။
***
စာစဉ် (၆)
အခန်း (၈၆)
အဆင့်ရှစ်
“ဓားအင်အား …”
ရဲချန်ဖန်က ဓားအင်အားကို ဓားကျိုးထဲ ဖြည့်သွင်းလိုက်ရာ ကြောက်မက်ဖွယ် အစွမ်းထက် လှသည့် ဓားချက်က ထွက်ပေါ်လာသည်။ ဓားကျိုး၏ အစွမ်းကြောင့် ဓားအင်အားမှာ တခြားဓားများ ထက်ပို၍ ပြင်းထန်နေသည်။
ဓားအင်အား၏ ကြောက်မက်ဖွယ် အင်အားကြောင့် လေထုထဲတွင် ဓားရာကြီးပင် ကျန်ရစ်နေပြီး မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက်ကို ထိမှန်သွားလေသည်။ ကြောက်မက်ဖွယ် ဓားအင်အား၏ တိုက်ခိုက်မှုကြောင့် မြေကမ္ဘာ သားရဲစစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက်၏ လက်နက်များသည် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ဓားအင်အား၏ ဖိနှိပ်အားကြောင့် လေထုထဲတွင် ဝဲကတော့များ ဖြစ်ပေါ်လာပြီး လေပူလှိုင်းများက ရိုက်ခတ်နေသည်။
“အရိပ်မဲ့သိုင်း …”
ဓားကျိုးဖြင့် ဓားအင်အားကို အသုံးပြုပြီးနောက် ရဲချန်ဖန်သည် အရိပ်မဲ့သိုင်းကို အသုံးပြုလိုက်ရာ မြေကမ္ဘာသားရဲ စစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက် အနီးတွင် ပေါ်လာလေသည်။ ရဲချန်ဖန်က ရုတ်တရက် သူတို့နား ချဉ်းကပ်လာသဖြင့် မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက်သည် လှံရှည်ဖြင့် ရဲချန်ဖန်ကို ထိုးစိုက်လိုက်ကြသည်။
“ဟား …”
ရဲချန်ဖန်ရင်ဘတ်ကို လှံရှည်များဖြင့် အထိုးခံလိုက်ရသော်လည်း ရဲချန်ဖန်က နာကျင်ပုံ မပြချေ။ ထိုအချိန်တွင် ရဲချန်ဖန်ခန္ဓာကိုယ်မှာ တွန့်လိမ်သွားပြီး ပျောက်ကွယ် သွားလေသည်။
“အရိပ်ပြောင်းလဲခြင်း …”
အနိုင်အရှုံး ဆုံးဖြတ်ပေးမည့် အချိန်တွင် ရဲချန်ဖန်သည် အရိပ်မဲ့သိုင်း၏ အရိပ် ပြောင်းလဲခြင်းကို အသုံးပြုပြီး လှည့်စားလိုက်ခြင်း ဖြစ်သည်။
“ကျိုးပဲ့စမ်း …”
ရဲချန်ဖန် ကိုယ်ထဲတွင် သွေးဝံပုလွေများသည် အလွန်အမြန် စီးဆင်းနေရာ သူ့ခန္ဓာကိုယ်စွမ်းအားက ပေါက်ကွဲ ထွက်လာလေသည်။ ရဲချန်ဖန်သည် စွမ်းအားများကို အစွမ်းကုန် ထုတ်လိုက်ရာ ပေါင်ခြောက်သောင်းကျော် စွမ်းအား ဖြစ်ပေါ်လာပြီး ထိုးချလိုက်လေသည်။ လက်တစ်ဖက်က ဓားကို အသုံးပြုနေကာ တစ်ဖက်က လက်သီးကို အသုံးပြုနေသည်။ လက်သီးကွက်ကို အသုံးပြုပြီးနောက် ဓားအင်အားကို ထပ်မံ ထုတ်သုံးလိုက်ရာ မြေကမ္ဘာသားရဲ စစ်သူကြီးတစ်ယောက်၏ ရင်ဘတ်ကို ဖောက်ဝင်သွားလေသည်။
ရဲချန်ဖန်က သေကွင်းသေကွက်ကို တိုက်ခိုက်လာသော်လည်း ထိုမြေကမ္ဘာသားရဲ စစ်သူကြီးက ရှောင်တိမ်းရန် မကြိုးစားဘဲ သူ့လက်ထဲရှိ တူကြီးဖြင့် ရဲချန်ဖန်ခေါင်းကို ထုချလိုက်လေသည်။ ထိုမြေကမ္ဘာသားရဲ စစ်သူကြီးသည် ရဲချန်ဖန်ကို သူနှင့်အတူ သေရွာခေါ်သွားရန် ကြိုးစားနေလေသည်။
“ဟား …”
တူကြီးသည် ရဲချန်ဖန်ခေါင်းပေါ် ကျလာစဉ် ဓားကျိုးက မြေကမ္ဘာသားရဲစစ်သူကြီး ရင်ဘတ်ကို ဖောက်ထွက်သွားသည်။
ကြီးမားလှသည့် တူကြီးကို ရဲချန်ဖန်၏ဘယ်လက်က ပေါင်ခြောက်သောင်းကျော် စွမ်းအားဖြင့် ခုခံလိုက်သော်လည်း ရဲချန်ဖန်မှာ ဒဏ်ရာရရှိသွားခြင်း မရှိပေ။ မြေကမ္ဘာသားရဲ စစ်သူကြီး တစ်ယောက်ကို သတ်ပြီးနောက် ရဲချန်ဖန်သည် အရိပ်မဲ့သိုင်းကို ထပ်မံအသုံးပြုလိုက်သည်။ ထိုပြင် သူ့နား ချဉ်းကပ် တိုက်ခိုက်လာသည့် မြေကမ္ဘာသားရဲ စစ်သူကြီး နှစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထို့နောက် ဓားများကို ဆက်တိုက် အသုံးပြု၍ တိုက်ခိုက်နေရာ ဓားချက်များမှာ မိုးရွာသွန်းသလို ကျဆင်းနေပြီး ချဉ်းကပ်လာသော မြေကမ္ဘာသားရဲ စစ်သူကြီး နှစ်ယောက်သည် လေထဲ လွင့်စဉ် ပျောက်ကွယ် သွားလေသည်။
မြေကမ္ဘာသားရဲ စစ်သူကြီး နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ရဲချန်ဖန်အပေါ် မှ ဖိအားသည် အတော်အတန် လျော့သွားလေသည်။ ရဲချန်ဖန်သည် အပြင်းအထန် တိုက်ခိုက်နေပြီး ကျန်ရှိနေသည့် မြေကမ္ဘာသားရဲ စစ်သူကြီး ငါးယောက်ကလည်း ရဲချန်ဖန်ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေကြသည်။
သူ နောက်မြေ ကမ္ဘာသားရဲ စစ်သူကြီးတစ်ယောက်ကို သတ်ရန် အခွင့်အရေးရချိန်တွင် ရဲချန်ဖန်အဆင့်က ထပ်မံပြောင်းလဲ သွားလေသည်။ ရဲချန်ဖန်၏ အမှတ်က ရှန်းတုဟန်ကို ကျော်လွန်ကာ ကောင်းကင်တန်ခိုးရှင် စာရင်း ထိပ်သီးဆယ်ယောက်ထဲ ဝင်ရောက် သွားလေသည်။
“တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ။ ဒီရဲချန်ဖန်ဆိုတဲ့ ကောင်က ဒုတိယအကြိမ် ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ဝင်တာနဲ့ ကောင်းကင်တန်ခိုးရှင်စာရင်း ထိပ်သီးဆယ်ဦးထဲ ဝင်အောင် လုပ်နိုင်တယ်။ သူက ကောင်းကင်မီးဂိုဏ်းရဲ့ မှတ်တမ်းသစ်တွေ ရေးထိုးလိုက်တာပဲ”
ရဲချန်ဖန် ကောင်းကင်တန်ခိုးရှင်စာရင်း ထိပ်သီးဆယ်ဦးထဲ ဝင်ရောက်သွားသည့် မြင်ကွင်းကို ကြည့်ပြီး ခန်းမကြီးထဲတွင် တိတ်ဆိတ်သွားလေသည်။ အကုန်လုံးက ရဲချန်ဖန်၏ စွမ်းအားကို လက်ခံယုံကြည်သွားပြီ ဖြစ်သည်။
“မဖြစ်နိုင်ဘူး။ အဲဒါမဖြစ်နိုင်ဘူး”
ရှန်းတုရွှယ်နှင့် ရှန်းတုပင်တို့သည် အံ့ဩတုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။ ကောင်းကင်တန်ခိုးရှင် စာရင်းကိုကြည့်ပြီး ရှန်းတုရွှယ် ပထမဆုံးအကြိမ် အလွန်အမင်းပင် ကြောက်လန့်လာသည်။
“သေပြီလား …”
ရဲချန်ဖန်က သူ့ပြိုင်ဘက်ကင်း အင်အားကို အသုံးပြုလျက် လက်သီးနှစ်ချက်ဆင့် ထိုးပြီးနောက် မြေကမ္ဘာသားရဲ စစ်သူကြီးနှစ်ယောက်ကို ကြောက်ရွံ့အောင် လုပ်လိုက်ပြီး ဓားအင်အားကို ထပ်မံ အသုံးပြု လိုက်ရာ ဓားကျိုးမှ အရောင်ထွက်သွားပြီး ထိုမြေကမ္ဘာသားရဲ စစ်သူကြီးနှစ်ယောက် ခေါင်းများက ပြတ်ထွက်သွားတော့သည်။
“အင်း နှစ်ယောက်ပဲကျန်တယ်”
မြေကမ္ဘာသားရဲ စစ်သူကြီးငါးယောက်ကိုသတ်ရန် ရဲချန်ဖန် အားအများကြီး ထုတ်သုံးလိုက်ရသည်။ သူသာ ကိုယ်တွင်းအင်္ဂါ သန်မာရန် ခြောက်ဆယ်ရာခိုင်နှုန်းကျော် မလေ့ကျင့်ထားပါက သူယခုလောက်ကို တောင့်ခံနိုင်မည် မဟုတ်ဘဲ အရှုံးပေးရမည်မှာ ကြာနေလောက်ပြီဖြစ်သည်။
“ယား …”
ရဲချန်ဖန် ခြေအောက်မှ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အစွမ်းများ ထပ်မံ ပေါ်ထွက်လာကာ ကျန်နေသည့် မြေကမ္ဘာသားရဲ စစ်သူကြီးနှစ်ယောက်ကို စတင် တိုက်ခိုက်လေသည်။
အမွှေးတိုင် တစ်ဝက်လောက် ကုန်ချိန်တွင် ရဲချန်ဖန်သည် သူ့စွမ်းအင်များကို အစွမ်းကုန် ထုတ်သုံးပြီး ခက်ခက်ခဲခဲနှင့် မြေကမ္ဘာသားရဲ စစ်သူကြီးနှစ်ယောက်ကို သတ်ပစ်လိုက်နိုင်သည်။
သူ့အဆင့်က ထပ်မံပြောင်းလဲသွားပြီး နောက်တစ်ဆင့် ထပ်တက်ကာ အဆင့်ကိုးနေရာတွင် ရှိနေသော လင်းခီဆုကို ကျော်တက် သွားလေသည်။
“အင်း တဖြည်းဖြည်း ပိုပိုခက်လာပြီ”
မြေကမ္ဘာသားရဲ စစ်သူကြီးခုနစ်ယောက်ကို အသည်းအသန် တိုက်ခိုက်ပြီးနောက် ရဲချန်ဖန် စွမ်းအားများမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ကုန်ဆုံးနေပြီဖြစ်သည်။ ရဲချန်ဖန်က ထပ်မံတိုက်ခိုက်လာမည့် မြေကမ္ဘာသားရဲ စစ်သူကြီးများ မရောက်ခင် သူ့အစွမ်းများ ပြန်ပြည့်လာရန် ကြိုးစားနေသည်။ ထိုအချိန်တွင် သူ့မြင်ကွင်းထဲသို့ နောက်ထပ် လူခြောက်ယောက် ရောက်လာသည်ကို တွေ့လိုက်လေသည်။
ရဲချန်ဖန်က ထိုလူခြောက်ယောက်၏ အစွမ်းများကို ခံစားမိပြီး သူရင်ခုန်သွားလေသည်။ သူတွေ့လိုက်ရသော လူခြောက်ယောက်မှာ မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့်များ ဖြစ်နေသောကြောင့် ဖြစ်သည်။ ကောင်းကင်ဝိညာဉ် မှော်အစီရင်ထဲရှိ မြေကမ္ဘာသားရဲ စစ်သူကြီးတန်ခိုးရှင်သည် အပြင်ကမ္ဘာက တန်ခိုးရှင်များလောက် အစွမ်းမထက်သော်လည်း ရဲချန်ဖန်မှာ အားများကုန်ဆုံးပြီး ဒဏ်ရာများလည်း ရရှိနေပြီ ဖြစ်သောကြောင့် သူတို့ခြောက်ယောက်ကသာ ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက ရလဒ် ကောင်းမည် မဟုတ်ပေ။
“ဓားအင်အားက သူတို့ထဲက တစ်ယောက်ကို သတ်နိုင်မလား”
ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ သူ့လက်ထဲတွင် အသက်ကယ် ကျောက်တုံးကို ကိုင်ထားလိုက်ပြီး မြေကမ္ဘာသားရဲစစ်သူကြီး တတိယ အဆင့်များကို တိုက်ခိုက်လိုက်သည်။
“ယား …”
ရဲချန်ဖန် ခြေထောက်များက အလင်းကဲ့သို့ လှုပ်ရှားသွားပြီး မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့် လူငယ်ခြောက်ယောက်ကို စတင် တိုက်ခိုက်နေသည်။ သူစတင်တိုက်သည်နှင့် မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့်၏ ကြောက်မက်ဖွယ် အစွမ်းများကို စတင် ခံစားလိုက်ရသည်။
သူ့ကိုယ်ထဲရှိ သွေးများသည် ပေါက်ကွဲထွက်နေပြီး သူ့တစ်ကိုယ်လုံး ထုံကျင်သွားကာ သူသည် လုံးဝအောက်စီး ရောက်သွားလေသည်။
မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့် လူငယ်ခြောက်ယောက်၏ ဖိအားကြောင့် ရဲချန်ဖန် ခန္ဓာကိုယ် စွမ်းအားများ တိုးတက်မှုကို အနည်းငယ်ပင် နှိုးဆွနေလေသည်။ ရဲချန်ဖန်သည် အရိပ်မဲ့သိုင်းကို အသုံးပြု၍ ရှောင်တိမ်းနေစဉ် ဓားအင်အားကို ဓားကျိုးထဲ အဆက်မပြတ် ထည့်သွင်းနေသည်။
“ပေါင်ခြောက်သောင်းကျော်စွမ်းအား”
ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအင်က လုံလောက်အောင် မထောက်ပံ့ပေးနိုင်တော့ရာ ရဲချန်ဖန်သည် အံများပင်ကြိတ်ကာ အစွမ်းကုန် ထိုးချလိုက်သည်။ မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့် လူငယ် ခြောက်ယောက်ထဲမှ တစ်ယောက်သည် လက်သီးကို အသုံးပြု၍ တိုက်ခိုက်လိုက်ရာ ရဲချန်ဖန် လက်သီးနှင့် ထိပ်တိုက် ထိမှန်သွားလေသည်။
“ဘွန်း …”
လက်သီးနှစ်ခုမှာ ထိပ်တိုက် ဆုံတွေ့သွားချိန်တွင် အံ့ဖွယ်ပေါက်ကွဲလှိုင်းများ ထွက်ပေါ်လာရာ သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားပြီး သွေးများကို အန်ထုတ်လိုက်ကြသည်။
“ဓားအင်အား ဖျက်ဆီးစမ်း …”
ရဲချန်ဖန်၏ သန်မာလှသော ကိုယ်ခန္ဓာကြောင့် အလျင်အမြန်ပင် ဟန်ချက် ထိန်းလိုက်နိုင်ပြီး ကျန်မြေကမ္ဘာသားရဲ စစ်သူကြီး တတိယအဆင့် လူငယ်ငါးယောက် မတိုက်ခိုက်မီ ရဲချန်ဖန်က ဓားအင်အားကို ဓားကျိုးဖြင့် တိုက်ခိုက်လိုက်သည်။
အလွန်ကြီးမားလှသည့် ဖိအားအောက် ရောက်ရှိနေသောကြောင့် ရဲချန်ဖန်သည် သူ့အစွမ်းကို ဓားကျိုးနှင့်အတူ အသုံးပြုနေသော်လည်း မူလအစွမ်း၏ ဆယ့်သုံးရာခိုင်နှုန်းခန့်သာ ထုတ်သုံး လိုက်နိုင်သည်။ ဖျက်ဆီးမှု စွမ်းအားများ အပြည့်ပါနေသော ဓားအင်အားက လေထုကို ပိုင်းဖြတ်ပြီး သူနှင့်တိုက်ခိုက်ပြီး ဒဏ်ရာရနေသော မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့် လူငယ်လေး၏ ဦးခေါင်းကို ပိုင်းဖြတ်သွားသည်။
“ဟား …”
ထိုဒဏ်ရာရနေသော မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့် လူငယ်လေး၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ ပျက်စီးသွားလေသည်။
မြေကမ္ဘာသားရဲစစ်သူကြီး တတိယအဆင့် လူငယ်လေး၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ရဲချန်ဖန်က အသက်ကယ် ကျောက်တုံးကို ခွဲပစ်လိုက်ရာ သူ့ခန္ဓာကိုယ်က ကောင်းကင် ဝိညာဉ် မှော်အစီအရင် ဆဋ္ဌမနယ်မြေမှ ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် ရဲချန်ဖန်က ကောင်းကင်တန်ခိုးရှင် စာရင်းတွင် အဆင့်ရှစ်နေရာကို ရောက်ရှိနေလေသည်။