Switch Mode

Chapter – 85

အဆင့်ပြောင်းလဲပြီ

***
စာစဉ် (၆)
အခန်း (၈၅)
အဆင့်ပြောင်းလဲပြီ

“ငါ့အစွမ်းနဲ့ဆို ဒီတစ်ခေါက် ကောင်းကင်ဝိညာဉ် မှော်အစီအရင်မှာ ဘယ်နယ်မြေထိ ရောက်နိုင်မလဲ”

ရဲချန်ဖန်သည် ငရဲမီးလျှံထဲတွင် ရပ်နေပြီး ချော်ရည်ပူများနှင့် ပြည့်နှက်နေသော မီးပင်လယ်ကိုကြည့်ပြီး သူ့အစွမ်းကို စမ်းသပ်ရန် စိတ်အား ထက်သန်နေသည်။

“ဘွန်း …”

ရဲချန်ဖန် ခြေထောက်အောက်မှ မိုးခြိမ်းသံကဲ့သို့ အသံထွက်ပေါ်လာပြီး မြားတစ်စင်းအလား ငရဲမီးလျှံများထဲသို့ တိုးဝင်သွားကာ ကျောက်တုံးလမ်းပေါ် ရောက်ရှိသွားသည်။ ကျောက်တုံးလမ်းပေါ် ရောက်သည်နှင့် ငရဲမီးလျှံ အတွင်းပိုင်းကို အလွန်လျင်မြန်စွာ ဆက်၍ တိုးဝင်နေလေသည်။

“ယား …”

ရဲချန်ဖန် ငရဲမီးလျှံအထဲ တိုးဝင်နေစဉ် မီးလျှံလုံးကြီးတစ်ခု ပျံထွက်လာပြီး ရဲချန်ဖန်ဆီ ဦးတည်လာနေသည်။ ရဲချန်ဖန် အနားရောက်သည်နှင့် ထိုအရာမှာ လူငယ်လေးအသွင် ပြောင်းလဲသွားသည်။ ရဲချန်ဖန် လက်ချောင်းများက ကြယ်ပုံစံ လှုပ်ရှားသွားရာ လူငယ်လေးကို ထိမှန်သွားပြီး သူသည် လေထဲတွင် ပေါက်ကွဲ ပျောက်ကွယ် သွားလေသည်။

သားရဲသခင် ပဉ္စမအဆင့် ရောက်ရှိပြီးနောက် ကောင်းကင်ဝိညာဉ် မှော်အစီအရင် ပထမနယ်မြေသည် ရဲချန်ဖန်ကို အန္တရာယ် မပေးနိုင်တော့ပေ။ ရဲချန်ဖန်သည် လူသတ်ဘီလူးကြီး ကဲ့သို့ပင် ချော်ရည်ပူ မီးလျှံထဲတွင် ရန်သူများကို သတ်ဖြတ် သုတ်သင်နေလေသည်။

အမွှေးတိုင် တစ်တိုင်ထွန်းခန့် မကုန်ဆုံးမီမှာပင် အလွန်လျင်မြန်သော နှုန်းဖြင့် ပထမနယ်မြေ အတွင်းရှိ ရန်သူများကို သတ်ဖြတ်ပြီး ဒုတိယနယ်မြေထဲ ဝင်ရောက် သွားလေသည်။

ဒုတိယနယ်မြေရှိ ရန်သူများသည် ပို၍ သန်မာလာသော်လည်း ရဲချန်ဖန်ကို ဒုက္ခပေးနိုင်စွမ်း မရှိပေ။ သူ၏ ထိတ်လန့်ထွေပြား လက်ညှိုးသိုင်းဖြင့် ရန်သူများကို အဆက်မပြတ် သတ်ဖြတ်နေလေသည်။

အမွှေးတိုင် နောက်တစ်တိုင် ကုန်ဆုံးချိန်တွင် ရဲချန်ဖန်သည် တတိယနယ်မြေထဲ ဝင်ရောက် သွားလေသည်။ အမွှေးတိုင်နှစ်တိုင် ကုန်ဆုံးချိန် အတွင်းမှာပင် ရဲချန်ဖန်သည် နယ်မြေနှစ်ခုကို ချိုးဖောက်ဝင် ရောက်သွားရာ ကြည့်ရှုစောင့်ကြည့်သူ အားလုံးမှာ အလွန်အံ့ဩနေကြလေသည်။

“မင်းပြောကြည့် ရဲချန်ဖန်နဲ့ ရှန်းတုဟန်တို့ နှစ်ယောက်ထဲမှာ ဘယ်သူက ပိုအစွမ်းထက်လဲ”

“ငါထင်တာကတော့ ရှန်းတုဟန်က ပိုစွမ်းမယ် ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူက မြေကမ္ဘာ သားရဲ အဆင့် ရောက်နေပြီ။ သူက မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့်ကို အချိန်မရွေး တက်လို့ရတယ်လို့ ကြားတယ်”

“ဟုတ်တယ်။ ရဲချန်ဖန်က ပါရမီရှင်၊ ရှန်းတုဟန်က ပါရမီရှင်မဟုတ်ဘူး။ သူတို့ကွာတာမှ အရမ်း ကွာနေပြီ။ ရဲချန်ဖန်က သေချာပေါက် ရှန်းတုဟန်ထက် ပိုစွမ်းတယ်”

“ရှန်းတုဟန်က မဆိုးပါဘူး။ ဒါပေမဲ့ ရဲချန်ဖန်က ခပ်ညံ့ညံ့လူလို့ ထင်နေတာလား။ သူက ရှန်းတုဟန်ကို လူရှေ့မှာ စိန်ခေါ်ရဲတာ သေချာတယ်၊ ဒါသူနိုင်မှာ သေချာလို့ပဲ။ ငါထင်တယ် ကောင်းကင် တန်ခိုးရှင် ထိပ်သီးဆယ်ယောက် စာရင်းက ပြောင်းတော့မယ် ထင်တယ်”

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးလာနေပြီး ကြေးမုံမှ အလင်းရောင်ထွက်ပြီး နာမည် အပြောင်းအလဲ ဖြစ်ပေါ်လာရန် ကောင်းကင်မီးဂိုဏ်းသားများက မျှော်လင့်နေသည်။

“ပြောင်းပြီ။ ပြောင်းသွားပြီ။ ရဲချန်ဖန်အဆင့်က ပြောင်းသွားပြီ။ သုံးဆယ့်ရှစ်၊ သုံးဆယ့်ခုနစ်၊ သုံးဆယ့်ခြောက် …”

ရဲချန်ဖန်၏ ကောင်းကင်တန်ခိုးရှင် အဆင့်သည် အချိန်တိုအတွင်း ဆက်တိုက် ပြောင်းလဲနေ သည်။ ကောင်းကင်မီးဂိုဏ်းသားများသည် စိတ်လှုပ်ရှားသော အာမေဍိတ်သံများနှင့် ဆူညံနေလေသည်။

“နှစ်ဆယ့်တစ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီကောင် လိမ်နေတာပဲဖြစ်မယ်။ တစ်နာရီတောင် မပြည့်သေးဘူး။ သူက ဘယ်လိုလုပ် အမှတ်တွေ အဲဒီလောက် ရတာတုံး”

ရှန်းတုရွှယ်က လျင်မြန်လှသော အဆင့်အပြောင်းအလဲကို ကြည့်ပြီး ကျယ်လောင်စွာ မေးခွန်း ထုတ်လိုက်လေသည်။

ရှန်းတုရွှယ်သည်သာ ရဲချန်ဖန်၏ စွမ်းဆောင်ရည်ကို သံသယရှိနေသည် မဟုတ်ဘဲ ကောင်းကင်မီး ဂိုဏ်းသား အများစုသည်လည်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော် ကောင်းကင်မီးဂိုဏ်းဝင်များ အကြား ငြင်းခုံ အငြင်းပွားမှုများ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။

“မင်းတို့ ပါးစပ်ပိတ်ထားကြစမ်း”

ကောင်းကင်ခန်းမ တစ်ခုလုံးက ပို၍ ဆူညံလာနေရာ မိုးခြိမ်းသံကဲ့သို့ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်လေးနက်သော မျက်နှာဖြင့် အကြီးအကဲလျှူနှင့် အကြီးအကဲတန်တို့ ထွက်ပေါ်လာလေသည်။

“အကြီးအကဲတန် ရဲချန်ဖန်က တစ်နာရီတောင် မပြည့်သေးဘဲ အဆင့်နှစ်ဆယ့်တစ် ရောက်နေပြီ။ ကျွန်တော် သူလိမ်နေတယ်လို့ ထင်တယ်”

ရှန်းတုရွှယ်က မကျေမနပ်နှင့် အော်ဟစ်တိုင်တန်း လိုက်လေသည်။

“လိမ်တယ် ဟုတ်လား ငါမင်းကိုပြောမယ်။ ကောင်းကင်ဝိညာဉ် မှော်အစီအရင်က လိမ်လို့ရတယ် ထင်တာလား”

အကြီးအကဲတန်က လေသံမာကြီးနှင့် ဟိန်းဟောက်လိုက်သည်။

“ငါထင်တာ မမှားဘူးဆိုရင် ရဲချန်ဖန်ဟာ သူသွားရာ လမ်းတစ်လျှောက်က ရန်သူတွေကို သတ်ခဲ့တယ်နဲ့ တူတယ်။ ဒါကြောင့် သူ့အဆင့်က ဒီလို အမြန်ကြီး တက်လာတာပဲ”

အကြီးအကဲလျှူက ရှင်းပြလိုက်သည်။

“လမ်းတစ်လျှောက်က ရန်သူတွေကို အကုန်သတ်တယ် ဟုတ်လား”

အကြီးအကဲလျှူ ရှင်းပြတာ ကြားပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။

“လမ်းတစ်လျှောက်က ရန်သူတွေကို တစ်ချက်တည်းနဲ့ သတ်သွားတာ ဒီကောင်က လူရောဟုတ်ရဲ့လား”

ကောင်းကင်မီးဂိုဏ်းဝင်များ၏ စိတ်ထဲတွင် တူညီသော မေးခွန်းများ ပေါ်ပေါက်လာလေသည်။ သူတို့တွင် ရဲချန်ဖန်လိုအစွမ်း ဘာလို့မရှိသလဲဟု တွေးနေမိကြသည်။

အဲဒီအချိန်တွင် ရဲချန်ဖန်၏ အဆင့်မှာ ထပ်မံပြောင်းလဲသွားပြီး အဆင့်ဆယ့်နှစ်ကို ရောက်ရှိသွားသည်။ အဆင့်နှစ်ဆယ်နှင့် အဆင့်တစ်ဆယ်ကြားတွင် စွမ်းအားမှာ နှိုင်းယှဉ်လို့ မရအောင် ကွာခြားသော်လည်း ရဲချန်ဖန်၏ အံ့ဖွယ်အဆင့် ပြောင်းလဲမှုကြောင့် လူအများစုစိတ်တွင် ရဲချန်ဖန်သည် ရှန်းတုဟန်ထက်ပို၍ စွမ်းအားကြီးမည်ဟု ထင်လာကြသည်။

ရှန်းတုရွှယ်ပင်လျှင် တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားနေရပြီး နဖူးမှ ချွေးစေးများ ထွက်နေလေသည်။ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော သွေးသံရဲရဲနှင့် ရဲချန်ဖန်သည် ပဉ္စမနယ်မြေ တစ်ဝက် အရောက်တွင် အလွန်ကြီးမားသော ရန်သူအုပ်စုကြီး၏ ပိတ်ဆို့တိုက်ခိုက်ခြင်း ခံနေရလေသည်။ မြေကမ္ဘာ စစ်သူကြီး ပထမအဆင့် လေးယောက်သည် တစ်ပြိုင်နက်တည်း ပေါ်လာပြီး ဝိုင်းဝန်း တိုက်ခိုက်ကြလေသည်။

ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲရှိ မြေကမ္ဘာစစ်သူကြီး ပထမအဆင့်သည် ပါရမီရှင်များ ဖြစ်သော ရှန်းတုဟန်နှင့် ရိန်းတို့လောက် အစွမ်းမထက်ပေ။ သို့သော် သူတို့သည် သူ့ကို အနည်းငယ်တော့ အခက်အခဲတွေ့အောင် လုပ်နိုင်တုန်းပင်။

“ဓားအင်အား …”

မြေကမ္ဘာစစ်သူကြီး ပထမအဆင့် လေးယောက်မှာ နားလည်မှုရှိရှိ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ရဲချန်ဖန် အဖိခံနေရရာမှ သူသည် ဓားအင်အားကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ဓားအသံနှင့်အတူ ဓားက လေကိုခွင်းပြီး မြေကမ္ဘာစစ်သူကြီး ပထမအဆင့် လေးယောက်ကို မယုံနိုင်စရာ လျင်မြန်မှု နှုန်းမျိုးဖြင့် ထိမှန်သွားသည်။ မြေကမ္ဘာစစ်သူကြီး ပထမအဆင့်လေးယောက်မှာ ပေါက်ကွဲ သွားလေသည်။

“ဟား ဟား …”

မြေကမ္ဘာစစ်သူကြီး ပထမအဆင့်လေးယောက်၏ ခန္ဓာကိုယ်က မြေပေါ်ကို ညင်သာစွာပင် လဲကျသွားသည်။ သို့သော် သူတို့ ခန္ဓာကိုယ်နှင့် ခေါင်းသည် တခြားစီ ဖြစ်သွားပြီဖြစ်သည်။ ဓားအင်အားသည် မြေကမ္ဘာစစ်သူကြီး ပထမအဆင့် လေးယောက်ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်စွမ်း ရှိလေသည်။ ထို့နောက် ရဲချန်ဖန်သည် အရှိန်မလျှော့ဘဲ ပဉ္စမနယ်မြေ၏ အဆုံးကို ဆက်သွားနေလေသည်။

ပြိုင်ဘက်ကင်း ဓားအင်အား တိုက်ခိုက်မှုကြောင့် ပဉ္စမနယ်မြေရှိ ရန်သူများသည် ရဲချန်ဖန်ကို ဟန့်တားနိုင်စွမ်း မရှိပေ။ ရဲချန်ဖန်က ပဉ္စမနယ်မြေအဆုံး ရောက်ချိန်တွင် သူ့အမှတ်မှာ တစ်သောင်းကျော် နေပြီဖြစ်သည်။ သူ့အဆင့်က နံပါတ်ဆယ့်တစ်သို့ ရောက်လာလေသည်။

အဆင့်တစ်ဆယ်နှင့် ဆိုလျှင် ကွာခြားချက်က တစ်ခုပင် ရှိသည်။ သို့သော် ခံစားခွင့် ကွာခြားချက်မှာမူ အလွန်ကွာခြားလှသည်။

ရဲချန်ဖန်၏ အံ့အားသင့်ဖွယ် အဆင့်ကြောင့် ကောင်းကင်မီးဂိုဏ်းသားများ ကြောင်အနေကြလေသည်။ သူတို့သည် ရဲချန်ဖန်၏ အကြောင်းရင်းမှာ ဘာပြောရမှန်းမသိပင် ဖြစ်နေကြသည်။

“ရောက်ပြီ။ နောက်ဆုံးတော့ ကောင်းကင်ဝိညာဉ် မှော်အစီအရင် ဆဋ္ဌမနယ်မြေကို ရောက်ပြီ။ ငါအမှတ် ဘယ်လောက်ရပြီလဲ မသိဘူး။ ငါ့ရှေ့မှာ ဘယ်နှယောက်တောင် ရှိနေဦးမလဲ”

“ဒီမှာ အပူချိန်က အတော်ပြင်းတာပဲ”

ဆဋ္ဌမနယ်မြေသည် ငရဲပြည်ကဲ့သို့ပင်။ နေရာအနှံ့ မီးများ လောင်ကျွမ်းနေပြီး အပူချိန်မှာလည်း အလွန် မြင့်မားလှသည်။

“ကောင်းတယ်။ မြေကမ္ဘာသားရဲ စစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက် …”

ရဲချန်ဖန်က မြင့်မားလှသော အပူရှိန်ကြောင့် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ဖြင့် လှည့်ပတ်ခုခံ နေရစဉ် မြေကမ္ဘာသားရဲ စစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူခုနစ်ဦး၏ အော်ရာမှာ မြေကမ္ဘာသားရဲစစ်သူကြီး ဒုတိယအဆင့်၏ အစွမ်းများ ထွက်ပေါ် နေလေသည်။

တစ်ချိန်တည်းမှာပင် မြေကမ္ဘာသားရဲ စစ်သူကြီး ဒုတိယအဆင့် ခုနစ်ယောက်ကို ယှဉ်ပြိုင်ရမည်မှာ မည်မျှပင် ခက်ခဲကြောင်းကို တွေးကြည့်၍ ရနိုင်ပေသည်။ သို့သော် ရဲချန်ဖန်က နောက်မဆုတ်ဘဲ သူ့သိုလှောင်အိတ်ထဲမှ ထူးဆန်းသော ဓားကျိုးကို ထုတ်ယူလိုက်ပြီး အရိပ်မဲ့သိုင်းကို အသုံးပြု လိုက်လေသည်

Comment

Leave a Reply

Options

not work with dark mode
Reset