စာစဉ် – ၆
အပိုင်း (၈၂)
ပြန်ရောက်ပြီ
“ဒဏ်ရာက တော်တော်ပြင်းတာပဲ”
“အဓိက သွေးကြောမကြီးတွေက ဒဏ်ရာက တော်တော် ပြင်းထန်တာပဲ။ နံရိုးက ခြောက်ချောင်းကျိုးပြီး နှလုံးနားက သွေးပြန်ကြောကြီးထဲ အရိုးတစ်ချောင်းက ဖောက်ထွက်သွား တယ်။ အင်း…”
ရဲချန်ဖန်သည် ကောင်းကင် ဆေးပညာသုံး၍ စစ်ဆေးကြည့်လိုက်ရာ လင်းခီဆု၏ ဒဏ်ရာမှာ အတော် ပြင်းထန်ကြောင်း တွေ့လိုက်သည်။ သူမ၏ အတွင်း ချပ်ဝတ် တန်ဆာကသာ လင်းနို့ကြီး၏ တိုက်ခိုက်မှု အများစုကို မခုခံခဲ့ပါက သူမ သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။
“မဖြစ်သေးဘူး။ အစ်မလင်းရဲ့ ဒဏ်ရာကို အမြန်ဆုံး ကုသမှဖြစ်မယ်။ မဟုတ်ရင် သူ့အသက်အန္တရာယ် စိုးရိမ်ရတယ်”
အဲဒီအချိန်တွင် ကောင်းကင်မှာလည်း မှောင်မည်းလာပြီ ဖြစ်ရာ သေမင်းသင်္ချိုင်းသည် တဖြည်းဖြည်း သားရဲတွင်း ဖြစ်လာနေသည်။ သရဲများ၏ အော်ဟစ် ငိုကြွေးသံများကို စတင် ကြားနေရလေပြီ။ သရဲအများစုက မြေကြီးထဲမှ ဖောက်ထွက်လာနေပြီး လင်းခီဆုမှာလည်း အသက် အန္တရာယ် ပို၍ စိုးရိမ်လာရသည်။ ရဲချန်ဖန်မှာ သူမကို ကုသရန် အချိန်မရှိပေ။
“သရဲမျက်နှာဖုံးနဲ့လူရဲ့ ပစ္စည်းတွေထဲမှာ ကုသတဲ့ဆေးတွေများ ရှိမလားမသိဘူး”
ရဲချန်ဖန်က သရဲမျက်နှာဖုံးနဲ့လူ၏ သိုလှောင်အိတ် နှစ်လုံးကို ရရှိထားလေသည်။ သရဲ မျက်နှာဖုံးနဲ့လူ၏ သိုလှောင်အိတ်မှ မှော်အစီအရင်ကို နတ်ဦးနှောက်သုံး၍ ချိုးဖျက်လိုက်သည်။
“များပြားလိုက်တဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေပဲ။ အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးတွေတောင် ပါသေးတယ်”
ရဲချန်ဖန် နတ်ဦးနှောက် အစွမ်းဖြင့် သရဲမျက်နှာဖုံးနဲ့လူ၏ သိုလှောင်အိတ်ထဲ ဝင်သွားစဉ် အလွန် တုန်လှုပ်သွားမိသည်။ သူက ဝိညာဉ် ကျောက်တုံးများနှင့် ပြည့်နှက်နေသော သိုလှောင်အိတ်ကို တွေ့လိုက်ရပြီး အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးမှာ သုံးသောင်း ခုနစ်ထောင်ကျော်ပြီး အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးမှာ တစ်ရာနှစ်ဆယ့် သုံးတုံးကိုပင် အံ့သြစွာ တွေ့ရှိလိုက်ရသည်။
အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးများသည် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး များထက် များစွာ တန်ဖိုးရှိသည်။ မဟာဂိုဏ်းကြီးတွေ ဆီမှလွဲ၍ ကျန်နေရာများတွင် အလွန် တွေ့ရခဲသည်။
ရဲချန်ဖန်သည် ဝိညာဉ်စွမ်းအင် သုံး၍ ဒုတိယ သိုလှောင်အိတ်ထဲ ကြည့်လိုက်ရာ ထူးဆန်းသော အရာဝတ္ထု အများအပြားကို တွေ့လိုက်ရသည်။ သို့သော် သူ့တွင် အချိန်မရှိ၍ ဘာတွေမှန်း မစစ်ဆေး တော့ပေ။
ထိုစဉ် ရဲချန်ဖန်သည် မှော်အစီအရင်များနှင့် ပိတ်ထားသည့် ကျောက်စိမ်းဘူးလေးကို သိုလှောင် အိတ်ထဲတွင် တွေ့ရှိလိုက်သည်။
“အင်း… ဒါက ဝိညာဉ်ရှင်သန်ခြင်း ဆေးလုံးပဲ”
သူသည် မှော်အစီအရင်ကို ချိုးဖျက်လိုက်ရာ အလွန် တန်ဖိုးကြီးသော ဝိညာဉ်ရှင်သန်ခြင်း ဆေးလုံးကိုးလုံးကို တွေ့ရှိလိုက်သည်။ ထိုဆေးလုံးသည် အဆင့်ကိုး ဆေးလုံးဖြစ်ပြီး အလွန် တန်ဖိုးကြီးသော ဆေးမြစ်၊ ဆေးဥများနှင့် ဖော်စပ်ထားခြင်း ဖြစ်သည်။ ဝိညာဉ် ရှင်သန်ခြင်း ဆေးလုံးတစ်လုံး၏ တန်ဖိုးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော် တန်သည်။ ထို့အပြင် အပြင်ဈေးကွက်တွင် ဝယ်ယူလို့ မရပေ။
“အစ်မလင်းကို ကယ်လို့ရပြီ”
ချက်ချင်းပင် ရဲချန်ဖန်သည် ဝိညာဉ်ရှင်သန်ခြင်း ဆေးလုံးကိုယူပြီး လင်းခီဆုကို တိုက်ကျွေးလိုက်သည်။ ဆေး၏ အစွမ်းက သူမလည်ချောင်းမှ တစ်ဆင့် သူမကိုယ်ထဲ စီးဝင်သွားပြီး ဒဏ်ရာများကို ကုသနေသည်။
“အစ်မလင်း အပြစ်ပြုမိရင် နားလည်ပေးပါ”
ဝိညာဉ်ရှင်သန်ခြင်း ဆေးလုံးက ဆေးစွမ်း ထက်သော်လည်း လင်းခီဆု၏ ရင်ဘတ်တွင် သေလောက်သော ဒဏ်ရာကို ရရှိထားသည်။ သူမ၏ ရင်ဘတ်က အရိုးသည် ကွဲထွက်နေသည်။ အချိန်မီသာ ပြန်မဆက်နိုင်ပါက ဝိညာဉ်ရှင်သန်ခြင်း ဆေးလုံးသည်ပင် နှလုံးသွေးပြန်ကြောကို ကုသနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် ရဲချန်ဖန်သည် လင်းခီဆု အင်္ကျီကို စုတ်ဖြဲလိုက်ရသည်။ အလွန် သန့်စင်လှပသော ယုန်ဖြူလေး နှစ်ကောင်က ထွက်ပေါ် လာလေသည်။ သူစဉ်းစားမိ လိုက်သည်။ ရှီအာထက်ပင် အရွယ်အစား ကြီးနေသည်ဟု ထင်မိလိုက်သည်။
အရေးပေါ် အခြေအနေဖြစ်နေ၍ ရဲချန်ဖန်က သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်း အလှတရားကို ရှုစားရန် အချိန်မရှိပေ။ သူ တခြားအတွေးများကို မတွေးတော့ဘဲ သူ၏ သိုလှောင်အိတ်ထဲမှ ငွေအပ်များကို ထုတ်ယူလိုက်ပြီး ကောင်းကင် အပ်ပညာကို အသုံးပြု၍ ထိုးစိုက်လိုက်တော့သည်။
ထို့နောက် ရဲချန်ဖန်က ဝိညာဉ်စွမ်းအင်များ ထုတ်လွှင့်ပြီး လင်းခီဆု ခန္ဓာကိုယ်ထဲမှ ကျိုးသွားသော အရိုးများကို ကူညီ၍ ပြန်ဆက်ပေးနေသည်။ အရိုးပြန်ဆက်ခြင်း ဖြစ်စဉ်သည် အလွန် နာကျင်လေ့ရှိရာ မေ့မြောနေသော လင်းခီဆုပင် နိုးထလာလေသည်။
သူမမျက်လုံးကို ဖွင့်လိုက်ချိန်တွင် ရဲချန်ဖန်မှာ သူမဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ရဲချန်ဖန် လက်များက သူမ၏ ရင်ဘတ်ပေါ်တွင် ဖိတင်ထားသည်ကို တွေ့လိုက်ရာ သူမ အလွန်လန့်ဖျပ်သွားပြီး ထရပ်ရန် ကြိုးစားလိုက်သည်။
“အစ်မလင်း စိတ်မပူပါနဲ့။ ကျွန်တော်က အစ်မလင်း ကျိုးသွားတဲ့ အရိုးတွေ ပြန်ဆက်အောင် ကူညီပေးနေတာ။ အရိုးတွေကို အချိန်မီ ပြန်မဆက်ဘူးဆိုရင် အစ်မ အသက်အန္တရာယ် ရှိတယ်”
ရဲချန်ဖန်က လင်းခီဆု နိုးထလာပြီး မတ်တတ်ရပ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်သောအခါ အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျေးဇူးပဲ”
ရဲချန်ဖန်က သူမ၏အရိုးများကို ဆက်ပေးနေသည်ဟု သိလိုက်သောအခါ မျက်နှာမှာ အလွန်နီရဲနေပြီး ရှက်နေသော လင်းခီဆုက ကျေးဇူးတင်စကား ပြောလိုက်သည်။ သူမသည် မျက်လုံးသာ မှိတ်ထားလိုက်ပြီး ရဲချန်ဖန် ကုသနေသည်ကို ငြိမ်သက်စွာ ခံယူလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် ရဲချန်ဖန်သည် လင်းခီဆု၏ ကျိုးနေသောအရိုးကို ပြန်ဆက် ပေးလိုက်နိုင်သည်။ ထို့နောက် သူ့အင်္ကျီတစ်စုံကို သိုလှောင်အိတ်ထဲမှ ထုတ်ကာ လင်းခီဆု ကိုယ်ပေါ် လွှမ်းခြုံ ပေးလိုက်သည်။
“အစ်မလင်း ကျွန်တော့်ကို သေချာဖက်ထားပါ။ ဒီကနေ ထွက်ရအောင်”
လင်းခီဆုက အသက်အန္တရာယ် မရှိတော့၍ ရဲချန်ဖန်က ချက်ချင်း သူမကို သူ့လက်မောင်းဖြင့် ပွေ့ဖက်လိုက်ပြီး သေမင်းသင်္ချိုင်းထဲမှ ပြေးထွက်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှာ လုံးဝမှောင်မည်း နေပြီဖြစ်ပြီး သရဲအများအပြား ကလည်း မြေထဲမှ ထွက်လာကြကာ ရဲချန်ဖန်ကို အဆက်မပြတ် တိုက်ခိုက်တော့သည်။ ရဲချန်ဖန်၏ အစွမ်းမှာ သေမင်းသင်္ချိုင်းကို စဝင်တုန်းကလို မဟုတ်တော့ပေ။ သူကား ကြယ်များလို လျင်မြန်နေပြီး အံ့ဖွယ် အစွမ်းများ ပေါက်ကွဲထွက်နေကာ သူ့အနား ချဉ်းကပ်လာသော သရဲများသည် အတုံးအရုံး လဲကျ သေဆုံးကုန်သည်။
“ချန်ဖန် နင် သားရဲသခင် ပဉ္စမအဆင့်ကို ရောက်သွားတာလား”
သူမက ရဲချန်ဖန်၏ အံ့ဖွယ်စွမ်းအားကို မြင်ပြီး အလွန် အံ့သြသွားသည်။ အဲဒီအချိန်တွင် သူမသည် ရဲချန်ဖန်ကို တင်းကျပ်စွာ ဖက်ထားပြီး ရဲချန်ဖန် လက်မောင်းကို မှီထားရင်း မေးလိုက်ခြင်း ဖြစ်သည်။
“အဲဒီအကြောင်းကို ကျွန်တော်တို့ အပြင်ရောက်ရင် ရှင်းပြမယ်”
ရဲချန်ဖန်က ယောင်ဝါးဝါးသာ ဖြေလိုက်သည်။
ခုနစ်နာရီခန့် ကြာသောအခါ ညအချိန် လွန်မြောက်၍ အရုဏ်ဦးအလင်းက စတင် ထွက်ပေါ် လာသည်။ ရဲချန်ဖန်နှင့် လင်းခီဆုတို့သည် အလွန် ကြောက်စရာ ကောင်းသည့် သေမင်းသင်္ချိုင်းမှ လွတ်မြောက် လာပြီဖြစ်သည်။
“နောက်ဆုံးတော့ အပြင်ကိုရောက်ပြီ”
လမ်းတစ်လျှောက်တွင် ရဲချန်ဖန်က အင်အားများစွာ အသုံးပြုခဲ့ရ၍ မောပန်းနေပြီ ဖြစ်သည်။ ရဲချန်ဖန်သည် လင်းခီဆု၏ နူးညံ့သော ကိုယ်လုံးလေးကို ချပေးလိုက်ပြီး အသက်ဝအောင် ရှူလိုက်သည်။
“ချန်ဖန် ကျေးဇူးပဲ။ ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်”
ရဲချန်ဖန်သည် သူမ ခန္ဓာကိုယ်ကို ထိကိုင်ခဲ့သော်လည်း လင်းခီဆုမှာ သူ့ကို ယုံကြည် နားလည်ထားသည်။ သူသာ မကယ်တင်ခဲ့ပါက သူမသည် သေမင်းသင်္ချိုင်းတွင် သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် သူမ အလွန် ကျေးဇူးတင်နေသည်။
“အစ်မလင်း ဘယ်လိုနေလဲ”
ရဲချန်ဖန် အခုမှ စိတ်အေးသွားသည်။ သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ညင်သာစွာ မေးလိုက်လေသည်။
“အင်း… တော်တော် သက်သာလာပြီ။ ချန်ဖန် မနေ့က ငါတို့တွေ့ခဲ့တဲ့ သရဲမျက်နှာဖုံးနဲ့လူက ဘာလို့ ငါတို့ကိုမသတ်တာလဲ”
လင်းခီဆုက အလွန် တွေးရခက်ကာ စိတ်ရှုပ်ထွေး နေလေသည်။ မနေ့က မြင်ကွင်းကို ပြန်တွေးလိုက်ချိန်တွင် သရဲမျက်နှာဖုံးနှင့် လူက စိတ်ကောင်းဝင်ပြီး သူမတို့ကို လွှတ်ပေးသည်မှာ မဖြစ်နိုင်ပေ။
“မနေ့က ကျွန်တော်တို့က အကယ်ခံလိုက်ရတာ။ အဲဒီသရဲက ကျွန်တော့်ကို တိုက်ခိုက်ချိန်မှာ ထူးဆန်းတဲ့ တန်ခိုးရှင် တစ်ယောက် ရောက်လာတာပဲ။ သူက ကျွန်တော့်ကိုကယ်ပြီး ဆေးတစ်လုံး ပေးသွားတယ်”
“အဲဒီဆေး သောက်လိုက်တာနဲ့ ကျွန်တော့် ဒဏ်ရာတွေပျောက်ပြီး ခုလို အဆင့်နှစ်ဆင့် တက်သွားတာပဲ”
ရဲချန်ဖန်သည် သရဲမျက်နှာဖုံးနှင့် လူတွင် အလွန်ကြီးမားသော လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေသည်ဟု ခံစားမိလိုက်သည်။ သူ့ပိုင်ဆိုင်မှုမှာလည်း အလွန်များပြားလှသည်။ ရဲချန်ဖန်မှာ ဤအကြောင်းကို ဖုံးကွယ်ထားလိုက်သည်။
“အဆင့်နှစ်ဆင့်ကို တစ်ခါတည်း တက်သွားစေနိုင်တယ် ဆိုတော့ အဲဒီဆေးက ဝိညာဉ်အဆင့် ဆေးများ ဖြစ်နေမလား မသိဘူး”
ရဲချန်ဖန် အချိန်အတော်ကြာ ရှင်းပြလိုက်ပြီးနောက် လင်းခီဆုက သူ့စကားကို သံသယ မဝင်ချေ။
သရဲမျက်နှာဖုံးနှင့်လူသည် ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင် ဖြစ်ဖို့များရာ ရဲချန်ဖန် မည်သို့လုပ်လုပ် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။ တစ်ခုတည်းသော သူတို့လွတ်လာသည့် အကြောင်းပြ ချက်မှာ သူတို့ကို တစ်ယောက်ယောက်က ကယ်တင်ခြင်းပင် ဖြစ်သည်။
“ငါ တကယ်ကို မထင်မိဘူး။ သေမင်းသင်္ချိုင်းက တကယ်ကို တန်ခိုးရှင်တွေ ပုန်းခိုနေတာပဲ။ တကယ်ကို ကြောက်ဖို့ကောင်းတယ်”
လင်းခီဆုက ကြောက်ရွံ့ ထိတ်လန့်နေသေးသည့် အသံလေးနှင့် ပြောလိုက်သည်။
“အစ်မ အပြာရောင် နဂါးလိပ်ပြာကို ခေါ်လို့ရမလား။ မိုးကြိုးဂိုဏ်းက လူတွေကို ကြောက်ပြီး ထွက်ပြေးသွားပြီလား မသိဘူး”
ရဲချန်ဖန် မေးလိုက်သည်။
“ငါစမ်းကြည့်လိုက်ဦးမယ်”
လင်းခီဆုက သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်တုံး ဝီစီလေးကို ထုတ်ပြီး မှုတ်လိုက်ရာ အလွန်ထူးဆန်းသော အသံက ထွက်ပေါ်လာသည်။ အမွှေးတိုင် တစ်တိုင် ကုန်ခန့်ကြာချိန်တွင် ငှက်အော်သံ ထွက်ပေါ်လာပြီး အပြာရောင် နဂါးလိပ်ပြာက အတောင်ပံများ ခတ်ကာ သူတို့ထံ ပျံသန်းလာသည်။
“သွားရအောင်”
အပြာရောင် နဂါးလိပ်ပြာ မြေပေါ် ဆင်းသက်လာပြီးနောက် ရဲချန်ဖန်က လင်းခီဆုနှင့်အတူ ခုန်တက်လိုက်ပြီး အပြာရောင် နဂါးလိပ်ပြာ ပေါ်တွင်ထိုင်ကာ သေမင်းသင်္ချိုင်းမှ ထွက်ခွာသွားသည်