Switch Mode

Chapter – 89

ပူးပေါင်းကြံစည်မှု

***
စာစဉ် (၆)
အခန်း (၈၉)
ပူးပေါင်းကြံစည်မှု

“ဘာ … တတိယညီက တိုက်ခိုက်ရေး ကွင်းပြင်မှာ လက်ပြတ်သွားတယ် ဟုတ်လား”

ကောင်းကင်မီးဂိုဏ်းအတွင်း တစ်နေရာ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းလေး တစ်ခုထဲတွင် ရှန်းတုရွှယ်သည် လူငယ်လေး တစ်ယောက်ရှေ့တွင် ရပ်နေလေသည်။ ထိုလူငယ်လေးသည် အရပ်မမြင့်သော်လည်း ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ် အချိုးအစားမျိုးရှိပြီး သူတစ်ပါးအပေါ် အလွန် လွှမ်းမိုးနိုင်ပုံပေါ်သည်။ ထိုလူငယ်လေးသည် ရှန်းတုကလန်၏ အတော်ဆုံး ပါရမီရှင်ဖြစ်ပြီး ကောင်းကင်တန်ခိုးရှင် စာရင်းတွင် နံပါတ်သုံး နေရာ၌ ရှိနေသူ ရှန်းတုကောင်းပင် ဖြစ်သည်။

“အဲဒါက ဘယ်သူလုပ်တာလဲ”

ရှန်းတုကောင်းမျက်နှာမှာ မရွှင်မပျနှင့် သူ့မျက်လုံးကို ကြည့်မိသူတိုင်းသည် တုန်လှုပ်သွားရ မည်သာ။

“အဲဒါ ရဲချန်ဖန် လက်ချက်ပဲ”

ရှန်းတုရွှယ်က ဖြစ်သမျှအကြောင်းကို ရှင်းပြလိုက်သည်။

“ရဲချန်ဖန် … သူက ကောင်းကင်တန်ခိုးရှင်စာရင်းမှာ အဆင့်ရှစ် ရခဲ့တာလား”

ရှန်းတုကောင်းအသံမှာ ပို၍ လေးနက်လာသည်။

“ဒုတိယအစ်ကို အခု သူ့ကိုနိုင်တာဆိုလို့ အစ်ကိုပဲ ရှိတော့တယ်။ သူ့ကိုဆက်ပြီး လေ့ကျင့်ခွင့် ပေးရင် သူ့အဆင့်က ဒီထက် အလျင်အမြန်ကို တက်လာလိမ့်မယ်။ သူက ကျွန်တော်တို့ ရှန်းတုကလန်ရဲ့ မဟာရန်သူ ဖြစ်လာနိုင်တယ်”

ရှန်းတုရွှယ်က တောင်းပန်တိုးလျှိုး လိုက်သည်။

“မင်းက အဲဒီရဲချန်ဖန်ကို လုပ်ချင်သလို လုပ်လို့ရတယ် ထင်နေတာလား”

ရှန်းတုရွှယ်အသံ စိတ်လေနေသည့်ပုံပင်။

“သူ့ရဲ့ ပါရမီနဲ့ဆိုရင် သူ့အကြောင်းကို မဟာကောင်းကင်မီးဂိုဏ်းက သိရင်သိနေလောက်ပြီ။ ငါတို့က သူ့ကို တိတ်တိတ်လေး လုပ်ကြံမယ်ဆို ငါတို့ကို ကောင်းကင်မီးဂိုဏ်းက ရိပ်မိသွားလိမ့်မယ်။ ကောင်းကင်မီးဂိုဏ်းရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တောင် ကျခံရနိုင်တယ်”

“ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။ တတိယညီ ခံခဲ့ရတာကို ဒီအတိုင်း မေ့လိုက်ရမှာ လား”

ရှန်းတုရွှယ်က လက်မခံနိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“မဟုတ်ဘူး။ မေ့ပစ်စရာမလိုဘူး။ နောက်ရက် အနည်းငယ် အတွင်းမှာ သူ့ကို ဖြေရှင်းမယ့်လူ ရှိလာလိမ့်မယ်”

“အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားလေသည်။ ရဲချန်ဖန်သည် ရှန်းတုဟန်၏ လက်ကို လူပုံအလယ်တွင် ဖြတ်ပစ်လိုက်သည့် နောက်ပိုင်းတွင် မည်သူမှ ရဲချန်ဖန်ကို ပြဿနာ မရှာရဲတော့ချေ။ ထိုအတောအတွင်း ရဲချန်ဖန်သည် ဝိညာဉ်စုဆောင်းခြင်း မှော်အစီအရင်ထဲတွင် မြေကမ္ဘာသားရဲ စစ်သူကြီး ဆဋ္ဌမအဆင့်ရောက်ရန် လေ့ကျင့်နေလေသည်။

ရဲချန်ဖန် တံခါးပိတ် လေ့ကျင့်နေစဉ် ကောင်းကင်မီးဂိုဏ်းသည် ပုံမှန်အတိုင်း အေးချမ်းနေလေသည်။ ရုတ်တရက်တွင် အနီရောင် အမွေးများနှင့် အမြီးမှာ ဆယ်မီတာကျော် ရှည်လျားပြီး ကြီးမားလှသော မီးငှက်ကြီးက ကောင်းကင်၌ ပေါ်လာပြီး ကောင်းကင်မီးဂိုဏ်းထဲတွင် ဆင်းသက် လိုက်လေသည်။

“မဟာကောင်းကင်မီးဂိုဏ်းရဲ့ ကြိုးကြာတမန်တော်ပဲ”

အနီရောင် ငှက်မွေးများနှင့် တောက်ပနေသော ကြိုးကြာငှက်ကိုကြည့်ပြီး ကောင်းကင်မီးဂိုဏ်း တစ်ခုလုံး တုန်လှုပ်နေသည်။ ထို့အပြင် အကြီးအကဲများသည် အစည်းအဝေး ခန်းမထဲတွင် မဟာကောင်း ကင်မီးဂိုဏ်းမှ တမန်တော်များကို စောင့်ကြိုနေကြသည်။

“လောင်ဟောင်က မဟာကောင်းကင်မီးဂိုဏ်း တမန်တော်ကို ကြိုဆိုပါတယ်”

“ကြိုးကြာငှက်ကြီးပေါ်မှ တမန်တော်ရှစ်ယောက် ဆင်းလာသည်နှင့် ကောင်းကင်မီးဂိုဏ်း ဒုတိယခေါင်းဆောင် လောင်ဟောင်နှင့် အကြီးအကဲများက နှုတ်ဆက်လိုက်ကြလေသည်။

“ချင်တောင်ပိုင် သူမရှိဘူးလား”

ရွှေဝါရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ပြင်းထန်လှသော အော်ရာများ ထွက်နေသည့် လူလတ်ပိုင်း လူက အကုန်လုံးကို တစ်ချက်ကြည့်ပြီးနောက် မာရေကျောရေနှင့် မေးလိုက်လေသည်။

“ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲ ဆယ့်နှစ်ယောက်တို့က သေမင်းသင်္ချိုင်းနားမှာ စခန်းချပြီး လူသတ်ကောင်းကင်ဘုရင် ထွက်မပြေးနိုင်အောင် စောင့်ကြပ်နေပါတယ်”

လောင်ဟောင် ရှင်းပြလိုက်သည်။

“အင်း ချင်တောင်ပိုင်ကို ပြန်လာခိုင်းလိုက်။ ငါသူ့ကို မေးစရာရှိတယ်။ ပြီးတော့ ဘယ်မှာလဲ ငါတို့ နားခိုဖို့နေရာ”

လူလတ်ပိုင်း ယောက်ျားက မောက်မာစွာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”
လောင်ဟောင်မျက်နှာတွင် မကျေနပ်သည့် အမူအရာ မတွေ့ရပေ။ သူသည် လေးစားစွာနှင့် အရိုအသေ ပေးလိုက်ပြီး ကောင်းကင်မီးဂိုဏ်း အကြီးအကဲများကို တမန်တော်များ နားခိုရန်နေရာကို ခေါ်သွားရန် အမိန့်ပေးလိုက်သည်။

“ဒုတိယညီလေး မဟာကောင်းကင်မီးဂိုဏ်းက တမန်တော်တွေ လာနေပြီ။ ငါသူတို့ အကြောင်းကို စုံစမ်းပြီးပြီ။ မဟာကောင်းကင်မီးဂိုဏ်းက လွှတ်လိုက်တဲ့ တမန်တော် ရှစ်ယောက်ထဲမှာ ငါတို့အစ်ကိုကြီးနဲ့ ခင်တဲ့ ယုံရှန်ရှင်းဆိုတဲ့လူ ပါလာတယ်”

မဟာကောင်းကင်မီးဂိုဏ်းက တမန်တော်များ ရောက်လာသည်နှင့် ရှန်းတုရွှယ်က ရှန်းတုကောင်း နေထိုင်သည့် ခြံဝင်းလေးထဲ သွားလိုက်ပြီး သတင်းကို ပြောပြလိုက်သည်။

“မင်းငါ့ကို ဒီမှာစောင့်နေ။ ငါ အစ်ကို‌တော် ယုံရှန်ရှင်းကို သွားတွေ့လိုက်ဦးမယ်”

ရှန်းတုကောင်း မျက်နှာတွင် အေးစက်ကောက်ကျစ်သော အပြုံးက ပေါ်လာနေသည်။ သူက ယုံရှန်ရှင်းကို အသုံးချကာ ရဲချန်ဖန်ကို ရှင်းပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။

“ရှန်းတုကောင်း အစ်ကိုတော် ယုံရှန်ရှင်းကို ဂါရဝပြုပါတယ်”

ရှန်းတုကောင်း၏ မောက်မာသော အမူအရာက ပျောက်သွားပြီး ယုံရှန်ရှင်း နေထိုင်သည့် ခြံဝင်း အပြင်ဘက်မှနေ၍ ရိုသေလေးစားစွာ အော်ပြောလိုက်လေသည်။

“ဝင်လာခဲ့”

ပျင်းရိငြီးငွေ့သော အသံက ခြံဝင်းထဲမှ ထွက်ပေါ်လာလေသည်။

“ရှန်းတုကောင်း မင်းဘာလို့ ငါ့ကိုလာရှာတာလဲ”

ဝါးကုလားထိုင်လေးပေါ်တွင် လှဲနေပြီး ဝါးစိမ်း အရက်သောက်နေသည့် ယုံရှန်ရှင်းက ရှန်းတု ကောင်းကိုကြည့်ပြီး လေးတိလေးတွဲ မေးလိုက်သည်။

ရှန်းတုကောင်းကို ယုံရှန်ရှင်း သိနေခြင်းမှာ ရှန်းတုကောင်း၏အစ်ကို ရှန်းတုလင်းကြောင့် ဖြစ်သည်။ ရှန်းတုကောင်းသည်လည်း နဂိုက ကောင်းကင်မီးဂိုဏ်းသားဖြစ်ပြီး ကံကောင်း ထောက်မ၍ မဟာကောင်းကင်မီးဂိုဏ်းထဲကို ဝင်ခွင့်ရသွား၍ မဟာကောင်းကင်မီးဂိုဏ်းသား ဖြစ်လာသည်။ ရှန်းတုလင်းနှင့် ယုံရှန်ရှင်းတို့သည် မဟာကောင်းကင်မီးဂိုဏ်းကို အချိန်အတူတူလောက် ဝင်ခဲ့ကြသူများ ဖြစ်သည်။

ယုံရှန်ရှင်း၏ အဘိုးသည် မဟာကောင်းကင်မီးဂိုဏ်း၏ အကြီးအကဲ ယုံရန်တန် ဖြစ်သည်။ ယုံရှန်ရှင်းနှင့် ရင်းနှီးလာစေရန် ရှန်းတုလင်းက ယုံရှန်ရှင်းကို ရှန်းတုကလန်ဆီ အခါပေါင်းများစွာ ဖိတ်ခေါ်ခဲ့လေသည်။ ယုံရှန်ရှင်း ဧည့်သည်တော်အဖြစ် ရှန်းတုကလန်ကို ရောက်လာစဉ်တွင် ရှန်းတုကောင်းကို တွေ့ဖူးနေ၍ သိနေခြင်းဖြစ်သည်။

“အစ်ကိုတော်ယုံ အစ်ကိုတော် မိန်းမချောလေးများ လိုအပ်နေမလားလို့ပါ”

ရှန်းတုကောင်းက လှပသော ပုံတူပန်းချီကားကို သူ့လက်မောင်းအိုးထဲမှ ထုတ်ကာ ယုံရှန်ရှင်းကို ကမ်းပေးလိုက်ပြီး တီးတိုး မေးလိုက်လေသည်။

“အင်း …”

ယုံရှန်ရှင်းက ချက်ချင်းပင် ပုံတူပန်းချီကားကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် ထထိုင်မိသွားလေသည်။

“ဒီကောင်မလေး ဘယ်သူလဲ”
ယုံရှန်ရှင်း မျက်လုံးမှ အရောင်များ ထွက်နေလေသည်။

“သူ့နာမည်က ဂျီချင်ရွှယ်လို့ ခေါ်တယ်။ ဇီကျင်နိုင်ငံရဲ့ အလှဆုံး နတ်မိမယ်လေးပဲ။ သူက အခု ကောင်းကင်မီးဂိုဏ်းဝင်ပဲ။ အစ်ကိုတော် သူမကို စိတ်ဝင်စားမလား မသိဘူး”

ရှန်းတုကောင်းက ယုံရှန်ရှင်းကို ကောင်းတာ ဖြစ်စေချင်သည့် စေတနာပုံစံဖြင့် မေးလိုက်လေ သည်။

“ရှန်းတုကောင်း ငါဒီမိန်းကလေးကို တကယ်ကြိုက်တယ်။ ဒါပေမဲ့ ဒီကောင်မလေး အကြောင်းကို ပြောပြခြင်းရဲ့ နောက်ကွယ်က မင်းရဲ့ရည်ရွယ်ချက်ကိုလည်း စိတ်ဝင်စားတယ်။ မင်း ငါ့ဆီလာတာ ဒီအတိုင်း မိန်းမချောလေးကြောင့်တော့ မဟုတ်ဘူး”

ယုံရှန်ရှင်းက ရှန်းတုကောင်းကို ငါနားလည်ပါတယ်ကွာ အမူအရာမျိုးနှင့် ကြည့်ကာ မေးလိုက်လေသည်။

“အဲဒါ ပြောပြဖို့ မခက်ပါဘူး။ ကျွန်တော်က အစ်ကိုတော်ယုံကို တစ်စုံတစ်ယောက်ကို ရှင်းပစ် စေချင်တာပဲ။ အဲဒီမိန်းကလေးကလည်း အဲဒီလူရဲ့အမျိုးသမီးပဲ”

ထို့နောက် ရှန်းတုကောင်းက ရဲချန်ဖန်နှင့် ရှန်းတုကလန်ကြားက ပြဿနာကို ရှင်းပြလိုက်သည်။

“ရှန်းတုကောင်း မင်းတို့ ရှန်းတုကလန်က အဲဒီလောက် သရဲဘောမကြောင်ပါဘူး။ ရှန်းတုဟန်ရဲ့ လက်ကိုဖြတ်ပစ်တာ မင်းတို့ ရှန်းတုကလန်က ဘာမှပြန်မလုပ်ဘူးလား”

ယုံရှန်ရှင်းက အေးစက်မာကျောစွာ မေးလိုက်လေသည်။

“ရဲချန်ဖန်က ကောင်းကင်မီးဂိုဏ်းရဲ့ ဂရုစိုက် ပျိုးထောင်ခံရမယ့်လူ။ သူ့ကို ဂိုဏ်းခေါင်းဆောင်က အရမ်းအလေးထားတာ။ ကျွန်တော်တို့ သူ့ကိုမလုပ်ရဲဘူး”

“ဒါပေမဲ့ အစ်ကိုတော်ယုံကတော့ တစ်မျိုးလေ။ အစ်ကိုတော်ယုံရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကောင်းကင်မီးဂိုဏ်း စည်းမျဉ်းတွေကို ကြောက်စရာမလိုဘူး။ အစ်ကိုတော်ကသာ ဂျီချင်ရွှယ်ကို သိမ်းပိုက်လိုက်မယ်ဆိုရင် ရဲချန်ဖန်ရဲ့ တာအိုနှလုံးသားက ပျက်စီးသွားမှာပဲ။ အဲဒီခါကျရင် သူ့ကို ကျွန်တော်တို့ ရှန်းတုကလန်က အသာလေး ရှင်းလိုက်လို့ရပြီ”

“အင်း အဲဒီကောင် ကိစ္စပြီးပြီလို့ သဘောထားလိုက်”

ယုံရှန်ရှင်းက ရှန်းတုကောင်း ဘာလုပ်ချင်လဲ နားလည်သည်။ သူ့ကို လူမိုက်ငှားခြင်းဖြစ်သော်လည်း သူက ကောင်းကင်မီးဂိုဏ်းကို မျက်စိထဲ မထည့်ချေ။

ဂျီချင်ရွှယ်၏ ပုံတူကို ပထမဆုံး စကြည့်လိုက်သည်နှင့် သူမ၏ တည်ငြိမ်သော ဟန်ပန် အမူအရာက သူ့ကို လုံးဝ ဆွဲဆောင်သွားလေသည်။ သူမကို ချက်ချင်း ဖမ်းဆီးပြီး သူမနှင့် အချစ်တိုက်ပွဲ ဆင်နွှဲချင်လာသည်။

“ငါ မင်းအစ်ကိုမျက်နှာ ထောက်ပြီး ဒီပြဿနာကို ကူညီပေးမယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုတော်ယုံ”

ရှန်းတုကောင်းက အပြုံးနှင့် ပြောလိုက်လေသည်။

“ငါ့ကိုပြော ဂျီချင်ရွှယ်က ဘယ်မှာနေတာလဲ ငါအခု သူမကို သွားရှာပြီး ဖမ်းလာခဲ့မယ်”

ယုံရှန်ရှင်းက နှုတ်ခမ်းကို လျှာနှင့်လျက်ကာ ပြောလိုက်လေသည်။

“သူမနေတဲ့နေရာက …”

ရှန်းတုကောင်းက ဂျီချင်ရွှယ်နေသည့် နေရာကို အသေအချာ လမ်းညွှန်လိုက်သည်။

“ရပြီ။ ငါသိပြီ”

ထို့နောက် ယုံရှန်ရှင်းက ဂျီချင်ရွှယ်၏ ခြံဝင်းလေးဆီသွားရန် ဦးတည်လိုက်သည်။

“ရဲချန်ဖန် ဒီတစ်ခါတော့ မင်းဘာလုပ်မလဲ သိချင်လိုက်တာ။ ငါမင်းကို လုပ်လို့မရဘူး ဆိုပေမဲ့ တခြားလူတစ်ယောက် လုပ်လို့ရတယ်။ ငါသိချင်လိုက်တာ မင်း ယုံရှန်ရှင်းကို ဘယ်လို ရှင်းမလဲဆိုတာပဲ။ မင်းကို ယုံရှန်ရှင်းက သေအောင်လုပ်မှာ။ ဟား …”

ဂျီချင်ရွှယ် ခြံဝင်းကို သွားနေသည့် ယုံရှန်ရှင်း နောက်ကျောကိုကြည့်ပြီး ရှန်းတုကောင်း မျက်နှာတွင် ကောက်ကျစ်သော အမူအရာ ပေါ်လာပြီး ဆက်သွယ်ရေး မှော်စေ့လေးကို ထုတ်ကာ မှော်စေ့ထဲ စကားအနည်းငယ် ပြောလိုက်ပြီး ယုံရှန်ရှင်းနောက် တိတ်ဆိတ်စွာ လိုက်ပါသွားသည်

Comment

Leave a Reply

Options

not work with dark mode
Reset