။
***
စာစဉ် (၆)
အခန်း (၈၈)
မင်းက အရှုံးသမားပဲ
“ရှန်းတုဟန် ဒဏ်ရာရပြီး ရဲချန်ဖန်က သူ့ကို လက်နက်မဲ့တိုက်ပြီး ဒဏ်ရာရစေနိုင်တယ်”
“ဒီရဲချန်ဖန်က ပြောင်းလဲတာ အရမ်းမြန်တယ်။ သူသာ မြေကမ္ဘာသားရဲစစ်သူကြီး ပထမအဆင့်ကို ရောက်သွားမယ်ဆိုရင် သူဘယ်လောက်ထိ အစွမ်းထက်လာမလဲ မသိဘူး”
ရဲချန်ဖန်၏ လက်သီးတစ်ချက်က ရှန်းတုဟန်ကို သွေးသံတရဲရဲ ဖြစ်သွားစေသည့် မြင်ကွင်းမှာ သူတို့ကို အလွန် အံ့အားသင့်နေစေသည်။
“ဝိညာဉ်သားရဲခုခံစမ်း …”
ရှန်းတုဟန်က သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်ပြီး ဝိညာဉ်သားရဲနှင့် ပေါင်းစပ် ခုခံလိုက်ရာ သူ့အကာအကွယ် စွမ်းရည်က အလွန် တိုးတက်လာသည်။ သို့သော် သူ့ဝိညာဉ်စွမ်းအင်များလည်း ကုန်ဆုံးနေသည်။
“လေဓား …”
ရှန်းတုဟန်က ပြင်းထန်လှသော ဓားကွက်များဖြင့် တိုက်ခိုက်နေပြီး ရေပြာဓားကို အသုံးပြုနေသဖြင့် အလွန့်အလွန်ကို ပြင်းထန်နေလေသည်။ ဓားဦးက ရဲချန်ဖန်ဆီ တိုးဝင်သွားလေသည်။
“အရိပ်မဲ့သိုင်း …”
ရဲချန်ဖန်ကို ဓားက ထိုးမိမလို ဖြစ်သွားချိန်တွင် သူသည် အရိပ်မဲ့သိုင်းကို ထုတ်သုံးလိုက်လေသည်။
“ဘွန်း …”
ရေပြာဓားက ရဲချန်ဖန်ကို ဝါးမျိုသွားပြီး ရဲချန်ဖန် ပျောက်ကွယ် သွားလေသည်။ ရှန်းတုဟန်မှာ ပျော်ချိန်ပင် မရလိုက်ပဲ သူ့နောက်ကျောတွင် အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်လေသည်။ သူချက်ချင်းပင် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
ရှန်းတုဟန် ရှောင်တိမ်း လိုက်ချိန်မှာပင် ရဲချန်ဖန်က လက်သီးကို အားကုန် ထိုးချလိုက်ရာ ရှန်းတုဟန်၏ ဝိညာဉ်သားရဲ ကာကွယ်ထားသော ခန္ဓာကိုယ်ကို ကြောက်လန့်ဖွယ် ထိမှန်သွားလေသည်။
“အရိပ်ပဲ။ ဘာလို့ အဲလောက်တောင် မြန်ရတာလဲ သူဖြတ်သွားတဲ့ နေရာမှာ အရိပ်တောင် ကျန်နေတယ်”
ရဲချန်ဖန်က လျှပ်တစ်ပြက်အတွင်း ရှန်းတုဟန်၏ နောက်ကျောဆီ ရောက်ရှိသွားပြီး အရိပ်ဖြင့် ရှန်းတုဟန်ကို လှည့်စားလိုက်သည်ကို ကြည့်ပြီး အားလုံးက အံ့အားသင့်ရင်း အံ့အားသင့် နေကြလေသည်။
ရဲချန်ဖန်အစွမ်းကို အကုန်လုံးက ယုံကြည်သွားပြီဖြစ်သည်။
“လေဓား …”
ရှန်းတုဟန်က ဒဏ်ရာ ရရှိနေသော်လည်း ရေပြာဓားကို ကိုင်ဆွဲ၍ တိုက်ခိုက်နေလေသည်။
“ရှန်းတုဟန် မင်းတိုက်တာ အရမ်းနှေးတာပဲ”
ရှန်းတုဟန်၏ အရူးလို တိုက်ခိုက်မှုများကြောင့် ရဲချန်ဖန် စိုးရိမ်ခြင်း မရှိပေ။ သူက အရိပ်မဲ့သိုင်းကို နတ်ဦးနှောက် အကူအညီနှင့် အသုံးပြုနေရာ ရှန်းတုဟန် ဓားချက်များကို အလွယ်တကူ ရှောင်တိမ်းနိုင် စွမ်းရှိနေသည်။
“တိုက်ခိုက်စမ်း …”
ရဲချန်ဖန်က လက်ညှိုးကို တောက်ထုတ်လိုက်ရာ မမျှော်လင့်ဘဲ ရှန်းတုဟန်၏ ရင်ဘတ်ကို ထိမှန် သွားလေသည်။ ချွန်ထက်လှသော လက်ညှိုးအရိပ်က သားရဲကို ထိမှန်ရာ ကြီးမားလှသော ဒဏ်ရာ ဖြစ်ပေါ်လာလေသည်။ တစ်ချိန်တည်းတွင် ရဲချန်ဖန်မှာ သူ့ခန္ဓာကိုယ် စွမ်းအားကို စုစည်းပြီး ရှန်းတုဟန်ကို ထိုးချလိုက်ရာ လေထုပင် ပေါက်ကွဲထွက်ပြီး ရှန်းတုဟန်ရင်ဘတ်ကို ထိမှန်သွားသည်။
“လအရိပ် …”
ရဲချန်ဖန် လက်သီးမှ ကြောက်မက်ဖွယ် အင်အားကို ခံစားနေရသော ရှန်းတုဟန်သည် နောက်ကို ကပျာကယာပင် ရှောင်တိမ်းလိုက်သည်။ ရှောင်တိမ်းရင်း ရေပြာဓားကို ရဲချန်ဖန်ဆီ ခုတ်လိုက်ရာ ရဲချန်ဖန် လက်သီးနှင့် ထိမှန်သွားလေသည်။
“ဘွန်း …”
ရဲချန်ဖန် လက်သီးနှင့်ဓား ထိမှန်သွားတော့ ကျယ်လောင်သော ပေါက်ကွဲသံ ဖြစ်ပေါ်လာပြီး လေထုထဲတွင် လှိုင်းများပင် ထနေလေသည်။
“ဓားအင်အား …”
ရဲချန်ဖန်က သူ့လက်သီးကွက် ပျက်ပြယ်သွားသည်နှင့် ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဓားအင်အားကို အသုံးပြုလိုက်ရာ ဓားရာသည် လေထဲတွင် ပေါ်ထွက်လာပြီး ဝိညာဉ်သားရဲကို ဖောက်ထွက်သွားပြီး ရှန်းတုဟန်၏ရင်ဘတ်ကို ထိမှန်သွားလေသည်။
သွေးများသည် ရေတံခွန်မှ ရေများအလား စီးကျလာသည်။
“ဒီရဲချန်ဖန်က အရမ်း အစွမ်းထက်လွန်းတယ်။ သူက ရှန်းတုဟန်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်”
“ဟုတ်တယ်။ ရှန်းတုဟန်က ကိုယ့်အရှက်ကိုကိုယ် ခွဲမိတာပဲ”
ရှန်းတုဟန် ရင်ဘတ်တွင် ဒဏ်ရာကြီးရသွားရာ သူ့မျက်နှာက ဖြူရော်နေပြီး အရင်ရှန်းတုဟန် မဟုတ်တော့သလိုပင်။ အားလုံးကလည်း သူ့ကို အကောင်းမြင် သနားပုံမရှိပေ။
ရှန်းတုရွှယ်နှင့် ရှန်းတုပင်တို့က အလွန်ပင် ကြောက်လန့်နေလေသည်။ သူတို့သည် ရဲချန်ဖန် ဤကဲ့သို့ အလျင်အမြန် အလွန် အစွမ်းထက် လာမည်ဟု မထင်ထားချေ။ လပိုင်းအတွင်းမှာပင် သူတို့ ငေးမောကြည့်ရှုနေရသော အဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။
“မရဘူး။ ငါရှုံးလို့မဖြစ်ဘူး။ ငါနိုင်ကိုနိုင်ရမယ်”
ရင်ဘတ်၌ သွေးဒဏ်ရာရနေသော ရှန်းတုဟန်မှာ ဒဏ်ရာရနေသော သားရဲပမာ အော်ဟစ် လိုက်လေသည်။
ရှန်းတုဟန်က အလွန်ပင် မာနကြီးသောသူ ဖြစ်သည်။ သူသည် ရဲချန်ဖန်ကို တစ်ခါမှ မျက်လုံးထဲ မထည့်ခဲ့ချေ။ ရဲချန်ဖန်လိုလူက သူ့ကို လူပုံအလယ် အနိုင်ယူသည့် ကိစ္စမျိုးကို ဘယ်တော့ခါမှ ခွင့်ပြုမည် မဟုတ်ချေ။
“ရဲချန်ဖန် မင်းက ငါ့ကို ဒီလိုလုပ်အောင် ဖိအားပေးတာပဲ”
ရှန်းတုဟန် မျက်လုံးထဲတွင် မိုက်ရူးရဲဆန်မှု အပြည့်ဖြစ်နေပြီး သူက အနီရောင် ဆေးတစ်လုံးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ သောက်လိုက်လေသည်။
“ဘွန်း …”
ရှန်းတုဟန်ကိုယ်မှ သွေးများသည် ရုတ်ခြည်းပင် ပေါက်ကွဲ ထွက်လာနေသည်။ ရှန်းတုဟန်၏ စွမ်းအားကို အနီရောင်ဆေးက လှုံ့ဆော်ပေးမှုကြောင့် ချက်ချင်းဆိုသလို အစွမ်းများ တက်လာပြီး မြေကမ္ဘာသား ရဲစစ်သူကြီး ပထမအဆင့်မှနေ၍ မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိ သွားလေသည်။
“အဆင့်ကိုး ရူးသွပ်ဆေးလုံးပဲ”
သွေးများနှင့် ခက်ထန် ရက်စက်ပုံ ပေါက်နေသည့် ရှန်းတုဟန်ကိုကြည့်ပြီး အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့က ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။ သူတို့က ရှန်းတုဟန်သည် အလွန်အနာခံ ပေးဆပ်မှု ကြီးမားလှသော အဆင့်ကိုးဆေးလုံးကို သောက်သုံးလိမ့်မည်ဟု မထင်ထားချေ။
“ရဲချန်ဖန် ငါမင်းကိုသတ်မယ်”
ရှန်းတုဟန် မျက်လုံးများက အလွန်နီရဲနေပြီး အက်ကွဲသော အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ရဲချန်ဖန်ကို တိုက်ခိုက်လိုက်လေသည်။
မြေကမ္ဘာသားရဲ စစ်သူကြီး ဒုတိယအဆင့်ကို အတင်းအဓမ္မ မြှင့်တင်လိုက်သည့်အတွက် ရှန်းတုဟန် အစွမ်းများသည် အလွန် တိုးတက်လာလေသည်။ တိုက်ခိုက်မှု စွမ်းအားသာမကပဲ မြန်နှုန်းပါ တိုးတက်လာသည်။ သူက ရဲချန်ဖန် နောက်ဆုတ်ရသည်အထိ ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။
“လေဓား …”
ရဲချန်ဖန်က အရိပ်မဲ့သိုင်းကို အသုံးချ၍ ရှန်းတုဟန် ဓားချက်များကို ရှောင်တိမ်းနေရသည်။
“ဓားကျိုး …”
ရှန်းတုဟန်၏ ဓားချက်များက သူ့ကိုခြိမ်းခြောက်လာရာ ရဲချန်ဖန်သည် ဓားကျိုးကို ထုတ်ယူလိုက်ပြီး ဓားအင်အားကို ဖြည့်သွင်းပြီး တိုက်ခိုက် လိုက်လေသည်။ ဓားအင်အား၏ ကြောက်မက်ဖွယ် အင်အားမှာ အားလုံး၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။
“ဓားအင်အား။ ကြည့်ရတာ ဓားအင်အားနဲ့တူတယ် …”
အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့သည် အလွန်ဗဟုသုတ ကြွယ်ဝသူများဖြစ်ရာ ရဲချန်ဖန် ဓားချက်တွင် ဓားအင်အား ပါဝင်နေသည်ကို သိရှိသွားပြီး သူတို့မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်မီးဂိုဏ်းခေါင်းဆောင် ချင်တောင်ပိုင်ပင်လျှင် ဓားသမားတိုင်း၏ အိပ်မက်ဖြစ်သော ဓားအင်အားကို တတ်ကျွမ်း နားလည်ခြင်းမရှိပေ။ ဓားအင်အားကို နားလည် သဘောပေါက်သူတိုင်းသည် အလွန်ကြီးကျယ် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်လာကြသည် မဟုတ်ပါလော။
“ဓားအင်အား ချိုးဖျက်စမ်း…”
ရဲချန်ဖန်က ဓားကိုထိုးခုတ်လိုက်ရာ ကောင်းကင်တွင် အလင်းတန်းများပင် ဖြစ်ပေါ်လာပြီး ရှန်းတုဟန်ဆီ ဝင်ရောက် သွားလေသည်။
“ဟား …”
ရှန်းတုဟန်က သူ့ဆီ အလင်းတန်း ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ညာလက်ကို အလွန်ထက်သော ဓားက ဖြတ်သန်းသွားပြီး လက်မောင်းမှာ ပြတ်ကျသွားလေသည်။ သူ့လက်ထဲမှ ဓားသည် မြေပေါ်သို့ ပြုတ်ကျသွားလေသည်။
“ဘာလို့လဲ …”
သူ့ညာလက်ကို ရဲချန်ဖန်က ခုတ်ဖြတ်လိုက်ရာ ရှန်းတုဟန်မှာ အလွန်နာကျင်စွာ အော်ဟစ် လိုက်လေသည်။ သွေးများသည် လက်ပြတ် မှတစ်ဆင့် ကျဆင်းလာပြီး မြေပေါ်တွင် စိုရွှဲနေလေသည်။
“ရှန်းတုဟန် မင်းက အရှုံးသမားပဲ”
ရဲချန်ဖန်က နာကျင်စွာ အော်ဟစ် ညည်းညူနေသော ရှန်းတုဟန်ကိုကြည့်ပြီး ပြောလိုက်လေသည်။ သူ့လေသံတွင် ရှန်းတုဟန်ကို သနားကြင်နာခြင်း အလျဉ်းမရှိပေ။ သူက ရှန်းတုဟန်ကိုပြောလိုက်ပြီး စင်မြင့်ပေါ်မှ ခုန်ဆင်းကာ လူတကာ၏ အံ့ဩမှင်သက်နေသော မျက်လုံးများ အောက်မှ တဖြည်းဖြည်း ထွက်ခွာသွားလေသည်