Switch Mode

Chapter – 79

လက်ပြတ်ခြင်း

*****

စာစဉ် (၆)
အခန်း (၇၉)
လက်ပြတ်ခြင်း

“အစ်မလင်း ဒီကောင်ကို ကျွန်တော့်တာဝန် ထားလိုက်”

ခန္ဓာကိုယ် စွမ်းအားက ပေါက်ကွဲထွက်လာပြီး အရိပ်မဲ့ ကိုယ်ဖော့သိုင်းနှင့်ပါ တွဲသုံးလိုက်ကာ ရိန်းကို တိုက်ခိုက်လိုက်သည်။

“သေချင်တဲ့ကောင် သေစမ်း”

ရိန်းက ရဲချန်ဖန် တိုက်လိုက်လာသည်နှင့် သူ့သိုလှောင်အိတ်ထဲမှ နဂါးလှံတံကို ထုတ်ကာ ကမန်းကတန်း ကာကွယ်လိုက်သည်။

ထို့နောက် ရဲချန်ဖန်ကို ပြင်းထန်သော ဒဏ်ရာရရှိစေရန် ရိန်းသည် သူ၏ အစွမ်းအထက်ဆုံး အကွက်ကို ထုတ်သုံးလိုက်သည်။ သူ့လှံမှာ လျှပ်ပြက်သလို လျင်မြန်ပြီး ပေါက်ကွဲအားသည်လည်း အလွန် ပြင်းထန်လှသည်။

“သတိထား”
လင်းခီဆုက ရိန်းရဲ့တိုက်ကွက် ပြင်းထန်မှုကို ခံစားသိရှိနေ၍ ရဲချန်ဖန်ကို စိတ်ပူသွားသည်။ သူမ ပင်လျှင် ထိုအကွက်ကို ထိပ်တိုက် မခုခံရဲချေ။ ရဲချန်ဖန်သည် ထိုအကွက်ကို ခုံခံနိုင်မည် မဟုတ်ချေ။

“ပေါင်လေးသောင်းကျော် စွမ်းအား”

လင်းခီဆုက အော်ဟစ် သတိပေးလိုက်သော်လည်း ရဲချန်ဖန် ရှောင်တိမ်းခြင်း မပြုပေ။ သူ့ခန္ဓာကိုယ် စွမ်းအားနှင့် ဝိညာဉ်စွမ်းအင်ကို အကုန်ထုတ်ပြီး လှံကို လက်သီးဖြင့် ထိုးလိုက်လေသည်။

“ဟွန့်… လက်သီးနဲ့လှံကို ခုခံတယ်ဟုတ်လား ဒီကောင် တကယ် သေချင်နေတာပဲ”

ဆောင်သည် ရဲချန်ဖန်က လှံကို လက်သီးဖြင့် တိုက်ခိုက်သည်ကို မြင်လိုက်သောအခါ ပြုံးစိစိ ဖြစ်သွားပြီး ရဲချန်ဖန်၏လက် ကျိုးကြေသွားမည်ဟု ခန့်မှန်းလိုက်သည်။ တိုက်ခိုက်ရန် ပြင်ဆင်နေသော လင်းခီဆုမှာလည်း အလွန်စိတ်ဓာတ် ကျသွားပြီး ထိုမြင်ကွင်းကို မကြည့်ရဲတော့ချေ။

“ယား..”

သို့သော် ရဲချန်ဖန် လက်သီးမှ အလွန်ပြင်းသော စွမ်းအားထွက်နေပြီး လှံကို ထိမိသွားသည်။ ကြောက်မက်ဖွယ် ပေါင်လေးသောင်းကျော် စွမ်းအားက လှံမှတစ်ဆင့် ရိန်းထံ လှိုင်းလုံးများကဲ့သို့ စီးဝင်သွားရာ ရိန်းလက်များသည် တုန်ခါနေပြီး နဂါးလှံပင် လွတ်ကျမလို ဖြစ်သွားသည်။

“ဘာ… ဒီကောင်က လက်နဲ့နဂါးလှံကို ခုခံနိုင်တယ်။ ဘာလို့ သူ့ကိုအနိုင်ယူဖို့ သိပ်ခက်တာလဲ”

ရိန်းသည် လက်တွေ့ ကြုံလိုက်ရသည်ကို လက်မခံနိုင် ဖြစ်နေမိသည်။ ရဲချန်ဖန်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ် စွမ်းအားကို မြင်တွေ့လိုက်ရချိန် ဆောင်ရော လင်းခီဆုပါ အံ့သြမှင်သက် သွားကြသည်။

“သေချာတယ် ရိန်းရဲ့ဝိညာဉ် စွမ်းအင်ကို သေမင်းသင်္ချိုင်းက ဖိနှိပ်ထားတာကြောင့် သားရဲသခင် ဆဋ္ဌမအဆင့် ဖြစ်နေတာပဲ”

ရိန်း၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ကြည့်ပြီး ရဲချန်ဖန် ခန့်မှန်းမိလိုက်သည်။ ရဲချန်ဖန်သည် စွမ်းအားများကို အစွမ်းကုန် စုစည်းလိုက်ရာ သူ့သွေးများက ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်မည့် အတိုင်း ဖြစ်လာသည်။ ရဲချန်ဖန်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်စွမ်းအား၏ ဖိအားကြောင့် ရိန်းမှာ အသက်ပင် မရှူနိုင်အောင် ဖြစ်လာပြီး မွန်းကျပ်လာလေသည်။

“မိုးကြိုးလှံ ဝိညာဉ်သိုင်း”

ရဲချန်ဖန်ဆီမှ အန္တရာယ် အငွေ့အသက်များ ရနေရာ ရိန်းက မပေါ့ဆရဲချေ။ သူသည် အဆင့်မြင့် ဝိညာဉ်သိုင်း အသုံးပြုရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မိုးကြိုးလှံက နဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာကာ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။

ရိန်း၏ ဝိညာဉ်စွမ်းအင်ကို သေမင်းသင်္ချိုင်းက ဖိနှိပ်ထားသဖြင့် မိုးကြိုးလှံသိုင်း၏ အစွမ်း အထက်ဆုံး အင်အား ထွက်ပေါ်လာအောင် တိုက်ခိုက်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် အဆင့်မြင့် ဝိညာဉ်သိုင်း၏ အစွမ်းမှာ အလွန်ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။

“အရိပ်မဲ့ သဏ္ဌာန်ပြောင်း”

ရိန်းဆီမှ အန္တရာယ်များကို ခံစားလိုက်ရပြီး သူခပ်မြန်မြန်ပင် အရိပ်မဲ့သဏ္ဌာန် ပြောင်းလိုက် လေသည်။ ရဲချန်ဖန်သည် အရိပ်များ ကွဲထွက်သွားပြီး အလွန်လျင်မြန်စွာဖြင့် ရိန်း၏ နဂါးလှံဖြင့် တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထို့နောက် ရိန်းအနား အလျင်အမြန် ချဉ်းကပ်သွားကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ရဲချန်ဖန်နှင့် ရိန်းက တိုက်ခိုက်နေစဉ် အံ့အားသင့်ပြီး ရပ်ကြည့်နေသော လင်းခီဆုနှင့် ဆောင် တို့က သတိပြန်ဝင်လာပြီး တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကြတော့သည်။ ဝိညာဉ် စွမ်းအင်များ ပါဝင်သော လက်နက်များမှာ တိုက်ခိုက် ထိခိုက်မိသွားတိုင်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး သူတို့အောက်ရှိ မြေပြင်မှာလည်း ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်။ အုတ်ဂူများကလည်း မြေပြင်ပေါ် ကျိုးကြေ ပြားကပ်သွားသည်။

လင်းခီဆုသည် တိုက်ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝသူဖြစ်ရာ သူမမှာ ဆောင်ကို အမြန်ဆုံး အနိုင်ယူမှ ဖြစ်မည်ကို နားလည်သည်။ သူမသာ အချိန်တိုအတွင်း အနိုင် မယူနိုင်ပါက သူတို့အတွက် အလွန် အန္တရာယ်များသည်။ ထို့ကြောင့် တွေဝေမနေဘဲ အစွမ်းအထက်ဆုံး အကွက်များနှင့် လျင်မြန်စွာ တိုက်ခိုက်လိုက်တော့သည်။

ရုတ်ခြည်းပင် ကြီးမားသော ဓားကြီးက သူမထံမှ ထွက်ပေါ်လာသည်။ သူမ၏ ဝိညာဉ်စွမ်းအင်များကို မီးသလင်းဓားထဲ ဖြည့်သွင်း ထားသဖြင့် ဓားကိုယ်ထည်မှာ ရဲရဲနီနေသည်။ မီးတောက်များက ဓားအပြင်လွှာတွင် ဖုံးလွမ်းထားသဖြင့် မီးတောက်ဓားလိုပင် ဖြစ်နေသည်။

“မီးအရိပ်ဓား”

လင်းခီဆု အစွမ်းများက ပေါက်ကွဲထွက်လာပြီး သူမလက်ထဲရှိ မီးဓားကြောင့် လေပူများ ထွက်လာသည်။ ၎င်းမှာ မီးတောင်ကြီး တစ်ခုအလား ဆောင်ကို တိုက်ခိုက်လိုက်သည်။

“လင်းခီဆု အချိန်တွေက ပြောင်းကုန်ပြီ။ မင်းက အရှုံးသမားဖြစ်ဖို့ ကံပါပြီးသား”

ဆောင်၏ ဝိညာဉ်သားရဲက ထွက်ပေါ်လာပြီးနောက် တုန်လှုပ်စရာ အစွမ်းများ ပြည့်နှက်နေသော ဓားအဖြစ် ပြောင်းလဲသွားကာ မီးအရိပ်ဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဘုန်း…”

စွမ်းအားအပြည့်ပါသော ဓားနှစ်လက် ထိတွေ့သွားစဉ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာပြီး ကမ္ဘာမြေပင် ပေါက်ကွဲမတတ် တုန်ခါသွားသည်။

လင်းခီဆုရော ဆောင်ပါ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် နောက်ဆုတ်လိုက်ရသည်။ လင်းခီဆုသည် အသက်ဝအောင် ရှူလိုက်ပြီး ဝိညာဉ် စွမ်းအင်များ ဖြည့်ကာ မီးဓားကို ပြန်လည်ခေါ်ယူပြီး ဆောင်ထံ ဝင်သွားလိုက်သည်။ လင်းခီဆု၏ အဆုံးမရှိသော တိုက်ခိုက်မှုကြောင့် ဆောင် ဖိနှိပ်ခံထားရပြီး အရေးမသာဘဲ နောက်ဆုတ်နေရသည်။

“လင်းခီဆု မင်းဘယ်လောက် ခံနိုင်ရည်ရှိမလဲ ကြည့်ကြတာပေါ့”

ဆောင်သည် ဖိတိုက်ခံနေရပေမဲ့ ပျာယာခတ်ခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ် ကာကွယ်နေသည်။ သူသည် လင်းခီဆု ဝိညာဉ်စွမ်းအင် ကုန်ဆုံးမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။

“မဖြစ်သေးဘူး။ အစ်မလင်းက သိပ်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ ငါမြန်မြန် ဖြတ်မှ ရမယ်။ မဟုတ်ရင် အစ်မလင်း အန္တရာယ်နဲ့ ကြုံလိမ့်မယ်”

လင်းခီဆု၏ တိုက်ခိုက်မှုများသည် ပြင်းထန်သော်လည်း ဝိညာဉ်စွမ်းအင်များ ကုန်ခန်း တော့မည်ကို ရဲချန်ဖန်က သိရှိနေသည်။ ရဲချန်ဖန်သည် သူ့ခန္ဓာကိုယ် စွမ်းအားကို သုံးပြီး နဂါးလှံကို ခုခံနေသည်။ ထို့နောက် ခရမ်းရောင်ဓားနှင့် ပေါင်းစပ်ပြီး ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်လေသည်။

“ဓားတစ်ဝက် အင်အားလား”

ရပ်တန့်လို့ မရနိုင်သော ဓားချက်က လေထုကို ဖောက်ခွင်းကာ ရိန်းဆီ ဝင်လာသည်။
ရိန်းသည် ဝိညာဉ်သိုင်းကို အသုံးပြု၍ ခုခံလိုက်စဉ် သူ့ကိုယ်က ထိန်းချုပ်မရအောင် လွင့်စဉ်သွားရာ ရဲချန်ဖန်က အရိပ်သိုင်းကို အသုံးပြုလိုက်ပြီး ရိန်း၏ အရှေ့တွင် ပေါ်လာသည်။

“ငရဲပြည်သွားတော့”

ရဲချန်ဖန်သည် ဆန်းကြယ်စွာ သူ့နားရောက်လာစဉ် ရိန်းမှာ ဟန်ချက် ပျက်နေသော်လည်း နဂါးလှံဖြင့် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်သည် နဂါးလှံက သူ့ကို တိုက်ခိုက်လာချိန် အရိပ်မဲ့သိုင်းကို ထပ်မံ အသုံးပြုပြီး ရှောင်တိမ်းလိုက်ရာ သူသည် ရိန်း၏ နောက်ကျော၌ ပြန်ပေါ်လာသည်။

“မကောင်းတော့ဘူး”

သူ၏ နဂါးလက်စိုက် ထိုးကွက်ကို အသုံးပြုလိုက်ချိန်တွင် ရဲချန်ဖန်က သူနောက်တွင် ပေါ်လာသဖြင့် ရိန်းက ရှောင်တိမ်းလိုက်သည်။ သို့သော် ရိန်း ရှောင်တိမ်းလိုက်ချိန်တွင် သူ့အောက်ရှိ မြေပြင်က တုန်ခါသွားပြီး သူရှောင်တိမ်းသည့် အရှိန်မှာ နှေးကွေးသွားလေသည်။

တစ်ချိန်တည်းမှာပင် ရဲချန်ဖန်က သူ့နောက်ကျောကို တိုက်ခိုက်လိုက်မှုကြောင့် ခုခံလို့မရဘဲ ဓားချက်က သူ့ကျောပေါ်ရှိ အရိုးများပင် ပေါ်အောင် ထိမှန်သွားလေသည်။

သူ ဟန်ချက်ကို မထိန်းသိမ်းနိုင်သေးခင် အဆုံးမရှိသော ဓားချက်များက ရဲချန်ဖန်ဆီမှ ထွက်ပေါ်လာလေသည်။ ပြင်းထန်လှသော ဖျက်ဆီးမှု အစွမ်းပါသော ဓားချက်က ရိန်းခေါင်းကို ထိမှန် သွားတော့သည်။

ရိန်းမှာ အသည်းအသန် ရှောင်တိမ်းနေသော်လည်း ဓားတစ်ဝက် အင်အားမှာ အလွန် လျင်မြန်သဖြင့် မျက်စိတစ်မှိတ်အတွင်း ရိန်း၏ ညာလက်မှာ ဓားတစ်ဝက် အင်အားကြောင့် ပြတ်ထွက်သွားပြီး သွေးများက မြေပေါ် တရစပ် ကျဆင်းနေသည်။

ရဲချန်ဖန်က ရိန်း၏ ညာလက်မောင်းကို ဖြတ်လိုက်ချိန်တွင် အလွန်နာကျင်သော အော်ဟစ် ညည်းတွားသံက ထွက်ပေါ်လာသည်။ သွေးများ ကျဆင်းနေသော လက်မှ သွေးကြောများကို ပိတ်လိုက်ပြီးနောက် ရိန်းက တွေဝေမနေဘဲ ပြေးထွက်သွားတော့သည်။

ရိန်း ပြေးသွားသည်ကို မြင်လိုက်သည်နှင့် ဆောင်မှာ အလွန် ထိတ်လန့်သွားလေသည်။ ထို့နောက် ရဲချန်ဖန်ကို ကြောက်လန့်တကြား ကြည့်လိုက်ပြီး လင်းခီဆုအား တိုက်ခိုက်သည်ကို ရပ်လိုက်ကာ ရိန်းကဲ့သို့ ပြေးထွက်သွားတော့သည်

Comment

Leave a Reply

Options

not work with dark mode
Reset