။
*****
စာစဉ် (၆)
အခန်း (၈၁)
ဓားအင်အား
“အသက်သွေး လောင်ကျွမ်းစမ်း”
ခရမ်းရောင် သရဲလင်းနို့ ဝင်လာသည်နှင့် လင်းခီဆု မျက်နှာလေးတွင် အလွန် ပြတ်သား သောပုံက ပေါ်လွင်နေသည်။ သူမက တုံ့ဆိုင်းခြင်းမရှိပဲ အသက်သွေးများကို လောင်ကျွမ်းစေလိုက်ပြီး မီးသလင်းဓားထဲကို စွမ်းအင်များ ဖြည့်လိုက်ကာ သူမ၏ အစွမ်းအထက်ဆုံး ဓားကွက်ကို ထုတ်သုံး လိုက်လေသည်။ သူမက သူမ မသေခင် လင်းနို့ကို အနာတရ ဖြစ်သွားစေချင်သည်။ အသက်သွေး လောင်ကျွမ်းခြင်းသည် သူမခန္ဓာကိုယ်နှင့် အနာဂါတ် ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်သည်။ ပေးဆပ်မှု အလွန်ကြီးပြီး နောက်ဆုံး လွတ်လမ်းမရှိမှသာ ထိုနည်းလမ်းကို ကျင့်ကြံသူများက ရွေးချယ်ကြသည်။
လင်းခီဆုသည် အသည်းအသန် ခုခံတိုက်ခိုက်နေချိန်တွင် ရဲချန်ဖန်မှာ ကျိုးပဲ့သွားသော ခရမ်းရောင်ဓားကို လွှင့်ပစ်လိုက်ပြီး လျှို့ဝှက် ဆန်းကြယ်သော ဓားကျိုးကို ထုတ်ယူလိုက်သည်။ ဓားကျိုးထဲမှ ဓားအင်အား အန္တရာယ်ကို ဂရုမစိုက်တော့ဘဲ သူ၏ ဓားတစ်ဝက် အင်အားကို ဖြည့်သွင်းကာ ဓားကျိုးနှင့် သူ၏ ဓားတစ်ဝက် အင်အားကို ပေါင်းစပ် စေလိုက်သည်။
ရဲချန်ဖန်၏ ဓားတစ်ဝက် အင်အားကို ဖြည့်သွင်းမှုကြောင့် ဓားကျိုးသည် လှုပ်ခါလာသည်။ ရဲချန်ဖန်မှာ ဓားကျိုးထဲရှိ မှော်အစီအရင် ကျိုးပဲ့တော့မည်ကို ခံစားနေရလေသည်။ သူသည် လင်းနို့ကို တိုက်ခိုက်လိုက်ရာ အဖြူရောင်ဓား အလင်းတန်း ထွက်ပေါ်လာပြီး ဓားကျိုးထဲရှိ ဓားတစ်ဝက် အင်အားမှာ လင်းနို့ကြီးကို ထိမှန်ပြီး ဖောက်ထွက် သွားလေသည်။
“ဘုန်း”
ကျယ်လောင်လှသော အသံကျယ်ကြီး နှစ်သံ ထွက်ပေါ်လာလေသည်။
မီးအရိပ်ဓားနှင့် ဓားတစ်ဝက် အင်အားက လင်းနို့ကြီးကို ထိမှန်သွားပြီးနောက် အဆုံးမဲ့ စွမ်းအင်များက ပတ်ဝန်းကျင် လေထုကို ဆက်လက် ထိမှန်သွားရာ လေထုသည် ပြင်းထန်စွာ ပေါက်ကွဲ တုန်ခါနေပြီး မြေပြင်မှာ အက်ကွဲများဖြင့် ပြည့်နှက်သွားသည်။
ရဲချန်ဖန်တို့ နှစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှု ဖြစ်သဖြင့် လင်းနို့ကြီးဆီမှ ထွက်နေသော ခရမ်းရောင် အလင်းများသည် မှိန်ဖျော့သွားလေသည်။ အထူးသဖြင့် ရဲချန်ဖန်၏ ဓားတစ်ဝက် အင်အားက လင်းနို့ကြီး၏ ကိုယ်ခန္ဓာသာမကပဲ သရဲမျက်နှာဖုံးနှင့် လူ၏ ဝိညာဉ်ကိုပါ ထိခိုက်သွား စေသည်။
ဝိညာဉ်ပါ ထိခိုက်သွားသဖြင့် လင်းနို့ကြီးမှာ အလွန် ဒေါသ ထွက်လာလေသည်။ သူ၏ ကြီးမားလှသော တောင်ပံများကို ခတ်လိုက်ရာ မီးအရိပ်ဓားမှာ ကျိုးပဲ့သွားပြီး ခရမ်းရောင် အလင်းမှာ ရဲချန်ဖန်တို့ဆီ အလွန်လျင်မြန်စွာ တိုက်ခိုက်လာသည်။
“အရိပ်”
ခရမ်းရောင် အလင်းတန်း ထိမှန်တော့မည့် အချိန်တွင် ရဲချန်ဖန်သည် အရိပ်မဲ့သဏ္ဌာန် ပြောင်းလိုက်ရာ အလင်းတန်းကသာ ရဲချန်ဖန် အရိပ်ကို ဖောက်ထွက်သွားလေသည်။
သို့သော် အသက်သွေးများ လောင်ကျွမ်းစေပြီး အစွမ်းကုန် တိုက်ခိုက်လိုက်သော လင်းခီဆုမှာမူ အချိန်မီ မရှောင်တိမ်း နိုင်တော့ပေ။ သူမရင်ဘတ်ကို ခရမ်းရောင် အလင်းတန်းက ထိမှန် သွားသည်။ အတွင်း ချပ်ဝတ်တန်ဆာများ ကျိုးပဲ့သွားပြီး မီတာပေါင်းများ လွင့်စဉ်ကာ သွေးများ အန်ထုတ်ပြီး မေ့မြော သွားလေသည်။
“မင်းက အဲဒီလောက်ထိ အသက်ပြင်းမယ် မထင်ထားဘူး”
သရဲမျက်နှာဖုံးနှင့်လူသည် ဓားကျိုးကိုင်ထားသော ရဲချန်ဖန်ကို လူသတ်စိတ်ဖြင့် ကြည့်လိုက် သည်။ သို့သော် သူ၏စိတ်က ကစဉ့်ကလျား ဖြစ်နေသည်။ သရဲမျက်နှာဖုံးနှင့်လူမှာ အစကတည်းက အလွန် ဒဏ်ရာ ပြင်းထန်သဖြင့် သေမင်းသင်္ချိုင်းထဲတွင် ပုန်းခို၍ ဒဏ်ရာများကို ကုသနေခြင်း ဖြစ်သည်။ ယခုကား ရဲချန်ဖန်ကြောင့် ပြင်းထန်သော ဒဏ်ရာများပေါ်တွင် ထပ်မံ ဒဏ်ရာ ရရှိသွားလေပြီ။
“ကြည့်ရတာ ခင်ဗျား ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်ဘူးနဲ့ တူတယ်။ မဟုတ်ရင် ကျွန်တော်တို့ အစွမ်းနဲ့ ခင်ဗျားကို ဒဏ်ရာရအောင် ဘယ်လုပ်နိုင်မှာလဲ”
ရဲချန်ဖန်သည် သရဲမျက်နှာဖုံးနှင့်လူကို ကြည့်လိုက်ပြီး စကားပြောလာရန် လုပ်ဆောင်နေသည်။ ထိုအချိန်တွင် သူ၏ ဝိညာဉ် စွမ်းအင်များကို ဓားကျိုးထဲ အဆက်မပြတ် ဖြည့်သွင်းပြီး မှော်အစီအရင်ကို ကျိုးပဲ့အောင် ကြိုးစားနေသည်။ ရဲချန်ဖန် စကားကို ဖြည်းဖြည်းချင်း ပြောနေပြီး အချိန်ဆွဲနေလိုက်သည်။
“ကောင်လေး မင်းသိတာ သိပ်များနေပြီ။ အဲဒါ မင်းအတွက် မကောင်းဘူး”
သရဲမျက်နှာဖုံးနှင့်လူက ဝိညာဉ်သားရဲ လင်းနို့ကို သူ့ကိုယ်ထဲ ပြန်ခေါ်လိုက်ပြီး ရဲချန်ဖန်ဆီ လျှောက်လာနေသည်။ သူသည် ရဲချန်ဖန်ဆီ တစ်လှမ်းချင်း လျှောက်လာသော်လည်း ခြေလှမ်းတိုင်းက ရဲချန်ဖန်ပေါ် ဖိအား အလွန် တိုးလာနေ၏။ ထိုဖိအားကြောင့် ရဲချန်ဖန် အသက်ရှူရန်ပင် ခက်ခဲလာ လေသည်။
“ဆရာကြီးခင်ဗျာ ကျွန်တော်က တခြားလူတွေ ဒီကို ပိုရောက်လာအောင် ကူညီပေးနိုင်မယ်ဆို ဆရာကြီးက ကျွန်တော့်ကို လွှတ်ပေးလို့ မရဘူးလား”
အသက်ရှူရန် ခက်ခဲနေသော ရဲချန်ဖန်က ခက်ခက်ခဲခဲပင် စကားပြောလိုက်ရပြီး အချိန်ကို ရသလောက် ဆွဲနေသည်။
“မရဘူး”
ရဲချန်ဖန် အဆင့်က သိပ်မမြင့်သော်လည်း ရဲချန်ဖန်ဆီမှ အန္တရာယ်ကို သရဲမျက်နှာဖုံးနှင့်လူက ရရှိနေသည်။
“ဆရာကြီး…”
“မင်း အဓိပ္ပာယ်မရှိတာတွေ သိပ်ပြောတယ်။ ငရဲပြည်ကို လိမ်လိမ်မာမာ သွားတော့”
သရဲမျက်နှာဖုံးနှင့်လူသည် ရဲချန်ဖန် စကားကို ဖြတ်လိုက်ပြီး သူ့ညာလက်ဖြင့် ရိုက်ထုတ်လိုက်ရာ သရဲလက်သည်းများ ပေါ်လာလေသည်။ လေတိုးသံနှင့်အတူ သရဲလက်သည်းက ရဲချန်ဖန် ရင်ဘတ်ကို ကုတ်ဆွဲကိုင်ပြီး ရဲချန်ဖန် နှလုံးကို ညှစ်ချေရန် ကြိုးစားလေတော့သည်။
“ဘယ်သူ သေမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့”
ရဲချန်ဖန်က အော်ဟစ်လိုက်သည်။ သူ့လက်ထဲမှ ဓားကျိုးက ရုတ်တရက် ကျယ်လောင်သော ဓားသံကြီး ထွက်ပေါ်လာပြီး သရဲမျက်နှာဖုံးနှင့်လူကို လေထဲ လွင့်စဉ်သွားစေသည်။ တစ်ချိန်တည်း မှာပင် ဓားကျိုးထဲရှိ နောက်ဆုံး ဓားအင်အားက ထွက်ပေါ်လာပြီး သရဲမျက်နှာဖုံးနှင့်လူကို ထိုးဖောက် ဝင်ရောက်သွားရာ သရဲမျက်နှာဖုံးနှင့် လူဆီမှ မျက်နှာများ ထောင်ချီ၍ ဖြစ်ပေါ်လာသည်။
သရဲမျက်နှာဖုံးနှင့်လူက ရဲချန်ဖန်က ဤကဲ့သို့ ကြောက်မက်ဖွယ်ဓားကို ပိုင်ဆိုင်ထားမည်ဟု မတွေးဖူးချေ။ သူတို့ချင်းလည်း အရမ်း နီးကပ်နေရာ သူ့တွင် ရှောင်ဖို့အချိန် မရှိတော့ပေ။
“သရဲလင်းနို့”
သေရေးရှင်ရေး အချိန်တွင် သရဲမျက်နှာဖုံးနှင့်လူက သူ့ဝိညာဉ်သားရဲ လင်းနို့ကို ဆင့်ခေါ်ပြီး မယုံနိုင်စရာ ကြောက်မက်ဖွယ် ကောင်းသော ဓားအင်အားကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် ဓားကျိုးထဲရှိ ဓားအင်အားမှာ မယုံနိုင်စရာ ကြောက်မက်ဖွယ် ကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားရာ သရဲမျက်နှာဖုံးနှင့်လူ မည်ကဲ့သို့ ခုခံစေကာမူ မတားဆီးနိုင်ချေ။
ဓားအင်အားက သရဲမျက်နှာဖုံးနှင့် လူကို ထိမှန်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ကျိုးကြေသွားစေပြီး သွေးများသည်လည်း ပန်းထွက် လာလေသည်။
“ဓားကျိုးထဲက ဓားအင်အားက ငါ့ကို စိတ်မပျက်စေဘူးပဲ”
သွေးအိုင်ထဲတွင် လဲနေပြီး အသက်ယဲ့ယဲ့သာ ကျန်တော့သည့် သရဲမျက်နှာဖုံးနှင့်လူကို တွေ့မှ ရဲချန်ဖန် စိတ်အေးသွားသည်။ အကယ်၍ ဓားအင်အားကသာ သရဲမျက်နှာဖုံးနှင့်လူကို ယခုလို ဒဏ်ရာရအောင် မလုပ်နိုင်ပါက သူက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။ ပို၍ သူ့အတွက် ကံကောင်းသည်မှာ ဓားကျိုးထဲတွင် ဓားအင်အားများ မရှိတော့၍ ဓားကျိုးထဲရှိ မှော်အစီအရင်ကို ပြုပြင်ကာ အသုံးပြုလို့ ရတော့မည် ဖြစ်သည်။
“ဓား… ဓားအင်အား မင်းရဲ့အဆင့်နဲ့ ဘယ်လိုလုပ် ဒီလို အစွမ်းထက်လှတဲ့ ဓားအင်အားကို အသုံးပြုနိုင်ရတာလဲ။ မင်းက ဘယ်သူလဲ”
သရဲမျက်နှာဖုံးနှင့်လူက ရဲချန်ဖန်လိုလူ လက်ထဲတွင် သေဆုံးရမည်ဟု ဘယ်တုံးကမှ မထင်ခဲ့ချေ။ ထို့ကြောင့် သူက ခက်ခက်ခဲခဲ ကြိုးစားပြီး မေးလိုက်သည်။
“ငါက ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက ခင်ဗျားက ဘယ်သူလဲ”
ရဲချန်ဖန်လည်း သေခါနီးနေသော သရဲမျက်နှာဖုံးနှင့်လူကို ဘယ်သူလဲဆိုတာ သိချင်နေမိသည်။
“ငါက မင်းလို နောက်ပေါက် လူငယ်လက်ထဲမှာ သေမယ်လို့ မထင်ခဲ့မိဘူး”
ဟု ပြောလိုက်သည်။ သူ့ပုံက မရိုးဖြောင့်သည့်ပုံ ပေါ်နေလေသည်။
“ကြည့်ရတာ ကံတရားက ငါ့ဘက်မှာ မရှိဘူးပဲ”
ထို့နောက် သရဲမျက်နှာဖုံးနှင့်လူက သူသေချာပေါက် သေရတော့မည်ကို နားလည်ထားရာ သူ့ကိုယ်သူ ဖောက်ခွဲ သေဆုံးစေရန် ကြိုးစားလိုက်သည်။ ရုတ်တရက် ဓားကျိုးထဲမှ ရဲချန်ဖန်၏ ဓားတစ်ဝက် အင်အား ထွက်ပေါ်လာပြီး သရဲမျက်နှာဖုံးနှင့်လူ၏ ဘယ်လက်ကို ခုတ်ဖြတ်ပြီး ဖောက်ခွဲရန် လုပ်နေသည့် အကြံအစည်ကို ဖျက်ဆီးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရဲချန်ဖန်သည် အရိပ်မဲ့သိုင်းကို ထုတ်သုံးလိုက်ရာ သရဲမျက်နှာဖုံးနှင့်လူ၏ နောက်ကျောတွင် ပေါ်လာသည်။ ရဲချန်ဖန်လက်က သရဲမျက်နှာဖုံးနှင့်လူ၏ ခေါင်းကို ထိမှန်သွားပြီး တုန်လှုပ်သွားစေသည်။
“ဝိညာဉ်စုပ်သိုင်း စုပ်ယူစမ်း”
ရဲချန်ဖန်လက်တွင် အဆုံးအစမဲ့သော စုပ်အားများ ထွက်ပေါ်လာပြီး သရဲမျက်နှာဖုံးနှင့် လူ၏ ဝိညာဉ်သားရဲ လင်းနို့ကို အငမ်းမရ စုပ်ယူတော့သည်။ ရုတ်တရက် အလွန်သန့်စင် များပြားသော ဝိညာဉ် စွမ်းအင်များက သူ့သွေးကြောထဲတွင် ပြည့်နှက်လာပြီး သူ့အစွမ်းများလည်း တိုးတက်လာ နေသည်။
“ကောင်းလိုက်တဲ့ ဝိညာဉ်စွမ်းအား ဒီလူရဲ့ တကယ့်အစစ်အမှန် အဆင့်က ဘာလဲမသိဘူး။ ဒီလောက် ဒဏ်ရာ ပြင်းထန်နေတဲ့ လင်းနို့တောင် ဒီလို ဝိညာဉ်စွမ်းအား ပြည့်ဝနေသေးတယ်”
ရဲချန်ဖန်က သူ့တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအားများ တိုးလာနေပြီး ကိုယ်တွင်းအင်္ဂါများ ပြောင်းလဲမှုကို သိရှိနေသည်။ သူက သရဲမျက်နှာဖုံးနှင့်လူကို စာနာစိတ် မဝင်မိပေ။ ဤသည်က အသက်လု တိုက်ပွဲ မဟုတ်ပါလော။ သရဲမျက်နှာဖုံးနှင့်လူ မသေပါက သူ မလွဲမသွေ သေဆုံး ရပေလိမ့်မည်။
“ဝိညာဉ်စွမ်းအားက ပြည့်နေပြီ။ အဆင့်တက်ပြီ”
ခဏကြာသော် ရဲချန်ဖန်က ဝိညာဉ်စွမ်းအား အများအပြားကို စုပ်ယူပြီးသွားပြီး ဝိညာဉ် စွမ်းအင်များ ပြည့်လျှံကာ သားရဲသခင် စတုတ္ထအဆင့်ကို ရောက်ရှိသွားသည်။ အဆင့်တက်ပြီး သော်လည်း ရဲချန်ဖန် ဝိညာဉ် စွမ်းအင်များကို ဆက်၍ စုပ်ယူနေပြီး အစွမ်းများ မရပ်မနား တိုးတက်လာနေသည်။ သူသည် တစ်ချိန်တည်းမှာပင် ကောင်းကင် ခန္ဓာကျင့်စဉ်ကို လည်ပတ်နေသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာပြီးနောက် ရဲချန်ဖန်မှာ သရဲမျက်နှာဖုံးနှင့်လူ၏ ဝိညာဉ်သားရဲ လင်းနို့ကို စုပ်ယူပြီးသွားသည်။ တစ်ဆက်တည်းမှာပင် ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအင်များ ပြည့်လျှံလာပြန်ပြီး အလွယ်တကူ သားရဲသခင် ပဉ္စမအဆင့်ကို ရောက်ရှိသွားလေသည်။
သူ၏ ကိုယ်တွင်းအင်္ဂါများက သရဲမျက်နှာဖုံးနှင့်လူ၏ ဝိညာဉ်သားရဲ လင်းနို့၏ ခြောက်ဆယ် ရာခိုင်နှုန်းကို စုပ်ယူထားရာ သူ့အင်္ဂါများသည် ခြောက်ဆယ် ရာခိုင်နှုန်း ပြောင်းလဲသွားပြီ ဖြစ်သည်။
ရဲချန်ဖန်သည် ဝိညာဉ် စွမ်းအားရော၊ ခန္ဓာကိုယ် စွမ်းအားပါ တိုးတက်လာပြီ ဖြစ်ရာ သူ၏ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်စွမ်းအားမှာ ပေါင်ခြောက်သောင်းအထိ ရောက်ရှိသွားသည်။ ထိုစွမ်းအားနှင့် ဆိုပါက သားရဲသခင် ဆဋ္ဌမအဆင့်ကို လက်သီးတစ်ချက်ဖြင့် သတ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
ရဲချန်ဖန်သည် သူ့အဆင့်ကို ခိုင်မာအောင် ကျင့်ကြံပြီးနောက် သရဲမျက်နှာဖုံးနှင့်လူ၏ ပျက်စီး နေသော ခန္ဓာကိုယ်နား သွားလိုက်ကာ ပစ္စည်းများကို ရှာဖွေလိုက်ပြီး အလောင်းကို ဖျက်ဆီးလိုက်သည်။ ထို့နောက် ရဲချန်ဖန်က ပြင်းထန်သော ဒဏ်ရာရကာ မြေပေါ်တွင် မေ့မြောနေသော လင်းခီဆုနား သွားကာ ဒဏ်ရာများကို စစ်ဆေး ကြည့်ရှုလိုက်သည်။