Switch Mode

Chapter – 80

ကပ်ဆိုက်ခြင်း

*****

စာစဉ် (၆)
အခန်း (၈၀)
ကပ်ဆိုက်ခြင်း

“အစ်မလင်း အဆင်ပြေရဲ့လား”

ရဲချန်ဖန်သည် ဝိညာဉ်စွမ်းအင် ကုန်ဆုံးပြီး ခြေကုန်လက်ပန်း ကျကာ အားနည်းနေသည့် လင်းခီဆုကို စိုးရိမ်စွာ မေးလိုက်သည်။ သူမသည် မြေပေါ်တွင်ထိုင်ပြီး မောဟိုက်စွာဖြင့် ပင့်သက်ပြင်းပြင်း ရှူရှိုက်နေသည်။

“ချန်ဖန် ဒီတစ်ခါ နင့်ကို ကျေးဇူးတင်ရမယ်။ နင်သာ ရိန်းရဲ့ လက်မောင်းကို ဖြတ်ပြီး ပြေးအောင် မလုပ်ခဲ့ရင် ငါ ဒုက္ခရောက်သွားမှာ”

လင်းခီဆုက အနည်းငယ် ထိတ်လန့်နေတုန်းပင်။ သူမ ရဲချန်ဖန်နှင့် အတူ လာခဲ့ရသည့်အတွက် ကံကောင်းသည်ဟု ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။ ရဲချန်ဖန်၏ အစွမ်းမှာ အလွန် တုန်လှုပ်စရာ ကောင်းနေသည်။ သူမ ကြားဖူးသလောက် သားရဲသခင် တတိယအဆင့်က မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်ကို အနိုင်ယူနိုင်သည့် ပုံပြင် ဒဏ္ဍာရီများပင် မရှိချေ။

“အစ်မလင်းရဲ့ ခန္ဓာကိုယ်က အခု အရမ်း အားနည်းနေတယ်။ ဒဏ်ရာတွေကို မြန်မြန် ကုသလိုက်ပါ။ ပြီးရင် ဒီကနေ အမြန်ဆုံး ထွက်ကြရအောင်”

ရဲချန်ဖန်က အားနည်းပြီး သွေးရောင်ပင် မရှိတော့အောင် ဖြူရော်နေသော လင်းခီဆုကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“အင်း…”

လင်းခီဆုက ဟန်ဆောင် မနေတော့ဘဲ ဆေးများကို ထုတ်ယူ သောက်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်ကာ ဒဏ်ရာများ ကုသနေစဉ် ရဲချန်ဖန်လည်း ထိုင်လိုက်ပြီး အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ဆယ်တုံးကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို လည်ပတ်ကာ ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များ စုပ်ယူလိုက်သည်။

အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး သုံးနာရီကျော် ကြာသောအခါ ရဲချန်ဖန်တို့ နှစ်ယောက်သည် ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ တော်တော်လေး ပြန်ပြည့်လာပြီး ဒဏ်ရာများကလည်း ပြန်လည် ကောင်းမွန်လာသည်။

ထိုအချိန်တွင် ကောင်းကင်၌ အလင်းရောင်များ ပျောက်ကွယ်စ ပြုလာပြီး မှောင်မည်းစ ပြုနေပြီ ဖြစ်သည်။ သေမင်းသင်္ချိုင်း၏ ညအချိန် ကြောက်မက်ဖွယ် ကောင်းပုံကို တွေးမိလိုက်သည်နှင့် သူတို့ အကြာကြီး ဆက်မနေရဲတော့ဘဲ သေမင်းသင်္ချိုင်း အစပ်နားသို့ ထွက်လာပြီး သေမင်းသင်္ချိုင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“အား…”

ရဲချန်ဖန်တို့ သေမင်းသင်္ချိုင်း အထွက်နား ရောက်လာချိန်တွင် ကြောက်ရွံ့ တုန်လှုပ်စွာ အော်ဟစ်သံ နှစ်ခုကို ကြားလိုက်ရသည်။

“အဲဒီအသံက ရိန်းနဲ့ဆောင် အသံနဲ့တူတယ်။ ကြည့်ရတာ သူတို့လည်း တိမ်တိုက်ပန်းကို ရှာတွေ့ပြီး သရဲက တိုက်ခိုက်တာခံရပြီနဲ့ တူတယ်”

လင်းခီဆုက မျက်ခုံးလေး ကြုတ်သွားပြီး ခန့်မှန်းလိုက်သည်။ သူတို့နှစ်ဉီး တိုင်ပင်လိုက်ပြီးနောက် ထိုနေရာသို့ သတိထား ချဉ်းကပ်သွားကြသည်။ သူတို့သည် ယင်ဓာတ်များ သိပ်သည်းနေသော နေရာကို ဖြတ်ကျော် လာပြီးနောက် အရှေ့တွင် တွေ့လိုက်ရသော မြင်ကွင်းအား ကြက်သေ သေသွားလေသည်။

ရိန်းနှင့် ဆောင်တို့သည် မြေပေါ်တွင် လဲကျ သေဆုံးနေကြသည်။ သူတို့ မသေခင် အလွန် ထိတ်လန့် ကြောက်ရွံ့စွာ ခံစားခဲ့ရကြောင်း သူတို့ သေဆုံးသည့် သဏ္ဌာန်က ပြောပြနေသည်။ သွေးများက တစ်ကိုယ်လုံးမှ ထွက်နေပြီး သူတို့၏ သိုလှောင်အိတ် များသည်လည်း မရှိတော့ပေ။

“သူတို့က သရဲတွေသတ်လို့ သေတာမဖြစ်နိုင်ဘူး။ သူရဲတွေက သတ်ပြီးရင် သိုလှောင်အိတ်တွေ ယူသွားစရာ အကြောင်းမရှိဘူး”

“သူတို့ကို သတ်သွားတာက…”

လင်းခီဆု အသံက စိုးရိမ်နေပြီး ဆိုးဝါးသော အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစား လိုက်ရသည်။

“ကြည့်ရတာ သူတို့ကို သတ်လိုက်တာက အဲဒီလူနဲ့တူတယ်”

“ချန်ဖန် ဒီနေရာမှာ ဆက်နေရင် အန္တရာယ်များတယ်။ ငါတို့ သွားရအောင်။ ဘယ်လိုလဲ”

ရဲချန်ဖန် ပြောလိုက်သည်နှင့် လင်းခီဆုက မနေ့က ထူးဆန်းသော မြင်ကွင်းကို ပြန်မြင်လာသည်။ ထို့နောက် မကောင်းသည့် ခံစားချက်က ပိုမို၍ ပြင်းထန်လာပြီး ရဲချန်ဖန်ကို အမြန်ဆုံး ပြန်ထွက်ကြရန် တိုက်တွန်း လိုက်သည်။

“ခဏနေဦး အဲဒီလူလာနေပြီ”

သူတို့ထွက်သွားရန် လုပ်လိုက်ချိန်တွင် ရဲချန်ဖန်က လင်းခီဆု၏ ပိုးသားကဲ့သို့ ပျော့ပျောင်းသည့် လက်လေးကို ဖမ်းကိုင်လိုက်သည်။ ထိုအချိန်တွင် ရန်သူမှာ သူတို့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာတွင် မိစ္ဆာသရဲပုံ မျက်နှာဖုံးကို တပ်ဆင်ထားကာ ပြင်းထန်သော ယင်ဓာတ်များက ထွက်ပေါ်နေသည်။

“ငါမထင်မိဘူး။ ငါတကယ်ကို မထင်မိတာ။ သားရဲသခင် တတိယအဆင့်က ငါ့ဝိညာဉ် စွမ်းအင်ကို နှစ်ကြိမ်တောင် ရှာတွေ့နိုင်တယ်။ ကြည့်ရတာ မင်းမှာ ငါစိတ်ဝင်စားနိုင်တဲ့ ရတနာတွေ ရှိနေမယ်နဲ့ တူတယ်”

သရဲမျက်နှာဖုံးနှင့် လူဆီမှ အသံဆိုးကြီး ထွက်ပေါ် လာလေသည်။ သူ၏မျက်လုံးများမှ အသည်းများ အေးသွားနိုင်သော အရောင်များ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့ ဆရာကြီးကို အပြစ်မလုပ်ခဲ့ဘူးနဲ့ တူတယ်။ ဆရာကြီးသာ ကျွန်တော်တို့ကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့က သိုလှောင်အိတ်ကို ပေးပါ့မယ်ခင်ဗျာ”

သရဲမျက်နှာနှင့် လူထံမှ သရဲဘုရင်ထက် ပို၍ပြင်းထန်သော အော်ရာများ ထွက်ပေါ်နေသည်။ လင်းခီဆုကတော့ အလွန်ပဲ ကြောက်ရွံ့နေသည်။

“ငါက မင်းတို့တွေ ဒီကိုလာအောင် ဘယ်လောက် ကြိုးစား ပေးဆပ်ခဲ့ရလဲ။ ငါက မင်းတို့ကို အလွတ်ပေးမယ် ထင်လား”

သရဲမျက်နှာဖုံးနှင့်လူက ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်သည်။

“မင်းတို့သေရင် မင်းတို့ပစ္စည်းတွေက ငါ့ဟာတွေ ဖြစ်လာမှာပဲ”

“ကြည့်ရတာ ဒီသေမင်းသင်္ချိုင်း တာဝန်က မင်းအတွက် ဆုနဲ့တူတယ်”

ရဲချန်ဖန်သည် သရဲမျက်နှာဖုံးနှင့် လူ၏ မောက်မာဝံ့ကြွားစွာ ပြောလိုက်သော စကားကို ကြားပြီးနောက် မျက်မှောင်များ ကြုတ်သွားပြီး အလွန်လေးနက်သောပုံ ပေါ်လာသည်။

“ကလေး မင်းက တကယ်လည်တာပဲ။ ငါ မင်းကို သတ်ရမှာတောင် စိတ်မကောင်းဘူး”

သရဲမျက်နှာဖုံးနှင့်လူ၏ ပြင်းထန်လှသော အော်ရာက ထွက်ပေါ်လာပြီး ရဲချန်ဖန်တို့ နှစ်ယောက်ကို ဖိနှိပ်ထားကာ အသံဆိုးကြီးနှင့် ပြောလိုက်သည်။

သရဲမျက်နှာဖုံး လူထံမှ ထွက်ပေါ်လာသော အော်ရာကြောင့် ရဲချန်ဖန် အသက်ပင် ရှူမရ ဖြစ်လာပြီး သူ့ခြေထောက်များက ပျော့ခွေလာသည်။

“မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်။ ဒီလူက မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမ အဆင့်ပဲ”

လင်းခီဆုသည် သရဲမျက်နှာဖုံးနှင့် လူထံမှ ထွက်ပေါ်လာသော အော်ရာကိုကြည့်ပြီး ခန့်မှန်း လိုက်သည်။ သူမ လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့ဘူးဟု ထင်လိုက်မိသည်။

သူမနှင့် ရဲချန်ဖန်တို့၏ အစွမ်းနှင့်ဆိုလျှင် မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်နှင့် တိုက်ခိုက်မည် ဆိုပါက အသက်ရှင်ရန် လမ်းမရှိပေ။ ချွေးစေးများက သူမနဖူးပေါ်တွင် ကျဆင်းလာသည်။ အမှန်တကယ်ပင် သူမ ကြောက်ရွံ့ ထိတ်လန့်နေသည်။

“ချန်ဖန် ငါတို့ လူခွဲပြီး ပြေးရအောင်။ ကံကောင်းရင် ငါတို့ထဲက တစ်ယောက် လွတ်ပြီး ကောင်းကင်မီး ဂိုဏ်းကို သတင်းပို့နိုင်မှာ။ အဲဒီအခါကျရင် ကောင်းကင်မီးဂိုဏ်းက ငါတို့အတွက်လည်း လက်စားချေပေးလိမ့်မယ်”

တုန်လှုပ်နေ​သော လင်းခီဆုက ပြောလိုက်သည်။

“ဒီလူက အရမ်း အစွမ်းထက်တယ်။ ကျွန်တော်တို့မှာ အခွင့်အရေး မရှိဘူး။ လက်ရှိ အခြေအနေအရဆို ကျွန်တော်တို့ ပူးပေါင်း တိုက်ခိုက်မယ်ဆို အခွင့်အရေး ရှိနိုင်သေးတယ်”

ရဲချန်ဖန် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ခန္ဓာကိုယ် စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးနိုင်ရန် စုစည်းနေသည်။ နောက်ဆုံးအကွက် ထုတ်သုံးရန် ပြင်ဆင်နေလေသည်။

“တိုက်…”

ရဲချန်ဖန် အားများ မလျှိုထားတော့ဘဲ အားကုန် ထုတ်လိုက်ရာ ကျယ်လောင်သော ဓားသံကြီး ထွက်ပေါ် လာလေသည်။ ခရမ်းရောင် ဓားထဲတွင် ဓားတစ်ဝက် အင်အားက ပြည့်နှက်နေပြီး သရဲ မျက်နှာဖုံးနှင့်လူကို ထိုးလိုက်သည်။

“သရဲသိုင်း…”

သရဲမျက်နှာဖုံးနှင့် လူက ဓားတစ်ဝက် အင်အား တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ အဆုံးအစ မရှိသော ယင်ဓာတ်များကို သူ့ညာလက်တွင် စုစည်းလိုက်သည်။ သူ့မျက်လုံးများက စိမ်းဖန့်ဖန့် အလင်းများ ထွက်လာပြီး အလွန်ထက်မြက်သော သရဲလက်သည်း ပေါ်လာကာ ခရမ်းရောင်ဓားကို ဖမ်းဆွဲလိုက်လေသည်။

ကျိုးပဲ့သံများ ထွက်ပေါ်လာလေသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက် ခရမ်းရောင်ဓားက သရဲလက် တိုက်ခိုက်မှုကို မခံနိုင်ပဲ ဓားသွားတွင် အက်ရာများ ပေါ်လာလေသည်။

မာကျောလှသော ခရမ်းရောင်ဓားက သရဲလက်ကြောင့် အက်ကွဲသွားလေပြီ။

“မီးအရိပ်ဓား”

ရဲချန်ဖန်သည် ဓားတစ်ဝက် အင်အားဖြင့် တိုက်ခိုက်လိုက်ချိန်တွင် လင်းခီဆုမှာ အံများ ကြိတ်လိုက်ပြီး လေပေါ် ခုန်တက်ကာ ဝိညာဉ် စွမ်းအင်များကို မီးသလင်းဓားထဲ ဖြည့်သွင်းကာ သရဲမျက်နှာဖုံးနှင့် လူကို တိုက်ခိုက်လိုက်သည်။

သရဲမျက်နှာဖုံးနှင့် လူကို မီးအရိပ်ဓားက ဝါးမျိုတော့မည့် အချိန်တွင် ခရမ်းရောင် သရဲလင်းနို့ကြီး ထွက်ပေါ်လာပြီး အူသံကဲ့သို့ အသံရှည်ကြီးကို အော်ဟစ်လိုက် လေသည်။

“ခရမ်းရောင် ဝိညာဉ်အလင်း ခင်ဗျားက ကောင်းကင်သားရဲ အင်မော်တယ်ပဲ”

သရဲလင်းနို့ကြီးဆီမှ ခရမ်းရောင်အလင်းများ ထွက်ပေါ်နေရာ လင်းခီဆုမှာ အထိတ်တလန့် ဖြစ်သွားသည်။ သူမသည် ဒဏ္ဍာရီလာ သားရဲကို သေမင်းသင်္ချိုင်းတွင် တွေ့ရလိမ့်မည်ဟု ဘယ်သော အခါမှ မတွေးဖူးချေ။

“နတ်ဦးနှောက်ရဲ့ မှန်းဆမှုအတိုင်း ဆိုရင် ဒီလူက မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမ အဆင့်ပဲရှိတာ။ ဒါပေမဲ့ သူ့ဝိညာဉ်သားရဲက ကောင်းကင်သားရဲ အင်မော်တယ်အဆင့် ရောက်နေတာဆိုတော့ ဒီလူက ဒဏ်ရာရပြီး သေမင်းသင်္ချိုင်းမှာ ဒဏ်ရာတွေကို ပုန်းခိုပြီး ကုနေတာဖြစ်မယ်”

စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရဲချန်ဖန်က ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းမိလိုက်သည်။ ရဲချန်ဖန်သည် သရဲမျက်နှာဖုံးနှင့်လူ၏ အခြေအနေကို ခန့်မှန်းမိ လိုက်သည်။ သို့သော်လည်း သူတို့ ကြားတွင် အဆင့် စွမ်းအားခြင်း အလွန်ကွာခြားနေရာ ရဲချန်ဖန် အဆင့်နဲ့ ဆိုလျှင် ဒီအခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။

“တော်ပြီ။ ကစားပွဲက ပြီးပြီ။ မင်းတို့ ငရဲသွားလို့ရပြီ”

သရဲမျက်နှာဖုံးနှင့် လူထံမှ လူသတ်စိတ် ထွက်ပေါ်လာပြီးနောက် ခရမ်းရောင် အလင်းများ ထွက်နေသော လင်းနို့ကြီးက ပြင်းထန်လှသော စွမ်းအင်များဖြင့် သူတို့၏ သေကွင်းသေကွက်များကို တိုက်ခိုက်လိုက်လေသည်

Comment

Leave a Reply

Options

not work with dark mode
Reset