရောင်တောင်တန်းက ထွက်တဲ့အချိန်က သူသေတဲ့ အချိန်ပဲ”
ယုမင်တောင်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး လူသတ်စိတ်နှင့် ပြည့်နှက်နေသော ယုံရှန်ရှင်းနှင့် သူတို့နားခိုနေသည့် ခြံဝင်းအတွင်းမှ အတူထွက်သွားလေသည်။
“အင်း ဒီငှက်က ကြည့်ရတာ …”
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ရဲချန်ဖန်က နာနာဘာဝကဲ့သို့ တိတ်ဆိတ်စွာ လှုပ်ရှားနေချိန်တွင် သူ့အပေါ်၌ ဝဲပျံနေသော အနက်ရောင်ငှက် တစ်ကောင်ကို သတိထားမိ လိုက်လေသည်။ ရဲချန်ဖန်သည် အနက်ရောင်ငှက် တစ်ကောင်သည် သူ့နောက် ခြေရာခံ ပျံသန်း လိုက်လာနေသည်ကို သိရှိလိုက်သည်။ သူ၏ နတ်ဦးနှောက်က အလွန် အစွမ်းထက်လှသဖြင့် သာမာန်အဆင့်တူ ဝိညာဉ်စိတ်အာရုံများထက် များစွာ အစွမ်းထက် နေလေသည်။
“ကြည့်ရတာ သူတို့က ငါ့ကို အသက်ရှင်လျက် ထွက်ခွင့် မပေးဘူးဆိုတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ မင်းတို့နဲ့ ကစားပေးရမှာပေါ့”
ရဲချန်ဖန် မျက်လုံးထဲတွင် အလွန်ပြင်းထန်လှသော အရောင်တစ်မျိုး ထွက်လာသည်။
“ယား …”
ရဲချန်ဖန်ကိုယ်မှာ လှုပ်ရှားသွားပြီး သစ်ပင်များ ထူထပ်နေသော တောအုပ်ထဲတွင် ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်လိုက်ပြီး သူ့အော်ရာကို ဖုံးကွယ်လိုက်လေသည်။
အနက်ရောင်ငှက် တစ်ကောင်သည် ရဲချန်ဖန် တောအုပ်ထဲ ပြေးဝင်သွားသည်ကို မြင်လိုက်သောအခါ တောင်ပံများ အလျင်အမြန် ခတ်လိုက်ပြီး ရဲချန်ဖန်နောက် ခြေရာမဖျောက်သွားနိုင်ခင် လိုက်မီရန် အလျင်အမြန် လိုက်နေသည်။ ရဲချန်ဖန်၏ နောက်ဆုံးအော်ရာကို ခြေရာခံမိသောအခါ ရေကန်လေးဘေးတွင် ရောက်လာချိန်တွင် ရဲချန်ဖန်မှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်ခုခု မူမမှန်သလို ဖြစ်နေသဖြင့် အနက်ရောင်ငှက်သည် အနည်းငယ် တုံ့ဆိုင်းနေပြီး ရေကန်နား တဖြည်းဖြည်း တိုးကပ်သွားလေသည်။
ရုတ်တရက် အလွန်လျင်မြန်သော ဓားအလင်းရောင်က ကန်ရေပြင်မှ ထွက်လာပြီး အနက်ရောင် ငှက်၏ကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
“ဟား …”
အနက်ရောင်ငှက် ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားသည်။
“မဟုတ်ဘူး။ ရှောင်ဟီ သေသွားပြီ”
အနက်ရောင်ငှက် သေဆုံးသွားသည်နှင့် ခရမ်းရောင် တောင်တန်းထဲတွင် လျင်မြန်စွာ လှုပ်ရှားနေသော ယုမင်တောင် ချက်ချင်း သိရှိသွားသည်။
“အနောက်မြောက်အရပ်ကို သွားရအောင် အဲကောင် ရဲချန်ဖန်က အဲဒီဘက်မှာ ရှိနေတယ်”
ယုမင်တောင်တောင် ယုံရှန်ရှင်း လက်မောင်းကို ကိုင်လိုက်ပြီး အရိပ်ပမာ အနက်ရောင်ငှက် သေဆုံးသွားသည့် မှောင်မိုက်နေသော တောအုပ်ထဲ လျင်မြန်စွာ ပြေးဝင်သွားလေသည်။
တစ်မိနစ်ခန့် ကြာပြီးနောက် ယုမင်တောင်သည် ရေကန်ဘေးကို ရောက်လာသောအခါ မြေတွင် စွန်းထင်းနေသော သွေးများနှင့် ဓားအင်အား အကြွင်းအကျန်များမှလွဲ၍ ရဲချန်ဖန်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။
“မင်းဘယ်လောက်ထိ ပြေးနိုင်မလဲ”
ယုမင်တောင်သည် သူ့ဝိညာဉ် စိတ်အာရုံထုတ်၍ ပတ်ဝန်းကျင် တစ်ခုလုံးကို ရှာကြည့်သော်လည်း မတွေ့၍ ဒေါသများ ပေါက်ကွဲနေလေသည်။
အနက်ရောင်ငှက်ကို လေ့ကျင့်ပေးရန် ယုမင်တောင်မှာ ဂရုတစိုက်နှင့် အချိန်ပေး လေ့ကျင့်သင်ကြား ပေးခဲ့ရသည်။ ယခုကား အနက်ရောင်ငှက် ဆုံးရှုံးလိုက်ရသောကြောင့် ယုမင်တောင် အလွန်အမင်း ဒေါသ ထွက်နေသည်။
“ဒီခွေးကောင်က ငှက်နက် နောက်ယောင်ခံလိုက်နေတာ ဘယ်လိုလုပ် သိသွားတာလဲ”
ယုံရှန်ရှင်းက ဒေါသတကြီး ပြောလိုက်လေသည်။ ယုံရှန်ရှင်း ကိုယ်တိုင်ပင်လျှင် ငှက်နက် နောက်ယောင်ခံ လိုက်ခံရပါက သိရှိမည် မဟုတ်ပေ။
“ဒီကောင်က နည်းနည်း ထူးဆန်းတယ်။ အခု ငါတို့မှာ ငှက်နက်မရှိတော့ သူ့ကိုသတ်ဖို့ နည်းနည်း ခက်သွားပြီ”
ယုမင်တောင် မျက်နှာက အလွန်မည်းမှောင်နေသည်။
“ဦးလေးယုတောင် ဒီကောင့်ကို သတ်ကို သတ်ပစ်မှရမယ်။ ဒီကောင့်ကို အစွမ်းထက်လာဖို့ ခွင့်ပြုလို့မရဘူး။ မဟုတ်ရင် နောက်ကျရင် ကျွန်တော်တို့ ဒုက္ခပင်လယ် ဝေလိမ့်မယ်”
ယုံရှန်ရှင်းက ရဲချန်ဖန်ကို သတ်ပစ်မှရမည်ဟု ခံစားနေရသည်။ သူက ရဲချန်ဖန်ဆီမှ အန္တရာယ် အငွေ့အသက်များ ရနေသောကြောင့်ဖြစ်သည်။
“ငါတို့ ခရမ်းရောင်တောင်ခြေမှာ သွားစောင့်ရအောင်။ အဲဒီမှာဆို သူ့ကို ငါတို့ မီရင်မီနိုင်တယ်”
ချက်ချင်းပင် ယုမင်တောင်တို့ အမှောင်ထဲ ပျောက်ကွယ် သွားလေသည်။
ယုမင်တောင်တို့ ထွက်သွားပြီးနောက် နာရီဝက်လောက် ကြာသောအခါ သက်ပြင်းချသံ နှင့်အတူ ရဲချန်ဖန်သည် အေးစက်နေသော ရေကန်ထဲမှ ထွက်ပေါ်လာလေသည်။ ရဲချန်ဖန်မှာ သူ့ကို ယုမင်တောင်တို့ ခြေရာခံမရစေရန် ရေကန်အောက်ခြေထဲတွင် ပုန်းခိုနေခြင်းဖြစ်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မနက်ခင်း အလင်းရောင်မှာ ခရမ်းရောင် တောင်တန်းများပေါ်သို့ ကျဆင်းလာနေသည်။ ခရမ်းရောင် တောင်ခြေတွင် ရဲချန်ဖန်ကို ဖမ်းဆီးရန် တစ်ညလုံး စောင့်ဆိုင်းနေသော ယုမင်တောင်မှာ ရဲချန်ဖန်၏ အရိပ်အယောင်မျှပင် မတွေ့သောအခါ လုပ်ကြံမည့် အစီအစဉ်မှာ ပျက်သွားလေသည်။
“ဦးလေးမင်တောင် ကျွန်တော်တို့ တခြားလူတွေကို အကြောင်းကြားပြီး ရဲချန်ဖန် ထွက်မပြေးနိုင်ခင် လိုက်ဖမ်းရအောင်”
ယုံရှန်ရှင်းက မခံချိမခံသာ ဖြစ်နေသည်။
“ရှန်ရှင်း ငါတို့ လူသတ်ကောင်းကင်ဘုရင်ကို မတွေ့ခင် သူ့ကို အကြောင်းပြချက် မရှိဘဲ သတ်လို့ မရဘူး။ မဟုတ်ရင် ဒီအချက်ကိုသုံးပြီး ချင်တောင်ပိုင်က ငါတို့ကို တိုင်လိုက်ရင် ငါတို့ အပြစ်ဖြစ်သွားလိမ့်မယ်”
ယုမင်တောင်မျက်နှာက အလွန် မည်းမှောင်နေလေသည်။
“အဲဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒီကောင်ကို ဒီအတိုင်း ထွက်ပြေးခွင့် ပြုလိုက်ရမှာလား”
“ရှန်ရှင်း ငါမှတ်မိသလောက်ဆို ဇီကျင်နိုင်ငံရဲ့ နယ်စပ်မြို့ အများစုက ရှန်းတုကလန်ရဲ့ ထိန်းချုပ်မှု အောက်မှာဆို”
ယုမင်တောင်က မေးလိုက်သည်။
“ဦးလေးမင်တောင်က ရှန်းတုကလန်ကို အကူအညီတောင်းပြီး ရဲချန်ဖန်ကို ဖမ်းမလို့လား”
“ငါတို့က အကြောင်းပြချက် မရှိဘဲ ရဲချန်ဖန်ကို သတ်လို့မရပေမဲ့ ရှန်းတုကလန်ကတော့ ရတယ်။ အဲဒီကောင်က ဘယ်ကို ထွက်ပြေးသွားမှန်း ငါမသိပေမဲ့ သူက စီးစရာ တစ်ခုခုတော့ ဝယ်ရမှာပဲ။ ရှန်းတု ကလန်နဲ့ ဆက်သွယ်ပြီး ရဲချန်ဖန်ကို ဖမ်းဖို့က အကောင်းဆုံးပဲ”
“ကျွန်တော် ခုပဲ ရှန်းတုလင်းနဲ့ ဆက်သွယ်လိုက်မယ်။ သူ့ကိုပဲ ဒီကိစ္စအကြောင်း အကြောင်းကြား ခိုင်းပြီး ရှန်းတုကလန်ကို အင်အားကုန်သုံးပြီး ရဲချန်ဖန်ကို လိုက်ဖမ်းခိုင်းလိုက်မယ်”
ယုံရှန်ရှင်းက ဆက်သွယ်ရေး မှော်စေ့ကိုထုတ်ပြီး ရှန်းတုလင်းနှင့် ဆက်သွယ်လိုက်လေသည်။
နေရာကား ဇီကျင်နိုင်ငံ၏ နယ်စပ်မြို့ တစ်ခုဖြစ်သော ပိုင်လင်းမြို့တွင် ဖြစ်သည်။ နယ်စပ်တွင်ရှိပြီး ထူးခြား၍ မဟာဗျူဟာကျသော မြို့ဖြစ်သောကြောင့် ပိုင်လင်းမြို့သည် ဇီကျင်နိုင်ငံ၏ ထိန်းချုပ်မှု အောက်တွင် မရှိဘဲ ရှန်းတုကလန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် နေ့စဉ် ပိုင်လင်းမြို့တံခါးကြီး ဖွင့်လိုက်ပြီးနောက် လူပေါင်းများစွာက ဖြတ်သန်း၍ ဝင်ထွက်သွားလာ နေကြပြီး လူများနှင့် သက်ဝင်လှုပ်ရှားကာ အထူးစည်ကားနေလေ့ ရှိသည်။
သို့သော် ယခုတွင်မူ ရှန်းတုကလန်က လုံခြုံရေးကို တင်းကျပ်ပြီး ဝင်ထွက်သွားလာသူ မှန်သမျှကို တင်းကျပ်စွာ စစ်ဆေးနေသည်။
“အမေ ဘာဖြစ်လို့ ရုတ်တရက် ပိုင်လင်းမြို့ ဝင်ထွက်ခွင့်ကို အဲဒီလောက် တင်းကျပ်နေတာလဲ မသိဘူး”
“ငါကြားတာကတော့ ရှန်းတုကလန်က လူတစ်ယောက်ကို ရှာနေတယ်။ ဒါကြောင့် ပိုင်လင်းမြို့က လုံခြုံရေးတွေ ဒီလောက် တင်းကျပ်နေတာပဲ”
ပိုင်လင်းမြို့ကို ပုံမှန်ဝင်ထွက် သွားလာနေသော စီးပွားရေးသမား တစ်ယောက်က ဖြေလိုက်လေသည်။
“ဘယ်သူကများ ရှန်းတုကလန်ကို ပြဿနာ သွားရှာလိုက်လဲ မသိဘူး။ ငါတို့ပါ ဒုက္ခရောက် တယ်”
“အဲဒါက ရှန်းတုကလန်ကိစ္စပဲ။ ငါတို့ ဝင်ပြောလို့မရဘူး။ ငါတို့လုပ်ရမှာက ပစ္စည်းတွေကို မြို့ထဲ မြန်မြန်ပို့ဖို့ပဲ”
“ဝရမ်းလား”
လူအများ၏ ပြောဆိုဆွေးနွေးသံကို ကြားပြီး ပိန်ပိန်ပါးပါးနှင့် ခပ်ချောချော လူငယ်လေး၏ မျက်နှာတွင် အပြုံးများ ပေါ်လာလေသည်။
ထိုလူငယ်လေးမှာ တခြားလူမဟုတ်ပေ။ ခရမ်းရောင်တောင်တန်းမှ ရုပ်ဖျက်ထွက်လာသည့် ရဲချန်ဖန်ပင် ဖြစ်သည်