။
***
အခန်း (၉၁)
သားရဲသခင်ဆဋ္ဌမအဆင့်
“ရဲချန်ဖန်လား”
ယုံရှန်ရှင်းက သူ့ရှေ့ရောက်လာသူကို ကြည့်လိုက်ပြီး ခပ်ရင့်ရင့်ပင် မေးလိုက်သည်။
“မင်းအဆင်ပြေရဲ့လား ရဲချန်ဖန်က ယုံရှန်ရှင်းကို အရေးပင်မလုပ်ဘဲ ဂျီချင်ရွှယ်ကိုသာ အရင်မေးလိုက်သည်။
ဂျီချင်ရွှယ်က သူမ ဒုက္ခအရောက်ဆုံး အချိန်တွင် သူမကို လာကယ်မည့်သူက ရဲချန်ဖန်ဖြစ်နေမည်ဟု မထင်ထားချေ။
“ဘာမှမဖြစ်ဘူး …”
ဂျီချင်ရွှယ်က ခေါင်းလေးခါပြီး မျက်ရည်များ မကျလာစေရန် သူမနှုတ်ခမ်းလေးသာ တင်းတင်း ကိုက်ထားမိသည်။
“ရဲချန်ဖန် မင်းက သတင်းတွေအတိုင်း တော်တော် မောက်မာပါလား …”
ယုံရှန်ရှင်းက ရဲချန်ဖန်သည် သူ့ကိုရှိသည်ဟုပင် မထင်သည့် ပုံစံအတိုင်း လျစ်လျူရှုနေသောအခါ သူ့မျက်လုံးထဲမှာ ရက်စက်မည့် အရိပ်များ ထွက်လာလေသည်။ သူ့ကိုယ်မှထွက်သော အော်ရာမှာ ပိုပို၍ ပြင်းထန်လာသည်။
“မင်းက ကောင်းကင်မီးဂိုဏ်းကလူ မဟုတ်ဘူးလား”
ရဲချန်ဖန် ခန္ဓာကိုယ်အစွမ်းမှာ ကြောက်ခမန်းလိလိ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သော်လည်း ယုံရှန်ရှင်း၏ အစွမ်းမှာ အလွန်ပြင်းထန်နေသဖြင့် ရဲချန်ဖန်ခြေအောက်ရှိ မြေကြီးမှာ ကွဲအက်လာနေသည်။
“မင်းမဆိုးဘူး။ ငါက သူ့ကို လိုချင်တယ်။ မင်း အဲဒီကောင်မလေးကို ငါ့ဆီပေးမယ်ဆိုရင် ငါမင်းကို ဘာမှမလုပ်ဘဲ လွှတ်ပေးမယ်”
“မဖြစ်နိုင်ဘူး”
“ချန်ဖန် သတိတော့ထား။ ယုံရှန်ရှင်းက မဟာကောင်းကင် မီးဂိုဏ်းသားပဲ။ မြေကမ္ဘာသားရဲ စစ်သူကြီး ပဉ္စမအဆင့်ကို ရောက်နေပြီ။ ပြီးတော့ သူ့အဘိုးက မဟာကောင်းကင်မီးဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ယုံရန်တန်ပဲ။ သူ့ကို ပြဿနာမရှာရင် ပိုကောင်းလိမ့်မယ်”
ရဲချန်ဖန်က လုံးဝအလျှော့မပေးသည်ကို တွေ့လိုက်သောအခါ အကြီးအကဲလျှူက သတိပေးလိုက်သည်။
“အကြီးအကဲတစ်ဦးဖြစ်တဲ့ ယုံရန်တန်ရဲ့မြေးလား”
ယုံရှန်ရှင်း နောက်ခံကို သိလိုက်ပြီး ဘာကြောင့် ယုံရှန်ရှင်း အဲဒီလောက် မောက်မာရိုင်းစိုင်းနေသလဲ ဆိုသည်ကို ရဲချန်ဖန် နားလည်သွားသည်။
“ရဲချန်ဖန် ငါ့ကိုဆန့်ကျင်ရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး”
ယုံရှန်ရှင်းက ရဲချန်ဖန်သည် သူ့ကို ဆန့်ကျင်နေသဖြင့် ဒေါသထွက်လာနေသည်။ ငါးမီတာ ကျော်မြင့်သော ဝိညာဉ်သားရဲကြံ့ကြီး ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို နင်းချေရန် ကြိုးစားလိုက်သည်။
“ဓားအင်အား …”
ကြံ့ကြီးက သူ့နား တိုးကပ်လာသည်နှင့် ရဲချန်ဖန်က ချက်ချင်းဆိုသလို ဓားအင်အားကို ထုတ်လိုက်ရာ လေထဲတွင် ကြီးမားသော ဓားရိပ်က ပေါ်ပေါက်လာပြီး ကြီးမားလှသော ကြံ့ကြီးကို ထိမှန်သွားလေသည်။
“ယား …”
ရဲချန်ဖန်၏ တိုက်ခိုက်မှုကြောင့် ကြံ့ကြီး၏ နောက်ကျောတွင် ကြီးမားလှသော ဓားဒဏ်ရဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် အော်ညည်းသံက ကြံ့ကြီးဆီမှ ထွက်ပေါ်လာလေသည်။ ထိုအော်ညည်းသံကြီးက ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။
“အရိပ်…”
ရဲချန်ဖန်က ကြံ့ကြီးမှာ ထိုမျှလောက် ကြောက်မက်ဖွယ် ကောင်းနေမည်ဟု မထင်ထားချေ။ ထို့ကြောင့် အရိပ်မဲ့သိုင်း အသုံးပြုကာ ရှောင်တိမ်းလိုက်ရလေသည်။ ထို့နောက် ရဲချန်ဖန်က ထိတ်လန့်နေသော ဂျီချင်ရွှယ်ဘေးတွင် ပေါ်လာပြီး သူမကိုဖက်ကာ အဝေးသို့ နောက်ဆုတ်လိုက်သည်။
“ဘွန်း …”
ကြံ့ကြီး၏ အသံလှိုင်း တိုက်ခိုက်မှုကြောင့် ဂျီချင်ရွှယ်၏ ခြံဝင်းလေးမှာ ပြိုကျပျက်စီးသွားသည်။ ကျယ်လောင်သော အသံကြောင့် ကောင်းကင်မီးဂိုဏ်း တစ်ခုလုံး အချက်ပေးသံများနှင့် ပြည့်နှက်သွား သည်။
“ရဲချန်ဖန် မင်းက ယုံရှန်ရှင်းကို ပြဿနာရှာလိုက်တဲ့ အတွက် မင်းကောင်းကောင်း နေရတော့မှာ မဟုတ်ဘူး။ မင်းဘယ်လို သေမလဲ ကြည့်ကြသေးတာပေါ့”
ရဲချန်ဖန်က ယုံရှန်ရှင်းနဲ့ ပြဿနာ တက်နေသည်ကိုတွေ့ပြီး ထောင့်တစ်နေရာတွင် ပုန်းနေသော ရှန်းတုကောင်း မျက်နှာတွင် ယုတ်မာသော အပြုံးက ပေါ်လာလေသည်။
ရဲချန်ဖန်နှင့် ယုံရှန်ရှင်း ပြဿနာတက်အောင် ဖန်တီးသူမှာ ရှန်းတုကောင်းဟု ပြောလို့ရနိုင်သည်။ ရှန်းတုကောင်းက ယုံရှန်ရှင်းကို အသုံးချပြီး ရဲချန်ဖန်သေအောင် ဖန်တီးလိုက်ခြင်းပေ။
“မဟာကောင်းကင်မီးဂိုဏ်းဝင် ဒီယုံရှန်ရှင်းက အရမ်းအစွမ်းထက်တာပဲ”
ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး သူ့သွေးများကို လှုံ့ဆော်လိုက်ပြီး သူ့မျက်နှာသည် အလွန်လေးနက်လာသည်။
“ချန်ဖန် ရှင်အဆင်ပြေရဲ့လား”
ရဲချန်ဖန်ရင်ခွင်ထဲ သူမ ရောက်နေသောကြောင့် ရဲချန်ဖန် အသက်ရှူ မမှန်သည်ကို သတိထားမိလိုက်ပြီး သူမစိုးရိမ်စွာနှင့် မေးလိုက်သည်။
“ဘာမှမဖြစ်ဘူး။ မင်းငါ့ကို ဒီမှာစောင့်နေ”
ရဲချန်ဖန်က ဓားကျိုးကို ထုတ်ယူလိုက်ပြီး သတိထားကာ ယုံရှန်ရှင်းဆီ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
“သခင်လေးယုံ ဒီနေရာက ကောင်းကင်မီးဂိုဏ်းပါ။ ဂိုဏ်းမျက်နှာ နည်းနည်းထောက်ပြီး ပြဿနာ မရှာပါနဲ့တော့”
အကြီးအကဲလျှူနှင့် အကြီးအကဲတန်က အခြေအနေက ဤမျှလောက် ဆိုးလာမည်ဟု မထင်မိချေ။ ထို့ကြောင့် အမြန်ဆုံး ဝင်ရောက် ဖျန်ဖြေလိုက်သည်။
“ငါမင်းတို့ကို ထွက်သွားခိုင်းထားတယ်လေ။ မင်းတို့ မကြားဘူးလား”
“အလကားလူတွေ မင်းတို့ ငါလုပ်မှအပြစ်မဆိုနဲ့”
ယုံရှန်ရှင်းမျက်နှာက မည်းမှောင်နေလေသည်။
“မင်း …”
အကြီးအကဲလျှူနှင့် အကြီးအကဲတန်က ယုံရှန်ရှင်း၏ မိုက်ရိုင်းမှုကြောင့် ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ခါနေသည်။ သို့သော် သူတို့က ကောင်းကင်မီးဂိုဏ်း အကြီးအကဲများ ဖြစ်သော်လည်း ယုံရှန်ရှင်းကို ဘာမှလုပ်လို့မရချေ။
“ရဲချန်ဖန် မင်း ငါတို့အစွမ်း အရမ်းကွာခြားတာ မင်းသိပါတယ်။ ငါမင်းကို အသက်ရှင်ဖို့ အခွင့် အရေးပေးမယ်။ မင်းကသာ ရိုရိုသေသေ ငါ့ကို ဒူးထောက် တောင်းပန်မယ်ဆိုရင် ငါစိတ်ကျေနပ်ပြီး မင်းရဲ့ ခွေးလို အသက်ကိုရှင်ခွင့်ပေးမယ်”
ယုံရှန်ရှင်းက မျက်နှာစူပုပ်နေသော ရဲချန်ဖန်ကို ဟာသလုပ်လိုက်သည်။
“ယုံရှန်ရှင်း မင်းငါ့ကိုနိုင်မှ ပြောစမ်းပါ”
ရဲချန်ဖန်က ဝိညာဉ်စုဆောင်း မှော်အစီအရင်ထဲတွင် လေ့ကျင့်ထားသောကြောင့် သူနောက်တစ်ဆင့်တက်ရန် လက်တစ်ကမ်း အလိုသို့ ရောက်နေပြီဖြစ်သည်။ ပြင်းထန်လှသော ဖိအားကြောင့် သူ့ဝိညာဉ် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သားရဲသခင် ဆဋ္ဌမအဆင့်သို့ ရောက်သွားလေသည်။
သို့သော် ဝိညာဉ်စွမ်းအင်များ အလွန်ပြည့်လျှံပြီး အင့်တက်ခြင်း မဟုတ်သောကြောင့် သူ့အဆင့်မှာ အခြေမခိုင်သေးချေ။
“နောက်တစ်ဆင့် ရောက်သွားတာလား”
ရဲချန်ဖန်၏ အော်ရာများ ပြင်းထန်လာသည်ကို တွေ့လိုက်ပြီး ယုံရှန်ရှင်း မျက်နှာတွင် ထူးဆန်းသော အရောင်များ ထွက်လာနေသည်။ ဒီအချိန်မျိုးတွင် ရဲချန်ဖန် နောက်တစ်ဆင့် တက်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။
“စိတ်ဝင်စားစရာပဲ။ တကယ်ကို စိတ်ဝင်စားစရာပဲ။ မင်းက အဆင့်တက်တာနဲ့ ငါ့ကိုယှဉ်နိုင်ပြီလို့ ထင်နေတာလား။ ငါမင်းကို ကြက်ကလေး ငှက်ကလေး သတ်သလိုသတ်ပြမယ်”
ယုံရှန်ရှင်းဆီမှ ပြင်းထန်လှသော လူသတ်စိတ်က ထွက်ပေါ်လာလေသည်။
သားရဲသခင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသောကြောင့် ရဲချန်ဖန် အစွမ်းအထက်ဆုံး အင်အားမှာ ပေါင်ခုနစ်သောင်းကျော်ထိ ရောက်ရှိသွားသည်။ သူ အားကုန်သုံး လိုက်သောကြောင့် ပတ်ဝန်းကျင် လေထုပင် သူ့နား မချဉ်းကပ်နိုင်တော့ပေ။
ရဲချန်ဖန်၏ ပြင်းထန်လှသော ခန္ဓာကိုယ်စွမ်းအားကို ခံစားနေရ၍ ယုံရှန်ရှင်း မျက်နှာမှ အပြုံးများ ပျောက်ကွယ် သွားလေသည်။ သူ့၌ပင် အဲဒီလောက် ပြင်းထန်သော ခန္ဓာကိုယ်စွမ်းအား မရှိပေ။
“အရိပ်မဲ့သိုင်း …”
ခန္ဓာကိုယ်စွမ်းအားကို အစွမ်းကုန်သုံးပြီး ရဲချန်ဖန်က အရိပ်လို လှုပ်ရှားနေကာ နေရာအနှံ့မှ ယုံရှန်ရှင်းကို တိုက်ခိုက်နေလေသည်။
“သဘောတရားလား။ ကောင်းကင်မီးဂိုဏ်းမှာ လျင်မြန်မှုနဲ့ဆိုင်တဲ့ သဘောတရား ပါဝင်တဲ့ ဝိညာဉ်သိုင်း ရှိနေရတာလဲ”
ရဲချန်ဖန်က အရိပ်လို လှုပ်ရှားနေသဖြင့် ပုံရိပ်ယောင်များကဲ့သို့ ဖြစ်လာသဖြင့် ယုံရှန်ရှင်း ပိုပို၍ တုန်လှုပ်လာနေသည်။ ထိုကဲ့သို့ သဘောတရားပါဝင်တဲ့ ဝိညာဉ်သိုင်းသည် မဟာကောင်းကင်မီးဂိုဏ်း တွင်ပင် အလွန်ရှားပါးလှသည်။
“ဓားအင်အား …”
ရဲချန်ဖန်က ရုတ်တရက် ယုံရှန်ရှင်းနား ချဉ်းကပ်လာပြီး ဓားအင်အားနှင့် တိုက်ခိုက်လိုက်ရာ ငွေရောင်ဓား အလင်းတန်းက ယုံရှန်ရှင်းဆီ ဝင်ရောက်သွားသည်။
“မျှော်လင့်ချက်လှံရှည်”
ယုံရှန်ရှင်းသည် သူ့သိုလှောင်အိတ်ထဲမှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော လှံရှည်ကို ထုတ်ယူလိုက်ပြီး ရဲချန်ဖန် တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ဓားကွက်မှာ ပျက်ပြယ်သွားပြီး ယုံရှန်ရှင်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားကာ လှံရှည်မှာမူ ရဲချန်ဖန်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
“ဟား …”
ရဲချန်ဖန်နံရိုးကို လှံရှည်က ထိုးဖောက်သွားရာ ချက်ချင်းပင် သွေးများ ကျဆင်းလာသည်။
“သံလုံးလက်နက် ကြိုးပဲ့စမ်း …”
ရဲချန်ဖန် ဒဏ်ရာရသွားသော အခိုက်အတန့်မှာပင် သူက အံကြိတ်ကာ အကြီးအကဲဂျီကို ကုသပေးခဲ့သောကြောင့် ရရှိထားသော သံလုံးလက်နက်ကို ထုတ်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်စွမ်းအား ပေါင်ခုနစ်သောင်းကျော်ဖြင့် ယုံရှန်ရှင်းဆီ ပေါက်လိုက်လေသည်။
“အား …”
ယုံရှန်ရှင်းသည် ရဲချန်ဖန် ဒဏ်ရာရနေသဖြင့် သူနိုင်နေသည် အထင်ဖြင့် သတိလွတ်နေရာ ဝိညာဉ်သားရဲပင် ဆင့်ခေါ်ချိန် မရလိုက်ပဲ သူ့ခန္ဓာကိုယ်ထဲသို့ သံလုံးက ထိုးဖောက် ဝင်ရောက်သွားပြီး သွေးများစွာ ကျဆင်းလာနေသည်။
ပြင်းထန်လှသော တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံး ဒဏ်ရာအပြင်းအထန် ရရှိသွားပြီဖြစ်သည်