အခန်း (၉၂)
အပြင်ထွက်လေ့ကျင့်တော့မည်
“သံလုံးလက်နက်။ သူ့ဆီမှာ ဘယ်လိုလုပ် သံလုံးလက်နက် ရှိနေရတာလဲ …”
ဘေးတွင် ရပ်ကြည့်နေသော ဂျီချင်ရွှယ်သည် ရဲချန်ဖန်က ယုံရှန်ရှင်းကို သံလုံးလက်နက် အသုံးပြု၍ ဒဏ်ရာရအောင် လုပ်လိုက်သော မြင်ကွင်းကိုကြည့်ပြီး မျက်လုံးများမှ အရောင်များ အမျိုးမျိုး ပြောင်းသွားပြီး အတွေးများစွာ ဖြစ်ပေါ်လာသည်။
“ချန်ဖန်က ဆရာချန်လား”
အဲဒီအတွေးက သူမကို အလွန်ထူးခြားသော ခံစားချက်ကို ဖြစ်ပေါ်လာစေသည်။ သူမနှလုံးသား တစ်ခုလုံး တုန်ခါသွားပြီး ရဲချန်ဖန်ကို သေချာပြန်ကြည့်လိုက်သည်။
“မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ် ဟုတ်လား။ မင်းကိုငါသတ်မယ်”
သူ ဝမ်းဗိုက်အောက်ပိုင်းတွင် ဒဏ်ရာ ရသွားသဖြင့် အသည်းခိုက်မတတ် နာကျင်သွားရာ ယုံရှန်ရှင်းမှာ ရူးသွပ်ပေါက်ကွဲ သွားသည်။ ရဲချန်ဖန်သည် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည်ကို ယုံရှန်ရှင်း လက်မခံနိုင် ဖြစ်နေသည်။
“အကြီးအကဲလျှူနဲ့ အကြီးအကဲတန် ဂျီချင်ရွှယ်ကို ဂရုစိုက် ကူညီပေးပါ”
ရဲချန်ဖန်သည် ယုံရှန်ရှင်း၏ လူသတ်စိတ်ကို ခံစားနေရပြီး သူသည် ယုံရှန်ရှင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း နားလည်ထားသဖြင့် သူထွက်ပြေးလိုက်သည်။ သူမသွားခင် အကြီးအကဲလျှူနဲ့ အကြီးအကဲတန်ကို ဂျီချင်ရွှယ်အား ကူညီစောင့်ရှောက်ပေးရန် အကူအညီ တောင်းလိုက်သည်။
“မင်းက ထွက်ပြေးချင်တာလား”
ယုံရှန်ရှင်းက ရဲချန်ဖန် ထွက်ပြေးသွားသည်ကို မြင်လိုက်သောအခါ အလွန်ဒေါသ ထွက်သွားလေသည်။ သူ့လက်ထဲမှ ခရမ်းရောင်လှံရှည်က လှုပ်ရှားသွားပြီး ရဲချန်ဖန် ထွက်မပြေးနိုင်အောင် တိုက်ခိုက် လိုက်သည်။
“ဟား …”
ယုံရှန်ရှင်းက ရဲချန်ဖန် အရှိန်နှင့်ပြေးနေစဉ် လှံရှည်နှင့် ထိုးလိုက်သော်လည်း ရဲချန်ဖန်၏ အရိပ်များကိုသာ သူ ထိုးမိလိုက်သည်။ ရဲချန်ဖန်သည် ထွက်ပြေး လွတ်မြောက်မလို ဖြစ်နေချိန်တွင် ရုတ်တရက် ထိတ်လန့် တုန်လှုပ်သွားသည်။ အလွန်ပြင်းထန်လှသော အော်ရာက ထွက်ပေါ်လာရာ ရဲချန်ဖန်ကို ထိမှန်သွားပြီး သူ့ခြေထောက်များ မြေထဲကျွံဝင်သွားကာ လှုပ်ရှား၍ မရတော့ချေ။
“ရှန်ရှင်း။ ဘယ်လိုဖြစ်တာလဲ။ မင်းက ဘယ်လိုလုပ် ဒဏ်ရာရတာလဲ”
အသံနှင့်အတူ အနီရောင်ဝတ်စုံ ဝတ်ထားပြီး ပြင်းထန်သော အော်ရာများ ထွက်နေသည့် လူတစ်ဦးသည် သူတို့ဆီ တစ်လှမ်းချင်း လျှောက်လာနေသည်။ ရဲချန်ဖန်ကို ဖိနှိပ်ထားသော တန်ခိုးရှင်မှာ ထိုလူဖြစ်သည်။ ထိုလူနောက်တွင်မူ လူခြောက်ဦး လိုက်ပါလာပြီး အလွန်ထူးခြားသော အော်ရာများ ထွက်ပေါ်နေသည်။
“ဆရာဦးလေး လာတာ အချိန်တော်ပဲ။ ဒီကလေးက အရူးထပြီး ကျွန်တော့်ကို ဆန့်ကျင်ရုံမကဘူး။ ကျွန်တော့်ကို ဒဏ်ရာပါရအောင် လုပ်တယ်”
ယုံရှန်ရှင်းက မဟာကောင်းကင်မီးဂိုဏ်းမှ တန်ခိုးရှင်များ ရောက်လာသည်ကို သိလိုက်ရသဖြင့် အလွန်ပျော်ရွှင်စွာ အော်ပြောလိုက်သည်။
“အင်း သူလား။ မင်းကို ဒဏ်ရာရအောင် လုပ်တာ”
ယုမင်တောင်က ရဲချန်ဖန်အဆင့်ကို တစ်ချက် ကြည့်လိုက်မိပြီး သူ့မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ယုရှန်ရှင်းက မဟာကောင်းကင်မီးဂိုဏ်း၏ ထိပ်သီးပါရမီရှင် မဟုတ်သော်လည်း ကောင်းကင် မီးဂိုဏ်းလို နေရာမျိုးတွင် ပါရမီရှင်များထဲမှ ပါရမီရှင်ဟု ပြောလို့ရလေသည်။ ယခုတော့ သားရဲသခင် ဆဋ္ဌမအဆင့်က ယုံရှန်ရှင်းကို ဒဏ်ရာရရှိသွားစေသောကြောင့် ယုမင်တောင်မှာ မအံ့ဩဘဲ မနေနိုင်ဖြစ်သွားသည်။
“အဲဒါ ကျွန်တော် ပေါ့ဆလို့ ဖြစ်တာပါ။ သူက လက်နက်ပုန်းနဲ့ ခိုးကြောင်ခိုးဝှက် တိုက်လို့ ဒဏ်ရာရတာ”
ယုံရှန်ရှင်းက ရဲချန်ဖန်ကို ယခုပင် ထသတ်တော့မည့် အကြည့်နှင့် ကြည့်နေသည်။
“မင်းနာမည်က ဘယ်သူလဲ။ ငါတို့က ဘယ်သူတွေလဲဆိုတာ သိတယ်မလား”
ယုံမင်တောင် အသံမှာ အလွန်အေးစက် မာကျောနေသည်။
“ကျွန်တော်တို့က ပြဿနာဖြစ်ဖို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ သူက အရမ်းယုတ်မာတယ်။ သူက ကျွန်တော့် သူငယ်ချင်းကို အနိုင်ကျင့်လို့ ကျွန်တော် မခံနိုင်ပဲ ပြန်တိုက်ရတာပါ”
ရဲချန်ဖန်က ကြောက်မက်ဖွယ် ဖိအားကို တောင့်ခံနေရင်း ဖြစ်စဉ်ကို ရှင်းပြလိုက်သည်။
“ဒီဖြစ်စဉ်ကို ကျွန်တော်တို့ သက်သေခံနိုင်ပါတယ်။ ဒီကိစ္စမှာ ရဲချန်ဖန်က မှန်ပါတယ်။ ကျွန်တော်တို့ မလိမ်ရဲပါဘူး”
အကြီးအကဲလျှူက အေးစက် မာကျောလှသော လူခုနစ်ဦး၏ မျက်နှာကို ကြည့်ပြီး ဝင်ရောက်ပြောဆို လိုက်လေသည်။
“အို … ငါသူမကိုကြိုက်တာ သူ့အတွက် ကံကောင်းမှုပဲ။ ဘာလဲ။ မင်းတို့က ငါနဲ့သူမက မတန်ဘူး ထင်တာလား”
ယုံရှန်ရှင်းအသံက အလွန်မာနေသည်။ သူက စိုးရိမ်မှုမရှိပေ။
“ဒီနေ့ကိစ္စက သေးသေးလေးကို ဘာလို့ အဲဒီလောက် စိတ်ဆိုးနေကြတာလဲ”
အခြေအနေက အလွန် တင်းမာလာနေပြီး ရဲချန်ဖန်အပေါ် ဖိအားမှာလည်း ပိုတိုးလာနေစဉ် ပျော့ပျောင်းသော လေသံအေးလေး တစ်ခု ထွက်ပေါ်လာပြီး အစိမ်းဖျော့ရောင် ဝတ်စုံနှင့် ခန့်ညားသော ချင်တောင်ပိုင်က ကောင်းကင်မီးဂိုဏ်းဆီ ပြန်ရောက် လာလေသည်။
“မင်းတို့ ကောင်းကင်မီးဂိုဏ်းသားက ငါ့ကို အပြစ်မရှိဘဲ ဒဏ်ရာရအောင် လုပ်တယ်။ အဲဒါကို မင်းက ဘယ်လိုဖြေရှင်းမလဲ”
ချင်တောင်ပိုင် ရုတ်တရက် ရောက်လာသည်ကို တွေ့လိုက်ရ၍ ယုံရှန်ရှင်း မျက်ဝန်းများက ကျဉ်းမြောင်း သွားလေသည်။
“ရဲချန်ဖန် မင်းက သခင်လေးယုံကို ဒဏ်ရာရအောင် လုပ်လိုက်တာလား”
ချင်တောင်ပိုင်က အလေးအနက် မေးလိုက်သည်။
“ဟုတ်ပါတယ်။ သူက ကျွန်တော့်ကို သတ်ချင်နေတာ။ ကျွန်တော်က ဒီအတိုင်းထိုင်ပြီး အသတ်မခံနိုင်ဘူး”
ရဲချန်ဖန်က ပြန်ပြောလိုက်သည်။
“ဟေ့ကောင် မင်းက ဘာပြန်လုပ်ချင်တာလဲ။ ငါက မင်းကို သတ်တော့ရော ဘာဖြစ်လဲ။ မင်းအတွက် ကူညီပေးမယ့်လူ ရှိလို့လား”
ယုံရှန်ရှင်းက ရူးသွပ်နေသလိုပင်။
“သခင်လေးယုံ ရဲချန်ဖန်က သခင်လေးကို ဘာစိတ်ဆိုးအောင် လုပ်မိလဲ မသိဘူး။ ဒါပေမဲ့ သူ့ကို သတ်လို့မရဘူး”
ချင်တောင်ပိုင်က ခပ်အေးအေးပင် ပြောလိုက်လေသည်။
“မင်း … ချင်တောင်ပိုင် မင်းလို ကောင်းကင်မီးဂိုဏ်း သေးသေးလေးရဲ့ ခေါင်းဆောင်က ငါ့ကို အာခံ မလို့လား”
ယုံရှန်ရှင်း၏မျက်နှာသည် အလွန်မရွှင်မပျ ဖြစ်နေသည်။ သူသည် ချင်တောင်ပိုင်ကို လုံးဝ ဂရုမစိုက်ပေ။
“မလုပ်ရဲပါဘူး။ ဒီတစ်ခေါက် လူသတ်ကောင်းကင် သရဲဂိုဏ်းကိစ္စ သတင်းကို ပေးတာက ရဲချန်ဖန်ပဲ။ သူ့ဂိုဏ်းအတွက် အကျိုးဆောင်ခဲ့တာကို ခေါင်းဆောင်ကြီးထံ တင်ပြပြီးပြီ။ တကယ်လို့ သူသာ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ခေါင်းဆောင်ကြီးက စိတ်ဆိုးလိမ့်မယ်။ ဒါကြောင့် သခင်လေးယုံ မလုပ်ခင် သုံးခါလောက် ပြန်စဉ်းစားစေချင်ပါတယ်”
ချင်တောင်ပိုင်က အေးဆေးစွာ ပြောလိုက်လေသည်။
“မင်း …”
ယုံရှန်ရှင်းက ချင်တောင်ပိုင်ကို ဂရုမစိုက်သော်လည်း ခေါင်းဆောင်ကြီးကို လျစ်လျူမရှုရဲပေ။ သူကသာ ခေါင်းဆောင်ကြီးကို စိတ်တိုအောင် လုပ်မိပါက သူ့အဘိုးပင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
“တော်ပြီ။ ဒီနေ့ကိစ္စက ဒီမှာပဲရပ်လိုက်။ ရှန်ရှင်း ငါတို့ ပြန်ပြီးနားမယ်။ အရေးအကြီးဆုံးက လူသတ်ကောင်းကင် ဘုရင်ကိစ္စပဲ”
ယုမင်တောင်က ချင်တောင်ပိုင်ကို သေချာစိုက်ကြည့် လိုက်ပြီးနောက် ဖျန်ဖြေလိုက်လေသည်။
“ကောင်လေး မင်းကို ရက်အနည်းငယ် အသက်ရှင်ခွင့် ပေးလိုက်မယ်။ ငါတို့စုံစမ်းလို့ လူသတ် ကောင်းကင်ဘုရင်ကိစ္စက လိမ်ပြီး သတင်းပို့တာဆိုရင် ငါတို့ဒဏ်ပေးမှာ မင်းစောင့်နေလိုက်”
ယုံရှန်ရှင်းက အလွန် ဒေါသထွက်နေပြီး လူသတ်စိတ်နှင့် ရဲချန်ဖန်ကိုကြည့်ကာ ကြုံးဝါးလိုက် သည်။ ထို့နောက် ယုံရှန်ရှင်းသည် ယုမင်တောင်၊ တခြားလူများနှင့်အတူ ထွက်သွားလေသည်။
“ချန်ဖန် မင်းက ငါနဲ့လိုက်ခဲ့”
ယုံရှန်ရှင်းတို့ ထွက်သွားပြီးနောက် ချင်တောင်ပိုင်သည် ရဲချန်ဖန်ကို သူနေသည့် နေရာကို ခေါ်သွားလိုက်ပြီး အဖုံးအကွယ် မှော်အစီအရင်ကို ဖွင့်လိုက်သည်။
“ချန်ဖန် မင်း မတရားခံနေရတာ တောင်းပန်ပါတယ်”
ချင်တောင်ပိုင်က နံရိုးကျိုးပြီး မျက်နှာဖြူဖျော့နေသော ရဲချန်ဖန်ကို တီးတိုး ပြောလိုက်သည်။
“ခေါင်းဆောင်က အသက် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရဲချန်ဖန်က အလွန် ကျေးဇူးတင်နေမိသည်။ ချင်တောင်ပိုင်သာ မရောက်လာပါက သူအလွန်ဆိုးဝါးသော အဆုံးသတ်နှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သူနားလည်ထားသည်။
“ဟေး ငါက ဒီလောက်ပဲ လုပ်ပေးနိုင်တယ်။ မင်းငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ သူတို့သာ လူသတ်ကောင်းကင်ဘုရင်ကို ရှာမတွေ့ဘူးဆိုရင် ယုံရှန်ရှင်းက မင်းကို ထပ်ပြဿနာ ရှာလာနိုင်တယ်။ ငါမင်းကို အကြံပေးချင်တာက လတ်တလော မင်းအပြင်ထွက်နေပြီး ကောင်းကင်မီးဂိုဏ်းမှာ ထပ်မပေါ်လာရင် ကောင်းလိမ့်မယ်။ နောက်နှစ်ကုန်ထိ စောင့်ပြီး ကောင်းကင်မီးဂိုဏ်းရဲ့ ထိပ်သီး သုံးယောက်ထဲဝင်အောင် လုပ်နိုင်မယ်ဆိုရင် မင်းကို အစစ်အမှန် ဝိညာဉ်နယ်မြေထဲ ဝင်ခွင့်ပြုလိမ့်မယ်”
“အစစ်အမှန် ဝိညာဉ်နယ်မြေလား။ ခေါင်းဆောင် အစစ်အမှန် ဝိညာဉ်နယ်မြေက ဘယ်နားမှာ ရှိတာလဲ”
ရဲချန်ဖန်က သိချင်သွားသည်။
“အစစ်အမှန် ဝိညာဉ်နယ်မြေက ရှေးဟောင်း အပျက်အစီး နယ်မြေတစ်ခုပဲ။ အစစ်အမှန် ဝိညာဉ် နယ်မြေကို သုံးနှစ်တစ်ကြိမ် ပွင့်လေ့ရှိတယ်။ အစစ်အမှန် ဝိညာဉ်နယ်မြေထဲမှာ ရှေးခေတ်က ရတနာတွေ အများအပြား ရှိနေသေးတယ်။ ကောင်းကင်နဲ့ မြေကြီးဆေးမြက်၊ မြေကမ္ဘာအဆင့် ဝိညာဉ်လက်နက်တွေနဲ့ ဝိညာဉ်သိုင်းတွေ ရှိနေတယ်”
“ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အမြင့်ဆုံးပညာ အမွေအနှစ်တွေက အစစ်အမှန် ဝိညာဉ်နယ်မြေထဲက ရခဲ့တာပဲ။ ဒါပေမဲ့ အစစ်အမှန် ဝိညာဉ်နယ်မြေထဲမှာ ပြိုင်ဆိုင်မှု အလွန် ပြင်းထန်တယ်။ မြေကမ္ဘာသားရဲ စစ်သူကြီး တန်ခိုးရှင် အောက်ပိုင်း အဆင့်တွေသာ ဝင်လို့ရပြီး အစစ်အမှန် ဝိညာဉ်နယ်မြေက အန္တရာယ် အပြင် တခြားဂိုဏ်းကြီး နှစ်ဂိုဏ်းက အစွမ်းအထက်ဆုံး ပါရမီရှင်တွေနဲ့ပါ ယှဉ်ပြိုင်ရမှာ။ အဲတော့ အဲဒီထဲမှာ အခွင့်အရေး ကြီးကြီးမားမား ရဖို့ကတော့ မလွယ်ဘူး”
“ဒါပေမဲ့ ငါမင်းအစွမ်းကို ယုံတယ်။ မင်းသာ အစစ်အမှန် ဝိညာဉ်နယ်မြေထဲ အခွင့်အရေးသာ ရပြီး မဟာကောင်းကင် မီးဂိုဏ်းကို တစ်ခုခု အပ်လိုက်နိုင်မယ်ဆိုရင် မင်းက မဟာကောင်းကင် မီးဂိုဏ်းဝင် ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျရင် မင်းကို ယုံရှန်ရှင်းလည်း အလွယ်တကူ မထိရဲတော့ဘူး”
“ခေါင်းဆောင်က ကျွန်တော့်အတွက် စဉ်းစားပေးတဲ့အတွက် အရာရာတိုင်းကို ကျေးဇူးတင်ပါ တယ်။ ကျွန်တော် အပြင်ကိုထွက်ပြီး လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီအတောအတွင်း ခေါင်းဆောင်အနေနဲ့ ဂျီချင်ရွှယ်ကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးဖို့ အကူအညီ တောင်းပါတယ်”
ရဲချန်ဖန်က တောင်းဆိုလိုက်သည်။
“ဂျီချင်ရွှယ်အတွက် စိတ်မပူနဲ့။ သူ့ကိုကာကွယ်ဖို့ ငါ့မှာ အစွမ်းရှိပါသေးတယ်။ ငါသူမကို အပြင် ထွက်ပြီး လေ့ကျင့်လို့ရအောင် စီစဉ်လိုက်မယ်”
“ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင် ဒါဆို ဒီညပဲ ကျွန်တော် ထွက်သွားတော့မယ်”
ထို့နောက် ရဲချန်ဖန်က ထွက်လာခဲ့လေသည်။