။
*****
စာစဉ် (၆)
အခန်း (၈၃)
မမျှော်လင့်သည့် ရရှိမှု
နွေဦးလေက တိုက်ခတ်နေပြီး လေအဝှေ့တွင် ရော်ရွက်ဝါတို့က မြေပေါ် ကျဆင်းနေသည်။
အကြီးအကဲယုမှာ မှားယွင်းစွာပင် ရဲချန်ဖန် သေဆုံးမည်ဟု ထင်ထားလေသည်။ သူသည် ရှေးဟောင်း သစ်ပင်ကြီး အောက်တွင် ထိုင်နေပြီး ကျေနပ် ပျော်ရွှင်နေသည်။ သူ မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်ကို တက်ရန် ကြိုးစားနေချိန်တွင် ဆက်သွယ်ရေး မှော်စေ့မှ လင်းလက် လာလေသည်။
“ဟင်… ဘာဖြစ်လို့လဲ။ ဘာလို့ ဂိုဏ်းခေါင်းဆောင်က အကြီးအကဲကောင်စီကို ခေါ်ယူ ရတာလဲ”
ဆက်သွယ်ရန် အချက်ပြမှုကို ရရှိပြီးနောက် အကြီးအကဲယု မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာလေသည်။ သို့သော် ဂိုဏ်းခေါင်းဆောင်က ခေါ်ယူခြင်း ဖြစ်သောကြောင့် အချိန်မဆွဲရဲဘဲ ကျင့်ကြံခြင်းကို ရပ်နားကာ အစည်းအဝေး ခန်းမဆီ ထွက်လာခဲ့သည်။ သူ အစည်းအဝေး ခန်းမဆီ သွားနေချိန် မမျှော်လင့်သောသူကို တွေ့လိုက်ပြီး အလွန်အံ့အား သင့်သွား လေသည်။
“ရဲ… ရဲချန်ဖန် မင်း… မင်းက အသက်ရှင်လျက် ပြန်ရောက်လာတယ်။ မင်း သားရဲသခင် ပဉ္စမဆင့်ကို ရောက်သွားတာလား”
ရဲချန်ဖန်ကို အစည်းအဝေးခန်းမ အပြင်ဘက်တွင် တွေ့လိုက်ရ၍ အကြီးအကဲယု မျက်လုံး များက ပို၍ ပြူးသွားသည်။ သူ အရမ်း တုန်လှုပ် သွားမိသည်။ ရဲချန်ဖန်သည် သေမင်းသင်္ချိုင်းမှ အသက်ရှင်ရက်လျက် ပြန်လာရုံမကဘဲ အစွမ်းမှာလည်း အလွန် တိုးတက်လာသည်။
အကြီးအကဲယု အမူအရာ ပျက်သွားသည်ကို သိရှိလိုက်သော်လည်း ရဲချန်ဖန် အမူအရာမှာ ပြောင်းလဲ မသွားချေ။ အစတွင် အကြီးအကဲယုက သူ့ကို သေမင်းသင်္ချိုင်းသို့ သွားရန် တိုက်တွန်း ခဲ့သည်။ ဤသည်မှာ အကြီးအကဲယုက သူ့ကို ကြင်နာခြင်း မဖြစ်နိုင်ရာ။ သူသာ အစွမ်း မထက်ပါက သေမင်းသင်္ချိုင်းတွင် သေဆုံးသွားပြီး ဖြစ်ပေမည်။
“ဒီနေ့ အားလုံးကို ခေါ်ရတဲ့ အကြောင်းအရင်းက ရဲချန်ဖန်နဲ့ လင်းခီဆုတို့ဆီမှာ သေမင်း သင်္ချိုင်းက အရေးကြီးတဲ့သတင်း ပါလာလို့ပဲ။ အဲဒီသတင်းသာ အမှန်ဆိုရင် မဟာကောင်းကင်မီး ဂိုဏ်းကပါ သတိထားရလိမ့်မယ်”
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး အဖြူရောင်ရှိသော အဘိုးအိုက အစည်းအဝေး ခန်းမကြီးအလယ်မှ အဓိက ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေကာ သြဇာတိက္ကမ လွှမ်းမိုးသံကြီးဖြင့် ပြောလိုက်လေသည်။ ထိုအဘိုးအိုသည် ကောင်းကင်မီး ဂိုဏ်းကြီး၏ ခေါင်းဆောင် ချင်တောင်ပိုင် ဖြစ်သည်။ သူ့ကို ကောင်းကင်မီးဂိုဏ်းတွင် အလွန် မြင်တွေ့ရခဲသည်။
“မင်းတို့နှစ်ယောက်က ဘာတွေဖြစ်ခဲ့လဲ ရှင်းပြပါဦး”
ချင်တောင်ပိုင်က ရဲချန်ဖန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ဖြစ်ခဲ့တာက…”
ရဲချန်ဖန် ထရပ်လိုက်ကာ သူကြိုတင် စဉ်းစားထားသည့် ဇာတ်လမ်းကို အကြောင်းစုံ ပြောပြ လိုက်လေသည်။ သူရှင်းပြသည်ကို နားထောင်ပြီးနောက် အစည်းအဝေး ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပြီး မေးခွန်းများစွာ ပါသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြသည်။
“ဟုတ်တယ်။ အဲဒီလူရဲ့ ဝိညာဉ်သားရဲဆီက ခရမ်းရောင် အလင်းက ထွက်ပေါ်နေတာ။ ကြည့်ရတာ ကောင်းကင် အင်မော်တယ် သားရဲနဲ့တူတယ်။ တကယ်လို့ အဲဒီအချိန်မှာသာ ကယ်တင်ရှင် မရှိဘူးဆိုရင် သေမင်းသင်္ချိုင်းမှာ ကျွန်တော်တို့ သေနေလောက်ပြီ”
“သူတို့ပြောတာ ငါယုံတယ်”
အကြီးအကဲ အများအပြားက ရဲချန်ဖန်တို့ကို မေးမြန်းနေစဉ် ချင်ပိုင်တောင်က ပြောလိုက် လေသည်။
“ငါထင်တာ မှန်မယ်ဆို အဲဒီသရဲမျက်နှာဖုံးနဲ့ တန်ခိုးရှင်ဟာ ကောင်းကင် သားရဲဘုရင်ပဲ ဖြစ်မယ်။ သူက လူသတ်သရဲ ကောင်းကင်ဂိုဏ်းက ဖြစ်မယ်”
သရဲကောင်းကင် ဂိုဏ်းသည် ကောင်းကင်သရဲ ကျောင်းတော်၏ အကြီးဆုံး အဖွဲ့အစည်း လေးခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။
“လူသတ်သရဲ ကောင်းကင်ဂိုဏ်းလား”
ထိုနာမည်ကို ကြားလိုက်ချိန်တွင် ဆူညံအော်ဟစ် ဆွေးနွေးသံများ ထွက်လာသည်။ သိသာနေသည်မှာ အကြီးအကဲများက ထိုရက်စက်သည့် နာမည်ကို ကြားဖူးထားကြ လေသည်။
“ဝိညာဉ်သားရဲက သရဲလင်းနို့ အင်း… အဲဒါက အဆင့်နိမ့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းပဲ။ လူ့သွေးကို သောက်သုံးပြီး လူလုံး မပြရဲတာဆိုတော့ ဒါက လူသတ်သရဲ ကောင်းကင်ဂိုဏ်းရဲ့ အမှတ်အသားတွေပဲ”
“ပိုအရေးပါတာက ငါတို့ မဟာကောင်းကင်မီး ဂိုဏ်းရယ်၊ မိုးကြိုးငှက် ဂိုဏ်းရယ်၊ လေမုန်တိုင်း ကျေးရွာတို့က လူသတ်ကောင်းကင် သရဲဂိုဏ်းကို သတ်ဖြတ် ရှင်းလင်းချိန်မှာ လူသတ် သရဲ ကောင်းကင်ဘုရင်က ကုသလို့ မပျောက်နိုင်တဲ့ ဒဏ်ရာ အပြင်းအထန်ရပြီး ထွက်ပြေး လွတ်မြောက် သွားတယ်”
“ဒါကြောင့် သူက သေမင်းသင်္ချိုင်းမှာ ပုန်းနေပြီး ဂိုဏ်းကြီး သုံးဂိုဏ်းက လူတွေလာအောင် တမင် သတင်းလွှင့်လိမ့်မယ်။ ဂိုဏ်းကြီးသုံးဂိုဏ်းက ဂိုဏ်းဝင်တွေလာရင် ဂိုဏ်းကြီး သုံးဂိုဏ်းက ဂိုဏ်းဝင်တွေရဲ့ အစွမ်းကို စုပ်ယူစားသုံးပြီး သူ့နဂိုအစွမ်း ပြန်ရအောင် ကြိုးစားနေတာ ဖြစ်မယ်”
ချင်တောင်ပိုင်က သုံးသပ်ပြလိုက်သည်။
“ဂိုဏ်းခေါင်းဆောင် အဲဒီလူသတ်သရဲ ကောင်းကင်ဘုရင် ဆီမှာ ဒဏ္ဍာရီလာ ကောင်းကင်သရဲ ကျောင်းတော်ရဲ့ လျှို့ဝှက်မြေပုံ ရှိနေတယ်။ အဲဒီလူကသာ လူသတ်သရဲ ကောင်းကင်ဘုရင် ဆိုရင် ကျွန်တော်တို့ မဟာကောင်းကင်မီး ဂိုဏ်းကို ချက်ချင်း သတင်းပို့ပြီး အဲဒီလူကို ဖမ်းဆီးရမယ်”
စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲက ပြောလိုက်သည်။ အဲဒါကို ကြားပြီး ရဲချန်ဖန် အလွန် စိတ်လှုပ်ရှား သွားသည်။ သူထင်သည့် အတိုင်းပင်။ သရဲမျက်နှာဖုံးနှင့် လူတွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနေပြီး အခုချိန်တွင် ထိုရတနာသိုက်က သူ့ဟာ ဖြစ်သွားပြီ ဖြစ်သည်။
“ဒါကို နောက်မှ ငါတို့ပြောတာပေါ့။ ရဲချန်ဖန် လင်းခီဆု မင်းတို့ပြောတဲ့ သတင်းက ငါတို့အတွက် အရမ်း အဖိုးတန်တယ်။ မင်းတို့ တစ်ယောက်စီကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် ဆုချမယ်”
ချင်တောင်ပိုင်က စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲ စကားပြောနေသည်ကို ဖြတ်လိုက်ကာ ရဲချန်ဖန်တို့ကို ဆုချလိုက်သည်။
“မင်းတို့လည်း မောနေပြီ သွားနားကြတော့”
“တစ်ခုတော့ မှတ်ထား ဒီသတင်းက အရမ်း အရေးကြီးတယ်။ ဒါကို လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
ချင်တောင်ပိုင်က အလေးအနက် သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင်ကြီး။ ကျွန်တော်တို့ တစ်ယောက်ကိုမှ ပြန်မပြောပါဘူး”
ရဲချန်ဖန်တို့ အစည်းအဝေးခန်းမှ ထွက်လာခဲ့ကြသည်။
“အစ်မလင်း ကျွန်တော် ပြန်တော့မယ်။ အစ်မ ဒဏ်ရာတွေ သေချာ ကုသလိုက်ပါဦး”
ရဲချန်ဖန်က တွေးဆသောပုံဖြင့် အလွန်ဆွဲဆောင်မှု ရှိနေသော လင်းခီဆုကို နှစ်ကိုယ်သာ ကြားနိုင်သည့် လေသံလေးဖြင့် ပြောလိုက်သည်။
“ချန်ဖန် နင် ငါ့အသက်ကယ်တဲ့ ကျေးဇူးကို တစ်နေ့ သေချာပေါက် ပြန်ဆပ်မယ်”
လင်းခီဆုက ရဲချန်ဖန်ကို တစ်ခုခု မျှော်လင့်နေသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက် လေသည်။ သူမသည် ရဲချန်ဖန်ကို အပြစ်မတင်သော်လည်း သူမကို ရဲချန်ဖန် ကုသခဲ့သည့် အဖြစ်အပျက်ကို ဘယ်သောအခါမှ မေ့ပစ်နိုင်တော့မည် မဟုတ်ပါ။
ရဲချန်ဖန်က ပြန်သာ ပြုံးပြလိုက်ပြီး သူ့ခြံဝင်းငယ်လေးဆီ ပြန်လာခဲ့သည်။ သူ့အခန်းထဲ ရောက်သည်နှင့် ချက်ချင်းပင် ခြံဝင်း၏ မှော်အစီအရင် အဖုံးအကွယ်ကို ဖွင့်လိုက်ပြီး လူသတ်သရဲ ကောင်းကင်ဘုရင်၏ သိုလှောင်အိတ် နှစ်ခုကို ထုတ်ယူလိုက်သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းရှစ်ထောင်၊ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာနှစ်ဆယ့် သုံးတုံးနဲ့ ဂိုဏ်းခေါင်းဆောင် ဆုချလိုက်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင်ပေါင်းလိုက်ရင် ရေရှည်အတွက် ပူစရာမလိုတော့ဘူး”
ရဲချန်ဖန်က သိုလှောင်အိတ် ပထမအလုံးကို စစ်ဆေးပြီးနောက် ဒုတိယအလုံးကို စစ်ဆေးရန် ပြင်လိုက်သည်။
“ကောင်းကင်သရဲ ကျောင်းတော်ရဲ့ ရတနာသိုက်မြေပုံက ဒီထဲမှာများလား”
ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို သိုလှောင်အိတ်ထဲ ဖြည့်သွင်း လိုက်ပြီးနောက် လျင်မြန်စွာ လိုက်ရှာကြည့်လိုက်သည်။
“ဝိညာဉ်သိုင်း စက္ကူလိပ်၊ မှော်အစီအရင် ကုန်ကြမ်းတွေ၊ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်၊ ကောင်းကင်မြေကြီး ဆေးမြတ်၊ အနက်ရောင် သံပြားနဲ့ ဦးခေါင်းခွံ ဘာရတနာသိုက် မြေပုံမှလဲ မရှိဘူး”
ရဲချန်ဖန် ပြန်စစ်ဆေး လိုက်သော်လည်း မည်သည့် ရတနာမြေပုံမှ မတွေ့ရချေ။ သို့သော် ထူးဆန်းသည့် ဦးခေါင်းခွံနှင့် အနက်ရောင် သံပြားတို့ကို ရဲချန်ဖန် စိတ်ဝင်စား သွားသည်။ သူအကြံရလိုက်ပြီး ထိုပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။
“ကောင်းကင်သရဲ ကျောင်းတော်ရဲ့ ရတနာမြေပုံကို ဒီသံပြားထဲမှာ ဖွက်ထားတာလား”
ရဲချန်ဖန် အတန်ကြာ စဉ်းစားလိုက်ပြီး အနက်ရောင် သံပြားကို ကောက်ယူလိုက်ကာ ဝိညာဉ် စွမ်းအင်ကို ထည့်သွင်း ကြည့်လိုက်သည်။
“မှော်အစီအရင်ပဲ။ အနက်ရောင် သံပြားထဲမှာ မှော်အစီအရင်ပဲ ရှိနေတယ်”
အနက်ရောင် သံပြားထဲမှ မှော်အစီအရင်ကို အာရုံခံမိ လိုက်ပြီး နတ်ဦးနှောက်ကို အသုံးပြုကာ ဖျက်ဆီးလိုက်သည်။
အမွှေးတိုင် တစ်ဝက်ခန့် ကြာချိန်တွင် အနက်ရောင် သံပြားထဲမှ မှော်အစီအရင်သည် ကျိုးပဲ့ သွားပြီး လျှို့ဝှက် ဆန်းကြယ်သော ဝိညာဉ်သိုင်းတစ်ခု ထွက်ပေါ်လာလေသည်။
“အဆင့်နိမ့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းပဲ”
ရဲချန်ဖန် လျင်မြန်စွာ ဖတ်ရှုလိုက်ပြီးနောက် စိတ်ပျက်သည့် အမူအရာ ထွက်ပေါ်လာသည်။
သရဲလက်သည်း ဝိညာဉ်သိုင်းမှာ အလွန် အစွမ်းထက်၍ အဆင့်နိမ့် ဝိညာဉ် လက်နက်များကို လက်ချည်း သက်သက်ဖြင့် ဖျက်ဆီးပစ်နိုင် သော်လည်း သူသာ အဲဒီသိုင်းကို လေ့ကျင့် သင်ကြား လိုက်ပါက လူသတ်သရဲ ကောင်းကင်ဂိုဏ်းမှ လူဟု ထင်ခံရနိုင်သည်။ သူဒုက္ခ မရောက်ချင်ပါက ထိုသိုင်းကို လက်လျှော့ရပေမည်။
ရဲချန်ဖန်သည် အနက်ရောင် သံပြားကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်ကာ ဦးခေါင်းခွံကို ထုတ်ကာ လေ့လာလိုက်သည်။ သူက ဝိညာဉ်စွမ်းအင်ကို ဖြည့်သွင်းလိုက်ရာ မှော်အစီအရင်ကို တွေ့ရှိ လိုက်သည်။
သို့သော် ဦးခေါင်းခွံထဲရှိ မှော်အစီအရင်က အနက်ရောင် သံပြားရှိ မှော်အစီအရင်ထက် အဆပေါင်းများစွာ အစွမ်းထက်နေသည်။ ရဲချန်ဖန်သည် နတ်ဦးနှောက်ကို တစ်နာရီ နီးပါးခန့် အသုံးပြုမှသာ မှော်အစီအရင်က ကျိုးပျက်သွားသည်။
တစ်ချိန်တည်းမှာပင် အစွမ်းထက်သော ဝိညာဉ်စွမ်းအင်က ဦးခေါင်းခွံမှ ထွက်ပေါ်လာသည်။ ရဲချန်ဖန်၏ စိတ်ထဲတွင် မြေပုံအညွှန်း တစ်ခုကို မြင်လိုက်ရသည်။
“ကောင်းကင်သရဲ ကျောင်းတော်၏ လျှို့ဝှက် ရတနာမြေပုံ”
ရဲချန်ဖန်က မြေပုံအောက်တွင် ဖော်ပြထားသော အညွှန်းများကို ဖတ်ပြီး အံ့အားသင့် သွားသည်။ မြောက်နှင်း နိုင်ငံတော်ကို တုန်လှုပ် သွားစေနိုင်သော ကောင်းကင်သရဲ ကျောင်းတော်၏ လျှို့ဝှက် ရတနာမြေပုံ သူ့လက်ထဲတွင် ရှိနေသည်ကို မယုံနိုင်ဖြစ်နေမိသည်