။
***
စာစဉ် (၆)
အခန်း (၉ဝ)
တဏှာရူးယုံရှန်ရှင်း
“အစ်ကိုရဲ အခြေအနေ မကောင်းတော့ဘူး။ ဘယ်သူလဲမသိဘူး အစ်မတော်ဂျီချင်ရွှယ် ခြံဝင်းကို ချိုးဖျက်ဖို့ ကြိုးစားနေတယ်။ အစ်မတော် ဂျီချင်ရွှယ်ကို ဘာလုပ်မလို့လဲ မသိဘူး”
ဝိညာဉ်စုဆောင်းခြင်း မှော်အစီအရင်ထဲတွင် လေ့ကျင့်လျက်ရှိနေသော ရဲချန်ဖန်သည် နောက်တစ်ဆင့်တက်ရန် လမ်းဆုံကို ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ့ကို စိုးရိမ်ကြောင့်ကြသံ တစ်ခုက ကျင့်ကြံခြင်းမှ နှိုးလိုက်သည်။
“မင်းက ဘယ်သူလဲ”
သူ့ကို သတင်းလာပို့သော ယောက်ျားကြီးကို သူက လေသံခပ်မာမာနှင့် မေးလိုက်သည်။
“ကျွန်တော် ဆရာရဲကို လေးစားအားကျတဲ့ ကောင်းကင်မီးဂိုဏ်းသားပါ”
ရဲချန်ဖန်၏ စူးရှသောမျက်ဝန်းကို ရင်ဆိုင်မိ၍ ထိုလူက ထိတ်လန့်စွာနှင့် အမြန်ပြန်ဖြေလိုက် သည်။
“ဟုတ်လား ဘာဖြစ်တာလဲ ငါ့ကိုပြော …”
ရဲချန်ဖန်က ဝိညာဉ်စုဆောင်းခြင်း မှော်အစီအရင်ထဲတွင် လေ့ကျင့်လျက်ရှိသဖြင့် ကောင်းကင်မီး ဂိုဏ်းတွင် ဘာတွေဖြစ်နေလဲမသိပေ။
“အခုလေးတင်ပဲ လူတစ်ယောက်က အစ်မတော်ဂျီချင်ရွှယ် ခြံဝင်းက ဖုံးကွယ်မှော် အစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားနေတယ်။ ပြီးတော့ အစ်မတော် ဂျီချင်ရွှယ်ကို သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်နေတယ်”
ထိုလူက ကြောက်ရွံ့စွာနှင့် ပြောပြလိုက်သည်။
“ဟုတ်လား … အဲဒီလူက ဘယ်သူလဲ သူက ကောင်းကင်မီးဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဂရုမစိုက်တာလား”
ရဲချန်ဖန်က ထိုစိုးရိမ်ထိတ်လန့်နေသော အမျိုးသားကို သံသယ အနည်းငယ် ရှိနေသော်လည်း ထိုလူစကားကိုမူ သံသယမရှိပေ။
“ကျွန် … ကျွန်တော်လည်း မသိဘူး”
ထိုလူက ခေါင်းခါပြနေသည်။
“အဲဒီလူက ရှန်းတုကလန်ကများလား”
ကောင်းကင်မီးဂိုဏ်း ရောက်တည်းကပင် ဂျီချင်ရွှယ် နှိမ့်ချနေပြီး နာမည် မထွက်အောင် နေပုံကို စဉ်းစားမိသောအခါ သူမကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေသည်ကို ကြည့်ခြင်းဖြင့် ဂျီချင်ရွှယ် ခြံဝင်းကို ဖျက်ဆီးရန် ကြိုးစားနေသူသည် ရှန်းတုကလန်မှလူ ဖြစ်နိုင်သည်။
“အင်း … ငါ ဂျီချင်ရွှယ်နဲ့ အပေးအယူမလုပ်မိခဲ့ရင် ကောင်းသား”
ရဲချန်ဖန်က သက်ပြင်းသာ ချမိလိုက်သည်။ သူတို့ ပတ်သက်ခဲ့မှုကြောင့် ဂျီချင်ရွှယ်မှာ အန္တရာယ် အများအပြားနှင့် တွေ့ကြုံရပြီး သူ့ဆီလည်း မကြာခဏဆိုသလို ပြဿနာများ ရောက်လာနေသည်။
“အင်း …”
ရဲချန်ဖန်က ဂျီချင်ရွှယ်နှင့် ထပ်မံ၍ မပတ်သက်လိုတော့ပေ။ သို့သော် သူမက သူ့ကြောင့် ပြဿနာတက်ပြီး အရှက်ခွဲခံရမည်ကိုတော့ သူလက်မခံနိုင်ပေ။ သူ့ကိုယ်က လှုပ်ရှားသွားပြီး အရိပ်ကဲ့သို့ သတင်း လာပို့သော လူရှေ့မှ ပျောက်ကွယ် သွားလေသည်။
“ကြောက်စရာကောင်းအောင် အစွမ်းထက်တာပဲ”
ခြံဝင်းလေးထဲတွင် ကျင့်ကြံလျက်ရှိသော ဂျီချင်ရွှယ်သည် သူမခြံဝင်း၏ မှော်အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားနေသောကြောင့် ကျင့်ကြံခြင်းမှ ချက်ချင်း နိုးထလာသည်။ သူမသည် ခြံဝင်းထဲမှ ထွက်လိုက်စဉ် အလွန် တန်ဖိုးကြီးပုံရသည့် ပိုးဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန် မောက်မာဟန်ရှိသော လူလတ်ပိုင်း ယောက်ျားတစ်ယောက်ကို တွေ့လိုက်သည်။ သူမကို ကြည့်လိုက်သော အကြည့်ရိုင်းကြောင့် သူမ မျက်နှာမှာ အလွန်နီရဲသွားသည်။
ယုံရှန်ရှင်း အကြည့်မှာ ရွံစရာကောင်းအောင် တပ်မက်မှုများနှင့် ပြည့်နေလေသည်။
“ရှင်ကဘယ်သူလဲ ဘာလို့ ကျွန်မခြံဝင်းရဲ့ မှော်အစီအရင်ကို ဖျက်ဆီးနေရတာလဲ ကောင်းကင်မီး ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မကြောက်ဘူးလား”
ဂျီချင်ရွှယ်က ယုံရှန်ရှင်းကို လုံးဝမနှစ်မြို့သည့် လေသံဖြင့် ပြောလိုက်သည်။
“ကောင်းကင်မီးဂိုဏ်းရဲ့ စည်းမျဉ်းတွေ ဟုတ်လား။ ငါက ကောင်းကင်မီးဂိုဏ်းသား မဟုတ်ဘူး။ ကောင်းကင်မီးဂိုဏ်းရဲ့ စည်းမျဉ်းတွေက ငါ့အတွက် ဘာမှမဟုတ်ဘူး။ မင်းကို တစ်ယောက်ယောက်က လာကူညီပေးမယ်လို့လည်း ထင်မနေနဲ့။ ဂိုဏ်းခေါင်းဆောင် ချင်တောင်ပိုင် ရှိနေရင်တောင် ငါက သူ့ကို ဂရုမစိုက်ဘူး”
“ရှင် … ရှင်ကဘယ်သူလဲ”
ယုံရှန်ရှင်း စကားကိုကြားပြီး သူမက မကောင်းတာတစ်ခု ဖြစ်လာတော့မည်ဟု သိလိုက်သည်။ ထို့ကြောင့် သူမသည် တည်ငြိမ်အောင်ကြိုးစားပြီး မေးလိုက်သည်။
“ငါက မဟာကောင်းကင် မီးဂိုဏ်းကပဲ။ ငါ့အဘိုးက မဟာကောင်းကင်မီးဂိုဏ်းရဲ့ အကြီးအကဲ ယုံရန်တန်ပဲ။ ယုံရှန်ရှင်းမှာ သူ့နောက်ခံအင်အားကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ရှင်က ဒီနေ့ရောက်လာတဲ့ မဟာကောင်းကင်မီးဂိုဏ်းက တမန်တော်ပဲ”
ယုံရှန်ရှင်း၏ နောက်ခံအင်အားနှင့် ယုံရှန်ရှင်းက ဘယ်သူလဲ သိသွားပြီးနောက် ဂျီချင်ရွှယ်၏ မျက်နှာလေးတွင် သွေးပင် မရှိတော့ချေ။ ယုံရှန်ရှင်း၏ မျက်လုံးကြောင့် သူမ အန္တရာယ်နှင့် ကြုံတွေ့တော့မည်ဟု ခံစားနေရသည်။
“ဟုတ်တယ်။ ငါဒီနေ့လာတာ မင်းအတွက်ပဲ။ ငါက မင်းကို အခွင့်အရေးကြီး တစ်ခု ပေးချင်လို့ပဲ”
ယုံရှန်ရှင်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဂျီချင်ရွှယ် ကိုယ်လုံးလေးကို ကြည့်လိုက်ပြီး ဂျီချင်ရွှယ် တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
“သခင်လေးရဲ့ စိတ်ကောင်း စေတနာကို ကျေးဇူးတင်စွာနဲ့ ငြင်းပါရစေ။ အခု ကျွန်မက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်သေးတယ်။ ဒါကြောင့် သခင်လေးပေးတဲ့ အခွင့်အရေးကို စိတ်မဝင်စားဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး သခင်လေးပြန်ပါတော့”
ဂျီချင်ရွှယ်က ခြေတစ်လှမ်း နောက်ဆုတ်ပြီး ပညာသားပါပါ ငြင်းလိုက်သည်။
“အင်း ဒီလိုဆိုမှတော့ ငါက ဒီနည်းလမ်းကိုပဲ သုံးရမှာပေါ့”
ဂျီချင်ရွှယ်၏ ငြင်းပယ်မှုကြောင့် ယုံရှန်ရှင်း မျက်နှာက ချက်ချင်း အေးစက် မာကျောသွားကာ အစွမ်းထက်လှသော အော်ရာက ထွက်ပေါ်လာပြီး ဂျီချင်ရွှယ်ကို ဖိနှိပ်ထားလေသည်။
“ရှင် … ရှင် ဘာလုပ်မလို့လဲ”
ယုံရှန်ရှင်း၏ အော်ရာက သူမကို ဖိနှိပ်ထားသဖြင့် သူမ အသက်ရှူ မဝဖြစ်လာပြီး သူမမျက်နှာမှာ ပို၍ ဖြူရော်သွားသည်။
“မင်းပြောကြည့် ငါဘာလုပ်ချင်လဲဆိုတာ”
ယုံရှန်ရှင်းက ဂျီချင်ရွှယ်၏ လှပချောမောသော မျက်နှာလေးကို ကြည့်လိုက်ပြီး မိုက်ရိုင်းစွာ မေးလိုက်လေသည်။
“ဒီသခင်လေးက မင်းကို သဘောကျနေတယ်။ ဒါမင်းအတွက် ကံကောင်းမှုပဲ။ မင်းသာ ငါ့စိတ် ကျေနပ်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ငါ့နောက်ကိုလိုက်ပြီး နေလို့ရတယ်။ ပြီးတော့ ငါ့အဘိုးကို ပြောပြီး မင်းကို မဟာကောင်းကင်မီးဂိုဏ်းက ယင်ရန်ခန်းမကို ဝင်ခွင့်ရအောင် လုပ်ပေးမယ်”
“ဒါပေမဲ့ မင်းက အခြေအနေကို နားမလည်ဘူးဆိုရင် ငါက ပန်းလေးကို ဖျက်ဆီးပစ်မှ အဆိုး မဆိုနဲ့”
“ရှင် … ရှင်အနားမကပ်လာနဲ့။ ရှင်ထပ်တိုးလာရင် အော်လိုက်မှာနော်”
ဂျီချင်ရွှယ်က ယုံရှန်ရှင်းကို ဤမျှလောက် အတင့်ရဲမည်ဟု မထင်ထားချေ။ ယုံရှန်ရှင်းက ရုတ်တရက် အကြမ်းဖက်လာသဖြင့် သူမ အလွန် စိတ်ဓာတ်ကျ သွားသည်။ သူမတစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ခါနေသည်။
“မင်းက အော်လိုက်မယ် ဟုတ်လား။ မင်းက မင်းကို ကယ်မယ့်လူ ရှိမယ်ထင်နေတာလား ငါမင်းကို ပြောပြမယ် ဘယ်သူလာလာ ငါ့ကို ဘာမှလုပ်လို့မရဘူး။ မင်းက ဒီနေ့ ငါ့လက်က မလွတ်ပါဘူး ကွာ။ ဟား …”
“သခင်လေးယုံက နားမနေဘူးလား ဒီကို ဘာလာလုပ်နေတာလဲ”
ယုံရှန်ရှင်းက အတင်းအဓမ္မဖြင့် ဂျီချင်ရွှယ်ကိုဖမ်းရန် လုပ်လိုက်ချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ အသံနှင့်အတူ ရဲချန်ဖန်နှင့် ခင်မင်သော အကြီးအကဲလျှူနှင့် အကြီး အကဲတန်တို့က ရောက်လာသည်။
“ဘာလို့လဲ ငါဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ မင်းတို့ကို ပြောနေရမှာလား”
ယုံရှန်ရှင်းသည် အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့က သူ့ကိစ္စတွင် ဝင်နှောင့်ယှက်ရဲမည် မထင်ထား၍ သူ့မျက်နှာက မရွှင်မပျဖြစ်သွားပြီး ရိုင်းစိုင်းစွာ ပြောလိုက်သည်။
“သခင်လေးက ရယ်စရာ ပြောနေပြီ။ ကျွန်တော်တို့က သခင်လေးကို အဲလိုပြောတာ မဟုတ်ပါဘူး။ ဂျီချင်ရွှယ်က ကျွန်တော် သဘောကျတဲ့ ဂိုဏ်းဝင်လေ။ ဒါကြောင့် ကျွန်တော် မျက်နှာထောက်ပြီး သခင်လေးက အလျှော့ပေးပါခင်ဗျာ”
အကြီးအကဲလျှူက ယုံရှန်ရှင်း၏ ဝါးစားတော့မတတ် မျက်လုံးကို ဂရုမစိုက်ဘဲ ဖြည်းညင်းစွာ ပြောလိုက်သည်။
“အေး … ငါက မင်းမျက်နှာ မထောက်ဘူး ဆိုရင်ကော”
ယုံရှန်ရှင်းက နှာခေါင်းရှုံ့လိုက်ပြီး ရိုင်းစိုင်း မောက်မာစွာနှင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲမှ ရက်စက်မည့် အရောင်က ပိုမိုပြင်းထန်လာနေသည်။
“သခင်လေးယုံ ကျွန်တော်တို့က သခင်လေးလောက် ရာထူးအဆင့်အတန်း မရှိပေမဲ့ ကျွန်တော်တို့ မဟာကောင်းကင်မီးဂိုဏ်းက အကြီးအကဲတန်နဲ့ အဆက်အသွယ် ရှိပါတယ်။ တကယ်လို့ မဟာကောင်း ကင်မီးဂိုဏ်းကသာ အပြစ်မဲ့တဲ့ ကောင်းကင်မီးဂိုဏ်းဝင်ကို အနိုင်ကျင့် စော်ကားတာ သိသွားရင် အကြီး အကဲယုံလည်း မျက်နှာပန်းလှမှာ မဟုတ်ဘူး”
အကြီးအကဲလျှူက အသက်ဝအောင်ရှူပြီး ပြောလိုက်သည်။
“ထွက်သွားစမ်း …”
ယုံရှန်ရှင်းက အကြီးအကဲလျှူ သတိပေး ခံလိုက်ရသဖြင့် ပိုစိတ်တိုလာပြီး ငေါက်ငမ်း လိုက်သည်။
“သခင်လေးယုံ ခင်ဗျား …”
“ငါမင်းကို ထွက်သွားခိုင်းနေတယ်နော်။ မင်းမကြားဘူးလား”
ယုံရှန်ရှင်းက ဒေါသမထိန်းနိုင်တော့ပဲ ပြင်းထန်လှသော အော်ရာထွက်လာပြီး ဆူနာမီလှိုင်းများကဲ့သို့ အကြီးအကဲလျှူကို ဖိနှိပ်လိုက်သည်။
အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့သည် မြေကမ္ဘာသားရဲ စတုတ္ထအဆင့် ဖြစ်သော်လည်း ယုံရှန်ရှင်းက မြေကမ္ဘာသားရဲ ပဉ္စမအဆင့် ရောက်ရှိနေသူဖြစ်သည်။
ယုံရှန်ရှင်း၏ ပြင်းထန်လှသော အော်ရာ ဖိနှိပ်ထားမှုကြောင့် အကြီးအကဲလျှူက အဆက်မပြတ် တုန်ယင်နေပြီး မြေပေါ် လဲကျသွားလေသည်။
“ငါမင်းကို နောက်တစ်ကြိမ် သတိပေးမယ်။ ခုချက်ချင်း ငါ့ရှေ့က ထွက်မသွားဖူးဆိုရင် ငါလုပ်မှ အဆိုးမဆိုနဲ့”
ယုံရှန်ရှင်းက သွေးဆာနေသည့် သားရဲလိုပင် ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်လေသည်။
ဂျီချင်ရွှယ်က ယုံရှန်ရှင်းသည် အကြီးအကဲလျှူနှင့် အကြီးအကဲတန်ကိုပင် ဂရုမစိုက်ကြောင်း တွေ့လိုက်သောအခါ သူမ၏ လှပသော မျက်လုံးထဲတွင် စိတ်ဓာတ်ကျမှုကို အတိုင်းသား မြင်နေရလေသည်။
“ဟင်း … လေလုံးကတော့ ထွားလိုက်တာ။ ဒီနေ့ သူမကို ဘယ်သူထိရဲလဲ ကြည့်ရအောင်”
အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့ပင် ဘာဆက်လုပ်ရမှန်းမသိ တွေဝေနေချိန်တွင် မိုးခြိမ်းသံကဲ့သို့ အသံကျယ်ကြီးနှင့်အတူ အရိပ်မဲ့သိုင်း အသုံးပြု၍ သူတို့နား ရောက်လာသော ရဲချန်ဖန်ကို တွေ့လိုက်ရလေသည်